twitter



ဘုရားဂုဏ်တော် (၉) ပါး
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရောပုရိသ ဓမ္မသာရထိ
၇။ သတ္ထာဒေ၀မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ

အရဟံလူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။                  အရ-ဟံတစ်ထောင့်ငါးရာ ကိလေသာအညစ်ကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။      အ-ရဟံ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူတတ်သော မြတ်စွာဘုရား။                 သမ္မာသမ္ဗုဒ္ဓေါသစ္စာလေးပါး မြတ်တရားကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့် သိမြင်တော် မူသော မြတ်စွာဘုရား။  
ဝိဇ္ဇာစရဏသမ္ပန္နေ  ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား။
သုဂတောကောင်းသောစကားကိုသာ ဆိုတော်မူတတ်သော မြတ်စွားဘုရား။   
လောက၀ိဒူသတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
အနုတ္တရောပုရိသ ဒမ္မသာရထိ  ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။  
သတ္ထာဒေ၀မနုဿာနံ  ဗြဟ္မာ၊ နတ်၊ လူ သုံးဖော်သူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။               ဗုဒ္ဓေါသစ္စာလေးရပ် တရားမြတ်ကို ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။ ဘဂ၀ါဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တ ဟုဆိုအပ်သော ဘုန်းခြောက်ပါးနှင့် ပြည့်စုံတော်မူသော  မြတ်စွာဘုရား။

ဘုန်း(၆)ပါး
(က)   ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော် ၊
(ခ)    မဂ်-ဖိုလ် နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတည်းဟူသော ဓမ္မ ဘုန်းတော် ၊
(ဂ)    ဟုတ်တိုင်းမှန်စွာ သုံးဖြာသောလောကတွင် ပျံနှံ့ကျော်စောရခြင်း တည်းဟူသော ယသ ဘုန်းတော်၊
(ဃ)   အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပါယ်တော်မူလှခြင်း တည်းဟူသော သိရီ  ဘုန်းတော်၊
(င)    အလိုရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမ ဘုန်းတော် ၊
(စ)    အရဟတ္တမဂ်ဥာဏ် ၊ သဗ္ဗညုတဥာဏ်တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင်ကြီးမားသော ဝီရိယတော် တည်းဟူသော  ပယတ္တ ဘုန်းတော် ၊
လောကသုံးပါး
ကျမ်းဂန်လာ စာစကားအားဖြင့်
သက်ရှိ ရုပ်နာမ်ခန္ဓာ အစဉ်သည် သတ္တလောက။
သက်မဲ့ ရုပ်ဝတ္ထုများသည် သြကာသလောက။
သက်ရှိ သက်မဲ့နှစ်မျိုး၌ တည်ရှိသော ရုပ်နာမ်သဘောတရားများသည် သင်္ခါရလောက။

အရပ်စကားအားဖြင့်
လူနတ်တိရစ္ဆာန်စသော သက်ရှိသတ္တ၀ါအပေါင်းသည် သတ္တလောက။
ထိုသတ္တ၀ါတို့၏ တည်ရာဘုံဌာနများနှင့်တကွ သစ်ပင်၊ တော၊ တောင်၊ သမုဒ္ဒရာ စသည့် သက်မဲ့အရာ ၀တ္ထုများသည် သြကာသလောက။
ထိုသက်ရှိ သက်မဲ့ နှစ်မျိုးလုံး၌ ဖြစ်ပျက်နေသော သဘောတရားများသည် သင်္ခါရလောက။
ဝိဇ္ဇာ (၃)ပါး

ဝိဇ္ဇာ (၃)ပါး ဆိုတာ ပု-ဒိ- အာ ဆိုပြီး အလွယ်မှတ်နိုင်ပါတယ်၊
ပု- ဆိုတာက ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။
ပုဗ္ဗေနိဝါသ၊ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို။ အနုဿတိ၊ ပြန်လည်မြင်ယောင် မှတ်မိနိုင်သော။ အဘိဥာဏ၊ တန်ခိုး အဘိဥာဉ်။
ပုဗ္ဗေနိဝါသာနုဿတိဥာဏ်    ရှေးအတိတ်ဘ၀က ဘယ်လိုဘ၀တွေမှာ ဖြစ်ခဲ့တယ်၊ ဘယ်လိုနေရာ ဘုံဌာန တွေမှာ ခံစား စံစားခဲ့ရတယ် စသည်ဖြင့် အသေးစိတ် သိမြင်နိုင်သော တန်ခိုးအဘိဥာဉ်။

ဒိ- ဆိုတာက ဒိဗ္ဗစက္ခုဥာဏ်။
ဒိဗ္ဗစက္ခု၊ နတ်မျက်စိကဲ့သို့ မြင်နိုင်စွမ်းသော။ အဘိဥာဏ၊ အဘိဥာဉ်။
ဒိဗ္ဗစက္ခုဥာဏ်  ဘယ်လောက်ပင် တောတွေ၊ တောင်တွေ၊ နံရံတွေ ကာရံထားသည်ဖြစ်စေ နတ်မျက်စိကဲ့သို့  ထုတ်ချင်းပေါက် မြင်နိုင်စွမ်းသော တန်ခိုးအဘိဥာဉ်။

အာ -ဆိုတာကတော့ အာသ၀က္ခယဥာဏ်။
အာသ၀-ကိလေသာများ၊ ခယ-ကုန်ခမ်းသွားခြင်း
အာသ၀က္ခယဥာဏ်    ကိလေသာကုန်ခန်းကာ အရိယာဖြစ်သွားသူများမှာ ရရှိတတ်တဲ့ အာသ၀က္ခယအဘိဥာဉ်။

ဝိဇ္ဇာ ဆိုတာ ဥာဏ်အလင်းရခြင်း လို့ အဓိပ္ပါယ်ရပါတယ်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ မရောက်ခင် ညဥ့်ဦးယံအချိန်အခါမှာ ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်တော်ကို ရတော်မူပြီး၊ ညသန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်၊ မနက်လင်းအားကြီးအချိန်၊ အာရုံတက်ခါနီးမှာ အာသ၀က္ခယဥာဏ်တော်ကို ရတော်မူပြီး ဘုရားစင်စစ် ဧကန်ဖြစ်တော်မူပါတယ်၊

ဝိဇ္ဇာ ( ၈ ) ပါး

ဆောင်ပုဒ်။  ။ သုံးပါး ၀ိဇ္ဇာ၊ ပု-ဒိ-အာနှင့်၊ ၀ိဇ္ဇာရှစ်ရပ်၊ ၀ိပဿ်၊ စေတော၊ မနောမယိဒ်၊ ဒိနှင့် ဣဒ် ၊ ထည့်သိပ်                                          ရေတွက်လေ။
ဆိုလိုတာက အထက်ပါ သုံးပါးထဲကို နောက်ထပ် (၅)မျိုး ထပ်ပေါင်းလိုက်ခြင်းပဲ။

၁။  ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်
၂။ ဒိဗ္ဗစက္ခု အဘိညာဉ်
၃။ အာသ၀က္ခယ အဘိညာဉ် 
၎။ ၀ိပဿနာအဘိညာဉ် 
၅။ စေတောပရိယ အဘိညာဉ် 
၆။ မနောမယိဒ္ဓိ အဘိညာဉ်
၇။ ဒိဗ္ဗသောတ အဘိညာဉ် 
၈။ ဣဒ္ဓိ၀ိဓ အဘိညာဉ် 

၁။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဆိုတာက အတိတ်က ခန္ဓာအစဉ်ကို သိခြင်းပါပဲ။
၂။ ဒိဗ္ဗစက္ခု အဘိဥာဉ် ဆိုတာကတော့ နတ်မျက်စိကဲ့သို့ သိမြင်နိုင်ခြင်းပါ။
၃။ အာသ၀က္ခယ အဘိဥာဉ် ဆိုတာကတော့ အာသဝေါ ကုန်ခမ်းခြင်းပါ။
၎။  ၀ိပဿနာဥာဏ်ဆိုတာ တေဘူမက သင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တစသည့်ဖြင့် ရူတဲ့ဥာဏ်ကို ခေါ်ပါတယ်။
၅။ စေတောပရိယအဘိဥာဉ် ဆိုတာ သူတစ်ပါးရဲ့  စိတ်အကြံအစည်တွေကို သိနိုင်တာ။
၆။ မနောမယိဒ္ဓိ ဆိုတာ ကတော့ ခန္ဓာကိုယ် တစ်ခုပြီး တစ်ခု ဖန်ဆင်းခြင်း၊ အလိုရှိသလောက်ကြီးမားတဲ့ ခန္ဓာကိုယ်၊ သေးငယ်တဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်ခြင်းကို ဆိုလိုပါတယ်။
၇။ ဒိဗ္ဗသောတ အဘိဥာဉ် ဆိုတာ နတ်တို့ရဲ့  နားပမာ ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ  ကြားနိုင်ခြင်းပါ။
၈။  ဣဒ္ဓိ၀ိဓ အဘိဥာဉ် ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်ခြင်းပါ။

ဒီအထိက ၀ိဇ္ဇာ သုံးပါး၊ ၀ိဇ္ဇာရှစ်ပါး အကျယ် ဖြစ်ပါတယ်။

နောက်ထပ် စရဏ (၁၅)ပါး ဆိုတာကတော့ --

အကျဉ်းချုပ် မှတ်လိုရင်-
ဘော- ဇာ - သီ- ဣံ- ဈာန်လေးကြိမ်နှင့်၊  သူတော်ဥစ္စာ၊ ခုနှစ်ဖြာ၊ မှတ်ပါ စရဏ။
ဆိုပြီး ဆောင်ပုဒ်လေးနဲ့ ကပ်မှတ်နိုင်ပါတယ်။

သီ ဣံ ဘော ဇာ၊  သဒ္ဓမ္မာ၊ သတ္တရူပ၊  ဈာန်စတုက္က-  လို့လဲ ဆောင်ပုဒ် ရှိပါသေးတယ်။

အဓိပ္ပါယ်များကတော့ -
၁။       ဘော-ဆိုတာ ဘောဇန မတ္တညူ။
မဂ်ပေါက်ဖိုလ်ပေါက် အရိယာစခန်းကို တက်လှမ်းလိုတဲ့ ယောဂီသူတော်ကောင်းများဟာ အစာစားရာမှာ အတိုင်းအတာ ပမာဏကို သိရပါမယ်၊ ဒီအစားအစာက ကိုယ်နဲ့သင့်တော်ရဲ့လား၊ မသင့်တော်ဘူးလား၊ အများကြီးစားရင် ဗိုက်လေးပြီး ထိန မိဒ္ဓဖြစ်လာမယ်၊ အတက်စာတွေစားလိုက်ရင် ခေါင်းကိုက်နေပြီး ၀ိပဿနာ တရားမရူမှတ်နိုင်ပဲ ဖြစ်တတ်တာမို့ အစာစားရာမှာ ကိုယ့်ကိုယ်ကို အတိုင်းအတာ ပမာဏသိရပါမယ်။

၂။       ဇာ- ဆိုတာ ဇာဂရိယ အနုယုတ္တ။
ကမ္မဋ္ဌာန်းအားထုတ်နေချိန်မှာ အမြဲတမ်း နိုးနိုးကြားကြား သတိရှေ့ဆောင်နေရပါမယ်၊ လျော့တိလျော့ရဲ၊ ပျင်းရိစွာ မနေရပါဘူး၊ ၀တ်ကျေတန်းကျေ အားထုတ်နေတာမျိုး မဖြစ်ရပါဘူး လို့ ဆိုလိုပါတယ်။


 ၃။       သီ- ဆိုတာက သီလသံဝရ။
လူဖြစ်လျင် ငါးပါးသီလ၊ ရှစ်းပါးသီလ စတာတွေကို လုံခြုံအောင် ထိန်းသိမ်းရပါမယ်၊ ရဟန်းတော်များမှာလဲ သိက္ခာပုဒ်အသေးလေးတွေကအစ အာပတ်အကြီးစား ပါရာဇိကအာပတ်များအထိ စောင့်ထိန်းရပါမယ်၊ အဲလို စောင့်ထိန်းပြီးမှသာ တရားအားထုတ်သင့်ပါတယ်၊ ဘုရားသာသနာတော်မှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို အစဉ်အလိုက်ဖြည့်ကျင့်သင့်ပါတယ်၊ အစဉ်လိုက် ဖြည့်ကျင့်မှလဲ ထိရောက်သော အကျိုးရလဒ်ကို ရရှိစေမှာပါ။ ကိုယ်ကျင့်သီလ လုံပါမှ သမာဓိအားကောင်းထက်သန်လာပြီး ပညာဥာဏ်ရင့်သန်ကာ မဂ်ဖိုလ်စခန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်၊ အခြေခံ ကိုယ်ကျင့်သီလတောင်မှ မလုံခြုံပါဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို မမျှော်မှန်းနိင်ပါဘူး။

၎။       ဣံ- ဆိုတာ ဣန္ဒြိယေသု ဂုတ္တဒွါရ၊
မျက်စိအာရုံ၊ နားအာရုံ၊ နားခေါင်းအာရုံ၊ လျာအာရုံ၊ ကိုယ်ခန္ဓာအထိအတွေ့အာရုံ၊ စိတ်အာရုံဆိုတဲ့ အာရုံ(၆) ပါးကို ဣနြေ္ဒကြီးကြီး ၊ သတိကြီးကြီးထားပြီး စောင့်ထိန်းရပါမယ် တဲ့၊ စိတ်အလိုမလိုက်ရဘူး လို့ ဆိုလိုပါတယ်။
မျက်စိက မြင်ချင်တာမြင်၊ ကြည့်ချင်တာ ကြည့်ပြီး တဏှာရာဂစိတ်၊ အကုသိုလ်စိတ်ဖြစ်နေတာမျိုး၊ အကြားအာရုံ၊ အနံ့ အာရုံ၊  အရသာကောင်းကောင်းနဲ့ ဆုံလို့ လောဘရမ္မက် တက်မက်စိတ်ဖြစ်နေတာမျိုး၊ အထူးသဖြင့် ကိုယ့်စိတ်ကိုလဲ အလိုလိုက်ပြီး   ဖြစ်ချင်တာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထားတာမျိုးမဖြစ်စေပဲထိန်းချုပ်ခြင်းကို ဣန္ဒြိယေသု ဂုတ္တဒွါရ- ဣနြေ္ဒတွေ ကို စောင့်ထိန်းတယ် လို့ ခေါ်ပါတယ်။

ဈာန်လေးကြိမ်ဆိုတာ
၅။ ပထမဈာန်၊
၆။ ဒုတိယဈာန်၊
၇။ တတိယဈာန်၊
၈။ စတုတ္ထဈာန် စတဲ့ ဈာန်များကို ရရှိခြင်း၊ ရရှိအောင် ကျင့်ကြံအားထုတ်ခြင်းကို ဆိုလိုပါတယ်။

သူတော်ဥစ္စာ ခုနှစ်ဖြာဆိုတာ
၉။       နံပါတ် (၁) ရတနာသုံးပါးအပေါ်မှာ ယုံကြည်သက်ဝင်တဲ့ သဒ္ဓါ။
သဒ္ဓါဆိုတာ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ် လို့ ကံနဲ့ ကံရဲ့ အကျိုးတရားကို ယုံကြည်တာကို သဒ္ဓါလို့ ခေါ်ပါတယ်။

 ၁၀။     နံပါတ် (၂) သီလ။
သီလ- ဆိုတာ အထက်က ပြောခဲ့တဲ့ ငါးပါး၊ ရှစ်ပါးစတဲ့ သီလကိုပဲ ရည်ရွယ်ပါတယ်၊ ဒီနေရာမှာတော့ သာသနာပအခါမှာ စောင့်ထိန်းနိုင်တဲ့ သီလတွေလဲ အကျုံးဝင်ပါတယ်။ နံပါတ် ၃ မှာဖော်ပြခဲ့တဲ့ သီလတွေက ရဟန်းတော်တွေမှာ သာသနာပအခါ စောင့်ထိန်းရမယ့် သီလ မရှိပါဘူး၊  သာသနာပအခါမှာ သံဃာဆိုတာ မရှိနိုင်တဲ့ အတွက်ကြောင့်ပါ။ လူတို့စောင့်ထိန်းအပ်တဲ့ ငါးပါးရှစ်ပါးသီလတွေသာ သာသနာပ၊ သာသနာတွင်းရှိနိုင်ပါတယ်။

 ၁၁။     နံပါတ် (၃) ဟိရီ။
ဟိရီ- မကောင်းမှုမှန်သမျှကို လူရှေ့မှာဖြစ်စေ၊ မမြင်ကွယ်ရာ မှာဖြစ်စေ ကိုယ့်လိပ်ပြာ ကိုယ်လုံပြီး ပြုလုပ်ရမှာ ရှက်ရွံ့တတ်တဲ့တရားကို ဟိရီလို့ခေါ်ပါတယ်၊ အထူးသဖြင့် ဘယ်သူမှ မသိဘူး ဆိုသော်လည်း ကိုယ်စောင့်နတ်များ၊ သာသနာကို ကြည်ညိုကြတဲ့နတ်ဗြဟ္မာများ၊ တန်ခိုးကြီးတဲ့ နတ်များက ကိုယ်မကောင်းမှုလုပ်တာကို သိနေမြင်နေကြရ တာမို့ မလုပ်မိအောင် ရှောင်ရပါမယ်။

၁၂။     နံပါတ် (၄) သြတပ္ပ။
သြတပ္ပ- မကောင်းမှုမှန်သမျှကို လုပ်ရမှာ ကြောက်လန့်တတ်တဲ့စိတ်ကို ခေါ်ပါတယ်။

၁၃။     နံပါတ် (၅) သုတ။
သုတ-  ဘာသာရေး အသိပညာစသော သံသရာမှ ထွက်မြောက်ကြောင်း သူတော်ကောင်းတရားမှန်သမျှကို တတ်သိ နားလည်နိုင်ခြင်းပါ။

၁၄။     နံပါတ် (၆) စာဂ။
စာဂ- သူတပါးအပေါ် ပေးကမ်းစွန့်ကျဲခြင်း၊ သာသနာတွင်းဖြစ်လျင် စေတနာထက်သန်စွာဖြင့် လှူဒါန်းခြင်း ဖြစ်ပါတယ်။

၁၃။     နံပါတ် (၇) ပညာ။
ပညာ- ဆိုတာ သံသရာမှထွက်မြောက်စေနိုင်သော သူတော်ကောင်း တရားမှန်သမျှကို တတ်သိနားလည်ခြင်း၊ နားလည်ရုံမျှ မကပဲ ကျင့်ကြံအားထုတ်ခြင်း၊ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ များကို လေ့လာဆည်းပူး အားထုတ်ခြင်း စတဲ့  မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့ ပညာများအားလုံးကို ရည်ရွယ်ပါတယ်။

အကျဉ်းချုပ် ကတော့--
ဘော- ဇာ - သီ- ဣံ လေးပါးနှင့်၊ ဈာန် လေးပါး၊ ပေါင်း (၈) ပါးကို
နောက်ထပ် သူတော်ကောင်းတရား (၇) ပါးပေါင်းထည့်လျင် စရဏ (၁၅) ပါးပြည့်သွားပါတယ်။
ဒါလောက်ဆိုလျင် စရဏ (၁၅)ပါး အားလုံးပြည့်စုံသွားပါပြီ။

အထက်မှာ ဆိုခဲ့သော ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးကို ဘုရားဂုဏ်တော်ကိုးပါးတွင် ပါဝင်သော ၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်မှာ ထည့်သွင်းထားတာမို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဂုဏ်တော်အားလုံးနှင့် ပြည့်စုံတော် မူပါတယ်၊ အဲဒီလို ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြု ရည်မှန်းကာ ဖြည့်ကျင့် ပွားများနိုင်ပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။


မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းတင်ပြသည်။














Sunday, June 8, 2014 | 0 comments | Labels: ,

သမ္မတဖြစ်လာသူတိုင်း ခေါင်းဆောင်မဟုတ်ကြချေ။



Franklin D. Roosevelt
32nd President of the United States
March 4, 1933 – April 12, 1945

သို့ဖြစ်စေကာ ကျနော်တို့သည် သမ္မတတယောက်ကို ရွေးချယ်ရသည့်အခါတိုင်း ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်ကြသည်ချည်း ဖြစ်သည်။ အထူးသဖြင့် မရေရာ မသေချာမှုများ ဖုံးလွှမ်းနေသည့် အကျပ်အတည်းကာလများတွင် ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်တောင့်တတတ်သည်။
အပူအပင်ကင်းမဲ့သော ကာလများတွင်ကား ခေါင်းဆောင်ကို လိုချင်သလိုလို မလိုချင်သလိုလို ဒွိဟ ဖြစ်နေတတ်သည်။

စင်စစ် ခေါင်းဆောင်ဟူသည်ကား ပင်ပန်းခက်ခဲသောအလုပ်တို့ကို လုပ်ဆောင်ရန် လှုံ့ ဆော်တွန်းထိုးတတ်သည်။ တည်ဆဲအနေအထားကို ဆန်းစစ်စိန်ခေါ်တတ်သည်။ အရေးပါသော ပြောင်းလဲမှုကြီးများကို ဖြစ်ထွန်းစေတတ်သည်။


Vladimir Lenin
Chairman of the Council of People's Commissars of the Soviet Union
30 December 1922 – 21 January 1924

ခေါင်းဆောင်မှုကိစ္စရပ်သည်လည်း အခြားနည်းတူပင် သူ့ အချိန်နှင့်သူ ပေါ်ထွန်းလာရပါသည်။ ပြည်သူလူထုက သူတို့အားခေါင်းဆောင်မှုပေးရန် လိုလားတောင့်တနေသည့်အချိန်မှာမှ ခေါင်းဆောင်လည်း ပေါ်ထွန်းလာရသည်။ ၁၉၄၀ ခုနှစ်တွင် အင်္ဂလန်ပြည်၌ ချာချီပေါ်ထွန်းလာရသလိုမျိုး။ ၁၉၃၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ရုစ်ဗဲ့လ်ဒ် ပေါ်ထွန်းလာရသလိုမျိုး။ ၁၉၁၇ ခုနှစ်တွင် ရုရှားပြည်၌ လီနင် ပေါ်ထွန်းလာရသလိုမျိုး။


Sir Winston Churchill
Prime Minister of the United Kingdom
26 October 1951 – 7 April 1955

ထိုသို့ ပေါ်ထွန်းလာသော ခေါင်းဆောင်သည် ရိုးစင်း၍ လိုရင်းရောက်သော စကားကို ထိထိမိမိ ပြေ နိုင်ရမည်။ ကြီးကျယ်သော ခေါင်းဆောင်ဟူသမျှသည် အခက်ကိုလွယ်စေပြီး အရှုပ်ကို ရှင်းသွားစေနိုင်သည့် သူများ ဖြစ်သည်။
ခေါင်းဆောင်သည် ဆန့်ကျင်ဝေဖန်မှုများ၊ အချေအတင်ငြင်းခုန်မှုများ၊ ဇဝေဇ၀ါသံသယများကို ဖောက်ထွက်ဖြတ်ကျော်ပြီး လူတိုင်းနားလည်သဘောပေါက်ကာ စိတ်ထဲစွဲသွားစေမည့် ဖြေရှင်း ချက်မျိုးကို ပေးတတ်သည်။

သွေး ချွေး မျက်ရည်နှင့် ပင်ပန်းဆင်းရဲမှုတို့ကိုသာ မျှော်လင့်ထားရန် ချာချီက ဗြိတိသျှလူမျိုးတို့အား သတိပေးခဲ့သည်။ ငါတို့မှာ ငါတို့ ရဲ့ ကြောက်စိတ်တခုပဲ ကြောက်စရာ ရှိတယ်ဟု ရုစ်ဗဲ့လ်ဒ်က အမေရိကန်နိုင်ငံသားတို့ကို ပြောခဲ့သည်။ လယ်မြေနှင့် ပေါင်မုန့်ကို ပေးမည်ဟု လီနင်က စစ်ပန်းနေသော ရုရှားလယ်သမားတို့ကို ကတိပြုခဲ့သည်။ ဖြောင့်စင်းရိုးရှင်းသော စကားများ ဖြစ်ပါဧ။် သို့သော် အလွန်ခွန်အားရှိသော စကားများလည်း ဖြစ်ပေသည်။


1967 Portrait of Mao Zedong
1st Chairman of the Communist Party of China

ကျနော်တို့ ဧ။်စိတ်ကူးထဲတွင် ခေါင်းဆောင်အရည်အချင်း၊ ခေါင်းဆောင်ဂုဏ်ရည် နှင့်ပတ်သက်သော ရုပ်ပုံလွှာတခု ရှိနေသည်။ ရုပ်ပိုင်းဆိုင်ရာ အမှတ်လက္ခဏာပင် ရှိနေသည်။ ခေါင်းဆောင်တို့ အနေနှင့် အရပ်အမောင်းရှည်ဖို့ မလိုအပ်သော်လည်း မျက်လုံးမျက်ဖန် နှာတံပါးစပ် စသည့် အင်္ဂါရပ်တို့ သည် သာမန်ရှိရိုးရှိစဉ်ထက် ကြီးမားပေါ်လွင်ပြီး ခန့် ညားသည့်အသွင်ကို ဆောင်နေရမည်။ ဂျွန်ဆင်ဧ။် နှာခေါင်းမျိုး၊ အီကေဧ။် ပါးစပ်မျိုး။
ထူးခြားသည့် အပြင်အဆင် အ၀တ်တန်ဆာသည်လည်း ခေါင်းဆောင်တယောက်ဧ။်ရုပ်ပုံလွှာအတွက် အသုံးဝင်ပါသည်။ လင်ကွန်းဧ။် ဦးထုပ်ပုံမျိုး။


Abraham Lincoln at age 54, 1863
16th President of the United States
March 4, 1861 – April 15, 1865

ကျနော်တို့ သည် မိမိဧ။်ခေါင်းဆောင်ကို သာမန်လူထက် ထူးခြားသာလွန်စေချင်သည်။ သမတဖို့ဒ်ဧ။် ချို့ယွင်းချက်တခုမှာ ရုပ်ရည်သွင်ပြင်နှင့် အ၀တ်အစားတွင် ဘာမှမထူးခြားသည့်အချက်ဖြစ်သည်။ ထိုချို့ယွင်းချက်ကြောင့် ပြည်သူလူထုက သူ့ အပေါ် မစွဲငြိ။ ခေါင်းဆောင်တယောက်တွင် မြင်လိုက်သည်နှင့် စိတ်ထဲစွဲငြိသွားစေမည့် ဥပဓိမျိုး ရှိရမည်။ အလွယ်တကူ မေ့ပျောက်၍ မရနိုင်သော ဥပဓိမျိုး ရှိရမည်။

သာမန်လူများစု မတတ်နိုင်သော ကိစ္စရပ်မျိုးကို စွမ်းဆောင်နိုင်ခြင်းသည် ခေါင်းဆောင် တယောက်ဧ။် ဂုဏ်ရည် ဖြစ်သည်။ အမေရိကန်သမတ ရုစ်ဗဲ့လ်ဒ်သည် ပိုလီယိုရောဂါကို ကျော်လွှား လွန်မြောက်ခဲ့ သည်။ မော်စီတုန်းသည် အသက်ခုနစ်ဆယ်နှစ်နှစ်အရွယ်တွင် ယန်စီမြစ်အတွင်း ရေကူးခဲ့သည်။


John F. Kennedy
35th President of the United States
January 20, 1961 – November 22, 1963

ကျနော်တို့ သည် မိမိခေါင်းဆောင်ကို ကိုယ်နှင့်မရိုးမစွဲ မဖြစ်စေချင်ကြ။ အရည်အသွေး အနှစ်သာရအားဖြင့် များစွာထူးခြားသာလွန်စေချင်သည်။ သို့ ဖြစ်စေကာ မိမိနှင့် အလွန်အမင်းကွဲပြားခြားနား လွန်းပြန်လျှင်လည်း လက်သင့်မခံ ငြင်းဆန်ချင်ပြန်သည်။ အက်ဒ်လိုင်း စတီဗင်ဆင်သည် ပညာတတ် ဆန်လွန်းသည်။ နယ်လ်ဆင်ရော့က်ဖဲလားသည် ချမ်းသာကြွယ်ဝလွန်းသည်။

တကယ်ရှိသည့် အရည်အချင်းထက် ပိုရှိသည်ဟု ထင်လာရအောင် ဖန်တီးတင်ပြတတ်သော ရုပ်မြင်သံကြားသည်ပင် ကျနော်တို့ သိမှတ်ထားသည့် ခေါင်းဆောင်မှုအရည်အသွေးတို့နှင့် ပတ်သက်လျှင် အရှိကို မရှိဖြစ်အောင်၊ မရှိကို အရှိဖြစ်အောင် မလုပ်တတ်။ ရုပ်မြင်သံကြားသည် နစ်ကဆင်ဧ။် စိုးရိမ်ကြောင့်ကြ စိတ်မချဖြစ်မှုကို ဖော်ပြခဲ့သည်။ ဟန်ဖရေဧ။် ကိုယ့်အသံကိုယ် စွဲလန်းလွန်းနေပုံကို ဖော်ပြခဲ့သည်။


Richard Nixon
37th President of the United States
January 20, 1969 – August 9, 1974

ခေါင်းဆောင်တယောက်သည် အာဏာအသုံးပြုပုံကို သိရမည်။စင်စစ် ခေါင်းဆောင်မှုလုပ်ငန်းသည် အာဏာသုံးခြင်းလုပ်ငန်းပင် ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်တယောက်အနေနှင့် အာဏာသုံးပုံ သုံးနည်းကို သူသိကြောင်း ပြသနိုင်ရမည်။ တည်ငြိမ်ခိုင်မာမှုကို ထုတ်ဖော်ပြသနိုင်စွမ်းရှိရမည်။ ဖို့ဒ်ကဲ့သို့  ပုံမကျပန်းမကျ ရုပ်ခန္ဓာမျိုး မရှိရ။ ကာတာကဲ့သို့  မျက်စေ့ ကစားလွန်းခြင်းမျိုး မရှိရ။ တည်ကြည်လေးနက်သော ရာဇအိနြေ္ဒမျိုး ရှိရမည်။

ခေါင်းဆောင်တယောက်သည် ကချေသည်တယောက်ဧ။် တင့်တယ်လှပမှုမျိုး ရှိရမည်ဟု တရုတ် တွေးခေါ်ရှင် တယောက်က ကောက်ချက်ချဖူးသည်။ အလွန်ပညာပါသောစကား ဖြစ်ပါသည်။
ခေါင်းဆောင်တယောက်သည် စိုးရိမ်ကြောင့်ကြမှုကင်းရှင်းပြီး ယုံကြည်မှုအပြည့်အ၀ရှိသော အသွင်အပြင်မျိုး ဆောင်နိုင်အောင် မည်သို့ လုပ်ရမည်ကို သိသည်။ သူဧ။်လမ်းလျှောက်ဟန်သည် ခိုင်မာရမည်။ ရည်ရွယ်ချက် ရှိရမည်။ ကယိမ်းကယိုင် မဖြစ်ရ။ ပေါ့တီးပေါ့ဆ မဖြစ်ရ။

လင်ကွန်း၊ ရုစ်ဗဲ့လ်ဒ်၊ ထရူးမင်း၊ အီကေ၊ ကနေဒီတို့  ရယ်မောသလိုမျိုး ကြည်ကြည်နူးနူး ဟက်ဟက်ပက်ပက် ပြုံးရွှင်ရယ်မောနိုင်ရမည်။ သူတပါး ပြက်ရယ်ပြုချင်စရာကောင်းသော နစ်ကဆင်နှင့် ကာတာ တို့ဧ။် မအီမသာ အပြုံးမျိုးကို ရှောင်ရှားနိုင်ရမည်။ ရိုနယ်လ်ရီဂင်သည် ရုပ်ရှင်မင်းသားအဖြစ် သရုပ် ဆောင်ခဲ့ဖူးရာ ယင်းသရုပ်ဆောင်အတတ်ပညာကို သုံး၍ ကာတာနဲ့ စကားစစ်ထိုးရာ၌ အသာစီးရခဲ့သည်။ တည်ငြိမ်အေးဆေးသော အမူအရာနှင့် ဖော်ရွေရည်မွန်သော ဟန်ပန်တို့ ကြောင့် ပရိသတ်က သူ့ ကို သမ္မတအဖြစ် မြင်လာပြီး ကာတာကိုတော့ စိန်ခေါ်သူတယောက်အဖြစ်သာ မြင်သွားစေခဲ့သည်။

ခေါင်းဆောင်မှုဆိုင်ရာတွင် အမှန်တရားတခု ရှိသည်။ ပြည်သူလူထုကို သူတို့ သွားချင်သည့်နေရာသို့သာ ဦးဆောင်ခေါ်ယူ သွားနိုင်လိမ့်မည်ဟူသော အမှန်တရား ဖြစ်ပါသည်။ ခေါင်းဆောင်တို့သည်လည်း ပြည်သူလူထု သွားချင်သော နေရာဆီသို့သာ သွားရပါလိမ့်မည်။ သို့သော် ခေါင်းဆောင်က ခြေတလှမ်း စောရမည်။
အမေရိကန်နိုင်ငံသားတို့သည် စီးပွားရေးဆုတ်ကပ်ကြီးအတွင်းမှ ရုန်းထွက်ချင်နေသည့်အချိန်တွင် ရုန်းထွက်နိုင်ကြောင်း ရုစ်ဗဲ့လ်ဒ်က ပြောခဲ့သည်။

၁၉၄၀ ခုနှစ်တွင် အရှုံးပွဲများရင်ဆိုင်နေရသော်ငြား စစ်ကြီးကို နိုင်နိုင်သည်ဟု ဗြိတိသျှလူမျိုးတို့  ယုံကြည်နေသည့်အချိန်တွင် ချာချီက ယင်းယုံကြည်ချက် မှန်ကန်ကြောင်း ပြောခဲ့သည်။


Aung San
13 February 1915- 19 July 1947 (aged 32)

ခေါင်းဆောင်တယောက်သည် ပြည်သူလူထုဧ။် အလိုဆန္ဒလှိုင်းလုံးကြီးများကို စီးဧ။်။ ပြည်သူလူထုဧ။်
မျှော်လင့်ရည်မှန်းချက် ဒီရေနှင့်အတူ စီးမျောရွေ့ လျားဧ။်။ ပြည်သူလူထုဧ။် အနက်ရှိုင်းဆုံး လိုလား တောင့်တချက်များကို နားလည်သဘောပေါက်ဧ။်။

ခါင်းဆောင်တယောက်အနေနှင့် ငြိမ်းချမ်းရေးလိုလားသော နိုင်ငံတခုကို စစ်ပွဲဆင်နွှဲလာအောင် မည်သို့မျှ မလုပ်နိုင်။ စစ်တိုက်ရန် ဆုံးဖြတ်ထားသော နိုင်ငံတခုကိုလည်း ဘယ်လိုမှ မတားမြစ်နိုင်။

ခေါင်းဆောင်တယောက်ဧ။်ရည်မှန်းချက်သည် နိုင်ငံဧ။် စိတ်ခံစားမှုအနေအထားနှင့် တသားတည်း ကျနေရမည်။ ခေါင်းဆောင်ဧ။် အလုပ်မှာ ပြည်သူလူထုဧ။် စွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒများကို စုစည်းပေးဖို့ ဖြစ်သည်။ ယင်းစွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒတို့ ကို အရိုးရှင်းဆုံး စကားလုံးတို့ ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုဖော်ပြပေးဖို့ ဖြစ်သည်။ ပြည်သူလူထုကို တက်ကြွရှင်သန်အောင် လှုံ့ ဆော်ပေးဖို့ ဖြစ်သည်။ ပြည်သူလူထု အလိုရှိသောအရာတို့ကို   အရေးကြီးသောအရာ လက်ဆုပ်လက်ကိုင် အရယူ နိုင်သောအရာအဖြစ် မြင်လာအောင် လုပ်ဆောင်ပေးဖို့ ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ခေါင်းဆောင်လုပ်သူသည် ကျနော်တို့ဧ။် လိုအင်ဆန္ဒများကို ဂုဏ်တင် ချီးမြှောက်ရပါမည်။ ပြည်သူလူထုသည် ကြီးကျယ်သော သမိုင်းကို ဖန်တီးရာတွင် ပါဝင်နေကြောင်း သဘောပေါက်လာအောင် ရှင်းပြရပါမည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိသူများအဖြစ် မြင်လာအောင် အရေးပါသူများအဖြစ် ဂုဏ်ယူလာအောင် လုပ်ပေးရပါမည်။

ချာချီသည် သူဧ။်စကားတို့ ဖြင့် ဗြိတိသျှလူမျိုးတို့ ရင်ဆိုင်နေရသောအရှုံးကို မဟာအောင်ပွဲဆီသို့ လှည့်ပြောင်းပေးခဲ့သည်။ ရုစ်ဗဲ့လ်ဒ်ဧ။် စကားတို့ သည် ပုလဲဆိပ်ကမ်း၌ အမေရိကန်သင်္ဘောများ နစ်မြုပ် ဆုံးရှုံးမှုကို ချောက်ချားသိမ်ငယ်စရာအဖြစ်မှ အမျိုးသားစည်းလုံးညီညွတ်ရေးအဖြစ်သို့  ပြောင်းလဲပေးခဲ့သည်။ ခေါင်းဆောင်တယောက်သည် ကျနော်တို့ ဧ။် ဆင်ခြင်တုံဥာဏ်ကို ဆွဲငင်ရမည် မဟုတ်ဘဲ ကျနော်တို့ဧ။် အတွေးများကို ဆူပွက်လာအောင် လှုံ့ ဆွပေးရမည်။


Mohandas Karamchand Gandhi
2 October 1869 - 30 January 1948 (aged 78)

ကြီးကျယ်သော ခေါင်းဆောင်တယောက်သည် ကြောင်းကျိုးမညီသော ဂုဏ်ရည်တခုကို ပိုင်ဆိုင်နေရမည်။ လက်တွေ့ အချက်အလက်တို့ကို လက်သင့်မခံ ရင်မဆိုင်သော ခေါင်းမာသည့် ငြင်းဆန်မှုမျိုး ရှိရမည်။ သူတပါးကို ကူးစက်သွားစေနိုင်သည့် အကောင်းမြင် စိတ်ဓာတ်မျိုး ရှိရမည်။ ပြည်သူလူထုအနေနှင့် ဘာမှမကျန်အောင် ဆုံးရှုံးသွားလေပြီဟု ခံစားနေရသည့်တိုင် အကုန်မဆုံးရှုံးသေးပါဟု လက်ခံလာအောင် လုပ်နိုင်စွမ်းရှိရမည်။

ကြီးကျယ်သောခေါင်းဆောင်တယောက်ဧ။် အကြံပေးပုဂ္ဂိုလ်များသည် ရေခဲတုံးတမျှ အေးစက်နေသော်လည်း ကြီးကျယ်သောခေါင်းဆောင်သည်ကား တေဇောဓာတ်အပူမီးကို ဆက်လက် ပိုင်ဆိုင်ထားရမည်။ မြင့်မြတ်သော ရူးသွပ်မှု မီးပွားကလေးကို ဆက်လက် ပိုင်ဆိုင်ထားရမည်။

ခေါင်းဆောင်တယောက်သည် ကျနော်တို့  အဆင်သင့်မဖြစ်သေးသရွေ့ ရောက်လာမည်ကား မဟုတ်။ ခေါင်းဆောင်ဟူသည်ကား ကျနော်တို့ဧ။် စိတ်ကူးအိပ်မက်များနှင့် မျှော်လင့်ချက်များကို စကားလုံးများဖြင့် ပုံဖော်ပေးခြင်း၊ ကျနော်တို့ ဧ။် လိုအပ်ချက်များနှင့် စိုးရိမ်ကြောက်လန့် မှုများကို မူဝါဒများ စီမံချက်များ အဖြစ်သို့ ပြောင်းလဲပေးခြင်း စသည့် လုပ်ဆောင်ချက်တို့ ဖြင့် ကျနော်တို့ ဧ။် ရည်ရွယ်ချက်များကို ကျနော်တို့ဖာသာ ပြန်မြင်လာအောင် လုပ်ပေးသည့် ကြေးမုံမှန်ပြင်တခုသာ ဖြစ်သောကြောင့်တည်း။

ကျနော်တို့ဧ။် အင်အားသည် ခေါင်းဆောင်ကို သန်မာစေဧ။် ကျနော်တို့ဧ။် သန္နိဋ္ဌာန်သည် ခေါင်းဆောင်ကို ခိုင်မာစေဧ။် ကျနော်တို့ဧ။် ရဲစွမ်းသတ္တိသည် ခေါင်းဆောင်ကို သူရဲကောင်းအာဇာနည် ဖြစ်စေဧ။်


Aung San Suu Kyi
19 June 1945 (age 66)

ခေါင်းဆောင်ဟူသည် ကျနော်တို့၌ ရှိသော အကောင်းမြတ်ဆုံး စံပြဂုဏ်ရည်တို့ဧ။် သင်္ကေတဖြစ်ဧ။်
ထိုကြောင့် ကျနော်တို့တွင် ယင်းဂုဏ်ရည်များ ချို့ယွင်းနေသည့်အခါ ခေါင်းဆောင်ကို ကျနော်တို့  မမွေးထုတ်ပေးနိုင်။ ကျနော်တို့ဧ။် ကျွမ်းကျင်မှုများ၊ နည်းပရိယာယ်များ အားလုံးဖြင့်လည်း ခေါင်းဆောင်တယောက်ကို မွေးထုတ်၍ မရနိုင်။ စင်စစ်သော်ကား ခေါင်းဆောင်ဟူသည် ကျနော်တို့  အားလုံးကို စုပေါင်းထားသော အရာသာ ဖြစ်ပါဧ။်။         ။

မောင်သာမည
Saturday, March 17, 2012 | 0 comments | Labels:


ဒီခေတ်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာတွေခေတ်စားနေတော့ နိုင်ငံရေးဆိုတာကို မေ့ထားကြတာ များတယ်။ နိုင်ငံရေးကိုမေ့နေတော့ နိုင်ငံရေးသမားတွေ လုပ်ချင်တာလုပ် ခေါင်းငုံ့ခံရတယ်။
နိုင်ငံရေးကို သိစရာမလိုဘူးလို့ သဘောထားတော့ သူများပြောသမျှ အဟုတ်ထင်တတ်တယ်။ နိုင်ငံရေးကို ငါတို့နဲ့ မဆိုင် ပါဘူးလို့ထင်တော့ ကိုယ်တိုင်ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ပျောက်ကုန်ပြီး ဟိုလူ့နောက် လိုက်ရ နိုးနိုး၊ သည်လူ့နောက်လိုက်ရနိုးနိုး၊ ဟိုလူပြော ကောင်းနိုးနိုး သည်လူပြော ကောင်းနိုးနိုးဖြစ်လာကြတယ်။
တိုင်းပြည်တစ်ပြည်မှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေချည်း လိုအပ်တာ မဟုတ်ပါဘူး၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေးဝေဖန်ဆန်းစစ်သူတွေ၊ နိုင်ငံရေး လေ့လာသူတွေ အများကြီး လိုပါတယ်။ အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရာမှာ နိုင်ငံရေအကြောင်း ကောင်းကောင်း သိသူတွေ လိုအပ်ပါတယ်။
ခေါင်းဆောင်ကောင်းဖြစ်ရေး၊ နိုင်ငံတော်တည်ဆောက်ပြုပြင်ရေးမှာ နိုင်ငံရေးအကြောင်း သိသူ တွေ မွေးထုတ်ပေးဖို့လိုပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပညာသွားရောက် သင်ကြားဖို့ အခွင့် အရေးလည်းရမယ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလည်း စိတ်ပါဝင်စားတယ်၊ သင်ကြားလိုပါတယ် ဆိုတဲ့သူတွေအတွက် အမေရိကန်မှာရှိတဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေကို ဖော်ပြလိုက်ပါတယ်။

1.    Harvard University

တစ်နိုင်ငံလုံးက နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပတ်သက်ပြီး အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း လို့ သတ်မှတ်ထားကြပါတယ်။  ဟားဗတ်သင်ရိုးတွေမှာ သမိုင်းရေးဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ လူ့ဘောင်အဖွဲ့ အစည်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ ဒဿနိကဗေဒ ဆိုင်ရာ အတွေး အမြင်နဲ့ချဉ်းကပ်မှုဆိုပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားပါတယ်။
ဒီနှစ်ပိုင်းတွေမှာ Government Department ဆိုတာ ထပ်ဖွင့်ပြီး နိုင်ငံရေးကို အရေအတွက်အရ တိုင်းတာမှု၊ အပြုအမူအရတိုင်းတာမှု၊ အစဉ်အလာသဘောတရား အရတိုင်းတာမှုဆိုတာတွေကို ထပ်မံတိုးချဲ့ သင်ကြားပေးနေတယ်။ နိုင်ငံရေးကို သမိုင်းရေးအမြင်၊ ခေတ်ရေးအမြင်နှစ်ရပ် ပေါင်းစပ်သင်ကြားတာကြောင့် ဘွဲ့ရကျောင်းသားတစ်ယောက်အနေနဲ့ လုံလောက်တဲ့ အခြေခံ တွေ ပါသွားနိုင်ပါတယ်။ ဟားဗတ်မှာကျောင်းတက်သွားပြီး အမေရိကန်နိုင်ငံသမ္မတဖြစ်နေသူ (၇)ဦးလောက်ရှိပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ထူးခြားချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်စာကြည့် တိုက်ကြီးကို ထူထောင်ထားနိုင်တာပါ။ အဲဒီကျောင်းလောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ program တွေ၊ seminar တွေပေါတာလည်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံကိုသင်ရင်း ကျောင်းသားတွေဟာ လူတစ်ဦးချင်း လိုက်နာစောင့်ထိန်းအပ်တဲ့ စည်းမျဉ်းတွေနဲ့ အသားကျသွားမှာဖြစ်လို့ သိပ်ပြီးပူပင်စရာမလိုတဲ့ နေရာတစ်နေရာ လည်းဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာအထောက်အပံ့တွေ၊ ပညာသင်ဆုတွေ၊ ဂုဏ်သတင်း ကျော်စောမှုတွေကြောင့် နိုင်ငံရေးသိပ္ပံကို စိတ်ဝင်စားတဲ့သူတွေ ဟားဗတ်ကျောင်း ကိုသာ ဦးစားပေးအနေနဲ့ ရွေးချယ်လေ့ ရှိကြတယ်။
2.    Yale University
 
ယေးလ်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကတော့ ကမ္ဘာအနှံ့ ကျော်ကြားပြီးသားပါ။ နိုင်ငံရေးသိပ္ပံကို ဒဿနိက ဘာသာရပ်နဲ့ တွဲဖက်ထားပြီး ခေါင်းဆောင်နိုင်သူတစ်ယောက်ရဲ့ အတွေးအမြင် တွေကို ရင့်ကျက်အောင်လေ့ကျင့် သင်ကြားပေးနေတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။ 
နိုင်ငံရေးသိပ္ပံမှာ Health Policy, Globalization, Social and Policy Studies ဆိုတဲ့ ဘာသာရပ် တွေ ကို ထပ်မံတိုးချဲ့သင်ကြား ပေးနေတဲ့အပြင် Ethics, Politics, Economics ဘာသာရပ်တွေကို လည်း မလပ်အောင် သင်ကြားပေး နေတယ်။ ပညာသင်ထောက်ပံ့ကြေးတစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀၀ လောက်ပေးဖို့အစီအစဉ်တွေလည်း ရှိတာကြောင့် ကျောင်းသားအများစု စိတ်ဝင်စား ကြ တယ်။ အမေရိကန် သမ္မတ ၅ ဦးဟာ ယေးလ် ကျောင်းထွက်တွေဖြစ်ပါတယ်။
3.    Princeton University
 
အမေရိကန်ပညာရေးသမိုင်းမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း တစ်ကျောင်းအဖြစ် နာမည်ကြီးတယ်။ အစဉ်အလာကြီးတဲ့ နိုင်ငံရေးသိပ္ပံဌာနကိုလည်း ဖွင့်လှစ်ထားတယ်။ နိုင်ငံရေးသိပ္ပံဌာနမှာ ဆရာ ၆၀ လောက်ရှိတယ်။ အကြီးဆုံနိုင်ငံရေး သိပ္ပံဌာန လို့လည်း ပြောနိုင် တယ်။ နည်းပညာနဲ့ သင်ကြားမှုအပိုင်းမှာလည်း ထိပ်တန်းရောက်နေတဲ့ တက္ကသိုလ်ပါ။ Seminar တွေ၊ ဆွေးနွေးပွဲတွေ၊ သုတေသနတွေအများကြီး လုပ်ပေးနေတဲ့အတွက် ကျောင်းသားတွေအတွက် အခွင့် အလမ်းကောင်းတွေ အများကြီးရနိုင်တဲ့ နေရာတစ်နေရာလို့ ပြောနိုင်တယ်။
4.    Stanford University
 
စတန်းဖို့ဒ်တက္ကသိုလ်က ကျောင်းသားတွေကို ပါရဂူဘွဲ့လောက်ယူနိုင်သူတွေဖြစ်အောင် လေ့ကျင့် သင်ကြားပေးနေပါတယ်။ နှစ်စဉ် ပါရဂူဘွဲ့အတွက် ၁၂ ယောက်ကနေ ၁၅ ယောက်လောက်အထိ ပါရဂူဘွဲ့တန်းကို တက်ရောက်ဖို့ ရွေးချယ်ကြတယ်။ ဒီကျောင်းရဲ့ ထူးခြားချက်က ဆရာနဲ့ ကျောင်းသား သင်ကြားမှုအချိုး အရမ်းနည်းတယ်။ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကိုလည်း ရွေးချယ်ခွင့်ရှိ တယ်။ American Politics, Comparative Politics, International Relations, Political Methodology, Political Institutions, Political Theory တွေကို ရွေးချယ်သင် ကြားခွင့် ရှိတယ်။
5.    University of California, Berkeley
 
နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားနေတဲ့ကျောင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ပါတယ်။ နိုင်ငံရေး သိပ္ပံဌာနမှာ ဆရာ ၅၂ ယောက်ရှိတယ်။ ခေါင်းဆောင်ကောင်း၊ စည်းကမ်းဥပဒေ၊ နိုင်ငံရေးဘာသာရပ် တွေကို သင်ကြားပို့ချပေးနေပါတယ်။ ဒီဌာနကဆရာတွေက အခြား လူမှုဗေဒ၊ ဘောဂဗေဒ၊ ဥပဒေ၊ စီးပွားရေးစတဲ့ဌာနတွေမှာလည်း နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်ပြီး သွားသင်ပေးရတယ်။ ဝေဖန်ဆန်းစစ်တဲ့ အတွေးအမြင်ဆိုင်ရာစာပေတွေလေ့လာဖတ်ရှုစေခြင်း၊ ပိုင်းခြားစိတ်ဖြာတဲ့အမြင်နဲ့ ရေးသားပြုစုစေခြင်း တွေကိုလေ့ကျင့်ပေးလို့ ကျောင်းသားတွေ အတွက် အကျိုးများစေတယ်။ ဆရာကျောင်းသားအချိုးက 18:450 နှုန်းသတ်မှတ်ပြီး သင်ကြား ပေးနေတယ်။ ဆရာတစ်ယောက် ကျောင်းသား ၂၅ ယောက်နှုန်း လောက်ရှိမယ်။
6.    University of Michigan, Ann Arbor
 
နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားမှုမှာ အစဉ်အလာကြီးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ပထမဦး ဆုံး နိုင်ငံရေးသိပ္ပံကျောင်းတော်သားတွေကို ပညာရှင်ပုံစံမျိုးဖြစ်အောင် ရိုက်သွင်းတယ်။ နောက်ပိုင်း ဒီကျောင်းထွက်တွေဟာ သင်ကြားရေးပိုင်းတွေ၊ သုတေသနအပိုင်းတွေမှာ ထူးချွန်သူ တွေဖြစ်လာတယ်။ ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ရွေးချယ် သင်ယူနိုင်ခွင့်တွေ အများကြီး စီစဉ်ပေးထားတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်၊ လိုအပ်တဲ့ ဘာသာရပ်ကို လေ့လာသင်ကြား နိုင်တယ်။
7.    University of Chicago
 
ပထမဦးဆုံး နိုဗယ်ဆုရ နိုင်ငံရေးသိပ္ပံပညာရှင်ထွက်ပေါ်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဟားဗတ် ဆိုင်မွန်ဆိုသူဟာ ဒေါက်တာဘွဲ့ကို ဒီကျောင်းကရပြီး နိုဗယ်ဆုကိုလည်း ရရှိခဲ့တယ်။ ဒီကျောင်းရဲ့ထူးခြားချက်က အစဉ်အလာ ပညာသင်ကြားရေးစနစ်တွေကို ရိုက်ချိုးဖျက်ပြီး ခေတ်သစ် စနစ်သစ်နဲ့ ကိုက်ညီအောင် သင်ကြားတယ်ဆိုတာကို ဂုဏ်ယူနေတယ်။ စည်းကမ်း အကောင်းဆုံး၊ တီထွင်သင်ကြား မှုအကောင်းဆုံးပညာရေးစနစ်ကိုပိုင်ဆိုင်ထားတဲ့ ကျောင်းတစ် ကျောင်းအနေနဲ့ နာမည်ကျော်ပါတယ်။
8.    Duke University
 
အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံရေးသိပံ္ပဌာနကြီးတစ်ခုရှိတယ်။ ဘွဲ့ရကျောင်းသားတွေရဲ့ သင်ကြားမှု ပရိုဂရမ်အမှတ်ပေးခြင်းမှာ နံပါတ် ၂ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်တယ်။ ဘာသာခွဲတွေ အနေနဲ့ American Politics, Comparative Politics, International Relations, Political Theory and Methods ဘာသာရပ်တွေကိုပါ သင်ကြားပေးတယ်။ Race, Ethnicity, Politics ဘာသာရပ်တွေ ကိုလည်း သီးခြားဘာသာရပ်အနေနဲ့ ထပ်မံလေ့လာနိုင်တယ်။ ဘွဲ့ရပြီး ဘွဲ့လွန်တန်းတက်နေသူတွေက ကျောင်းသားတစ်ယောက် ဆရာနှစ်ယောက်နှုန်းလောက်နဲ့ သင်ကြားပေးတယ်။
9.    University of California, Los Angeles
 
နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ဘာသာခွဲတွေအနေနဲ့ Political Theory, International Relations, American Politics, Comparative Politics, Methodology, Race, Ethnicity and Politics ဘာသာ ရပ်တွေကို သင်ကြားရတယ်။ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးများကို နှိုင်းယှဉ်လေ့လာခြင်း၊ နိုင်ငံရေး သဘောတရားနှင့်လက်တွေ့ပညာရပ်တွေကိုသင်ကြားရာမှာ အထူးနာမည်ကြီးတယ်။
10.    Massachusetts Institute of Technology
 
MIT ဆိုတာကတော့ သုတေသနပြုလုပ်ရာမှာ နာမည်ကျော်တဲ့ ကျောင်းကြီးတစ်ကျောင်း ဖြစ်ပါ တယ်။ ဒီကျောင်းရဲ့ နိုင်ငံရေးသိပံ္ပဌာနမှာ American Politics, Comparative Politics, International Relations, Models and Methods, Political Economy, Security Studies ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။ ကျောင်းသားကို အနည်းငယ်ပဲ လက်ခံတယ်။ ဘွဲ့ကြိုတန်းရောက်ရင် seminar ပုံစံတွေနဲ့ပဲ သွားတော့တယ်။
နည်းပညာရှင်တွေ အများကြီးထွက်တဲ့ကျောင်းမှာ နိုင်ငံရေးသိပ္ပံကျောင်း တစ်ကျောင်းအနေနဲ့ ထိပ်ဆုံး ၁၀ ကျောင်းထဲစာရင်းဝင်တာကတော့ သာမန်မဟုတ်ဘူးလို့ဆိုရမယ်။




တင်ညွန့်
Thursday, January 12, 2012 | 1 comments | Labels:
ထို့အပြင်၊ သစ်တောပြုန်းတီးခြင်း၊ ပလပ်ထားခဲ့သော မြေများမှာ စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေများမှာ သီးနှံအထွက်ကို ဖြစ်ညှစ် ထုတ်ယူ ခြင်း၊ စားကျက် မြက်ခင်းများမှာ တိရစ္ဆာန်များ အလွန်အကျွံ မွေးခြင်းတို့ကြောင့် မြေဆီခန်းခြောက်မှုများ တိုး၍ ဖြစ်ပွားခဲ့သည်။
အငြင်းပွားစရာဖြစ်ခဲ့သော တိဘက် ရထားလမ်းကြောင့် မီးရထားလမ်း တလျှောက်ရှိ ယခင် ရေခဲ ခဲ့ရာ နေရာများ အရည်ပျော်သွား ကုန်ကြသည်။ ဤသို့ဖြင့် သဘာဝပတ်ဝန်းကျင်ကိုရော၊ မီးရထားလမ်း၏ တည်ငြိမ်မှုကိုပါ အန္တရာယ်ဖြစ်စေပါသည်။ အတွင်းမွန်ဂိုလီးယား နယ်မြေ၌ ဂိုဘီသဲကန္တာရသည် တချိန်က တိရစ္ဆာန် မွေးမြူ၍ ရခဲ့သော စားကျက်မြေများမှာ ယိုယွင်းလာသည့် အဖြစ်သို့ ရောက်အောင် တိုးကျယ်လာနေလျက်ရှိသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကုန်းမြေ၏ ၂၈  % သည် သဲကန္တာရ အဖြစ်သို့ ရောက်ပြီး ဖြစ်နေပြီး၊ နောက်ထပ် ၁၈ % က လည်း သဲကန္တာရ အဖြစ်သို့ ပြောင်းလဲနေလျက် ရှိသည်။ တရုတ်ပြည်၏ စားကျက်မြက်ခင်းမြေများ အနက် ၉ဝ % သည် အတိုင်းအတာ အမျိုးမျိုးအလိုက် ဆုတ်ယုတ်ပျက်စီး နေလျက်ရှိကာ မြေသြဇာနှင့် လယ်ယာအထွက်ကို ယုတ်လျော့ စေပါသည်။ မြစ်ညာပိုင်း ဒေသများမှ တိုက်ချလာခဲ့သော အနည်အနှစ်များက နောက်ဆုံး၌ မြစ်အကြေပိုင်းနှင့် အင်း၊ အိုင်များမှာ အနည်ထိုင်လေသည်။
မြစ်ဝါမြစ်၏ ဆိုးဝါးလှသော အနံ့အသက်များကို မခံနိုင်သော နွားကျောင်းသားတစ်ဦး မြစ်ဝါမြစ်၏ ဆိုးဝါးလှသော အနံ့အသက်များကို မခံနိုင်သော နွားကျောင်းသားတစ်ဦး
ဟီနနHenan ပြည်နယ်၌ ဒေသနေလူများက မြစ်ဝါမြစ်ကို ရှောင်ဟီ (ပူလောင်နေသော မြစ်) ဟု ခေါ်ကြသည်။ သိပ်သည်းသော အနည်အနှစ်များကြောင့် လေရှုရန် အငန်းမရ ဖြစ်နေသော ငါးများ ပွက်နေကြခြင်းကို အကြောင်းပြု၍ ဤသို့ ခေါ်ကြခြင်းဖြစ်သည်။ အနည်အနှစ်များကြောင့် မြစ်ကြမ်းပြင် မြင့်တက်ခြင်းနှင့် အင်းအိုင်များထဲရှိ ရေပမာဏ လျော့နည်းသွားခြင်းများ ဖြစ်ပွားသည်။ သဲမုန်တိုင်း များလည်း ပို၍ ကြီးလာပြီး၊ ဖြစ်ပွားမှု ပိုများလာသည်။ (၂ဝဝ၂) ခုနှစ်၊ နွေဦးပေါက် ရာသီ၌ ဘေဂျင်းမြို့တွင် ဤကဲ့သို့သော သဲမုန်တိုင်းတခု ကြောက်မက်ဖွယ်ရာ တိုက်ခတ် သွားခဲ့သည်။ (၂ဝဝ၄) ခုနှစ်ကလည်း ဤမုန်တိုင်းမျိုး နောက်ထပ်တခု တိုက်ခတ်ခဲ့ပြန်ကာ၊ နံနက်ခင်း ကောင်းကင်သည် ပြာရာမှ နီသွားခဲ့သည်။ မွန်းလွဲချိန်ရောက်တော့ မည်းသွားပြန်ခဲ့သည်။ အဝေးမြင်နိုင်စွမ်းသည် (၁ဝ) မီတာ အကွာအဝေး လောက်အထိသာ ရှိတော့သည်။ တိုင်းပြည်၏ အခြားနေရာများတွင် ဆောင်ရွက်နေကြသော မြေငလျင် ကယ်ဆယ်ရေး လုပ်ငန်းများမှာ နှောင့်နှေး ကြန့်ကြာ ခဲ့ရချေသည်။
မြစ်ကြမ်းပြင် မြင့်တက်လာသော အခါ၌ ရေကြီးမှုများ ပို၍ အဖြစ်များလာသည်။ မြစ်ဝါမြစ်၏ အခြေအနေသည် တရုတ်ပြည်၏ ကြေကွဲစရာအဖြစ် ဆက်လက် ဖြစ်ပွားနေဆဲပင် ရှိသည်။ သမိုင်းတလျှောက်မှာ ရာစုနှစ်များ နှစ် အချို့ကြာ၊ ကြာပြီးမှသာ ဖြစ်ပွားလေ့ရှိသော မြစ်ဝါမြစ်၏ မြစ်ကြောင်း ပြောင်းလဲမှုသည် မကြာသေးမီ ရာစုနှစ်များမှာ ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။ (၁၉၉ဝ) ခု လွန်နှောင်းပိုင်းနှစ်များ အရောက်တွင် မြစ်ဝါမြစ်ရေသည် ခန်းစပြုလာခဲ့သည်။ စက်ရုံအလုပ်ရုံသုံးနှင့် လူသုံးအတွက် မြစ်ရေကို (၂) ဆင့် ထား၍ စုပ်တင်ရသည်။ ဆိုးရွားနေသော အခြေအနေမှ နေ၍ ပိုကောင်းလာအောင် ကြိုးပမ်းအားထုတ်မှုများ လုပ်ခဲ့သော်လည်း ပို၍ ဆိုးလာမြဲဆိုးလာ နေလျက်ပင် ရှိသည်။
(၁၉၉ဝ) ခု လွန်နှစ်များ အတွင်းက မြစ်ဝါမြစ်ရေ၏ ၄ဝ % ကို သောက်သုံး၍ ရခဲ့သော်လည်း (၂ဝဝ၇) ခုနှစ် အရောက်တွင် မူ (၃) ပုံ(၁) ပုံသာ သောက်သုံး၍ ရတော့သည်။ ရေကြီးလာလျှင် ပြေး၍ မလွတ်နိုင်သလို၊ မြစ်ရေကလည်း ခမ်းခြောက် လာတော့မည် သဘောရှိ နေသည်။ နေရာဒေသ အချို့မှာ ရေကြီးမှုများ ပို၍ အဖြစ်များ လာသလို၊ အခြား နေရာဒေသများမှာ သဲကန္တာရအဖြစ်သို့ ပြောင်းလဲ မှု များ ပို၍ အဖြစ်များလာနေလျက်ရှိသည်။
အထိမ်းအကွပ်မဲ့စွာ သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးနေသည်ကို ပို၍ပို၍ သတိပြုမိလာသည့် သဘောဖြင့် နိုင်ငံတော် ကောင်စီ က  (၁၉၈၄) ခုနှစ်တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးရုံးကို အေဂျင်စီအဆင့်သို့ တိုးမြှင့် လိုက်ပြီး၊ ထိုမှတဖန် (၁၉၈၈) ခုနှစ်တွင် နိုင်ငံတော် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ  (SEPA) အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထို့အပြင် (၁၉၈၈) ခုနှစ်မှာပင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံမှတ်ချက်များကို နယ်ပယ် (၅) ခုတွင် စတင် ကျင့်သုံးခဲ့သည်။ ၄င်းနယ်ပယ် (၅) ခုမှာ လေညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ ထုထည်ရှိသော အညစ်အကြေးများ ပြန်လည် သန့်စင် အသုံးပြုမှုနှင့် စွန့်ပစ်မှု၊ မြို့ပြ စိမ်းလန်းစို ပြည်ရေး ဆောင်ရွက်မှုတို့ ဖြစ်သည်။ ဤစံသတ်မှတ်ချက်များကို မြို့ကြီးပေါင်း (၃၂) မြို့မှာ ကျင့်သုံးခဲ့သည်။ ထိုမြို့ကြီးများရှိ အာဏာပိုင်များ၏ တနှစ်တာ လုပ်ငန်း ဆောင်ရွက်မှုကို အကဲဖြတ်ရာ၌ အဆိုပါ နယ်ပယ် (၅) ခု အတွင်း ဆောင်ရွက်မှု များကို ထည့်သွင်း စဉ်းစားမည်ဖြစ်ကြောင်း သတိပေးထားသည်။ တကယ့် လက်တွေ့၌မူ လုပ်ငန်း ဆောင်ရွက် မှု ရလဒ်များကို လိမ်ညာဖေါ်ပြ၍ လွယ်ကြောင်း တွေ့ရှိရသည်။ (၂ဝဝ၆) ခုနှစ် အကုန်မှာ ထုတ်ပြန်ခဲ့သော (SEPA) ၏ အစီရင်ခံစာ၌ ဖေါ်ပြထားသည်မှာ ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ၂ % လျှော့ချခဲ့သည်ဟု နယ်မြေဒေသဆိုင်ရာ အချက် အလက်များက ဖေါ်ပြထားသော် လည်း၊ အမှန်တကယ်၌ ဓါတ်ငွေ့ထုတ်လွှတ်မှုသည် ၂ % တိုးခဲ့သည်ဟူ၍ ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ဗြူရိုအဖွဲ့၏ လုပ်ငန်းနယ်ပယ် တိုးချဲ့ရေး၊ ဝန်ကြီးဌာနများ၊ အဆင့်ဆင့်သော အစိုးရဌာနများ အတွင်းမှာ တာဝန် ခွဲဝေမှု ရှင်းရှင်လင်းလင်း ပြတ်ပြတ်သားသား ရှိရေးတို့အတွက် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့သည်။ (၂ဝဝ၂) ခုနှစ်တွင် ဘေဂျင်းသည် ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှု ထိန်းချုပ်ရေးဆိုင်ရာ တိုကျိုသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ရေထိန်းသိမ်းမှုအတွက် ရည်ရွယ်သော ပြည်တွင်းဥပဒေသစ် တရပ်ကို ပြဌာန်းခဲ့သည်။ ထို့အပြင် ညစ်ညမ်းမှု၊ စွမ်းအင်သုံးစွဲမှု၊ ပြန်လည်သန့်စင် အသုံးပြုမှုတို့နှင့် ဆိုင်သော စည်းမျဉ်း စည်းကမ်းသစ်များကိုလည်း ထုတ်ပြန်ခဲ့သည်။ ဤသို့လုပ်ခြင်းကြောင့် မည်မျှ ကောင်းလာမည်နည်း ဆိုသည်ကိုမူ စောင့်ကြည့် ရပေဦးမည်။ ဗဟို အစိုးရ၏ စည်းမျဉ်းစည်းကမ်းများ အာဏာတည်အောင် တာဝန်ယူ ဆောင်ရွက်ပေးရသော နယ်မြေဒေသ ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ဗြူရိုအဖွဲ့များသည် ဝန်ထမ်း မလုံမလောက် ဖြစ်နေသည့် အပြင်၊ မိမိတို့ စည်းကမ်းကွပ်ညှပ်ရမည့် စက်မှု လုပ်ငန်း များနှင့်လည်း မကင်းရာ၊ မကင်းကြောင်း အဆက်အဆံ ရှိနေတတ်ကြသည်။ နယ်မြေဒေသဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ဗြူရိုအဖွဲ့ များထက် အုပ်ချုပ်ရေး အာဏာ ပိုမြင့်သော အစိုးရပိုင် စက်ရုံအလုပ်ရုံများသည် သတိပေးချက် များကို အရေးမစိုက်ဘဲ နေသာကြသည်။ ညစ်ညမ်းမှုကို အဆိုးရွားဆုံး ဖြစ်ပွားစေသူများအနက် အများစုသည် အမှန် တကယ် လုပ်ငန်း အပိတ်ခံ ရစရာမရှိ (သို့မဟုတ်) ကြီးလေးစွာ အပြစ်ပေး ခံရစရာ မရှိသော နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ ဖြစ်သည်။ နယ်မြေအာဏာပိုင်များက ညစ်ညမ်းမှု ဖြစ်စေသော စက်မှုလုပ်ငန်း များကို အကာအကွယ် ပေးခြင်းများ ရှိတတ်သည်။ အကြောင်းမှာ ဤလုပ်ငန်းများက အခွန်တော် ဝင်ငွေကို ဖြည်တင်းပေးသည့်အပြင်၊ အလုပ် နေရာလည်း ပေးသောကြောင့်ဖြစ်သည်။
စက်ရုံအလုပ်ရုံ အတော်များများက ဒဏ်ရိုက် ခံရခြင်းအတွက် ကုန်ကျငွေကို ထုတ်လုပ်ရေး ကုန်ကျစားရိတ်ထဲ ထည့်သွင်း ကြသည်။ ညစ်ညမ်းမှု ထိန်းချုပ်ရေး စွမ်းအားကိုတော့မူ တိုးတက်အောင် မလုပ်ကြချေ။ အချို့ကမူ စည်းမျဉ်း စည်းကမ်း များကို အလွယ် လျစ်လျူရှု ထားလိုက်ကြသည်။ လိုက်နာရေးအတွက် ကုန်ကျစားရိတ် ကြီးလေး လွန်းလှသည်ဟု ဆင်ခြေ ပေးကြသည်။ ထို့အပြင် ဖမ်းမိခံရမည့် အန္တရာယ်ကလည်း နည်းလေသည်။ ရေတို အမြတ်အစွန်းနှင့် ရုပ်ဝတ္ထု အကျိုး ကျေးဇူးတို့မှာ စိတ်ဝင်စားမှုက သဘာဝ ပတ်ဝန်းကျင်အတွက် စိုးရိမ်ခြင်းထက် အပုံကြီး သာလွန်နေလေသည်။ တရုတ်ပြည်သည် စွမ်းအင် ထိရောက်စွာ သုံးစွဲရေး (၅) နှစ် စီမံကိန်း၏ ပထမနှစ် ဖြစ်သော (၂ဝဝ၆) ခုနှစ်၏ ရည်မှန်း သတ်မှတ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဟူ၍  အာဏာပိုင်များအတွင်းမှ ညည်းညူသံ ထွက်ပေါ်လာခဲ့သည်။ တရုတ်ပြည်၏ ကျွမ်းကျင်သူ ပညာရှင် အုပ်စုတစုက ပြုစုခဲ့သော တရုတ်ပြည် ခေတ်မှီတည် ဆောက်ရေး အစီရင်ခံစာ (၂ဝဝ၇) Chinese Modernization Report 2007 တွင် သဘာဝ ပတ်ဝန်းကျင် အရေး ကိစ္စ ဆောင်ရွက်ရာ၌ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံပေါင်း (၁၁၈) နိုင်ငံအနက် တရုတ်ပြည်ကို နံပါတ် (၁ဝဝ) အဖြစ် သတ်မှတ် ထားခဲ့သည်။
နိုင်ငံတော် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီ (SEPA) ကို ဝန်ကြီးဌာန အဆင့်သို့ တိုးမြှင့်ရေး တောင်းဆိုသံ များသည် (၂ဝဝ၇) ခုနှစ်တွင် ခါတိုင်းထက် ပို၍ ကျယ်ကျယ်လောင်လောင် ပေါ်ထွက် လာခဲ့ခြင်းသည် ဤပြဿနာများကို ပြတ်ပြတ် သားသား ဖြေရှင်းမည်ဟူသော စိတ်များ တိုးပွား လာနေလျက်ရှိကြောင်း ဖေါ်ပြ လိုက်ခြင်း ဖြစ်သည်။ ဝန်ကြီးဌာန အဆင့်သို့ မရောက် သေးဘဲနှင့်ပင်  SEPA သည် ပို၍ လှုပ်ရှားလာခဲ့သည်။ (၂ဝဝ၇) ခုနှစ် အစောပိုင်း၌ တိုင်းပြည်ရှိ ထိပ်တန်း လျှပ်စစ်ဓါတ်အား ပေးရေး ကုမ္ပဏီများနှင့် နယ်မြေဒေသဆိုင်ရာ အစိုးရများ၏ စီမံကိန်း အသစ်များသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံသတ်မှတ်ချက် များနှင့် မပြည့်မီသည့်အတွက် SEPA က အားလုံးကို အတည်ပြုချက် မပေးဘဲ ဆိုင်းငံ့ ထားခဲ့သည်။ ယခင်က ဤကုမ္ပဏီများနှင့် လုပ်ငန်းများ ကို မည်သူမျှ ထိဝံ့ခဲ့သည် မဟုတ်ချေ။     
စည်းမျဉ်း၊ စည်းကမ်းများကို အာဏာတည်အောင် ဆောင်ရွက် လိုက်သော အခါ၌ ကြေကွဲဖွယ် အကျိုးဆက်များ ဖြစ်ပွားလာခဲ့သည်။ စက်ရုံ တစ်ရုံဆီမှ ဆာလ်ဖါဒိုင်အောက်ဆိုက်များ ထုတ်လွှတ်သည်ကို နှစ်အတော်ကြာ ကန့်ကွက်ပြီး နောက်တွင် နယ်မြေသူ နယ်မြေ သား များက အနိုင်ရကာ၊ စက်ရုံ ပိတ်လိုက်ရသည်။
အလုပ်လက်မဲ့ ဖြစ်သွားရခြင်းနှင့် ပတ်သက်၍ ဒေါသဖြစ်ကာ၊ စက်ရုံအလုပ်သမားများက နယ်မြေသူ၊ နယ်မြေသားများကို အငြိုးထား၊ မဲကုန်ကြသည်။ လူ ၂ ဦး ရက်ရက်စက်စက် အသတ်ခံရပြီး၊ အတော်များများလည်း ဒဏ်ရာ အနာတရ ဖြစ်သွားခဲ့ကြသည်။ နောက်နယ်မြေ တစ်ခု၌မူ စက္ကူ စက်ရုံ တစ်ရုံကြောင့် မိမိတို့၏ ကောက်ပဲသီးနှံများ ပျက်စီးရပါသည်ဟု ကန့်ကွက်သော လယ်သမား များကို ပုလိပ်က ဖမ်းဆီးကာ တာဝန် ၀တ္တရား နှောက်ယှက်မှုဖြင့် အမှု ဖွင့်ခဲ့သည်။ စီချွန်းပြည်နယ်၌ ပုလိပ်တယောက် သေဆုံးခဲ့သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကန့်ကွက် ဆန္ဒပြမှု တစ်မှုမှာ ပါဝင်ခဲ့သူ တဦးသည် မိမိ၏ ရှေ့နေပင်လျှင် အသိပေးခြင်း မခံရသော တခါးပိတ် စီရင် စစ်ဆေးမှုအပြီးတွင် မိမိကိုယ်မိမိ သတ်သေ သွားခဲ့သည်။
အမိန့်အရ ပိတ်လိုက်သော စက်ရုံများက ရက်အနည်းငယ် အကြာမှာ ပြန်လည် ဖွင့်ကြရာ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အာဏာပိုင်များ မခံချိမခံသာ ဖြစ်ကြရလေသည်။ အံ့သြစရာ ကောင်းလှသည် ကား ယခုအချိန်အထိ တရုတ်ပြည်က နိုင်ငံခြားမှ စွန့်ပစ် ပစ္စည်းများကို အမြောက်အမြား တင်သွင်း နေခြင်းပင် ဖြစ်သည်။  တန်နှင့် ချီသော အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ (စွန့်ပစ် ကွန်ပြူတာများ၊ တယ်လီဗေးရှင်း များနှင့် လက်ကိုင်ဖုန်းများ) ကို တင်သွင်းကာ ပြန်လည်ပြုပြင်၊ အသုံးပြု နေလျက်ရှိသည်။ ဤသို့ဖြင့် ပြည်တွင်းမှ ထုတ်လုပ်ထားသော အဆိပ်ပုံကြီးမှာ နောက်ထက်အဆိပ်များ ထပ်လောင်းပေး လိုက်လေသည်။
စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကွယ်က သဘာဝပတ်ဝန်းကျင် ဝေဒနာများတရုတ်ပြည်သည် ကမ္ဘာ၏ ဧရာမ မြေနေရာ အကျယ်အ၀န်းကြီးကို နေရာယူထားပြီး၊ လူဦးရေကလည်း ဤမျှ များပြား လှသည်ဖြစ်ရာ ၄င်း၏ သဘာဝ ပတ်ဝန်းကျင် အခြေအနေသည် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် တည်ငြိမ် ရေးအတွက် အရေးကြီးနေလေသည်။ တရုတ်ပြည်သည် အမေရိကန် ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ဒုတိယ အများဆုံး ထုတ်လွှတ်သော တိုင်းပြည်ဖြစ်သည်။ ရုရှား၊ ဂျပန်၊ ဂျာမဏီတို့၏ ရှေ့က ပြေးနေသည်။ တရုတ်ပြည်သည် စီးပွားရေး တိုးချဲ့မှုအတွက် လောင်စာကို တိုး၍ တိုး၍ လိုအပ်နေလျက် ရှိခြင်း၊ လောင်စာ သုံးစွဲရာ၌ ဖွံ့ ဖြိုးပြီး တိုင်းပြည်များနှင့် စာလျှင် ထိရောက်မှု အလွန်နည်းခြင်းတို့ကြောင့်၊ အကယ်၍ သည်အတိုင်း လွှတ်ထားလျှင် (၂၀၅၀) ခုနှစ် အရောက်တွင် ၄င်း၏ ဓါတ်ငွေ့  ထုတ်လွှတ်မှု ပမာဏသည် အမေရိကန် ပြည်ထောင်စု ထုတ်လွှတ်မှု ပမာဏ၏ (၂) ဆ ဖြစ်သွားပေလိမ့်မည်။
စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကွယ်က သဘာဝပတ်ဝန်းကျင် ဝေဒနာများ ဤအတိုင်းသာ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးသော တိုင်းပြည် မျိုး ဆက်ဖြစ်နေမည် ဆိုပါက ကမ္ဘာဂြိုဟ်၏ ကျန်သော အစိတ်အပိုင်းများအပေါ် ၄င်း၏ အကျိုးသက်ရောက်မှုများသည် ပို၍ ဆိုးရွား လာနိုင်ပါသည်။ ဤအကြောင်းကြောင့်ပင် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှု ခေါင်းဆောင်များက တရုတ်ပြည်အား နိုင်ငံစုံ သဘာဝ ပတ်ဝန်းကျင် သဘောတူ စာချုပ်များတွင် လက်မှတ် ရေးထိုးအောင် ကြိုးစား ဆွဲဆောင်ခဲ့ ကြသည်။ တရုတ်ခေါင်းဆောင်များက စာနာမှု ရှိကြသော်လည်း ဤသဘောတူ စာချုပ်များမှာ ပါရှိသော ဥပဒေများ အာဏာ တည်အောင် ဆောင်ရွက်ရေးအတွက် ငွေကြေး မတတ်နိုင်ပါဟု ဆိုကြသည်။

သို့ရာတွင် လျှိုမြောင် ၃ သွယ်ဆည်နှင့်၊ တောင်ပိုင်းမှ မြောက်ပိုင်းသို့ ရေသွယ်ပို့ရေး စီမံကိန်း လုပ်ငန်း ကဲ့သို့သော ငွေကုန် ကြေးကျ လည်း အကြီးအကျယ်များပြီး၊ သဘာဝ ပတ်ဝန်းကျင် မှာလည်း ထိခိုက်ဖွယ်ရှိသော စီမံကိန်းများ ချမှတ်၊ အကောင်အထည် ဖေါ်သည် ကို ကြည့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ကိစ္စသည် တရုတ် အစိုးရ၏ လုပ်ငန်းအစီအစဉ်မှာ အရေးပါ သော ကိစ္စ မဟုတ်ကြောင်း ရှင်းနေပါသည်ဟု အချို့ ပုဂ္ဂိုလ်များက ထောက်ပြကြသည်။ သဘာဝပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေးအတွက် အနိမ့်ဆုံး လိုအပ်သော ငွေကြေး ပမာဏသည် အမျိုးသား ထုတ်ကုန် စုစုပေါင်း တန်ဖိုး၏ ၂% ရှိသည့်အနက် တရုတ်ပြည်သည် လောလော ဆယ်၌ ၀ .၇ % ကိုသာ သုံးစွဲလေသည်။
နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက လိုအက်စ်ကုန်းမြင့် ပြန်လည် ကောင်းမွန်လာရေး စီမံကိန်းကဲ့သို့သော စီမံကိန်းများအတွက် ငွေကြေးထုတ်ချေးထားခဲ့ပြီးဖြစ်သည်။ နှစ်နိုင်ငံ ဆိုင်ရာနှင့် နိုင်ငံစုံဆိုင်ရာ အစီအစဉ်များက စွမ်းအင်ကို ပို၍ ထိထိရောက်ရောက် သုံးစွဲမည့် “သင့်မြတ်လျော်ကန်သော အဆောက်အဦးများ”ပုံစံရေးဆွဲရေး ကဲ့သို့ သော အထူးကိစ္စများကို အလေးထားလေသည်။ သို့ဖြစ်သည့်တိုင် တရုတ်ပြည်၏ သဘာဝပတ်ဝန်းကျင် တည်ငြိမ်သွားရေးအတွက် လို အပ်သည့်ငွေကြေးပမာဏသည် ပြည်တွင်း အင်အား ဖြင့်ဖြစ်စေ၊ နိုင်ငံတကာ အင်အားဖြင့်ဖြစ်စေ၊ လိုက်မှီရန် အပုံကြီး ဝေးပါသေးသည်။ လိုအပ်သော ငွေကြေးကို ရနိုင်သည် ဆိုဦးတော့၊ ဤ ငွေကြေးကို မည်မျှမှန်မှန်ကန်ကန် သုံးပါမည်နည်းဟု မေးစရာများ ရှိနေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ အကျင့်ပျက်ချစားမှုမျးက သည်းသန်လှပါ၏။ သာဓကအားဖြင့် ဖေါ် ပြရမည်ဆိုပါလျှင်၊ ကွန်ကရစ်ဖြင့် တည်ဆောက်ထားခဲ့သော “ပဲပြား (beancuard)”တာတမံများသည် အပိုင်းပိုင်း ကျိုးပြတ် နေကာ၊ ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေစေလျက်ရှိသည်။ ထို့ ပြင်၊ ဗဟိုအာဏာပိုင်များနှင့် ပြည်နယ်အာဏာပိုင်များ အကြားတွင် ညှိနှိုင်း ဆောင်ရွက်မှု ညံ့ဖျင်းခြင်းကြောင့် ရေထိန်းချုပ်ရေးမှာ ပို၍ ခက်ခဲလာခဲ့သည်။ ညှိနှိုင်းဆောင်ရွက်မှု ကင်းမဲ့ ခြင်းကြောင့် အခြေအနေ ပိုဆိုးလာခဲ့ကာ၊ သိုလှောင်ထားသော  ရေ အလုံးအရင်းမှ နေ၍ ရေကြီးမှုများ ဖြစ်ပွားလာခဲ့သည်။ စီးပွားရေးလုပ်ငန်း အတော်များများမှ မန်နေဂျာများသည် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ များအား “ပြောက်ကျားစစ်” ဆင်ကြကာ၊ မိမိတို့ လုပ်ထား ခဲ့သမျှကို ရှင်းမပစ်ကြဘဲ၊ ဖုံးဖိ ထားခဲ့ကြသည်ဟုလည်း အာဏာပိုင်များက ဆိုကြသည်။
လူထုထဲမှာ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော အသိအမြင်များ ပိုရှိလာခဲ့သည်မှာ အစိုးရ၏ ထုတ်ပြန်အသိပေးမှု ကြောင့်လည်း ဖြစ်နိုင်ပါသည်။ တီယန်ဂျင်နှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ ကြီး အတော်များများ၌ ညစ်ညမ်းမှု အမျိုးအစားအချို့  ကို ထိန်းချုပ် ရာ၌ အောင်မြင်မှုများ ရနေကြောင်း သတင်းများ ပေါ်ထွက်လာခဲ့သည်။ သန့်ရှင်းသော ပတ်ဝန်းကျင်သည် နိုင်ငံ ခြားရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်ရေး အစီအစဉ်တွင် အရေးကြီးကြောင်းကို အထူးသဖြင့် ရှန်ဟိုင်း အာဏာပိုင်းများ သိထားကြသည်ဖြစ်ရာ၊ သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်  တရပ် ဖန်တီးရေးအတွက် အားတက်သရော ကြိုးပမ်းကြသည်။ အခြားမြို့ ကြီးများ ကလည်း အတိုင်းအတာ အမျိုးမျိုးဖြင့် ကြိုးပမ်းကြသည်။ အခြားမြို့ ကြီးအများစုသည် ရှန်ဟိုင်းနှင့် စာလျှင် ကြွယ်ဝမှုအလွန် နည်းသည်ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင်အတွက် ဆောင်ရွက်ရာ၌ ရှန်ဟိုင်းလောက် အရင်းအမြစ်များများ မတတ်နိုင်ကြချေ။ သဘာဝ ပတ်ဝန်းကျင် ပြဿနာမှ
 နေ၍ (ဖြစ်ပေါ်လာဖွယ်ရာ ရှိသော) ဒီမိုကရေစီရေး တိုက်ပွဲအတွက် တွန်းအားများ ဖြစ်ပေါ်လာမည်ကို တရုတ်ခေါင်းဆောင်များက စိုးရိမ်နေကြသည့် ကြားထဲကပင် တရုတ်ပြည်မှာ “အစိမ်းရောင် ” လှုပ်ရှားမှုများ ကြီးထွား လာနေလျက် ရှိသည်။
အမျိုးသမီးတဦးသည် ဒီဗွီဒီ အခွေအတုထဲမှ Erin Brockovich အမည်ရှိ ရုပ်ရှင်ကားကို ကြည့်မိရာမှ နေ၍ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ တဦးဖြစ်လာခဲ့သည်။ ထိုရုပ်ရှင်ကားသည် အမေရိကန်ပြည်၏ နာမည်ကြီး ကော်ပိုရေးရှင်းကြီးတခုမှာ ၀င်ရောက် အလုပ် လုပ်ပြီးနောက် အောင်မြင်မှု ရသွားခဲ့သော အမေရိကန် အမျိုးသမီးတဦး၏ အကြောင်းဖြစ်သည်။ ဆည်များ နှင့်ပတ်သက်သော စိုးရိမ်မကင်းစိတ်များက သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားမှုများကို ကြီးထွားစေပါသည်။ မဖြစ်မနေ နေရာရွှေ့ ပြောင်း ပေးရသော သူများအတွက် ကတိပေးထားသော နေအိမ်သစ်များနှင့် အခြား လျော်ကြေးများ မရရှိတတ်သော အဖြစ်များကို သိထားကြသဖြင့် လှုပ်ရှားသူများသည် ပို၍ တက်ကြွလာခဲ့ကြသည်။
နိဂုံးချုပ်
ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းလာခြင်းနှင့် ကာလ တာရှည်စွာ ငြိမ်းချမ်းနေခြင်းတို့ ကြောင့် တရုတ်ပြည်၏ မူလကတည်းက များပြားလှသော လူဦိးရေသည် သိသိသာသာကြီး တိုးလာခဲ့သည်။ မိသားစု စီမံကိန်းလိုအပ်ကြောင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်ချက်များသည် အောင်မြင်မှုများ သိသိသာသာ ရရှိခဲ့သည် မှန်သော်လည်း လူဦးရေ ပမာဏကို တည်ငြိမ်အောင် မလုပ်နိုင်သေးချေ၊ ဤအချက်က စီးပွားရေးကြီးထွားမှုအပေါ် သက်ရောက်နေလျှက်ရှိသည်။ တချိန်တည်းမှာပင် ပို၍ပို၍ ဦးရေ များပြား လာနေလျက်ရှိသောလူ များ၏ လူနေမှု အဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် လက်ရှိ သယံဇာတများကို တိုး၍တိုး၍ ထုတ်ယူနေရကာ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများသည် လည်း စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့သည်။  ဤအချက်များကြောင့်လည်း စီးပွားရေးကြီးထွားမှုမှာ၎င်း၊ အများပြည်သူတို့၏ အထွေထွေ ကျန်းမာရေးမှာ၎င်း ထိခိုက်ခံနေရလျက်ရှိသည်။
ကျန်းမာရေး၊ လူနေမှု အခြေအနေ၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး ကြီးထွားမှုတို့သည် တခုနှင့် တခု ပွေလီစွာ ယှက်လိမ် နေကြ ကြောင်းကို ပါတီနှင့် အစိုးရခေါင်းဆောင်များ သိကြပါသည်။ ဤအရာကိစ္စများကို တခုနှင့်တခု ညှိနှိုင်းချိန်ဆရသော အလုပ်သည် လွယ်ကူလှသော အလုပ်မဟုတ်သည့် အပြင် လူထု အမြင်အရ ဆိုလျှင် ပေါက်ကွဲမှုများ ဖြစ်လာစရာ ရှိပါသည်။ လုပ်ငန်းတာဝန်က ကြီးလေးလှသည့်အပြင်၊ လက် အောက်ခံအဖွဲ့ အစည်းများနှင့် အများပြည်သူတို့  အတိအကျလိုက်နာအောင် စွမ်းဆောင်အားကလည်း ဗဟိုအစိုးရမှာ ဆုတ်ယုတ်ကျဆင်း နေလျက်ရှိသည်ဖြစ်ရာ၊ ဤဘ၀အရည်အသွေး ဆိုင်ရာ ပြဿနာများကို အလွယ်တကူ သို့တည်းမဟုတ် မကြာမီမှာ ဖြေရှင်းနိုင်မှ ဖြေရှင်းနိုင်ပါ့မလားဟု သို့လော၊ သို့ လော တွေးစရာဖြစ်နေပါသည်။       ။
 
(ပြီးပါပြီ။)
Sunday, October 30, 2011 | 0 comments |