twitter

Showing posts with label home. Show all posts
Showing posts with label home. Show all posts


ဘုရားဂုဏ်တော် (၉) ပါး
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရောပုရိသ ဓမ္မသာရထိ
၇။ သတ္ထာဒေ၀မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ

အရဟံလူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။                  အရ-ဟံတစ်ထောင့်ငါးရာ ကိလေသာအညစ်ကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။      အ-ရဟံ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူတတ်သော မြတ်စွာဘုရား။                 သမ္မာသမ္ဗုဒ္ဓေါသစ္စာလေးပါး မြတ်တရားကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့် သိမြင်တော် မူသော မြတ်စွာဘုရား။  
ဝိဇ္ဇာစရဏသမ္ပန္နေ  ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား။
သုဂတောကောင်းသောစကားကိုသာ ဆိုတော်မူတတ်သော မြတ်စွားဘုရား။   
လောက၀ိဒူသတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
အနုတ္တရောပုရိသ ဒမ္မသာရထိ  ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။  
သတ္ထာဒေ၀မနုဿာနံ  ဗြဟ္မာ၊ နတ်၊ လူ သုံးဖော်သူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။               ဗုဒ္ဓေါသစ္စာလေးရပ် တရားမြတ်ကို ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။ ဘဂ၀ါဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တ ဟုဆိုအပ်သော ဘုန်းခြောက်ပါးနှင့် ပြည့်စုံတော်မူသော  မြတ်စွာဘုရား။

ဘုန်း(၆)ပါး
(က)   ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော် ၊
(ခ)    မဂ်-ဖိုလ် နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတည်းဟူသော ဓမ္မ ဘုန်းတော် ၊
(ဂ)    ဟုတ်တိုင်းမှန်စွာ သုံးဖြာသောလောကတွင် ပျံနှံ့ကျော်စောရခြင်း တည်းဟူသော ယသ ဘုန်းတော်၊
(ဃ)   အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပါယ်တော်မူလှခြင်း တည်းဟူသော သိရီ  ဘုန်းတော်၊
(င)    အလိုရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမ ဘုန်းတော် ၊
(စ)    အရဟတ္တမဂ်ဥာဏ် ၊ သဗ္ဗညုတဥာဏ်တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင်ကြီးမားသော ဝီရိယတော် တည်းဟူသော  ပယတ္တ ဘုန်းတော် ၊
လောကသုံးပါး
ကျမ်းဂန်လာ စာစကားအားဖြင့်
သက်ရှိ ရုပ်နာမ်ခန္ဓာ အစဉ်သည် သတ္တလောက။
သက်မဲ့ ရုပ်ဝတ္ထုများသည် သြကာသလောက။
သက်ရှိ သက်မဲ့နှစ်မျိုး၌ တည်ရှိသော ရုပ်နာမ်သဘောတရားများသည် သင်္ခါရလောက။

အရပ်စကားအားဖြင့်
လူနတ်တိရစ္ဆာန်စသော သက်ရှိသတ္တ၀ါအပေါင်းသည် သတ္တလောက။
ထိုသတ္တ၀ါတို့၏ တည်ရာဘုံဌာနများနှင့်တကွ သစ်ပင်၊ တော၊ တောင်၊ သမုဒ္ဒရာ စသည့် သက်မဲ့အရာ ၀တ္ထုများသည် သြကာသလောက။
ထိုသက်ရှိ သက်မဲ့ နှစ်မျိုးလုံး၌ ဖြစ်ပျက်နေသော သဘောတရားများသည် သင်္ခါရလောက။
ဝိဇ္ဇာ (၃)ပါး

ဝိဇ္ဇာ (၃)ပါး ဆိုတာ ပု-ဒိ- အာ ဆိုပြီး အလွယ်မှတ်နိုင်ပါတယ်၊
ပု- ဆိုတာက ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။
ပုဗ္ဗေနိဝါသ၊ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို။ အနုဿတိ၊ ပြန်လည်မြင်ယောင် မှတ်မိနိုင်သော။ အဘိဥာဏ၊ တန်ခိုး အဘိဥာဉ်။
ပုဗ္ဗေနိဝါသာနုဿတိဥာဏ်    ရှေးအတိတ်ဘ၀က ဘယ်လိုဘ၀တွေမှာ ဖြစ်ခဲ့တယ်၊ ဘယ်လိုနေရာ ဘုံဌာန တွေမှာ ခံစား စံစားခဲ့ရတယ် စသည်ဖြင့် အသေးစိတ် သိမြင်နိုင်သော တန်ခိုးအဘိဥာဉ်။

ဒိ- ဆိုတာက ဒိဗ္ဗစက္ခုဥာဏ်။
ဒိဗ္ဗစက္ခု၊ နတ်မျက်စိကဲ့သို့ မြင်နိုင်စွမ်းသော။ အဘိဥာဏ၊ အဘိဥာဉ်။
ဒိဗ္ဗစက္ခုဥာဏ်  ဘယ်လောက်ပင် တောတွေ၊ တောင်တွေ၊ နံရံတွေ ကာရံထားသည်ဖြစ်စေ နတ်မျက်စိကဲ့သို့  ထုတ်ချင်းပေါက် မြင်နိုင်စွမ်းသော တန်ခိုးအဘိဥာဉ်။

အာ -ဆိုတာကတော့ အာသ၀က္ခယဥာဏ်။
အာသ၀-ကိလေသာများ၊ ခယ-ကုန်ခမ်းသွားခြင်း
အာသ၀က္ခယဥာဏ်    ကိလေသာကုန်ခန်းကာ အရိယာဖြစ်သွားသူများမှာ ရရှိတတ်တဲ့ အာသ၀က္ခယအဘိဥာဉ်။

ဝိဇ္ဇာ ဆိုတာ ဥာဏ်အလင်းရခြင်း လို့ အဓိပ္ပါယ်ရပါတယ်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ မရောက်ခင် ညဥ့်ဦးယံအချိန်အခါမှာ ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်တော်ကို ရတော်မူပြီး၊ ညသန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်၊ မနက်လင်းအားကြီးအချိန်၊ အာရုံတက်ခါနီးမှာ အာသ၀က္ခယဥာဏ်တော်ကို ရတော်မူပြီး ဘုရားစင်စစ် ဧကန်ဖြစ်တော်မူပါတယ်၊

ဝိဇ္ဇာ ( ၈ ) ပါး

ဆောင်ပုဒ်။  ။ သုံးပါး ၀ိဇ္ဇာ၊ ပု-ဒိ-အာနှင့်၊ ၀ိဇ္ဇာရှစ်ရပ်၊ ၀ိပဿ်၊ စေတော၊ မနောမယိဒ်၊ ဒိနှင့် ဣဒ် ၊ ထည့်သိပ်                                          ရေတွက်လေ။
ဆိုလိုတာက အထက်ပါ သုံးပါးထဲကို နောက်ထပ် (၅)မျိုး ထပ်ပေါင်းလိုက်ခြင်းပဲ။

၁။  ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်
၂။ ဒိဗ္ဗစက္ခု အဘိညာဉ်
၃။ အာသ၀က္ခယ အဘိညာဉ် 
၎။ ၀ိပဿနာအဘိညာဉ် 
၅။ စေတောပရိယ အဘိညာဉ် 
၆။ မနောမယိဒ္ဓိ အဘိညာဉ်
၇။ ဒိဗ္ဗသောတ အဘိညာဉ် 
၈။ ဣဒ္ဓိ၀ိဓ အဘိညာဉ် 

၁။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဆိုတာက အတိတ်က ခန္ဓာအစဉ်ကို သိခြင်းပါပဲ။
၂။ ဒိဗ္ဗစက္ခု အဘိဥာဉ် ဆိုတာကတော့ နတ်မျက်စိကဲ့သို့ သိမြင်နိုင်ခြင်းပါ။
၃။ အာသ၀က္ခယ အဘိဥာဉ် ဆိုတာကတော့ အာသဝေါ ကုန်ခမ်းခြင်းပါ။
၎။  ၀ိပဿနာဥာဏ်ဆိုတာ တေဘူမက သင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တစသည့်ဖြင့် ရူတဲ့ဥာဏ်ကို ခေါ်ပါတယ်။
၅။ စေတောပရိယအဘိဥာဉ် ဆိုတာ သူတစ်ပါးရဲ့  စိတ်အကြံအစည်တွေကို သိနိုင်တာ။
၆။ မနောမယိဒ္ဓိ ဆိုတာ ကတော့ ခန္ဓာကိုယ် တစ်ခုပြီး တစ်ခု ဖန်ဆင်းခြင်း၊ အလိုရှိသလောက်ကြီးမားတဲ့ ခန္ဓာကိုယ်၊ သေးငယ်တဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်ခြင်းကို ဆိုလိုပါတယ်။
၇။ ဒိဗ္ဗသောတ အဘိဥာဉ် ဆိုတာ နတ်တို့ရဲ့  နားပမာ ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ  ကြားနိုင်ခြင်းပါ။
၈။  ဣဒ္ဓိ၀ိဓ အဘိဥာဉ် ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်ခြင်းပါ။

ဒီအထိက ၀ိဇ္ဇာ သုံးပါး၊ ၀ိဇ္ဇာရှစ်ပါး အကျယ် ဖြစ်ပါတယ်။

နောက်ထပ် စရဏ (၁၅)ပါး ဆိုတာကတော့ --

အကျဉ်းချုပ် မှတ်လိုရင်-
ဘော- ဇာ - သီ- ဣံ- ဈာန်လေးကြိမ်နှင့်၊  သူတော်ဥစ္စာ၊ ခုနှစ်ဖြာ၊ မှတ်ပါ စရဏ။
ဆိုပြီး ဆောင်ပုဒ်လေးနဲ့ ကပ်မှတ်နိုင်ပါတယ်။

သီ ဣံ ဘော ဇာ၊  သဒ္ဓမ္မာ၊ သတ္တရူပ၊  ဈာန်စတုက္က-  လို့လဲ ဆောင်ပုဒ် ရှိပါသေးတယ်။

အဓိပ္ပါယ်များကတော့ -
၁။       ဘော-ဆိုတာ ဘောဇန မတ္တညူ။
မဂ်ပေါက်ဖိုလ်ပေါက် အရိယာစခန်းကို တက်လှမ်းလိုတဲ့ ယောဂီသူတော်ကောင်းများဟာ အစာစားရာမှာ အတိုင်းအတာ ပမာဏကို သိရပါမယ်၊ ဒီအစားအစာက ကိုယ်နဲ့သင့်တော်ရဲ့လား၊ မသင့်တော်ဘူးလား၊ အများကြီးစားရင် ဗိုက်လေးပြီး ထိန မိဒ္ဓဖြစ်လာမယ်၊ အတက်စာတွေစားလိုက်ရင် ခေါင်းကိုက်နေပြီး ၀ိပဿနာ တရားမရူမှတ်နိုင်ပဲ ဖြစ်တတ်တာမို့ အစာစားရာမှာ ကိုယ့်ကိုယ်ကို အတိုင်းအတာ ပမာဏသိရပါမယ်။

၂။       ဇာ- ဆိုတာ ဇာဂရိယ အနုယုတ္တ။
ကမ္မဋ္ဌာန်းအားထုတ်နေချိန်မှာ အမြဲတမ်း နိုးနိုးကြားကြား သတိရှေ့ဆောင်နေရပါမယ်၊ လျော့တိလျော့ရဲ၊ ပျင်းရိစွာ မနေရပါဘူး၊ ၀တ်ကျေတန်းကျေ အားထုတ်နေတာမျိုး မဖြစ်ရပါဘူး လို့ ဆိုလိုပါတယ်။


 ၃။       သီ- ဆိုတာက သီလသံဝရ။
လူဖြစ်လျင် ငါးပါးသီလ၊ ရှစ်းပါးသီလ စတာတွေကို လုံခြုံအောင် ထိန်းသိမ်းရပါမယ်၊ ရဟန်းတော်များမှာလဲ သိက္ခာပုဒ်အသေးလေးတွေကအစ အာပတ်အကြီးစား ပါရာဇိကအာပတ်များအထိ စောင့်ထိန်းရပါမယ်၊ အဲလို စောင့်ထိန်းပြီးမှသာ တရားအားထုတ်သင့်ပါတယ်၊ ဘုရားသာသနာတော်မှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို အစဉ်အလိုက်ဖြည့်ကျင့်သင့်ပါတယ်၊ အစဉ်လိုက် ဖြည့်ကျင့်မှလဲ ထိရောက်သော အကျိုးရလဒ်ကို ရရှိစေမှာပါ။ ကိုယ်ကျင့်သီလ လုံပါမှ သမာဓိအားကောင်းထက်သန်လာပြီး ပညာဥာဏ်ရင့်သန်ကာ မဂ်ဖိုလ်စခန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်၊ အခြေခံ ကိုယ်ကျင့်သီလတောင်မှ မလုံခြုံပါဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို မမျှော်မှန်းနိင်ပါဘူး။

၎။       ဣံ- ဆိုတာ ဣန္ဒြိယေသု ဂုတ္တဒွါရ၊
မျက်စိအာရုံ၊ နားအာရုံ၊ နားခေါင်းအာရုံ၊ လျာအာရုံ၊ ကိုယ်ခန္ဓာအထိအတွေ့အာရုံ၊ စိတ်အာရုံဆိုတဲ့ အာရုံ(၆) ပါးကို ဣနြေ္ဒကြီးကြီး ၊ သတိကြီးကြီးထားပြီး စောင့်ထိန်းရပါမယ် တဲ့၊ စိတ်အလိုမလိုက်ရဘူး လို့ ဆိုလိုပါတယ်။
မျက်စိက မြင်ချင်တာမြင်၊ ကြည့်ချင်တာ ကြည့်ပြီး တဏှာရာဂစိတ်၊ အကုသိုလ်စိတ်ဖြစ်နေတာမျိုး၊ အကြားအာရုံ၊ အနံ့ အာရုံ၊  အရသာကောင်းကောင်းနဲ့ ဆုံလို့ လောဘရမ္မက် တက်မက်စိတ်ဖြစ်နေတာမျိုး၊ အထူးသဖြင့် ကိုယ့်စိတ်ကိုလဲ အလိုလိုက်ပြီး   ဖြစ်ချင်တာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထားတာမျိုးမဖြစ်စေပဲထိန်းချုပ်ခြင်းကို ဣန္ဒြိယေသု ဂုတ္တဒွါရ- ဣနြေ္ဒတွေ ကို စောင့်ထိန်းတယ် လို့ ခေါ်ပါတယ်။

ဈာန်လေးကြိမ်ဆိုတာ
၅။ ပထမဈာန်၊
၆။ ဒုတိယဈာန်၊
၇။ တတိယဈာန်၊
၈။ စတုတ္ထဈာန် စတဲ့ ဈာန်များကို ရရှိခြင်း၊ ရရှိအောင် ကျင့်ကြံအားထုတ်ခြင်းကို ဆိုလိုပါတယ်။

သူတော်ဥစ္စာ ခုနှစ်ဖြာဆိုတာ
၉။       နံပါတ် (၁) ရတနာသုံးပါးအပေါ်မှာ ယုံကြည်သက်ဝင်တဲ့ သဒ္ဓါ။
သဒ္ဓါဆိုတာ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ် လို့ ကံနဲ့ ကံရဲ့ အကျိုးတရားကို ယုံကြည်တာကို သဒ္ဓါလို့ ခေါ်ပါတယ်။

 ၁၀။     နံပါတ် (၂) သီလ။
သီလ- ဆိုတာ အထက်က ပြောခဲ့တဲ့ ငါးပါး၊ ရှစ်ပါးစတဲ့ သီလကိုပဲ ရည်ရွယ်ပါတယ်၊ ဒီနေရာမှာတော့ သာသနာပအခါမှာ စောင့်ထိန်းနိုင်တဲ့ သီလတွေလဲ အကျုံးဝင်ပါတယ်။ နံပါတ် ၃ မှာဖော်ပြခဲ့တဲ့ သီလတွေက ရဟန်းတော်တွေမှာ သာသနာပအခါ စောင့်ထိန်းရမယ့် သီလ မရှိပါဘူး၊  သာသနာပအခါမှာ သံဃာဆိုတာ မရှိနိုင်တဲ့ အတွက်ကြောင့်ပါ။ လူတို့စောင့်ထိန်းအပ်တဲ့ ငါးပါးရှစ်ပါးသီလတွေသာ သာသနာပ၊ သာသနာတွင်းရှိနိုင်ပါတယ်။

 ၁၁။     နံပါတ် (၃) ဟိရီ။
ဟိရီ- မကောင်းမှုမှန်သမျှကို လူရှေ့မှာဖြစ်စေ၊ မမြင်ကွယ်ရာ မှာဖြစ်စေ ကိုယ့်လိပ်ပြာ ကိုယ်လုံပြီး ပြုလုပ်ရမှာ ရှက်ရွံ့တတ်တဲ့တရားကို ဟိရီလို့ခေါ်ပါတယ်၊ အထူးသဖြင့် ဘယ်သူမှ မသိဘူး ဆိုသော်လည်း ကိုယ်စောင့်နတ်များ၊ သာသနာကို ကြည်ညိုကြတဲ့နတ်ဗြဟ္မာများ၊ တန်ခိုးကြီးတဲ့ နတ်များက ကိုယ်မကောင်းမှုလုပ်တာကို သိနေမြင်နေကြရ တာမို့ မလုပ်မိအောင် ရှောင်ရပါမယ်။

၁၂။     နံပါတ် (၄) သြတပ္ပ။
သြတပ္ပ- မကောင်းမှုမှန်သမျှကို လုပ်ရမှာ ကြောက်လန့်တတ်တဲ့စိတ်ကို ခေါ်ပါတယ်။

၁၃။     နံပါတ် (၅) သုတ။
သုတ-  ဘာသာရေး အသိပညာစသော သံသရာမှ ထွက်မြောက်ကြောင်း သူတော်ကောင်းတရားမှန်သမျှကို တတ်သိ နားလည်နိုင်ခြင်းပါ။

၁၄။     နံပါတ် (၆) စာဂ။
စာဂ- သူတပါးအပေါ် ပေးကမ်းစွန့်ကျဲခြင်း၊ သာသနာတွင်းဖြစ်လျင် စေတနာထက်သန်စွာဖြင့် လှူဒါန်းခြင်း ဖြစ်ပါတယ်။

၁၃။     နံပါတ် (၇) ပညာ။
ပညာ- ဆိုတာ သံသရာမှထွက်မြောက်စေနိုင်သော သူတော်ကောင်း တရားမှန်သမျှကို တတ်သိနားလည်ခြင်း၊ နားလည်ရုံမျှ မကပဲ ကျင့်ကြံအားထုတ်ခြင်း၊ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ များကို လေ့လာဆည်းပူး အားထုတ်ခြင်း စတဲ့  မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့ ပညာများအားလုံးကို ရည်ရွယ်ပါတယ်။

အကျဉ်းချုပ် ကတော့--
ဘော- ဇာ - သီ- ဣံ လေးပါးနှင့်၊ ဈာန် လေးပါး၊ ပေါင်း (၈) ပါးကို
နောက်ထပ် သူတော်ကောင်းတရား (၇) ပါးပေါင်းထည့်လျင် စရဏ (၁၅) ပါးပြည့်သွားပါတယ်။
ဒါလောက်ဆိုလျင် စရဏ (၁၅)ပါး အားလုံးပြည့်စုံသွားပါပြီ။

အထက်မှာ ဆိုခဲ့သော ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးကို ဘုရားဂုဏ်တော်ကိုးပါးတွင် ပါဝင်သော ၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်မှာ ထည့်သွင်းထားတာမို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဂုဏ်တော်အားလုံးနှင့် ပြည့်စုံတော် မူပါတယ်၊ အဲဒီလို ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြု ရည်မှန်းကာ ဖြည့်ကျင့် ပွားများနိုင်ပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။


မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းတင်ပြသည်။














Sunday, June 8, 2014 | 0 comments | Labels: ,
အင်္ဂလိပ်စာလုံး WELCOME ရိုက်နှိပ်ထားသော ခြေသုတ်ဖုံတစ်ခုကို လွန်ခဲ့သောနှစ်လခန့်က ၀ယ်ယူဖြစ်ခဲ့သည်။ အရောင်အသွေးက အနီရောင် ။ ပြုလုပ်ထားသည့် အခြေခံပစ္စည်းက ရော်ဘာ ။

မျက်နှာပြင်ကြမ်းစေရန် ရော်ဘာအမျှင်စများကို နွယ်မျှင်များသဖွယ် ယှက်လိမ်၍လုပ်ထား၏ ။ အိမ်အ၀င်ဝ ကြမ်းပြင်ပေါ် သို့ ခြေသုတ်ဖုံကလေး ရောက်ခါစကတော့ တင့်တင့်တယ်တယ် ၊ အိနြေ္ဒရရ ၊ သပ်သပ်ရပ်ရပ် ။

နောက်တော့ ခြေသုတ်ဖုံတို့၏ ထုံးစံအတိုင်း ခြေဖ၀ါးမျိုးစုံ၌ ကပ်ငြိလာသော သဲများ ၊ ဖုန်မှုန့်များ ၊ အညစ်အကြေးအစအန များကိုလက်ခံရလေသည် ။ သည်ကြားထဲ ဧည့်သည်အချို့၏ ခပ်ကြမ်းကြမ်းပွတ်နင်းမှုကြောင့် ရော်ဘာအမျှင်စတို့ ပြတ်ထွက်ကုန်၏ ။ ၀ယ်ယူထားသည်မှာ မကြာသေး ၊ ရော်ဘာအမျှင်တို့သည် ကွက်တိကွက်ကျား ဖြစ်လာတော့သည် ။ ၀ဲစားထားသော ခွေးနှယ်ဖြစ် လာ၏ ။

နှစ်လခန့်အချိန်ကာလအတွင်း၌ ခြေဖ၀ါးအစုံတို့၏ ဖိနှိပ်ပွတ်ခြေမှုကြောင့် ခြေသုတ်ဖုံကလေးသည် WELCOME စာလုံး တစ်ခုသာ ထင်ထင်လင်းလင်းကျန်တော့၏ ။ WELCOME စာလုံးကို ခြံရံထားသော ရော်ဘာအမျှင်စ ကြမ်းရှရှမျက်နှာပြင်သည် ခေါင်းတုံးပြောင်ဖြစ်လာခဲ့ပြီ ။

ခြေသုတ်ဖုံကို ထုတ်လုပ်သော စက်ရုံက မည်သည့်ရည်ရွယ်ချက်ဖြင့် WELCOME စာလုံးကို ရိုက်နှိပ်ခဲ့သည်မသိ ။ အိမ်ကိုလာသည့် ဧည့်သည်ကို ကြိုဆိုသည့် စကားလုံးလား ။ သို့မဟုတ် မည်သူမဆို ကျွန်တော်မျက်နှာပေါ်၌ အညစ်အကြေးများကို ခါချသုတ်ပစ်နိုင်ပါသည်ဟု ခြေသုတ်ဖုံကလေးက ကြိုဆိုလိုက်သည့် စကားလုံးလား ။ သို့တည်း မဟုတ် ……. ။

ဘာပဲဖြစ်ဖြစ် ခြေသုတ်ဖုံကလေးကတော့ စုတ်ပြတ်ပဲ့ရွဲ့ သွားခဲ့ပြီ ။မျက်နှာပြင်ကို မှောက်လှန်၍ ကြမ်းပေါ်ရိုက်ချလိုက်သော အခါ သဲတွေ ၊ ရွှံ့တွေ တစ်ထွေးကြီး ပြုတ်ကျကုန်သည် ။ လူတကာ၏ ခြေဖ၀ါးမှစွန့်ပစ်ထားရစ်ခဲ့သော သဲတွေ ၊ ဖုန်တွေ ၊ ရွှံတွေကို ထမ်းထားရသဖြင့်လည်း ခြေသုတ်ဖုံကလေးသည် လေးမှန်းမသိလေးခဲ့ရပြီ ။

အချိန်တိုင်းမှာ အာရုံမျိုးစုံတို့ ၀င်ချင်တိုင်းဝင် ၊ ထွက်ချင်တိုင်းထွက်နေသော စိတ်သည်ရော ခြေသုတ်ဖုံကလေးနှင့် တူမနေပေဘူးလားဟု စဉ်းစားမိသည် ။

အာရုံတို့သည်ကာ လူတကာတို့၏ ခြေဖ၀ါးများနှင့် တူမနေပေဘူးလား ။

ကိလေသာတို့သည်ကား ခြေဖ၀ါးများနှင့်အတူ ကပ်ပါလာသော ဖုန်များ ၊ ရွှံ့ များ ၊ သဲများနှင့် တူမနေပေဘူးလား ။

သို့ဆိုလျှင် WELCOME ဆိုသည့် ဖိတ်ခေါ်စကားလုံးကလေးကရော……..

ဆရာအရှင်၏ အဆုံးအမစကားတစ်ခွန်းကို သတိရမိသည် ။

“ အတွေးအခေါ်ဆိုကတည်းက အတွေးက သူ့ဘာသာသူ နေတာ လေဗျာ ။ ခင်ဗျားက ဘာဖြစ်လို့သွားခေါ်ရတာတုံး ။ စိတ်ဆိုတာက ကြံစည်မယ် ၊ တွေးတောမယ် ၊ ဒါ သူ့သဘာဝပဲ ။ အဲဒါကို ငါ ကြံတယ် ၊ ငါ တွေးတယ် ၊ သွားမလုပ်လိုက်နဲ့လေဗျာ ။ ဒိဋ္ဌိဝင်လာတော့ တဏှာ လာလေရော ။ ဒါဆိုရင် အမျှင်တန်းရော ။ တွေးပြီး ကြံပြီး ပျောက်သွားတတ်တဲ့ သဘာဝတစ်ခုကို ငါ့ အတွေးအခေါ် ၊ ငါ့ အကြံအစည် ဘယ်လောက်ကောင်းတယ်ဆိုပြီး လက်မ- မထောင်လိုက်နဲ့လေဗျာ ။ ဒါဆို မာန၀င်လာရော မဟုတ်လား ။ ကိုယ့်အတွေးကိုယ်ပြန်နှစ်သက်နေတာက သက္ကာယဒိဋ္ဌိနဲ့ ယှဉ်ပြီး ဖြစ်တဲ့ တဏှာ ။ ကိုယ့်အတွေးအခေါ်ကြီး ရှင်သန်နေတယ်လို့ ထင်နေတာက သဿတဒိဋ္ဌိကြီးပါဗျ ။ ကြည့်စမ်း ၊ အတွေးလေးတစ်လုံးကနေ နှလုံးသွင်းမမှန်တော့ ဖြစ်လာတဲ့ အဓမ္မ တွေက အများကြီး ။ အဲဒီ အဓမ္မကို ဓမ္မဖြစ်လာအောင် ပြောင်းယူတတ်ရမယ် ။ ဓမ္မပေါ်၍ ဓမ္မပျောက်တယ်ဆိုရင် ပေါ်တဲ့နေရာတွင် ကိစ္စပြီးပါတယ် ။ အတွေးမဆက်ရင် သံသရာမရှည်ဘူး ။ အမျှင်မတန်းဘူး ။ ပေါ်ပြီး ပျောက်တာကို မမြင်အောင်ဖုံးတာက အ၀ိဇ္ဇာ ၊ ပေါ်ပြီးပျောက်တာကို ဆက်နေသယောင် ချုပ်စပ်ပေးလိုက်တာက တဏှာ ။ အဲဒါကို မြင်အောင်ကြည့်ဗျ ”

မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ်တို့မှ ၀င်လာကြသော အာရုံမှန်သမျှတို့သည် စိတ်နှင့်ရင်ဆိုင်ကြရစမြဲ ။ သို့ကြောင့်လည်း မြင်စိတ် ၊ ကြားစိတ် ၊ နံစိတ် ၊ အရသာသိစိတ် ၊ ထိသိစိတ်တို့ကား ချက်ချင်းပေါ်စမြဲ ။ ကာလမခြားပါဘဲ မနောဒွါရ၌ ကြံသိစိတ်လည်း တစ်ပြိုင်တည်းပေါ်စမြဲ ။။ သတင်းပို့ပုံ ၊ လက်ခံပုံ ၊ တုံ့ပြန်ပုံတွေက မြန်လွန်းလှ၍ သာမန်လူတို့၏ဉာဏ်ဖြင့် မှီအောင် သိနိုင်ဖို့ ခဲယဉ်းလှသည် ။ သို့အတွက် ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော် မှတ်တမ်းများမှတစ်ဆင့်သာ သိခွင့်ရနိုင်ပေသည် ။

အာရုံနှင့်စိတ်တို့ ဆုံခြင်းသည် ဆုံနေကျသဘာဝတစ်ခု ။

သို့သော် ဉာဏ်ပါသော စိတ်နှင့်အာရုံကို ဆုံဖြစ်ဖို့က အရေးကြီးသည် ။ စိတ်၌ ဉာဏ်ဦးစီးထားပါက အာရုံနှင့်အတူ ကပ်ငြိပါ လာသော ကိလေသာကို ရိပ်မိနိုင်သည် ။ အာရုံဖြစ် - ပျက်ဆိုလျှင် ခေါင်းမြီးခြုံ၍ ပါလာသော ကိလေသာလည်း ဖြစ်ပျက်ပဲပေါ့ ။ တစ်ချိန်တည်းမှာ ဖြစ်ပြီးပျက်သောအာရုံနှင့် ဆုံလိုက်သော စိတ်တစ်လုံးလည်း ဖြစ်ပျက်သွားတာပဲပေါ့ ။ နောက်အစားထိုးစိတ် အသစ်တစ်ခုနဲ့ အာရုံအသစ်ကိုရင်ဆိုင် ။ အစားထိုးစိတ်အသစ်မှာ ဉာဏ်ပါနေတော့ ရှေ့ က အာရုံနဲ့စိတ်တို့ အစုံလိုက်ပေါ် ၊ အစုံလိုက်ပျောက်တာကို ရိပ်မိ ။ ထိုပေါ်ပျောက်သဘာဝသည် ပုဂ္ဂိုလ်သတ္တ၀ါတွေ ပေါ်လာခြင်းမဟုတ် ။ ပျောက်သွားခြင်း မဟုတ် ။ အရိပ်အယောင်တွေ ( ပုံရိပ်ယောင်တွေ ) ပေါ်လာ ၊ ပျောက်ပျက်ကြခြင်းဖြစ်၏ ။ မျက်မြင်အထည်ခန္ဓာတွေ ပျောက်ကြ ၊ ပျက်ကြ ခြင်းမဟုတ် ၊ ဘုရားရှင်ညွှန်ပြခဲ့သော အတွင်းသဘာဝခန္ဓာတွေပေါ်ကြ ၊ ပျောက်ကြခြင်းမျှသာ ။

ကိုယ့်သန္တာန်တွင် ဤ အမြင်ကို အမှန်တကယ်သိမြင် ဆုံးဖြတ်ချက်ချနိုင်ပြီဆိုလျှင် ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်ရကျိုးနပ်ပြီ ။ ဤအမြင်ဆက်လက်ခိုင်မာအောင် လေ့ကျင့်သွားဖို့ကတော့ ကိုယ့်တာဝန်ပင် ။ အမြင်ဆုံးသည်အထိ ယုံယုံကြည်ကြည် စွဲကိုင် လျှောက်လှမ်းသွားဖို့ကလည်း ကိုယ့်သဒ္ဓါတရားအပေါ် မှုတည်သည် ။

ဘာပဲဖြစ်ဖြစ် ခြေသုတ်ဖုံကလေးက အသိပေးလိုက်သော တရားတစ်ပုဒ်သည်လည်း နှလုံးသွင်းတတ်လျှင် အဆင့်အတန်း မနိမ့် ပါလားဟု လက်ခံနိုင်ကြမည်ဆိုပါလျှင်……………. ။





မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Sunday, July 17, 2011 | 0 comments | Labels:
၁။ မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ရဟန်းတော်များ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်တော် မူသည်ကို အကြောင်းပြု၍ ၀ါဆိုလဟု မည်တွင်သည်။

၂။ မဟာသက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါဝုန် တောဝယ် ပဉ္စ၀ဂ္ဂီ ငါးဦးအား ဓမ္မစင်္ကြာတရားတော်ကို ဟောကြားခဲ့သဖြင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစင်္ကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ်သည်။


ဝါဆိုဝါလ ၀ိသေသ

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရား အလောင်းတော် သန္ဓေယူတော်မူသည်။ ထိုနေ့မှာပင် တောထွက်တော် မူသည့်အပြင် ဘုရားအဖြစ်ကို ရတော်မူသည့် အခါတွင်လည်း တရားဦး ဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။ ထို့ကြောင့် " သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက် လ၀ါဆို " ဟူ၍ ဆိုစမှတ် ပြုခြင်းဖြစ်သည်။

ရဟန်းတော်များ ၀ါဆိုတော်မူခြင်း

ဝါတွင်းကာလ၌ ရဟန်းတော်များ ၀ါဆိုကြခြင်းမှာ မြတ်စွာဘုရား ပညတ်ခဲ့၍ ဖြစ်သည်။ မြတ်စွာ ဘုရား ပညတ်တော် မမူစဉ်က ရဟန်းတော်များ ၀ါဆိုဝါကပ်ခြင်းမပြုကြပေ။ မြတ်စွာ ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် သာကီဝင်အနွယ်များ ဖြစ်ကြသော ရဟန်းတော်များသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည် သွားလာ နေကြသည်။ မိုးဥတု၌ တစ်ရပ်မှ တစ်ရပ်သို့​ ဒေသစာရီ လှည့်လည်ခြင်း ပြုကြရာ ပြည်သူတို့ စိုက်ပျိုးထားသော​ ကောက်နှံသီးကင်းများကို ဖြတ်ကျော် နင်းနယ်သဖြင့် ပျက်စီးလေသည်။ ထိုအခါ ပြည်သူများက " မိုးတွင်းကာလတွင် အယူလွဲမှား မိစ္ဆာဒိဋ္ဌိများပင် ခရီးသွားလာခြင်း မပြုကြ။ တိရိစ္ဆာန် ငှက်များသည် ပင်လျှင် အသိုက်ပြောင်းခြင်း မပြုကြ။ ကျွန်ုပ်တို့ ကိုးကွယ်သော သာကီ နွယ်ဖွား ရဟန်းတော်များကား အများ ပြည်သူတို့ စိုက်ပျိုးထားသည့် ကောက်ပဲ သီးနှံများကို နင်းနယ် ဖျက်ဆီးလျက် နွေ မိုးမရှောင် ခရီးသွားကြလေသည်တကား " စသည်အားဖြင့် အပြစ်တင်ကြလေသည်။

ဤအကြောင်းကို မြတ်စွာဘုရားရှင် ကြားသိတော် မူသောအခါ ရဟန်းတော်များအား ၀ါတွင်းသုံးလ ကာလပတ်လုံး မိမိတို့၏ကျောင်းတိုက် အ၀န်းအ၀ိုင်း အတွင်း၌သာ ၀ါဆို ၀ါကပ်ခြင်းပြု၍ ရဟန်း တရားကို အားထုတ်နေကြရန်၊ ၀ါကျိုး ၀ါပြတ် ၀ါမကပ်ဘဲ ညဥ့်အိပ် ညနေ ခရီးသွားသော ရဟန်းများအား ဒုက္ကဋ် အာပတ်သင့်စေရန် အာဏာဓမ္မစက် သိက္ခာပုဒ် ပညတ် တော်မူခဲ့သည်။ ထိုသည်မှစ၍ ရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် ၀ါဆိုခြင်း ပြုသည်။ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံး ကျွတ်လွတ်လေသည်။ ၀ါဆို ၀ါကပ်ခြင်း သဘောမှာ သတ်မှတ်ထားသော မိမိတို့၏ ကျောင်းတိုက် အဆောက်အဦ အရံအတားမှ အရပ်တစ်ပါးသို့ ညဥ့်အိပ် ညနေ မသွားပါ ဟုကတိပြု ကြခြင်းပင် ဖြစ်သည်။ ၀ါဆိုအတွင်း ၀ါပန်၍ ညဥ့်အိပ်ညဥ့်နေ (၇) ရက်မှ ကျော်၍ မသွားနိုင်ပေ။

ဓမ္မစင်္ကြာ အခါတော်နေ့

မြတ်စွာဘုရား အလောင်းတော်သည်​ ရွှေထီးရွှေနန်းကို စွန့်၍ ၀ါဆိုလပြည့်နေ့တွင် တောထွက် တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးခြံရံကာ တရား ကျင့်တော်မူသည်။ ဒုက္ကရစရိယာ ခြောက်နှစ် တိုင်တိုင် ကျင့်တော်မူသော်လည်း ဘုရားမဖြစ်ပေ ။ ထို့ကြောင့် မိမိ တစ်ပါးတည်း လမ်းခွဲကာ တရားဖြည့် ကျင့်တော်မူ၏။သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိ၍ ဘုရား ဖြစ်တော်မူသောအခါ "ငါဘုရား သိပြီးသော သစ္စာလေးပါး တရားတော်သည် နူးညံ့ သိမ်မွေ့ နက်နဲလွန်းသည်။ သတ္တ၀ါတို့၏ သဏ္ဌာန်ကား လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ထူပြောလှသည်။ ဤသတ္တ၀ါစုကို ငါဘုရား တရားဟောသော်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်။ တရားမဟောဘဲ ဆိတ်ဆိတ်နေတော့မည်" ဟုကြံရွယ်တော် မူလေသည်။ ရွှေစိတ်တော် ရွှင်ပြခြင်းမရှိ၊ ဆုတ်နစ်တော် မူလေသည်။

ဤအကြောင်းကို သဟံပတိ ဗြဟ္မာမင်းက သိရှိသဖြင့် ဗြဟ္မာ့ပြည်မှ ဆင်းလတ်၍ ဘုရားရှင်ထံ ခစားသည်။ သဟံပတိ ဗြဟ္မာမင်းသည် ဘုရားရှင်အား " အရှင်ဘုရား၊ သတ္တ၀ါများကို ငဲ့ညှာသော အားဖြင့် အရှင်ဘုရား ပိုင်းခြားထင်ထင် သိမြင်တော်မူသော တရားတော်ကို ဟောတော်မူပါဘုရား" ဟူ၍ ( နဿ တိဝတတော လောကော ) ဟူသော ဂါထာကို သုံးကြိမ် ရွတ်၍ လျှောက်ထားသည်။ လောက၌ အရှင်ဘုရား၏ တရားတော်တို့ကို နာယူ ထိုက်သူပေါင်း များစွာ ကျန်ရှိပါသေးသည် ဟု လျှောက်ထားလေသည်။ ဤတွင်မှ မြတ်စွာဘုရားလည်း တရားဟောတော့အံ့ဟု ကတိပြုလေ သည်။

မြတ်စွာဘုရားသည် သစ္စာလေးပါး တရားထူး တရားဦးကို ဟောတော်မူရန် ဗုဒ္ဓဂါယာ ဗောဓိ မဏ္ဍိုင်မှ ပဉ္စ၀ဂ္ဂီ ငါးဦးရှိရာ မိဂဒါဝုန်တောသို့ ကြွတော်မူ လေသည်။ ခရီးလမ်းတွင် ဥပက အမည် ရှိသော တကာတစ်ဦးနှင့်တွေ့သည်။ ဥပကမှာ ဘုရားရှင်၏ တရားကို နာကြားထိုက်သူ မဟုတ် သဖြင့် ဘုရားရှင်ကို ရှေးဦးစွာ ဖူးမြင်ရပါလျှက် "ငါ့ရှင်အဘယ်သူနည်း၊ အဘယ်ကိုရည်၍ ရဟန်းပြုပါသနည်း" စသည်ဖြင့် မေးမြန်း စုံစမ်းခြင်းသာ ပြုလေ၏။

မိဂဒါဝုန်တောသို့ ရောက်တော်မူသောအခါ ပဉ္စ၀ဂ္ဂီ ငါးဦးကို အမှူးထားလျက် မရေမတွက် နိုင်သော နတ်ဗြဟ္မာတို့အား ဓမ္မစင်္ကြာ တရားဦးကို ဟောကြားတော် မူလေသည်။ မြတ်စွာဘုရားရှင်သည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်မျှသော တရားတော်များကို ဟောကြားခဲ့ရာ ဤဓမ္မစင်္ကြာ တရားတော်သည် ရှေးဦးပထမ ဟောကြား တော်မူသော တရားတော်ဖြစ်၍ အလွန် ထူးမြတ်သော တရားတော်ဖြစ်လေသည်။

ဓမ္မစင်္ကြာမှာ- ဓမ္မစက္ကပ၀တ္တန ဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး
ဓမ္မ - သစ္စာလေးပါးအမှန်တရား
စက္က - အဖန်ဖန်အထပ်ထပ် လှည့်တတ်သောစက်
ပ၀တ္တန- ဖြစ်ခြင်း ....အနက်ရှိသဖြင့် "သစ္စာလေးပါး အမှန်တရားကို စက်လှည့်၍
အဖန်ဖန် အထပ်ထပ် ဟောတော်မူခြင်း " ဟု အဓိပ္ပါယ် ရလေသည်။

မြတ်စွာဘုရား၏ ဓမ္မစင်္ကြာ တရားတော်ကို နာကြားရသဖြင့် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ၊ မဟာနာမ်၊ အဿဇိ တည်းဟူသော ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွ များစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား ရရှိကြ သည်။ ပဉ္စ၀ဂ္ဂီ ငါးဦးလည်း မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ပြုခွင့် ပန်ကြ၏။ မြတ်စွာ ဘုရား ခွင့်ပြုသဖြင့် ဧဟိဘိက္ခု ရဟန်း အဖြစ်ကို ရရှိကြသည်။ ဧဟိဘိက္ခု ရဟန်း ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင်း ရဟန်း အဖြစ်ကို ရခြင်းပင် ဖြစ်သည်။

ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစင်္ကြာ တရားဦးကို ဟောကြားခြင်း၊ ပဉ္စ၀ဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ခေါ်ဆောင်တော် မူခြင်းမှာ ဤ၀ါဆိုလပြည့်နေ့ပင် ဖြစ်၍ ၀ါဆို လပြည့်နေ့ကို ဓမ္မစင်္ကြာ အခါတော်အဖြစ်ဖြင့် သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလတွင် ပဉ္ဇင်းခံ ရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Saturday, July 16, 2011 | 0 comments | Labels:
မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ဖေါင်းလင်းကျွေးရွာတွင် တည်ထားကိုးကွယ်တော်မူသော ရှင်ပင်ရွှေစောလူ စေတီတော်မြတ်ကြီးကို ကောဇာသက္ကရာဇ် ၄၂၄ ခုနှစ်မှာ စောလူမင်းကတည်ထား ကိုးကွယ်တော်မူခဲ့တာဖြစ်ပါသည်။ အဲဒီနောက် ကောဇာသက္ကရာဇ် ၄၅၆ ခုနှစ်မှာ အလောင်းစည်သူ မင်းကြီး က ပြုပြင်မွမ်းမံ ပူဇော်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၇၂၆အရောက်မှာ သတိုးမင်းဖျားက ထပ်မံ၍ ပြုပြင် ပူဇော်ခဲ့ပါသည်။ ၁၂၆၆ ခုနှစ်မှာ ဖေါင်းလင်းမြို့ ဂိုဏ်းထောက်ဆရာတော် ဦးကေတု ဦးဆောင်၍ ပြုပြင်မွမ်းမံ ပူဇော်ခဲ့ကြပြန်ပါသည်။ ကောဇာသက္ကရာဇ် ၁၃၅၄ ခုနှစ်မှာ ကျေးရွာဥက္ကဋ္ဌများ စုပေါင်းဆောင်ရွက်၍ ပြုပြင် မွမ်းမံ ပူဇော်ခဲ့ကြပါသည်။ ကောဇာသက္ကရာဇ် ၁၃၅၉ ခုနှစ်မှာ မင်းဘူးခရိုင် ဥက္ကဋ္ဌ ဦးဆောင်၍ပြုပြင်ပူဇော်ခဲ့ ကြပါသည်။ အဲဒီနောက် ကောဇာသက္ကရာဇ် ၁၃၆၈ ခုနှစ်မှာ မြန်မာသြဘာ စိုက်ပျိုးရေး ဆေးကုမ္မဏီပိုင်ရှင် ဦးသတိုးဟိန်း+ဇနီး ဒေါ်စိုးမာလာ မိသားစုတို့က ထီးတော်ကြီးကို အသစ်တစ်ဖန်လှူဒါန်း ပူဇော်ခဲ့ကြပါသည်။ ရှင်ပင်ရွှေစောလူ စေတီတော်မြတ်ကြီးကို နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လပြည့်နေမှာ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပပူဇော်လေ့ ရှိပါသည်။
ယခုဖူးတွေ့ ပူဇော်ရသောရွှေထီးတော်ပုံရိပ်များကို ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ် ၀ါခေါင်လပြည့် ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ၊ ၄ မီးနစ်အချိန်မှာ စလင်းမြို့ တို့ဆွေမျိုးဆေးဆိုင်ပိုင်ရှင် ကိုခင်မောင်ရင်မှ မောင်အေးပိုင်အား ဓာတ်ပုံရိုက်ကူးစေခဲ့ရာ ရှင်ပင်ရွှေစောလူ စေတီတော်မြတ်ကြီးမှ ယခုကဲ့သို့ ထီးတော်ပုံရိပ် (၁၃) ဆူးကို ထူးခြားအံ့ဖွယ်စွာ ရိုက်ကူးဖူးတွေ့ရှိလိုက်ပါသဖြင့် နယ်သူနယ်သားများအားလုံး ကြည်ညိုသဒ္ဓါပွားများ နိုင်ပါစေခြင်းအကျိုးငှာ ၀မ်းမြောက်ဝမ်းသာဖြင့် တင်ပြလိုက်ရပါသည်။



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပါသည်။
Tuesday, July 12, 2011 | 0 comments | Labels:
w61716
စလင်းရုပ်စုံကျောင်းခေါ် မြောက်လေးစဉ်ကျောင်း



w61717
ဖိုးသူတော်နှစ်ဦးပုံ သစ်သားပန်းပု


မြန်မာနိုင်ငံတွင် ပုဂံကဲ့သို့ စေတီပုထိုး ပေါများ၍ ရှေးဟောင်း အမွေအနှစ် ကြွယ်ဝသော မြို့များကို ပြပါဆိုလျှင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ စလင်း၊ စကုနှင့်စလေမြို့တို့ကို ဖော်ပြရမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုမြို့များတွင် ပုဂံခေတ် လက်ရာများအတိုင်း စေတီပုထိုး အမြောက်အမြား တည်ရှိ၍ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများလည်း တည်ရှိသောကြောင့် ဖြစ်သည်။
ပထ၀ီ အနေအထားအရ ကြည့်ပါက မြန်မာနိုင်ငံ၏ အဓိကပင်မရေစီး ဖြစ်သော ဧရာဝတီမြစ်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တည်ရှိကြပြီး ထိုမြို့သုံးမြို့၏ အစအက္ခရာမှာ စလုံးအက္ခရာ ဖြစ်နေသည်မှာလည်း ထူးခြားသည့် ၀ိသေသတစ်ခု ဖြစ်သည်။ ပို၍ ထူးခြားသည်မှာ လူသိများ ထင်ရှားသော စလေရုပ်စုံ ကျောင်းကဲ့သို့ ပန်းပုရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားသော ရှေးဟောင်းဘုန်းကြီးကျောင်းများမှာ စကုမြို့နှင့် စလင်းမြို့တို့တွင်လည်း တည်ရှိနေခြင်း ဖြစ်သည်။
မကွေးတိုင်း ဒေသကြီးအတွင်းတွင် ထိုသို့ ရုပ်စုံကျောင်းများမှာ ပခုက္ကူနယ်မှ ပခမ်းကြီးနှင့်စလေ၊ စကု၊ စလင်းမြို့တို့ အပါအ၀င် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ဘုရားလမ်းခွဲမှ လယ်ကိုင်းနယ်တို့တွင် တည်ရှိကြောင်း သိရသည်။ ထိုကျောင်းများအနက် ပခမ်းကြီး ရုပ်စုံကျောင်းမှာ အကြီးဆုံး ဖြစ်၍ စလင်းရုပ်စုံကျောင်းမှာ ဒုတိယ အကြီးဆုံး ဖြစ်ကြောင်း သိရသည်။
စလင်းမြို့သည် မကွေးမြို့မှ ၄၅ မိုင် အကွာတွင် တည်ရှိ၍ ဧရာဝတီမြစ်၏ အနောက်ဘက်လမ်းအတိုင်း သွားမည်ဆိုပါက ဧရာဝတီတံတား (မကွေး)မှတစ်ဆင့် မင်းဘူး၊ မန်းရေနံ၊ စကု၊ လယ်ကိုင်း၊ ပွင့်ဖြူ၊ ရှောက်တော စသည့်မြို့၊ ရွာများကို ဖြတ်၍ သွားရသည်။
အနောက်ဘက်ဆီမှ ထောင်သီးတောင်၊ နတ်မတောင်တို့က တံတိုင်းများသဖွယ် ရံလျက်၊ ၀က်သည်းကန်ကလည်း ကျုံးတစ်ခုသဖွယ် ၀န်းရံလျက် ရှိသော စလင်းမြို့သည် ရှေးဟောင်းစေတီ၊ ပုထိုးများစွာကို ရင်ခွင်ထဲတွင် ဌာပနာ၍ တကောင်းလူမျိုးတို့၏ အမွေလောက မှန်ကင်းတိုက်ကျောင်းနှင့် မြောက်လေးစဉ် ရုပ်စုံကျောင်း တို့ကို ထွေးပွေ့လျက်ရှိသည်။
စကုမြို့မှအထွက် စကုချောင်းကူးတံတားကို ကူးဖြတ်ပြီးသည်နှင့် စပါးခင်း ပင်လယ်ပြင်ကြီးကို ငေးမ၀မီတွင် ရှေးဟောင်းရွာကြီးတစ်ရွာ ဖြစ်သော လယ်ကိုင်းရွာသို့ ရောက်သည်။ ထိုလယ်ကိုင်းရွာမှာ ငါးများကို အစာကျွေးရင်း ဘုရားဖူးများလာ လေ့ရှိသော စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားသို့ သွားရာလမ်းနှင့် စလင်းမြို့သို့ သွားရာလမ်းတို့ ဆုံသောနေရာ ဖြစ်သည်။ လယ်ကိုင်းရွာ၏ အရှေ့မြောက် ဧရာဝတီမြစ်ဘက်ဆီတွင် ကျောင်းတော်ရာဘုရား တည်ရှိပြီး စလင်းမြို့သို့ သွားသောလမ်းမှာ လယ်ကိုင်းရွာ၏ အနောက်မြောက်သို့ လိုက်ရသည်။
လယ်ကိုင်းရွာမှ ထွက်သည်နှင့်လည်း စပါးခင်းများကို မြင်တွေ့ရပြီး ရှစ်မိုင်ခရီးခန့် သွားမိသော ပွင့်ဖြူမြို့သို့ ရောက်သည်။ ပွင့်ဖြူမြို့မှ ထွက်သည်နှင့် ''မုန်းချောင်းကို ကျော်တဲ့အခါ ရောက်ပါတော့မယ်။ ကျွန်မတို့ ကုန်းဇောင်းရွာ''ဟူသော သီချင်းစာသားထဲကအတိုင်း မုန်းချောင်းတံတားကို ဖြတ်ကူး၍ ရှောက်တော၊ ကုန်းဇောင်း ရွာများအနီးမှ ဖြတ်သွားရသည်။
ထိုရွာကို ကျော်ဖြတ်လာမိသော် အနောက်ဘက်တွင် နတ်တောင်တန်းများ ၀န်းရံ၍ အရှေ့ဘက်တွင် စပါးခင်းများ ကာစည်းထားသည့် သစ်ပင်ကြီးများက ထီးလိုမိုးအုပ်ထားသော စလင်းမြို့သို့ ရောက်ပါသည်။ စလင်းမြို့သို့ ၀င်လျှင်ဝင်ချင်း လမ်းအရှေ့ဘက်ခြမ်းရှိ ရှေးဟောင်းစေတီ ပုထိုးများနှင့် ဘုန်းကြီးကျောင်းများ၏ မြင်ကွင်းနှင့် မြို့၏အလယ်မှ ရွှေတန်ဆာ စေတီတော်အား ဖူးတွေ့လိုက်ရသောအခါ ကြည်နူးပီတိသည်သာ စိတ်အစဉ်မှာ ကျန်ရှိတော့သည်။
စလင်းမြို့သည် အနောက်ဘက် တောင်တန်းများဆီမှ ဆင်းလာသော ချင်းလူမျိုးများနှင့် မြေပြန့်ဒေသမှ လူမျိုးများအား ကုန်စည်ဖလှယ်ပေးရာ မြို့တစ်မြို့လည်း ဖြစ်သည်။ စလင်းမြို့ထွက် ဆန်ကို ချောက်၊ ရေနံချောင်းနှင့် မန္တလေးမြို့တို့အထိ တင်ပို့လေ့ ရှိကြသည်။
စလင်းမြို့မှ အရှေ့ဘက်သို့ ထွက်ပါက ဆင်ဖြူကျွန်းမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် တညောင်၊ ဆိပ်ဖြူမှ အနော်ရထာ မြစ်ကူးတံတားကို ဖြတ်၍ ချောက်မြို့သို့ ရောက်သည်။ ချောက်မှ အရှေ့မြောက်အရပ်သို့ ထွက်လျှင် ပုဂံ၊ ညောင်ဦးမြို့များသို့ ရောက်၍ အရှေ့တောင်ဘက်သို့ ထွက်ပါက ကျောက်ပန်းတောင်း၊ မိတ္ထီလာမှ မန္တလေးမြို့သို့ ရောက်နိုင်သည်။
စလင်း၊ ဆင်ဖြူကျွန်းလမ်းဘေး တစ်ဖက်တစ်ချက်တွင် ရှေးဟောင်း စေတီပုထိုးများနှင့် ပြည့်နေပြီး ညောင်နှစ်ပင်ကျောင်းနှင့် လောကမှန်ကင်း ကျောက်တိုက်တို့မှာ စလင်းမြို့၏ အထင်ကရ ဘုန်းကြီးကျောင်းများ ဖြစ်ကြသည်။ ထို လောကမှန်ကင်း ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း ကျောင်းတိုက်ကြီးတစ်ခုမှာ မင်းတုန်းမင်း လက်ထက်တွင် တကောင်းလူမျိုးများမှ ကျွဲထိရွာ ဆရာတော် ဦးဇောကအား ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
စလင်းမြို့၏ အနောက်ဘက် စေတုတ္တရာသို့ သွားရာလမ်းဘေးတွင် ၀က်သည်းကန်ဟု ခေါ်သော ကန်ကြီးတစ်ကန် ရှိကြောင်း သိရသည်။
ထိုဝက်သည်းကန်မှာ မြို့၏အနောက်ဘက်မှနေ၍ ကျုံးသဏ္ဌာန်ဖြင့် စလင်းမြို့ကို ၀န်းရံလျက်ရှိသည်။ ကန်ပြင်တစ်ခုလုံး၏ ဧရိယာမှာ ၁၀ ဒသမ ၈၈ ဧက ကျယ်ဝန်းပြီး ကန်ပတ်လယ် အလျားမှာ ၄ ဒသမ ၇၃ မိုင် ရှိကြောင်း သိရသည်။ သက္ကရာဇ် ၅၅၆ ခုနှစ်က စတင် တူးဖော်ခဲ့သော ထိုဝက်သည်းကန်ပြင်တစ်ခွင်လုံးတွင် ကြာရွက်၊ ကြာပန်းတို့က အလှဆင် ထားသည်။ ယခုအခါ ထိုဝက်သည်းကန်ကြီးကို သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ထားရှိသည်။
ထိုဝက်သည်းကန်၏ တောင်ဘက် မလှမ်းမကမ်း၊ စေတုတ္တရာလမ်း၏ အရှေ့ဘက်တွင် စလင်းရုပ်စုံကျောင်းခေါ် မြောက်လေးစဉ်ကျောင်း တည်ရှိသည်။ ထိုကျောင်းကြီးမှာ ဘုံခုနစ်ဆင့်နှင့် ပြဿဒ် အဆောက်အအုံ ဖြစ်ပြီး အရှေ့အနောက် အနေအထားဖြင့် တည်ရှိသည်။ ကျောင်းကြီးတွင် ဘုရားဝန်းခေါ် ပြဿဒ်ဆောင်၊ အလယ်ဝန်းခေါ် ဓနုဆောင်နှင့် ကျောင်းမကြီးခေါ် ဇေတ၀န်ဆောင် ဟူ၍ အဆောင်သုံးမျိုးဖြင့် ဖွဲ့စည်း တည်ဆောက်ထား ပြီး ကျောင်းတစ်ကျောင်းလုံး၏ အရှေ့အနောက် အလျားမှာ ၁၇၈ ပေ ၈ လက်မရှိ၍ တောင်မြောက် ၇၅ ပေ ရှိသည်။ ကျောင်း၏ လေးဘက်လေးတန် နံရံများကို သစ်သားမှန်ခံကွက်များဖြင့် ကာရံထားပြီး သစ်သားမှန်ခံကွက် တစ်ခုချင်းစီတွင်လည်း ပန်းပွင့် ဖောင်းကြွများဖြင့် အလှခြယ်ထားသည်။ ဘုံခုနစ်ဆင့် ပါရှိသော ပြဿာဒ်တစ်ခုလုံးတွင်လည်း ရုပ်လုံး၊ ရုပ်ကြွ၊ ကနုတ်ပန်းများဖြင့် ထွင်းထုထားပြီး ကျောင်းလက်ရန်းတိုင်များနှင့် အကာများတွင် ဗုဒ္ဓ၀င် ဇာတ်တော်လာ ဇာတ်လမ်းဇာတ်ကွက် တစ်ခုချင်းအလိုက် ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားသည်။
ထိုရုပ်စုံကျောင်းကြီးကို မြန်မာနှစ် ၁၂၃၀ ခုနှစ် ခရစ်နှစ် ၁၈၆၈ ခုနှစ်က တည်ဆောက်ခဲ့သောကြောင့် ယခုဆိုလျှင် နှစ်ပေါင်း ၁၄၀ ကျော် သက်တမ်းရှိပြီ ဖြစ်သည်။ ထိုရုပ်စုံကျောင်းကြီးကို မြောက်လေးစဉ်ကျောင်းဟု ခေါ်ဆိုရခြင်းမှာ ထိုကျောင်းကြီး နှင့် ပုံစံတူ တောင်လေးစဉ်ကျောင်း ဟူ၍လည်း တည်ရှိခဲ့သောကြောင့် ဖြစ်သည်။
ထိုကျောင်းကြီး နှစ်ကျောင်းကို တကောင်းမျိုးနွယ် ညီအစ်မများ ဖြစ်ကြသော ကျောင်းဒကာမကြီး ဒေါ်နုနှင့်ဒေါ်ယုတို့က ပုံစံတူ တည် ဆောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဂျပန်တပ်များအပြေး အင်္ဂလိပ်တပ်များမှ ကျွဲညီနောင် လေယာဉ်များဖြင့် ဗုံးကြဲစဉ်က တောင်လေးစဉ်ကျောင်းမှာ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုစဉ်က ဂျပန်တပ်များမှာ ယခု ကျန်ရှိနေသော မြောက်လေးစဉ်ကျောင်းတွင် ပုန်းခိုနေခဲ့ပြီး အင်္ဂလိပ်တပ်များက တောင်လေးစဉ်ကျောင်းဟု သတင်းမှားရ၍ ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ စစ်၏ဆိုးကျိုးက ရှေးဟောင်း အမွေအနှစ် တောင်လေးစဉ် ရုပ်စုံကျောင်းကြီးကို အုတ်ခုံများသာ ကျန်ရစ်စေခဲ့သည်။
မြောက်လေးစဉ် ရုပ်စုံကျောင်းကြီး၏ ပြဿာဒ်ဆောင်ခေါ် ဘုရားခန်းကို ၈ ပေ ၆ လက်မ အကျယ်ရှိသော အခန်းများဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး အမြင့်မှာ စိန်ဖူးတော်အထိ ပေ ၁၀၀ ရှိသည်။ ထိုပြဿာဒ်ဆောင်ထဲတွင် နှစ်ထပ်ပန်းကနုတ် များဖြင့် အလှဆင်ထားသော ပလ္လင်နှင့် ရှေးဟောင်း ဘုရားဆင်းတုများ တည်ရှိသည်။
ပြဿာဒ်ဆောင်၏ မျက်နှာကျက်ကို မှန်စီရွှေချ၍ အလှဆင်ထားသည်။ ပြဿာဒ်ဆောင်၏ တောင်ဘက်နှင့် မြောက်ဘက်တွင် အင်္ဂတေပန်း ကနုတ်များ၊ နတ်ရုပ်များ ထွင်းထုထားသော မုခ်ဦးပါ အုတ်တံတားတစ်စင်းစီ ပါရှိသည်။ ယခုအခါ ထိုအုတ်လှေကား တံတားများ၏ လက်ရန်းအကာများမှ အင်္ဂတေသားများ ကွာကျပြီး အုတ်ကွက်များသာ ကျန်ရှိတော့သည်။
ရုပ်စုံကျောင်းကြီး၏ အလယ်ဆောင်ခေါ် ဓနုဆောင်ထဲတွင် လက်ရှိ ကျောင်းထိုင်ဆရာတော် ဦးဉာဏ သီတင်းသုံး နေထိုင်လျက် ရှိပြီး ရှေးဟောင်း တရုတ်ဖန်မီးဆိုင်းများ၊ ရှေးဟောင်း တိုင်ကပ်နာရီနှင့် နာရီကို ထမ်းထားသည့်ဟန် သူငယ်တော် သစ်သားပန်းပုရုပ်လည်း တည်ရှိသည်။ ဓနုဆောင်၏ အနောက်ဘက် နံရံအခြေတွင် တရားဟောပလ္လင်သဏ္ဌာန် ခုံမြင့်တစ်ခုလည်း တည်ရှိသည်။
ထိုဓနုဆောင်၏ တောင်ဘက်နှင့်မြောက်ဘက်တွင်လည်း အုတ်လှေကား တံတားတစ်စင်းစီပါရှိပြီး ထိုအုတ်လှေတံတားများ၏ ဘေးလက်ရန်း အကာများတွင် မီးကျောင်းမှ မီးနှင့်မှုတ်နေဟန် ပန်းကနုတ် အင်္ဂတေများဖြင့် အလှဆင်ထားသည်။ ကျောင်းမကြီးခေါ် ဇေတ၀န်ဆောင်မှာ အမြင့်ပေ ၆၀ ရှိပြီး အခန်းတစ်ခန်းလျှင် ၁၀ ပေ ကျယ်ဝန်းသည်။
ရုပ်စုံကျောင်းကြီး တစ်ကျောင်းလုံးတွင် စုစုပေါင်း တိုင်လုံးအကြီး၊ အသေး ၂၄၅ တိုင် ပါရှိသည်။ ပြဿာဒ်ဆောင်တွင် တိုင်လုံး ၂၅ လုံး၊ ဓနုဆောင်တွင် တိုင်လုံး ၁၄ လုံး၊ ကျောင်းမကြီးဆောင်တွင် တိုင်လုံး ၈၀ နှင့် ကြမ်းပြင်လက်ရန်းတိုင်ပေါင်း ၁၂၆ တိုင် ဖြစ်သည်။ ထိုတိုင်လုံးများတွင် တိုင်လုံးအကြီးမှာ လုံးပတ် ၄ ပေ၊ ၄ လက်မရှိ၍ တိုင်လုံးအသေးမှာ လုံးပတ်၂ ပေ၊၂ လက်မ ရှိကြသည်။
ထိုစလင်းရုပ်စုံကျောင်းခေါ် မြောက်လေးစဉ်ကျောင်းမှာ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ရုပ်စုံကျောင်းများအနက် ဒုတိယအကြီးဆုံး ကျောင်းကြီး ဖြစ်ပြီး လူသိများ ထင်ရှားသည့် စလေရုပ်စုံကျောင်းထက် ပို၍ ကြီးမားသည်။ စလင်းရုပ်စုံကျောင်း၏ တိုင် လုံးများနှင့် လက်ရန်းများတွင် ထွင်းထုထားသော ရုပ်လုံးကြွနှင့် ပန်းကနုတ် အချို့မှာ လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးလျက်ရှိပြီး ပြုတ်ကျနေသော ရုပ်တုများကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။ ကျောင်းမကြီးဆောင်နှင့် ဇေတ၀န်ဆောင်တို့၏ တောင်ဘက်ဝရံတာများတွင် ကြမ်းခင်းများလုံးဝမရှိတော့ဘဲ လက်ရန်းတိုင်များသာ ကျန်ရှိတော့သည်။
ထိုစလင်းရုပ်စုံ ကျောင်းကြီးမှာ ဒုတိယကမ္ဘာစစ် အတွင်းက ဗုံးမှား၍ အချခံရသောကြောင့် မပျက်စီးခဲ့သော်လည်း လေဒဏ်မိုးဒဏ် ပြဿဒ်ဆောင်မှာ လုံးဝပြိုကျလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ၂၀၀၃ ခုနှစ်က အစိုးရ၏ အစီအစဉ်ဖြင့် မန္တလေးမြို့မှ ဆရာကံချွန်နှင့် သားတပည့်များ နန်းမြို့မြန်မာ့ပန်းပုလုပ်ငန်းမှ တာဝန်ယူ ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အနောက်ဘက်ဆီမှ ထောင်သီးတောင်၊ နတ်မတောင်တို့က တံတိုင်းများသဖွယ် ရံလျက် ၀က်သည်းကန်ကလည်း ကျုံးတစ်ခုသဖွယ် ၀န်းရံလျက်ရှိသော စလင်းမြို့သည် ရှေးဟောင်းစေတီ၊ ပုထိုးများစွာကို ရင်ခွင်ထဲတွင် ဌာပနာ၍ တကောင်း လူမျိုးတို့၏ အမွေလောက မှန်ကင်းတိုက်ကျောင်းနှင့် မြောက်လေးစဉ် ရုပ်စုံကျောင်းတို့ကို ထွေးပွေ့လျက် ရှိပေတော့သည်။


မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ဆက်သည်။
Monday, July 11, 2011 | 0 comments | Labels: