twitter

Showing posts with label general. Show all posts
Showing posts with label general. Show all posts


ဘုရားဂုဏ်တော် (၉) ပါး
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရောပုရိသ ဓမ္မသာရထိ
၇။ သတ္ထာဒေ၀မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ

အရဟံလူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။                  အရ-ဟံတစ်ထောင့်ငါးရာ ကိလေသာအညစ်ကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။      အ-ရဟံ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူတတ်သော မြတ်စွာဘုရား။                 သမ္မာသမ္ဗုဒ္ဓေါသစ္စာလေးပါး မြတ်တရားကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့် သိမြင်တော် မူသော မြတ်စွာဘုရား။  
ဝိဇ္ဇာစရဏသမ္ပန္နေ  ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား။
သုဂတောကောင်းသောစကားကိုသာ ဆိုတော်မူတတ်သော မြတ်စွားဘုရား။   
လောက၀ိဒူသတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
အနုတ္တရောပုရိသ ဒမ္မသာရထိ  ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။  
သတ္ထာဒေ၀မနုဿာနံ  ဗြဟ္မာ၊ နတ်၊ လူ သုံးဖော်သူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။               ဗုဒ္ဓေါသစ္စာလေးရပ် တရားမြတ်ကို ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။ ဘဂ၀ါဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တ ဟုဆိုအပ်သော ဘုန်းခြောက်ပါးနှင့် ပြည့်စုံတော်မူသော  မြတ်စွာဘုရား။

ဘုန်း(၆)ပါး
(က)   ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော် ၊
(ခ)    မဂ်-ဖိုလ် နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတည်းဟူသော ဓမ္မ ဘုန်းတော် ၊
(ဂ)    ဟုတ်တိုင်းမှန်စွာ သုံးဖြာသောလောကတွင် ပျံနှံ့ကျော်စောရခြင်း တည်းဟူသော ယသ ဘုန်းတော်၊
(ဃ)   အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပါယ်တော်မူလှခြင်း တည်းဟူသော သိရီ  ဘုန်းတော်၊
(င)    အလိုရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမ ဘုန်းတော် ၊
(စ)    အရဟတ္တမဂ်ဥာဏ် ၊ သဗ္ဗညုတဥာဏ်တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင်ကြီးမားသော ဝီရိယတော် တည်းဟူသော  ပယတ္တ ဘုန်းတော် ၊
လောကသုံးပါး
ကျမ်းဂန်လာ စာစကားအားဖြင့်
သက်ရှိ ရုပ်နာမ်ခန္ဓာ အစဉ်သည် သတ္တလောက။
သက်မဲ့ ရုပ်ဝတ္ထုများသည် သြကာသလောက။
သက်ရှိ သက်မဲ့နှစ်မျိုး၌ တည်ရှိသော ရုပ်နာမ်သဘောတရားများသည် သင်္ခါရလောက။

အရပ်စကားအားဖြင့်
လူနတ်တိရစ္ဆာန်စသော သက်ရှိသတ္တ၀ါအပေါင်းသည် သတ္တလောက။
ထိုသတ္တ၀ါတို့၏ တည်ရာဘုံဌာနများနှင့်တကွ သစ်ပင်၊ တော၊ တောင်၊ သမုဒ္ဒရာ စသည့် သက်မဲ့အရာ ၀တ္ထုများသည် သြကာသလောက။
ထိုသက်ရှိ သက်မဲ့ နှစ်မျိုးလုံး၌ ဖြစ်ပျက်နေသော သဘောတရားများသည် သင်္ခါရလောက။
ဝိဇ္ဇာ (၃)ပါး

ဝိဇ္ဇာ (၃)ပါး ဆိုတာ ပု-ဒိ- အာ ဆိုပြီး အလွယ်မှတ်နိုင်ပါတယ်၊
ပု- ဆိုတာက ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။
ပုဗ္ဗေနိဝါသ၊ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို။ အနုဿတိ၊ ပြန်လည်မြင်ယောင် မှတ်မိနိုင်သော။ အဘိဥာဏ၊ တန်ခိုး အဘိဥာဉ်။
ပုဗ္ဗေနိဝါသာနုဿတိဥာဏ်    ရှေးအတိတ်ဘ၀က ဘယ်လိုဘ၀တွေမှာ ဖြစ်ခဲ့တယ်၊ ဘယ်လိုနေရာ ဘုံဌာန တွေမှာ ခံစား စံစားခဲ့ရတယ် စသည်ဖြင့် အသေးစိတ် သိမြင်နိုင်သော တန်ခိုးအဘိဥာဉ်။

ဒိ- ဆိုတာက ဒိဗ္ဗစက္ခုဥာဏ်။
ဒိဗ္ဗစက္ခု၊ နတ်မျက်စိကဲ့သို့ မြင်နိုင်စွမ်းသော။ အဘိဥာဏ၊ အဘိဥာဉ်။
ဒိဗ္ဗစက္ခုဥာဏ်  ဘယ်လောက်ပင် တောတွေ၊ တောင်တွေ၊ နံရံတွေ ကာရံထားသည်ဖြစ်စေ နတ်မျက်စိကဲ့သို့  ထုတ်ချင်းပေါက် မြင်နိုင်စွမ်းသော တန်ခိုးအဘိဥာဉ်။

အာ -ဆိုတာကတော့ အာသ၀က္ခယဥာဏ်။
အာသ၀-ကိလေသာများ၊ ခယ-ကုန်ခမ်းသွားခြင်း
အာသ၀က္ခယဥာဏ်    ကိလေသာကုန်ခန်းကာ အရိယာဖြစ်သွားသူများမှာ ရရှိတတ်တဲ့ အာသ၀က္ခယအဘိဥာဉ်။

ဝိဇ္ဇာ ဆိုတာ ဥာဏ်အလင်းရခြင်း လို့ အဓိပ္ပါယ်ရပါတယ်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ မရောက်ခင် ညဥ့်ဦးယံအချိန်အခါမှာ ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်တော်ကို ရတော်မူပြီး၊ ညသန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်၊ မနက်လင်းအားကြီးအချိန်၊ အာရုံတက်ခါနီးမှာ အာသ၀က္ခယဥာဏ်တော်ကို ရတော်မူပြီး ဘုရားစင်စစ် ဧကန်ဖြစ်တော်မူပါတယ်၊

ဝိဇ္ဇာ ( ၈ ) ပါး

ဆောင်ပုဒ်။  ။ သုံးပါး ၀ိဇ္ဇာ၊ ပု-ဒိ-အာနှင့်၊ ၀ိဇ္ဇာရှစ်ရပ်၊ ၀ိပဿ်၊ စေတော၊ မနောမယိဒ်၊ ဒိနှင့် ဣဒ် ၊ ထည့်သိပ်                                          ရေတွက်လေ။
ဆိုလိုတာက အထက်ပါ သုံးပါးထဲကို နောက်ထပ် (၅)မျိုး ထပ်ပေါင်းလိုက်ခြင်းပဲ။

၁။  ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်
၂။ ဒိဗ္ဗစက္ခု အဘိညာဉ်
၃။ အာသ၀က္ခယ အဘိညာဉ် 
၎။ ၀ိပဿနာအဘိညာဉ် 
၅။ စေတောပရိယ အဘိညာဉ် 
၆။ မနောမယိဒ္ဓိ အဘိညာဉ်
၇။ ဒိဗ္ဗသောတ အဘိညာဉ် 
၈။ ဣဒ္ဓိ၀ိဓ အဘိညာဉ် 

၁။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဆိုတာက အတိတ်က ခန္ဓာအစဉ်ကို သိခြင်းပါပဲ။
၂။ ဒိဗ္ဗစက္ခု အဘိဥာဉ် ဆိုတာကတော့ နတ်မျက်စိကဲ့သို့ သိမြင်နိုင်ခြင်းပါ။
၃။ အာသ၀က္ခယ အဘိဥာဉ် ဆိုတာကတော့ အာသဝေါ ကုန်ခမ်းခြင်းပါ။
၎။  ၀ိပဿနာဥာဏ်ဆိုတာ တေဘူမက သင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တစသည့်ဖြင့် ရူတဲ့ဥာဏ်ကို ခေါ်ပါတယ်။
၅။ စေတောပရိယအဘိဥာဉ် ဆိုတာ သူတစ်ပါးရဲ့  စိတ်အကြံအစည်တွေကို သိနိုင်တာ။
၆။ မနောမယိဒ္ဓိ ဆိုတာ ကတော့ ခန္ဓာကိုယ် တစ်ခုပြီး တစ်ခု ဖန်ဆင်းခြင်း၊ အလိုရှိသလောက်ကြီးမားတဲ့ ခန္ဓာကိုယ်၊ သေးငယ်တဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်ခြင်းကို ဆိုလိုပါတယ်။
၇။ ဒိဗ္ဗသောတ အဘိဥာဉ် ဆိုတာ နတ်တို့ရဲ့  နားပမာ ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ  ကြားနိုင်ခြင်းပါ။
၈။  ဣဒ္ဓိ၀ိဓ အဘိဥာဉ် ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်ခြင်းပါ။

ဒီအထိက ၀ိဇ္ဇာ သုံးပါး၊ ၀ိဇ္ဇာရှစ်ပါး အကျယ် ဖြစ်ပါတယ်။

နောက်ထပ် စရဏ (၁၅)ပါး ဆိုတာကတော့ --

အကျဉ်းချုပ် မှတ်လိုရင်-
ဘော- ဇာ - သီ- ဣံ- ဈာန်လေးကြိမ်နှင့်၊  သူတော်ဥစ္စာ၊ ခုနှစ်ဖြာ၊ မှတ်ပါ စရဏ။
ဆိုပြီး ဆောင်ပုဒ်လေးနဲ့ ကပ်မှတ်နိုင်ပါတယ်။

သီ ဣံ ဘော ဇာ၊  သဒ္ဓမ္မာ၊ သတ္တရူပ၊  ဈာန်စတုက္က-  လို့လဲ ဆောင်ပုဒ် ရှိပါသေးတယ်။

အဓိပ္ပါယ်များကတော့ -
၁။       ဘော-ဆိုတာ ဘောဇန မတ္တညူ။
မဂ်ပေါက်ဖိုလ်ပေါက် အရိယာစခန်းကို တက်လှမ်းလိုတဲ့ ယောဂီသူတော်ကောင်းများဟာ အစာစားရာမှာ အတိုင်းအတာ ပမာဏကို သိရပါမယ်၊ ဒီအစားအစာက ကိုယ်နဲ့သင့်တော်ရဲ့လား၊ မသင့်တော်ဘူးလား၊ အများကြီးစားရင် ဗိုက်လေးပြီး ထိန မိဒ္ဓဖြစ်လာမယ်၊ အတက်စာတွေစားလိုက်ရင် ခေါင်းကိုက်နေပြီး ၀ိပဿနာ တရားမရူမှတ်နိုင်ပဲ ဖြစ်တတ်တာမို့ အစာစားရာမှာ ကိုယ့်ကိုယ်ကို အတိုင်းအတာ ပမာဏသိရပါမယ်။

၂။       ဇာ- ဆိုတာ ဇာဂရိယ အနုယုတ္တ။
ကမ္မဋ္ဌာန်းအားထုတ်နေချိန်မှာ အမြဲတမ်း နိုးနိုးကြားကြား သတိရှေ့ဆောင်နေရပါမယ်၊ လျော့တိလျော့ရဲ၊ ပျင်းရိစွာ မနေရပါဘူး၊ ၀တ်ကျေတန်းကျေ အားထုတ်နေတာမျိုး မဖြစ်ရပါဘူး လို့ ဆိုလိုပါတယ်။


 ၃။       သီ- ဆိုတာက သီလသံဝရ။
လူဖြစ်လျင် ငါးပါးသီလ၊ ရှစ်းပါးသီလ စတာတွေကို လုံခြုံအောင် ထိန်းသိမ်းရပါမယ်၊ ရဟန်းတော်များမှာလဲ သိက္ခာပုဒ်အသေးလေးတွေကအစ အာပတ်အကြီးစား ပါရာဇိကအာပတ်များအထိ စောင့်ထိန်းရပါမယ်၊ အဲလို စောင့်ထိန်းပြီးမှသာ တရားအားထုတ်သင့်ပါတယ်၊ ဘုရားသာသနာတော်မှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို အစဉ်အလိုက်ဖြည့်ကျင့်သင့်ပါတယ်၊ အစဉ်လိုက် ဖြည့်ကျင့်မှလဲ ထိရောက်သော အကျိုးရလဒ်ကို ရရှိစေမှာပါ။ ကိုယ်ကျင့်သီလ လုံပါမှ သမာဓိအားကောင်းထက်သန်လာပြီး ပညာဥာဏ်ရင့်သန်ကာ မဂ်ဖိုလ်စခန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်၊ အခြေခံ ကိုယ်ကျင့်သီလတောင်မှ မလုံခြုံပါဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို မမျှော်မှန်းနိင်ပါဘူး။

၎။       ဣံ- ဆိုတာ ဣန္ဒြိယေသု ဂုတ္တဒွါရ၊
မျက်စိအာရုံ၊ နားအာရုံ၊ နားခေါင်းအာရုံ၊ လျာအာရုံ၊ ကိုယ်ခန္ဓာအထိအတွေ့အာရုံ၊ စိတ်အာရုံဆိုတဲ့ အာရုံ(၆) ပါးကို ဣနြေ္ဒကြီးကြီး ၊ သတိကြီးကြီးထားပြီး စောင့်ထိန်းရပါမယ် တဲ့၊ စိတ်အလိုမလိုက်ရဘူး လို့ ဆိုလိုပါတယ်။
မျက်စိက မြင်ချင်တာမြင်၊ ကြည့်ချင်တာ ကြည့်ပြီး တဏှာရာဂစိတ်၊ အကုသိုလ်စိတ်ဖြစ်နေတာမျိုး၊ အကြားအာရုံ၊ အနံ့ အာရုံ၊  အရသာကောင်းကောင်းနဲ့ ဆုံလို့ လောဘရမ္မက် တက်မက်စိတ်ဖြစ်နေတာမျိုး၊ အထူးသဖြင့် ကိုယ့်စိတ်ကိုလဲ အလိုလိုက်ပြီး   ဖြစ်ချင်တာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထားတာမျိုးမဖြစ်စေပဲထိန်းချုပ်ခြင်းကို ဣန္ဒြိယေသု ဂုတ္တဒွါရ- ဣနြေ္ဒတွေ ကို စောင့်ထိန်းတယ် လို့ ခေါ်ပါတယ်။

ဈာန်လေးကြိမ်ဆိုတာ
၅။ ပထမဈာန်၊
၆။ ဒုတိယဈာန်၊
၇။ တတိယဈာန်၊
၈။ စတုတ္ထဈာန် စတဲ့ ဈာန်များကို ရရှိခြင်း၊ ရရှိအောင် ကျင့်ကြံအားထုတ်ခြင်းကို ဆိုလိုပါတယ်။

သူတော်ဥစ္စာ ခုနှစ်ဖြာဆိုတာ
၉။       နံပါတ် (၁) ရတနာသုံးပါးအပေါ်မှာ ယုံကြည်သက်ဝင်တဲ့ သဒ္ဓါ။
သဒ္ဓါဆိုတာ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ် လို့ ကံနဲ့ ကံရဲ့ အကျိုးတရားကို ယုံကြည်တာကို သဒ္ဓါလို့ ခေါ်ပါတယ်။

 ၁၀။     နံပါတ် (၂) သီလ။
သီလ- ဆိုတာ အထက်က ပြောခဲ့တဲ့ ငါးပါး၊ ရှစ်ပါးစတဲ့ သီလကိုပဲ ရည်ရွယ်ပါတယ်၊ ဒီနေရာမှာတော့ သာသနာပအခါမှာ စောင့်ထိန်းနိုင်တဲ့ သီလတွေလဲ အကျုံးဝင်ပါတယ်။ နံပါတ် ၃ မှာဖော်ပြခဲ့တဲ့ သီလတွေက ရဟန်းတော်တွေမှာ သာသနာပအခါ စောင့်ထိန်းရမယ့် သီလ မရှိပါဘူး၊  သာသနာပအခါမှာ သံဃာဆိုတာ မရှိနိုင်တဲ့ အတွက်ကြောင့်ပါ။ လူတို့စောင့်ထိန်းအပ်တဲ့ ငါးပါးရှစ်ပါးသီလတွေသာ သာသနာပ၊ သာသနာတွင်းရှိနိုင်ပါတယ်။

 ၁၁။     နံပါတ် (၃) ဟိရီ။
ဟိရီ- မကောင်းမှုမှန်သမျှကို လူရှေ့မှာဖြစ်စေ၊ မမြင်ကွယ်ရာ မှာဖြစ်စေ ကိုယ့်လိပ်ပြာ ကိုယ်လုံပြီး ပြုလုပ်ရမှာ ရှက်ရွံ့တတ်တဲ့တရားကို ဟိရီလို့ခေါ်ပါတယ်၊ အထူးသဖြင့် ဘယ်သူမှ မသိဘူး ဆိုသော်လည်း ကိုယ်စောင့်နတ်များ၊ သာသနာကို ကြည်ညိုကြတဲ့နတ်ဗြဟ္မာများ၊ တန်ခိုးကြီးတဲ့ နတ်များက ကိုယ်မကောင်းမှုလုပ်တာကို သိနေမြင်နေကြရ တာမို့ မလုပ်မိအောင် ရှောင်ရပါမယ်။

၁၂။     နံပါတ် (၄) သြတပ္ပ။
သြတပ္ပ- မကောင်းမှုမှန်သမျှကို လုပ်ရမှာ ကြောက်လန့်တတ်တဲ့စိတ်ကို ခေါ်ပါတယ်။

၁၃။     နံပါတ် (၅) သုတ။
သုတ-  ဘာသာရေး အသိပညာစသော သံသရာမှ ထွက်မြောက်ကြောင်း သူတော်ကောင်းတရားမှန်သမျှကို တတ်သိ နားလည်နိုင်ခြင်းပါ။

၁၄။     နံပါတ် (၆) စာဂ။
စာဂ- သူတပါးအပေါ် ပေးကမ်းစွန့်ကျဲခြင်း၊ သာသနာတွင်းဖြစ်လျင် စေတနာထက်သန်စွာဖြင့် လှူဒါန်းခြင်း ဖြစ်ပါတယ်။

၁၃။     နံပါတ် (၇) ပညာ။
ပညာ- ဆိုတာ သံသရာမှထွက်မြောက်စေနိုင်သော သူတော်ကောင်း တရားမှန်သမျှကို တတ်သိနားလည်ခြင်း၊ နားလည်ရုံမျှ မကပဲ ကျင့်ကြံအားထုတ်ခြင်း၊ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ များကို လေ့လာဆည်းပူး အားထုတ်ခြင်း စတဲ့  မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့ ပညာများအားလုံးကို ရည်ရွယ်ပါတယ်။

အကျဉ်းချုပ် ကတော့--
ဘော- ဇာ - သီ- ဣံ လေးပါးနှင့်၊ ဈာန် လေးပါး၊ ပေါင်း (၈) ပါးကို
နောက်ထပ် သူတော်ကောင်းတရား (၇) ပါးပေါင်းထည့်လျင် စရဏ (၁၅) ပါးပြည့်သွားပါတယ်။
ဒါလောက်ဆိုလျင် စရဏ (၁၅)ပါး အားလုံးပြည့်စုံသွားပါပြီ။

အထက်မှာ ဆိုခဲ့သော ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးကို ဘုရားဂုဏ်တော်ကိုးပါးတွင် ပါဝင်သော ၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်မှာ ထည့်သွင်းထားတာမို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဂုဏ်တော်အားလုံးနှင့် ပြည့်စုံတော် မူပါတယ်၊ အဲဒီလို ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြု ရည်မှန်းကာ ဖြည့်ကျင့် ပွားများနိုင်ပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။


မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းတင်ပြသည်။














Sunday, June 8, 2014 | 0 comments | Labels: ,
ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အခြာဒေသမှာ ချင်းတွင်းမြစ်ဖျား နှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတ၀ိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃ံ ၃၇' နှင့် ၂၈ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၆ံ နှင့် ၉၈ံ ၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကချင်လူမျိုး ဦးရေမှာ ၁၅၃၀၀၀ ကျော် ရှိသည်။ ထိုအရေအတွက်တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သော ဒေသများလည်း ရှိခဲ့သည်။ ကချင်ပြည်နယ်တွင် မူလ အရင်းခံ နေထိုင်ခဲ့ကြသော စုစုပေါင်းလူမျိုး ၆ မျိုးပေါင်းကာ ကချင်လူမျိုး ဟုခေါ်ဆိုသည်။ ၄င်းလူမျိုး ၆မျိုးမှာ ဂျိမ်းဖော၊ လီဆူး၊ ဇိုင်ဝါ၊ လောေ်ဝါ်၊ လချိပ် နှင့် ရဝမ် လူမျိုးတို့ ဖြစ်ကြသည်။

ကချင်တို့၏ မူလဇစ်မြစ်

ကချင်လူမျိုးတို့မှာ တိဗက် - မြန်မာ အနွယ်ဝင်များ ဖြစ်ကြ၍ မြန်မာလူမျိုးတို့နှင့် ဘိုးစဉ် ဘောင်ဆက်မှစ၍ မျိုးရိုး တစ်ခုတည်း ဆင်းသက်လာခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ဂရဘုံ ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပါယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ်(မကြာမှီက ငလျင်အပြင်းအထန်လှုပ်ခဲ့သည့်ဒေသ) အကြားရှိ ကုန်းမြင့်ဒေသပင် ဖြစ်ဟန်တူပေသည်။

ရွှေ့ပြောင်းနေထိုင်လာပုံ

ကချင်မျိုးနွယ်တို့သည် တိဗက်တိုဘားမန်း(တိဗက်မြန်မာ)အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းသို့ နောက်အကျဆုံး ၀င်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာအများစုကဲ့သို့ အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဖက် စစ်ကိုင်းတိုင်း အနောက်ဖက် ဒေသများမှ ၀င်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဖက်စူစူးမှ ၀င်ရောက် လာသည်ဟုဆိုကြပါသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများဆိုသလိုကွဲပြားခဲ့ကြရပါသည်။ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ် ၊ မြန်မာ ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတ၀ိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင် သာသည့်အလျှောက် တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း  မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ ပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့ ၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၎င်း ၊ အနောက်တောင်ဘက် ဒရုချက်သို့၎င်း ၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ် ၊ တြိဂံနယ် အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။

အမည်

ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျင်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ လူတစ်ယောက် ဟု အဓိပ္ပါယ် ရှိသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ယေဂျင် ” ဟု ခေါ်ကြသည်။ အဓိပ္ပါယ်မှာ “ လူရိုင်း ” ဟု ရရှိသည်။ ယဉ်ကျေးသော နောက်ထပ် တရုတ်တို့၏ အခေါ်အဝေါ်တစ်ခုမှာ “ ရှန်ထို ” ဟု ဖြစ်သည်။ တောင်ထိပ်သား ဟု အဓိပ္ပါယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံန၀ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။

ကချင် အုပ်စုကွဲများ

ဂျင်းဖောဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို ဂျင်းဖောဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခု ” ဟု ခေါ်ကြသည်။ ခခု ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပါယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ၀ချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ၀ချက်ဝမှာ သားငါးဦး ရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆို ရှိသည်။ 
ထိုသူတို့မှာ မရစ် လထော လဖိုင် အင်ခုမ် နှင့် မရမ် တို့ ဖြစ်ကြသည်။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကြသော မရစ်အုပ်စုမှာ ၄င်းတို့ လူမျိုးစုထဲတွင် ၀ါအရင့်ဆုံး ဖြစ်၍ လဖိုင်အုပ်စုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု (၅) စုတို့သည် ရှေးယခင်အခါက လူမျိုးချင်း ရောယှက်ကာ အတူတကွ နေထိုင်လေ့ ရှိခဲ့ကြသည်။ အဆိုပါ အုပ်စုကြီး (၅) ခုအပြင် ဖခင်ကြီး ၀ချက်ဝ၏ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဆိုသော အခြား လူမျိုးအုပ်စု (၁၅) လည်း ရှိသေးသော်လည်း ထင်ရှားခြင်း မရှိကြချေ။

ဓလေ့ထုံးစံများ

ကချင်လူမျိုးတို့သည် အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သော လူမျိုးများ ဖြစ်ကြသည်။ ကျေးရွာများတွင် ဒုမ်ခဆိုသော နတ်ဆရာမှာ အထူးအရေးပါ အရာရောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ မင်္ဂလာဆောင်သော အခါတွင်၎င်း ၊ တစ်စုံတစ်ယောက် သေဆုံး၍ သဂြိုံဟ်မည့်အခါတွင်၎င်း ဒုမ်ခ နတ်ဆရာက ညွှန်ပြ ရှေ့ဆောင်ရသည်။ ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလိုင်း ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလိုင်းကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း ၊ သာရေးနာရေး ကိစ္စများ၌ ဦးဆောင်ကြလေသည်။ ဒူးဝါးဟုခေါ်သော အကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကြသည်။ ကိုလိုနီခေတ်တွင် တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလိုင်း နှင့် ဒူးဝါးတို့ ကြားတွင် ရှိလေသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူးဝါးတို့ကို ဆက်သွယ်ပေးရသူ ဖြစ်သည်။ ကချင်လူမျိုးတို့တွင် မူရင်းစာပေ မရှိကြချေ။ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များက ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့ကြသည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍ မဖြစ်သောအခေါ်အဝေါ်များကို မြန်မာစကားဖြင့်၎င်း ၊ ရှမ်းစကားဖြင့်၎င်း ခေါ်ဝေါ်ကြသည်။

အဆိုအကနှင့် တူရိယာများ

ကချင်လူမျိုးများသည် ကခုတ်ခြင်း ၊ သီဆိုခြင်းများတွင် အထူး ၀ါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာ ပွဲများတွင်၎င်း ၊ အသုဘကြုံသည့် အခါတွင်၎င်း ၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့် မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေး ယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီး တစ်ခုမှာ “ မနောပွဲ” ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း ၊ လင်းကွင်း ၊ ဗုံရှည် နှင့် ပလွေတို့ကို တီးမှုတ်လေ့ရှိသည်။

မနောပွဲ

မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ ပွဲတော်ကျင်းထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို ဇန်န၀ါရီလ တွင် ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများဝတ်ဆင်ထားသော ကချင်အမျိုးသား အမျိုးသမီး တို့သည် မတ်တပ်ရပ်၍ လှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။

ဘာသာ

ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀၀ကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြ သည့်တိုင် မနောတိုင် မှာထင်ရှားသည့်ရိုးရာအမှတ်အသားအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။

အယူဝါဒ

ကချင်လူမျိုးများ သေလျှင် သူတို့ သချိုံင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သချိုံင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ၀ိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ၀ိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး ၊ လှံ ၊ သေနတ်နှင့် အ၀တ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။

စာပေ

ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြု ရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် အင်္ဂလိပ်အက္ခရာများအသုံး ပြုပြီး တီထွင်ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင် စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုရမ်ဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့် ပုံနှိုပ်တိုက်လည်းတည်ရှိသည်။
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။

Thursday, September 29, 2011 | 0 comments | Labels:
      “လူတယောက်ရဲ့တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” ဟူ၍ ဆရာ ဗန်းမော်တင်အောင်က တခါက ဆိုခဲ့ဖူးသည်။
     မှန်ပေသည်။ ယနေ့မြန်မာစာပေသမိုင်း၌ ဝတ္ထုစာအုပ်များနေ့စဉ်ထွက်ရှိနေသော်လည်း အကြောင်းအရာအားဖြင့်လည်းကောင်း၊ အတွေးအခေါ် အမြော်အမြင်အားဖြင့်လည်းကောင်း၊ အရေးအသား အဖွဲ့အနွဲ့အားဖြင့်လည်းကောင်း၊ လေးနက်မှု၊ သိမ်မွေ့မှု၊ အရေးအသားညံ့ဖျင်းမှု စသည့် အားနည်းနေမှုများကြောင့် အရှည်သဖြင့် မတည်တံ့နိုင်ဘဲ ခုမြင်ခုပျောက်ဆိုသလို စာလည်းပျောက် လူလည်းတိမ်မြှုပ်သွားခဲ့ကြရသည်။ သို့သော် မိုးမိုး(အင်းလျား)၏ ဝတ္ထုများသည် ယနေ့တိုင် ဂန္တဝင်မှတ်ကျောက်အတင်ခံနိုင်ခဲ့သည်မှာ သိင်္ဂီရွှေရည်လို အရည်မီအောင် ရေးဖွဲ့သီကုံးနိုင်ခဲ့သောကြောင့်ဟု ဆိုရပေမည်။
     
     သူရေးခဲ့သော “ပျောက်သောလမ်းမှာ စမ်းတဝါး” သည် မြို့နေပညာတတ် အလုပ်လက်မဲ့ အိမ်ထောင်ရေးကိုလည်းကောင်း၊ “ပွင့်တချို့ကြွေတချို့” တွင် မြို့တော်နေ ပညာတတ် အမျိုးသမီးကလေးအချို့၏ ဘဝကိုလည်းကောင်း၊ “ရွက်လှပန်း” တွင် မိသားစုအတွင်းရေး ဖြစ်ရပ်ကိုလည်းကောင်း၊ “ငပလီဇာတ်လမ်း” တွင် မြို့ပေါ် အထက်တန်းလွှာဖြစ်ရပ်ကို လည်းကောင်း၊ “အချစ်ဆိုသောအရာ” တွင် ဂီတလောက နောက်ခံဇာတ်လမ်းကိုလည်းကောင်း၊ “ဘယ်သူလာကူပါ့မယ်” တွင် မလွှဲမရှောင်သာသဖြင့် မှောင်ခိုလုပ်ငန်းလုပ်ရသောဘဝကို လည်းကောင်း၊မှတပါးအခြားမရှိပြီ တွင် မိခင်တဦး၏ မုဆိုးမဘဝတွင် သားသမီးများကို ပြုစုပျိုးထောင်ပုံ၊ သားသမီးများက မိခင်အပေါ် တုံ့ပြန်ပုံနှင့် မိခင်တဦး၏ အနန္တမေတ္တာကို လည်းကောင်း ဖွဲ့ဆိုထားပေသည်။
      

       ထို့ကြောင့်ပင် သူရေးသားခဲ့သော “ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထုသည် ၁၉၇၄ ခုနှစ်အတွက် အမျိုးသားစာပေ(ဝတ္ထုရှည်)ဆုကို ရရှိခဲ့သည်။
          ဆုပေးပွဲ၌ မိုးမိုး(အင်းလျား) က
          “ကျွန်မတို့အနေနဲ့ နေ့စဉ်ရင်ဆိုင် တွေ့ကြုံနေရတဲ့ လူ့ဘဝအကြောင်းအရာလေးတွေဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ အမြဲရှိနေပါတယ်။ ဒီအကြောင်းတွေ အရာလေးတွေဟာ ကျွန်မတို့ အစွမ်းရှိလျှင် ရှိသလောက် ရေးမကုန်နိုင်အောင် များပြားလှပါတယ်။ ဒီအကြောင်းအရာလေးတွေကို အခြေတည်ပြီး ရေးခဲ့လို့၊ ကျွန်မအနေနဲ့ ခုလို ပြည်သူရဲ့ အားပေးချီးမြှင့်မှုကိုရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ရှေ့ကိုလည်း ဆက်လက်ပြီး ကျွန်မတို့ရဲ့လူမှုဝန်းကျင်က အဖြစ်အပျက်ကလေးတွေကို အခြေတည်ပြီး အစွမ်းရှိသမျှ ရေးဖွဲ့သွားဖို့ ကျွန်မမှာ ရည်ရွယ်ချက် ရှိပါတယ်” ဟူ၍ ပြောကြားခဲ့လေသည်။
  

     ထိုရည်ရွက်ချက်အတိုင်းပင်လျှင် မိုးမိုးသည် သူရေးသားသော ဝတ္ထုရှည်၊ ဝတ္ထုတိုတို့၌ လူမှုပတ်ဝန်းကျင်အကြောင်းကို အစဉ်တစိုက် ရေးသားခဲ့သည်။ သူ၏ ပထမဆုံးဝတ္ထုရှည်ဖြစ်သော ဤ “ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထု၏အမှာစာ၌ပင် -
          “ကျွန်မတွင် ရေးစရာ အများအပြား  ရှိပါသည်။ ထိုရေးစရာများမှာလည်း ကျွန်မ၏ နုနယ်သေးသော အတွေ့အကြုံအရ ဖွဲ့နွဲ့သောဇာတ်လမ်းနှင့် မရင့်ကျက်သေးသည့် အတွေးအခေါ် ရည်ရွယ်ချက်များတွင်သာ အကျုံးဝင်နေပါလိမ့်မည်။ ကျွန်မသည် အမျိုးသမီးတယောက်ဖြစ်သည့် အားလျော်စွာ ယနေ့ခေတ်နှင့်အညီ သွားလာလှုပ်ရှားနေကြသော အမျိုးသမီးငယ်တို့၏ ဘဝ အခက်အခဲများကိုလည်း သိရှိခံစားနေရပါသည်။ စာရေးမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကလောင် ကိုင်တိုင်း အဆိုပါအတွေ့အကြုံတို့ပင် အခြေခံသည့် အကြောင်းအရာ အဖြစ်အပျက်တို့ကို ရေးသားခဲ့ရပါသည်။
     စင်စစ် ဤသို့ပင် ဖြစ်ထိုက်သည်ဟု ကျွန်မ ယုံကြည်မိပါသည်။ စားဝတ်နေရေး၊ ခက်ခဲမှုများဖြင့် ပြွမ်းတီးနေသည့် ပတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှဆိုသလို ကျင်လည်နေရသူ တဦး၏ကလောင်မှ ဂိုယာနံ့သင်းသော၊ ပိုးဖဲ ကတ္တီပါဖုံးလွှမ်းသော၊ ချစ်စိတ်ပြည့်လျှံသော၊ ဆွတ်ပျံ့ လွမ်းမောဖွယ်သော အကြောင်းအရာ အဖြစ်အပျက်တို့ ထွက်ပေါ်မလာသည်မှာ သဘာဝကျပါ လိမ့်မည်” ဟူ၍ အမှာရေးထားသည်။
         

      “ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထုရှည်သည် ချစ်ခင်ကြင်နာမှု၊ စေတနာ ဝေဖြာမှုတို့ကို အခြေပြု၍ အိမ်ထောင်တခုကို တည်ဆောက်လျှင် သာယာချမ်းမြေ့ခြင်းနှင့် ပြီးပြည့်စုံမည်ဟု ထင်မြင်မျှော်မှန်း၍ လက်ထပ်ခဲ့ကြသော ချစ်သူနှစ်ဦးမှာ စီးပွားရေးနှင့် နေရေး ထိုင်ရေး၊ ဆွေရေးမျိုးရေး စသော လူမျိုးရေး ပြဿနာများကြောင့် အဆင်မပြေဖြစ်ရပုံကို တင်ပြထားသည်။ မင်္ဂလာဧည့်စရိတ်ကို သတို့သားက ချေးငှားနေရ၍ ဧည့်ခံပွဲတွင် သတို့သမီးခမျာ ရင်မောနေရပုံ၊ မင်္ဂလာဦးညမှာပင် ဘယ်အိမ် အိပ်ရမှန်းမသိဖြစ်ရပုံအစ အိမ်ထောင်ရှင်ဘဝတွင် မိန်းကလေးသည် ယောက္ခမ၊ ယောက်မနှင့် ယောက်ျားလေး၏ မွေးချင်းမိဘအသိုင်းအဝိုင်း၌ စိတ်ညစ်ရပုံများ၊ အိမ်ခွဲနေရန် ကြိုးပမ်းသောအခါ၌လည်း အိမ်စပေါ်ပေးရေးကိစ္စ၊ ရသည့်လစာနှင့် မလုံလောက်သည့်ကိစ္စ၊ ကိုယ်ဝန်ဆောင်စဉ် ခံစားရသောဒုက္ခ၊ ကလေးမွေးဖွားလာသောအခါ ပြုစုစောင့်ရှောက်မည့်သူ မရှိသဖြင့် အိမ်ထောင်ရှင်ဘဝ၌ ဇနီးမောင်နှံ နှစ်ဦးဒုက္ခသံသရာထဲ တဝဲလည်လည်နေရပုံတို့ကို ဇာတ်အိမ်ဖွဲ့ထားသည်။

သူ၏ “ပျေက်သောလမ်းမှာ စမ်းတဝါး” ကို ဆုပေးသော အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ၊ (ဝတ္ထုရှည်ဘာသာရပ်အဖွဲ့ငယ်)က “ဤဝတ္ထုရှည်သည် နေရေး ထိုင်ရေး၊ ဆွေရေး မျိုးရေးကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်ရသော လူငယ်ဇနီးမောင်နှံနှစ်ဦး၏ ဘဝကို ပီပြင်အောင် ဖွဲ့ဆိုနိုင်သည်။ ဘဝအခြေအနေအရ ချို့တဲ့၍ မဖြစ်မနေ ရင်ဆိုင်ရုန်းကန်မည် ဟူသော အပြုသဘောအားနည်းသော်လည်း နဂိုအခြေအနေမှန်ကို သရုပ်ပေါ်အောင် ဖော်ပြနိုင်စွမ်းရှိသည်။ အရေးအသား ပြေပြစ်ကောင်းမွန်၍ ဆွဲဆောင်မှုရှိသည်ဟု ထင်မြင်ယူဆကြပါသည်” ဟူ၍ မှတ်ချက်ပေးထားသည်။
“ပျောက်သောလမ်းမှာ စမ်းတဝါး” ၀တ္ထုဆုရစဉ်က မိုးမိုး(အင်းလျား)သည် လမ်းစဉ်ပါတီ သုတေသနဌာနတွင် သုတေသနလက်ထောက်အဖြစ် အမှုထမ်းလျက်ရှိသည်။ ၁၉၇၇ ခု နိုဝင်ဘာလ၌ သူအား မြန်မာစာပေ သုတေသီ ဂျာမန်အမျိုးသမီး ဒေါက်တာ အင်နီမာရီအက်ရှယ် (မြန်မာအမည် ဒေါ်နှင်းဆီ) နှင့် မိတ်ဆက်ပေးစဉ်က ပိန်ပိန်သွယ်သွယ်ဖြစ်သော်လည်း နောက်ပိုင်းတွင် ဝဖြိုးတုတ်ခိုင်လာသောဟန်ပန်ကို သတိပြုမိသည်။ မိုးမိုးသည် အသားညို၍ မျက်လုံး မျက်ဖန်ကောင်းသည်။ စကားပြောပုံ အေးဆေးသည်။ ယဉ်ကျေးသိမ်မွေ့၍ အေးအေးဆေးဆေး နေလိုဟန်ရှိသည်။ ဂျာမန်အမျိုးသမီးနှင့်မိတ်ဆက်စဉ်က သူနှင့်အတူ ဆရာမ သာယာဝတီ စမ်းစမ်းနွဲ့လည်း လိုက်ပါလာသည်။ ဂျာမန်အမျိုးသမီးကြီးက “သူ့ဝတ္ထုများသည် ခေတ်ပြိုင်လူမှုရေးဘဝ (ဝါ) မျက်မှောက်ခေတ် သာမန်ပြည်သူအများစု၏ဘဝကို ထင်ဟပ် ရေးဖွဲ့နိုင်သည့်အတွက် ခေတ်ပြိုင်ဘဝသရုပ်ဖော် ဝတ္ထုရေးဆရာမ” ဟု ချီးကျူးပြောဆိုခဲ့သည်။
မှန်ပေသည်။ မိုးမိုးသည် သာမန် လူမှုဘဝပတ်ဝန်းကျင်ကိုစာနာ၍ သူတို့ရုန်းကန်ပုံ အမျိုးမျိုး၊ သူတို့ဘဝလှုပ်ရှားဖြတ်သန်းပုံ အဖုံဖုံ၊ သူတို့အလှ အသွယ်သွယ်ကို ထဲထဲဝင်ဝင် လေ့လာကာ ပကတိဖြစ်စဉ်အတိုင်း ရိုးရိုးကလေး တင်ပြလေ့ရှိသည်။ ထို့ကြောင့်ပင် အခြားဝတ္ထုများကဲ့သို့ အဖွဲ့အနွဲ့ အကွန့်အညွန့် မပါသော်လည်း တကယ်ဖြစ်ပျက်နေသည့်အလား အသက်ပါလှပေသည်။ လူ့ဘဝနှင့်နီးစပ်၍ သဘာဝကျနေခြင်း ဖြစ်သည်။
မိုးမိုး(အင်းလျား)သည် သူပြောချင်သောအကြောင်းကို လွယ်လွယ်ပြော၏။ ရှင်းရှင်း ရေး၏။ စာဖတ်သူတို့နားလည်အောင် လိုရင်းအနှစ်ချုပ် တင်ပြတတ်၏။ စင်စစ် သဘာဝအလှကို တင်ပြရန် ခံစားတတ်ရ၏။ ခံစားတတ်သော “ဉာဉ်” မိုးမိုးတွင် ရှိ၏။ ထိုသို့ခံစားရန် အကြောင်းခံတို့သည် မိုးမိုး၏ ပတ်ဝန်းကျင်တွင်ရှိ၏။ ခံစားတတ်ဖို့အတွက် ကြည့်တတ်မြင်တတ် နည်းလည်တတ် နာယူတတ်သော အသိရှိရ၏။ ထိုအသိမျိုး မိုးမိုးတွင် ရှိ၏။ လူတို့ နားလည်နိုင်သောစကားဖြင့် ပြေပြစ်အောင် ရေးသားထားသော စာကို “စကားပြေ” ဟု ခေါ်ပေရာ၊ မိုးမိုးသည် သူ့ခံစားချက်တို့ကို စကားပြေဖြင့် စာဖတ်သူအား အဆင့်တင်ပြရေးဖွဲ့၏။ ဤသို့ဖြင့် မိုးမိုး၏စာတို့သည် စာဖတ်ပရိသတ်ရင်ကို စွဲကိုင်လှုပ်ခတ်လာသည်ဟု ဆိုချင်ပါသည်။
ထိုကြောင့်လည်း ဆရာဇော်ဂျီက …
“လေးစားအပ်သော စာမျိုးဖြစ်မြောက်လာရေးအတွက် ကလောင်စွမ်းရည်ကို လည်းကောင်း၊ ကိုယ်နှုတ်နှလုံး အတွေ့အကြုံကိုလည်းကောင်း လိုအပ်သည်မှာ ထင်ရှားသည်။ တဖန် ထိုအင်္ဂါနှစ်ပါးနှင့် ပြည့်စုံနိုင်စရာအကြောင်းရှိသည်။ ထို့ကြောင့်သာလျှင် လေးစားအပ်သော စာမျိုးဖြစ်မြောက်လာအောင် ရေးသောအခါ ဉာဏ်ထုတ်၍၊ ဝိရိယထုတ်၍ ရေးကြရမည်သာ ဖြစ်သည်” ဟု သူ၏ “ရသစာပေအဖွင့်” စာအုပ်တွင် မိန့်ဆိုဖူး၏။
အနုပညာဆိုသည်မှာ ဆရာဇော်ဂျီပြောသလိုပင် ဘာအကြောင်းပဲ ရေးရေး၊ ကိုယ်တိုင် ပြချင်သော အကြောင်းအရာကို ပရိတ်သတ်ထံသို့ သိမ်မွေ့နူးညံ့စွာ ရောက်လေလေ အနုပညာမြောက်လေလေဖြစ်သည်။
စာရေးဆရာသည် သူမြင်သော အကြောင်းကိုတင်ပြရာတွင် တိုက်ရိုက်တင်ပြ၍လည်း ရေးသည်။ သွယ်ဝိုက်၍လည်း ရေးသည်။ ဘယ်ချောက်ကာ ညာလှမ်းသလိုလည်း ရေးသည်။ မိုးမိုးသည် သွယ်ဝိုက်၍ ရေးတတ်သူဖြစ်သည်။ အစီအစဉ်ချ၍လည်း ရေးတတ်သူဖြစ်သည်။ မည်သို့ပင်ရေးရေး သူ့ကိုယ်စား ပြုရေးသားခဲ့သော ဇာတ်ဆောင်များအပေါ်ထားရှိခဲ့သည့် သူ၏ စေတနာ၊ သူတို့ကိုယ်စား ပြောပြချင်သော ရင်ထဲက အကြောင်းအရာ၊ ဝတ္ထုထဲက ဇာတ်ဆောင်များ၏ဘဝကို စာဖတ်သူကိုယ်တိုင် ခံစားနားလည်စေချင်သည့် သူ၏စေတနာသည် အမြဲထာဝရ ခိုင်မာစွာ တည်ရှိနေခဲ့သည့်အကြောင်းကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလထုတ် စာပေ ဂျာနယ်တွင် “စေတနာ မမှားခဲ့ပါ” ခေါင်းစဉ်ဖြင့် မိုးမိုးက -

“ကျွန်မ၏ မေ့လျော့ပေါ့ဆမှုကြောင့် ကျွန်မ၏စာတွေထဲမှာ အချက်အလက်အချို့ မှားကောင်းမှားခဲ့မိသည် ဖြစ်သော်လည်း ကျွန်မ၏ ထိုစေတနာ အရင်းခံ အကြောင်းအချက်များကတော့ မမှားခဲ့သေးပါဟု စိတ်တွင်သန့်ရှင်းစွာ ယုံကြည်နေဆဲပင် ဖြစ်ပါ၏” ဟူ၍ ရေးသားထားလေသည်။
သို့ကလို ပြည်သူဘက်မှာ ထာဝစဉ်ရပ်တည်၍ ပြည်သူတို့၏ ခံစားမှု ဝေဒနာကို ပီပြင်စွာ ရေးဖွဲ့နိုင်မှုကြောင့် သူ၏ လူမှုပတ်ဝန်းကျင် ဝတ္ထုများသည် စာဖတ်ပရိတ်သတ်များ အားပေး နှစ်သက်မှုကို ရယူနိုင်ခဲ့သည်။
မိုးမိုး(အင်းလျား)သည် ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်တွင် ပညာသင်ကြားရင်း နေထိုင်ခဲ့ဖူးသောကြောင့် မိုးမိုး(အင်းလျား)ဟူသော ကလောင်အမည်ကို ယူခြင်းဖြစ်သည်။ သူ၏ အမည်အရင်းမှာ ဒေါ်စန်းစန်း ဖြစ်သည်။ သူ့ကို ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် အဖ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့မှ ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက် အင်္ဂါနေ့၌ ဖွားမြင်ခဲ့သည်။ မလိခ၏ မြန်မာဝတ္ထုအညွန်း (၆) တွင် ၁၉၄၅ ခုနှစ် သြဂုတ် ၂၁ ဟု ဖော်ပြထားသည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွင် ပညာသင်ရင်း ကဗျာ၊ ဝတ္ထုနှင့် ဆောင်းပါးများကို စတင် ရေးသားခဲ့သည်။
မိုးမိုး(အင်းလျား) ကလောင်အမည်ဖြင့် စ၍ရေးသည်မှာ ၁၉၆၅ ခုနှစ် မတ်လထုတ် တိုင်းရင်းမေ ဂျာနယ်၌ “ရွက်လှပန်းကလေး ကိုယ့်ဘဝ” ကဗျာဖြစ်သည်။ သူ၏ပထမဆုံး ပုံနှိပ်ခဲ့သော ဝတ္ထုတိုမှာ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလထုတ် ငွေတာရီ မဂ္ဂဇင်းပါ “အိမ်နီးချင်း” ဖြစ်ပြီး မကွယ်လွန်မီအထိ နောက်ဆုံးရေးသားဖောပြခဲ့သော ဝတ္ထုမှာ ၁၉၉၀ မတ်လထုတ် စံပယ်ဖြူ မဂ္ဂဇင်းပါ “သိက္ခာရှိတဲ့ မုန့်ဟင်းခါး” ဖြစ်ပါသည်။
သူ၏ ပထမဆုံးလုံချင်းဝတ္ထုရှည်မှာ ၁၉၇၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိခဲ့သည့် “ပျောက်သောလမ်းမှား စမ်းတဝါး” ဖြစ်ပြီး နောက်ဆုံးထုတ်ဝေခဲ့သည့် လုံးချင်းဝတ္ထုရှည်မှာ ၁၉၈၇ ခုနှစ်၊ ဧပြီလ၌ ထုတ်ဝေသည့် “ခံတက်နုလေးတွေ ညှိုးချိန်တန်တော့” စာအုပ်ဖြစ်သည်။
သူသည် အမျိုးသားစာပေဆုကို ၁၉၇၄ ၏ ၁၉၈၀၊ ၁၉၈၂၊ ၁၉၈၆ ခုနှစ်များတွင် ၄ ကြိမ် တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သည်။
ခေတ်ပြိုင်ခံစားမှု ဘဝသရုပ်ဖော်ကို ဖွဲ့ဆိုခဲ့သည့် သူ၏အနုပညာ လက်ရာများမှာ ပြည်တွင်းသာမက ပြည်ပနိုင်ငံများဖြစ်သော ရုရှား၊ ဂျပန်၊ အင်္ဂလန်တို့အထိ စိမ့်ဝင်ထိုးဖောက် နိုင်ခဲ့သည်။
မိုးမိုး(အင်းလျား) သည် ဝတ္ထုအမည်ပေးပုံမှာလည်း တမူထူးခြားသည်။ သူ့ဝတ္ထုများအနက် “သဗ္ဗေသတ္တာ အဝေရာဟောန္တု”(၁၉၇၈)၊ “မှတစ်ပါး အခြားမရှိပြီ” (၁၉၇၈)၊ “ရွှေတိဂုံကို မြင်လျှင်” (၁၉၇၉)၊ “ငြိမ်းကိုရှက်ပါ”(၁၉၈၀)၊ “ဂျိုး” (၁၉၈၀)၊ “သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ် ဆယ့်သုံးသွယ်”(၁၉၈၀)၊ “ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ”(၁၉၈၁)၊ “ပန်းရိုင်းတရာ”(၁၉၈၁)၊ “ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား”(၁၉၈၁)၊ “မသုဓမ္မစာရီ”(၁၉၈၂)၊ နာမကျန်းသည် အိုနှင်းဆီ”နှစ်တွဲ(၁၉၈၃)၊ “မြန်မာပြည်မှာ နေကြသည်”(၁၉၈၃)၊ “ကြွေရင် အတူကြွေမယ်” (၁၉၈၃)၊ “မီးရောင်အောက်ကိုဝင်လျှင်”(၁၉၈၅) တို့မှာ ထင်ရှားသည်။
မသုဓမ္မစာရီ ရေးစဉ်က သူကိုယ်တိုင် ကတုံးရိတ်၍ သီလရှင်ဝတ်သည်ဟု ကြားရသည်။ ရေးစရာအကြောင်းရပ်အတွက် သဘာဝယုတ္တိရှိစေရန် ကွင်းဆင်းလေ့လာခြင်းတမျိုးပင်ဖြစ်သည်။ သူရေးခဲ့သော “မှတစ်ပါး အခြားမရှိပြီ” နှင့် “မသုဓမစာရီ” ဝတ္ထုကို ရိုက်ကူး၍ “ညီမ လေးကအချစ်ကို ကိုးကွယ်သတဲ့လား” ဝတ္ထုကို ဗီဒီယို ရိုက်ကူးခဲ့ပါသည်။
မိုးမိုး(အင်းလျား) သည် ၁၉၈၉ ခုနှစ် သြဂုတ်မှစ၍ ဆရာကြီး မဟာဆွေ၏ သမီး ခင်ဆွေဦး ဦးစီးထုတ်ဝေသော စံပယ်ဖြူ မဂ္ဂဇင်းတွင် တာဝန်ခံ စာတည်းမှူးအဖြစ် ဆောင်ရွက်ခဲ့ရာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ သူသည် ကွယ်လွန်ချိန်အထိ စာပေများကို ဇယ်ဆက်သလို ရေးသားခဲ့ရာ ဝတ္ထုတိုနှင့် မဂ္ဂဇင်း ဝတ္ထုရှည် စုစုပေါင်း ၁၀၁ ပုဒ်၊ လုံးချင်းဝတ္ထု ၂၄ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၅ အုပ် ဆောင်းပါးပေါင်း ၅၅ ပုဒ်ခန့်ရှိသည်ဟု သိရသည်။
ယင်းတို့ စာပေတာဝန်ကို ကျေပွန်စွာထမ်းရွက်ရင်းဖြစ် ၁၉၉၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွန်လွန်သွားခဲ့လေသည်။ ကွန်လွန်ချိန်၌ ခင်ပွန်း ဦးမျိုးညွန့် (စာပေလောက)နှင့် သားနှစ်ယောက် သမီးတယောက် ကျန်ရစ်ခဲ့သည်။ ကွန်လွန်စဉ်က သူသည် အသက် ၄၆ နှစ်သာ ရှိသေးသည်။
သူ၏ ကြွင်းကျန်သောရုပ်ကလပ်ကို ကြံတောသုဿန်၌ မတ်လ ၁၇ ရက်နေ့တွင် ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။ ယခုအခါ ကြံတောသုဿန် ဖြတ်လိုက်သဖြင့် မြောက်ဥက္ကာလာပမြို့နယ်ရှိ ရေဝေးသုဿန်၌ ပြောင်းရွေ့ဂူသွင်းထားသည်။
သူ ဆုံးစဉ်က ဆရာမကြီး လူထုဒေါ်အမာက -
“ဗျာဒိဒုက္ခဆိုတဲ့ သေတွင်းသွားဖို့အတွက် ခံစားရတဲ့ရောဂါတော့ အကြာကြီး မခံစားရရှာပေါ့၊ နို့ပေမယ့် အသက်ကလေးမှ ၄၀ ကျော်ရုံရှိသေးတာမို့ နေမယ်ဆိုရင် အနေနိုင်ကြီးပေါ့။ နှမြောလိုက်တာ မိုးမိုးရယ်။ ဖြေမဆည်နိုင်အောင်ပါပဲ”
“မိုးမိုးဈာပနက သူ့စာကို ချစ်တဲ့ပရိတ်သတ်ကများလေတော့ ဒုတိယ အောင်ဗလဈာပန ဖြစ်နေမှာပေါ့လေ။ အနုပညာ အရည်အသွေးက တက်တုန်းအချိန်မှာ ရှင်သေမင်းနောက် ကောက်ကောက်ပါ လိုက်ရှာရတာကလား”
“မိုးမိုးဟာ စာရေးသက် ၁၈ နှစ်အတွင်း ဝတ္ထုတို ဝတ္ထုရှည် ဆောင်းပါးတွေ အများကြီး ရေးသားခဲ့တယ်”
“အမျိုးသားစာပေဆုကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့တယ်။ သူ့စာကလေးတွေကို အမြဲတမ်းစောင့်ဖတ်လာကြတဲ့ စာဖတ်ပရိတ်သတ်အဖို့ ကလောင်ကလေးက ရေးသက်ရလာတာနဲ့ အမျှ ရင့်ကျက်လာတယ်၊ ဣနြေ္ဒရလာတယ်။ အမြင်တွေ ပိုကောင်းလာတယ်။ တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန် တိုးတက်လာတယ်ဆိုတာကို သတိထားမိကြတာကြီးပါပဲ၊ ဒါကြောင့် ကျွန်မ သမီးကြီးနဲ့မှ ရွယ်တူလောက်ရှိသေးတဲ့ မိန်းကလေးကို “မိုးမိုးရယ် အကြွေစောလို့ အမေ နှမြောလှတယ် င့ါသမီးဟာ တို့ခေတ်မြန်မာစာပေ သရဖူနဲ့ စိန်တပွင့်ပါကွယ်” လို့ သူဆုံးသည့်နေ့ ကရေးမိတဲ့ စာတိုကလေးထဲမှာ ထည့်ရေးမိတယ်။
မိုးမိုးရေ ခေတ်တခေတ်ကို ထင်ဟပ်ပြနေမိ မင်းစာကလေးတွေ အဓွန့်ရှည်လို့ တည်နေမှာပါကွယ်။
ငါ့သမီးဖြစ်လေရာဘဝမှာ ကိုယ်စိတ်ချမ်းမြေ့ပြီး သတ္တဝါတွေအကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ။”ဟူ၍ ၁၉၉၀ ပြည့်နှစ် မေလထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင် မိုးမိုး(အင်းလျား) အတွက် အမေ့လက်ဆောင် ခေါင်းစဉ်ဖြင့် ရေးသားခဲ့လေသည်။
ကဗျာဆရာကြီး မောင်စွမ်းရည်ကလည်း …
“အနေမြင့်မြတ်၊ အသေမြတ်သည့်
မြင့်မြတ်သူမှာ မသေပါတည့်
စာပေလောက မြန်ပြည်လှတွင်
နမအမည် ၊ မော်ကွန်းတည်လိမ့်
သင့်သည် မိုးမိုး(အင်းလျား)”
ဟူ၍ ကဗျာဖြစ် မော်ကွန်းထိုးခဲ့လေသည်။
မည်သို့ဆိုစေ … ယခုအခါ သူကွယ်လွန်ခဲ့သည်မှာ ၂၁ နှစ်ရှိပြီဖြစ်သော်လည်း သူ ရေးဖွဲ့ခဲ့သော ဘဝသရုပ်ဖော် စာပေအစုစုသည် ထာဝရ ထွန်းလင်းတောက်ပြောင်နေမည်မှာ မလွဲဧကန်ပင်တည်း။
“မိုးမိုး(အင်းလျား) ရောက်ရာ ဖြစ်ရာဘဝ၌ အေးချမ်းစွာ နားခိုနိုင်ပါစေ” ဟု ဆန္ဒပြုလျက်။ 
ဓာတ်ပုံများကို သူ့ဖေ့ဘွတ်နဲ့ အင်တာနက်ကနေ ရယူပါတယ်။

 မေတ္တာ ကရုဏာ စေတနာဖြင့် 
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Wednesday, September 14, 2011 | 0 comments | Labels: