twitter

ကောသလမင်းကြီးသည် မိမိမြင်မက်သောအိပ်မက်တို့ကား ယခု မိမိအုပ်စိုးစဉ် ကာလတွင် ဖြစ်လေမလော နောင်သော အခါကာလတွင် ဖြစ်လေမလောဟု ဝေးခွဲမရဖြစ်လေရာ မိဘုရားကြီး၏ တိုက်တွန်းချက်အရ မြတ်စွာဘုရားထံသို့ သွားရောက်လျှောက်ထားစဉ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက  ယခု အရှင်မင်းကြီး မြင်မက်သော အိပ်မက်တို့သည် နောင်သောအခါကာလ၌ ဖြစ်ပေါ်လာလိမ့်မည် ဟု ကောသလလမင်းကြီး အား  မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူခဲ့ပါ၏။

 ကောသလမင်းကြီး မြင်မက်သော အိပ်မက် (၁၆)ချက်တို့သည် အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁)  အရှင်ဘုရား ......အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်ဘုရား။
အသင်မင်းကြီး နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂)အရှင်ဘုရား.......နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်ဘုရား။
အသင်မင်းကြီး နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား
မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) အရှင်ဘုရား......... နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည် ဘုရား။
အသင်မင်းကြီး နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊
ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) အရှင်ဘုရား......လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေ ကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်ဘုရား။ အသင်မင်ကြီး နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော်မမှန်ဖြစ်၍ အမှုမပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) အရှင်ဘုရား......... ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်း နှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်ဘုရား။
အသင်မင်းကြီး နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည်
နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အရှင်ဘုရား....အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်ဘုရား။
အသင်မင်ကြီး နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇)  အရှင်ဘုရား .........တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထိုအင်းပျဉ် အောက်၌ ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည် ဘုရာ။
အသင်မင်းကြီး နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာပစ္စည်း တို့ကို အဝတ်အစား၊ အစားအသောက် တို့၌လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင်
ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) အရှင်ဘုရား....... ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့် သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်  ဘုရား။
အသင်မင်းကြီး နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊
သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ
ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်း သို့ ရောက်ကုန်လတ္တံ့။

(၉) အရှင်ဘုရား........ နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည် ဘုရား။
အသင်မင်းကြီး နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာမဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့်ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန်ပြည်နားသို့ သွားရောက် နေကြ ရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) အရှင်ဘုရား ...........တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည် ဘုရား။
အသင်မင်းကြီး နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အရှင်ဘုရား ......အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည် ဘုရား။
အသင်မင်းကြီး နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း
ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍
တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) အရှင်ဘုရား.......................... ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်ဘုရား။
အသင်မင်းကြီး နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ
ရာထူးစည်းစိမ် ပေးသည်ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုးအာဏာ ကြီးမားထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) အရှင်ဘုရား .........................ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်ဘုရား။
အသင်မင်းကြီး နောင်အခါ တရား မစောင့်သော မင်းတို့လက်ထက်၌ တော်မှန် လိမ္မာပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) အရှင်ဘုရား ...........................ဖားငယ်မတို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည် ဘုရား။
အသင်မင်းကြီး နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝလိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား
ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) အရှင်ဘုရား ..................မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်ဘုရား။
အသင်မင်းကြီး နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး
ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။

(၁၆) အရှင်ဘုရား....................... ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်ဘုရား။
အသင်မင်းကြီး နောင်အခါ တရားမစောင့်သော မင်းတို့လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ် လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

ဤသည်ကားကောသလမင်းကြီး မြင်မက်ခဲ့သော အိပ်မက် (၁၆)ချက် တို့ကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဖြေကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။


မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Sunday, July 31, 2011 | 0 comments |
အမေရေ.....................

လက်ဝိုင်းလို့ နှိုင်းပြမရတဲ့ အမေ့မေတ္တာ 
ကမ္ဘာကို ကိုင်စိုး အုပ်မိုးနေခဲ့တာ ယနေ့ထိတိုင်ပါပဲ အမေ

မြင့်မိုရ်တောင်ကြီးဘယ်လောက် ကြီးနေပါစေ
ကြီးမြတ်တဲ့ အမေ့မေတ္တာကို မကျော်လွန်ပါဘူး အမေ
အမြင့်ဆုံးဆိုတဲ့ ဧ၀ရတ်တောင်ကြီး သော်မှ
မြင့်မားတဲ့ အမေ့မေတ္တာ အောက်မှာပဲ နေရတယ် အမေ 
စမ်းရေးအေးတွေလဲ အမေ့မေတ္တာ တေးတွေအောက်မှာပဲ ၀င်ရောက်ခဲ့ရတာပါ အမေ
အမေ့မေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာ 
နှိုင်းပြဖို့  သား မတတ်ပေမယ့်
စာရွက်ပေါ်မှာ အမေလို့ ရေးမိရင်တောင်
ရင်ထဲမှာ နွေး.......နေတယ်အမေ.....။

အမေးရေ.......
အိမ်အိုဟောင်းနဲ့ အမေ့ ဈေးတောင်းလေးလည်း
ပြင်သူမဲ့လို့
အမိုးတွေပေါက် အကွပ်တွေပြေ
အနားတွေ စုပ်နေရော့ပလား   အမေ........?
 

မမြင်တာကြာ အမေ့ရုပ်လွှာ 
ဆံဖြူသွားကြွေ ပါးရေတွန့်လို့
သားပြန်လာမယ့်  ရွာအဝင် တမာတန်းမှာ
ဝေဝါးတဲ့ မျက်ဝန်းတွေနဲ့
စောင့်ကြို နေတုန်းပဲလား အမေ..................?

အမေရေ..............

ကုန်ဆုံးသွားတဲ့ (နှစ်) (လ)အချိန်တွေ ရေတွက်ကြည့်ရင်
ဖုန်းထဲမှာကြားရတဲ့ အမေ့ အသံလေးတောင်မှ
ဟိုးအရင်    အမေ့သား ရေမြေခြား
မလေးရှား မသွားခင် ကြားနေကြ
စွာငေါက်ငေါက်နဲ့

အမေ့  အသံလေးမဟုတ်တော့သလိုပဲ နော် အမေ.........။

အမေရေ...............

ဇာတိချက်ကြွေ မွေးရပ်မြေကို
ဒီမိုးအကုန် ဟေမာန်နှောင်းရင်
နွေဦးရဲ့ လေရူးတွေနဲ့အတူ
အမေရှိရာ ဌာနေဟောင်း 

ပြန်ညောင်းမယ့် ဒီသားဟောင်းကို
ရွာအဝင် တမာတန်းမှာ အလွမ်းများနဲ့ ဆီးကာကြို 
မျက်ရည်တွေစိုးလို့ 
သားလာမယ့် ဒီလမ်းလေးမှာ
လှမ်းလင့်လို့ စောင့်ကြိုနေတုန်းပဲလား အမေရယ်.....
 

နှစ်ကုန်ရင် တစ်ခေါက်လောက်တော့ ပြန်လာပေးပါ
မှာဆိုတယ် အမေ့ရဲ့ စကား
ဒီအချိန်ဆို အခါခါကြားမိ..
လွဲခဲ့ပြန်ပြီး ၀ါဆိုဦး 
အမေပြောဖူးတဲ့  အိမ်ပြန်မှာတမ်း  
ညချမ်းဆို  ပို၍လွမ်းသည်
နှောင်နှစ်ဆန်းရင်တော့ ငွေထမ်းကာ သားပြန်လာမည်
ခွန်ချိုသာနှုတ်စကားနဲ့  ကျွန်းညိုက အမေကြားပါစေသား......





မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments | Labels:

ဒေါ်နယ်လ် ထရမ့်(ပ်)၏ စကား တစ်ခွန်းကို ရှေးဦးစွာ ပြန်ပြောပြ ချင်ပါသည်။ သူ့ကို လူတွေက ကိစ္စအလုံးစုံ သိသောသူ ဟူ၍ အထင်မှားတတ်ကြသည်တဲ့။ အမှန်တော့လည်း အကြောင်းအရာ အတော်များများကို သူသိကြောင်း ၀န်ခံပါသည်။ သို့သော် သူ အသေအချာသိနေသည်က အရာအားလုံးကို သူ မသိဆိုသော အချက်ပင်ဖြစ်သည် ဟုဆိုသည်။ ထိုအချက်သည် အသိပညာ ရှာဖွေရေးတွင် လွန်စွာအရေးကြီးသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ အသိပညာတို့၏သဘောမှာ နယ်မြေကန့်သတ်၍ရကောင်းသည်မဟုတ်။ မိမိကိုယ်ကို အလုံးစုံသိပြီ၊ တတ်ပြီဟု ယူဆခြင်းသည် မိမိ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းအား ( တနည်းအားဖြင့်) မိမိ၏ ဦးနှောက်ကို မိမိဘာသာ သင်းကွပ်ပစ်လိုက်ခြင်းနှင့် တူပါသည်။ အဆုံးမရှိသော ပညာရေးနယ်ပယ်တွင် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း (Continuing Learning ) သည်သာ အကောင်းဆုံးသော ချဉ်းကပ်မှု ဖြစ်သည်။
ရှေးအခါက ကျောင်းသားများသည် ဒိသာပါမောက္ခကြီးများရှိရာ ကိုယ်ပိုင်စာသင်ကျောင်းများတွင် လေ့လာ သင်ယူရသည်။ အဆိုပါဆရာကြီးက သူ့ကျောင်းတွင် နောက်ထပ်သင်ပေးစရာဘာမျှမရှိတော့ဟုဆိုမှ ကျောင်းဆင်းခွင့် ပြုလိုက်ကြသည်။ ဤအချက်သည် အတတ်ပညာစုံသွားပြီဟုသတ်မှတ်သည့်သဘောလား..၊ မဟုတ်ပါ။ ကျွန်တော်တို့ခေတ်တွင် ဘာသာရပ်တစ်ခုခုကို တက္ကသိုလ်များတွင် သွားရောက်သင်ကြားသည့် အခါမှာလည်း ၄ နှစ်ဖြင့် ဘွဲ့တစ်ခု ရလာသည်၊ နောက်ထပ် ၂နှစ် အချိန်ထပ်ပေးပါက မဟာဘွဲ့ရဦးမည်။ ပြီးလျှင် ပါရဂူဘွဲ့ရသည်အထိ ဆက်လက် လေ့လာနိုင်ပါသေးသည်။ အကယ်၍ ပါရဂူဘွဲ့ရခဲ့သည်ဆိုလျှင်ရော ပြီးပြည့်စုံသွားသည်ဟု ဆိုနိုင်ပါမည်လော..၊ မဟုတ်ပါ။ သို့ဆိုလျှင် ကျွန်တော်တို့၏ဘ၀များကို စာသင် ကျောင်းများတွင်သာ မြုပ်နှံထားရတော့မည်လားဟု မေးစရာ ရှိလာပါသည်။ ဘယ်အချိန်သည် လက်တွေ့ ဘ၀ထဲသို့ဝင်ရန် အကောင်းဆုံးဖြစ်မည်နည်း ဟု စောဒက တက်နိုင်ပါသေးသည်။
အမှန်တော့ စာသင်ကျောင်းများသည် ဘ၀၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အကုန်လုံးမဟုတ်။ ကျောင်းများ၊ တက္ကသိုလ်များသည်ပင် ပညာရေး၏ အစိတ်အပိုင်းသာ ဖြစ်သည်။ အရာအားလုံး မဟုတ်ပြန်ပါ။
အသေအချာ ပြန်စဉ်းစားကြည့်မည်ဆိုလျှင် ကျောင်းများ၊ တက္ကသိုလ်များသို့ ပညာရပ်များ ရောက်ရှိလာပုံကို သတိထားမိပါလိမ့်မည်။ ပညာရပ်များသည် ပြင်ပနယ်ပယ်များမှတဆင့် သက်ဆိုင်ရာပညာရှင်တို့၏ ဖော်ထုတ်တွေ့ရှိမှု၊ ကြိုးပမ်းမှုတို့ကြောင့် စာအုပ်စာတမ်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းနှင့် ကျောင်းတော်ကြီး များသို့ ဆက်လက်ရောက်ရှိလာခြင်းတို့ကို ယေဘူယျအားဖြင့် တွေ့မြင်နိုင်ပါလိမ့်မည်။
ကျောင်းများသည် ပညာရပ်ကို ခေတ္တခဏ သိုမှီးထားရာသာဖြစ်သည်။ ထိုပြင် ပိုမိုပြည့်စုံလာအောင် ကျောင်းသားနှင့်ဆရာ ပူးပေါင်း အားထုတ်ရာဒေသလည်း ဖြစ်သည်။ ထာဝရ ဘူမိနက်သန် မဟုတ်ပါ။ စဉ်ဆက်မပြတ် သင်ယူခြင်း၏ ဆိုလိုရင်းသည် စာသင်ကျောင်းများမှ ထွက်ခွါလာသည့်တိုင် ပြင်ပမှာပါ မျက်ခြေပျက် ခံလိုက်ရန်မဟုတ်ဘဲ ဆက်လက်လေ့လာနေဖို့ပင် ဖြစ်သည်။ ပြဿနာက စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း ( အခြားနည်းဖြင့်ဆိုရသော် ) ဘ၀တလျှောက်လုံးသင်ယူခြင်း ( Life-long learning ) ကို စိန်ခေါ်နေသော အကြောင်းပြချက်များ ဖြစ်သည်။
မိတ်ဆွေတစ်ယောက်က ယခုခေတ်မှာ ပညာသင်ရခြင်းသည် တံဆိပ်လှလှခပ်နှိပ်ထားသော အောင်လက်မှတ်ရဖို့သာ အဓိကဖြစ်သည်၊ အမှန်တကယ် တတ်မြောက်ဖို့ မလိုအပ်ဟု ခပ်ညည်းညည်း ပြောဖူးသည်။ အမှန်တကယ် တတ်မြောက်ခြင်းမရှိဘဲ အောင်လက်မှတ်ရလာခြင်းသည် သူ့အပြစ်လား၊ အောင်လက်မှတ် ထုတ်ပေးလိုက်သော ကျောင်း၏အပြစ်လား.. သူ ခွဲခြားမပြခဲ့ပါ။ ကျွန်တော်ကတော့ အမှန်တကယ် တတ်မြောက်မလာသူ တစ်ဦး၏ ပညာရေးအပေါ် သံသယရှိမှုနှင့် အောင်လက်မှတ်အပေါ် အသုံးချစိတ်ကဲနေမှုတို့ကို ဆက်လက် စဉ်းစားဖြစ်ခဲ့သည်။
မိတ်ဆွေသည် အစထဲက ပညာရပ်ကို အသုံးချဖို့သင်ခဲ့သည်မဟုတ်၊ အောင်လက်မှတ်ကို အသုံးချဖို့သာ လိုရင်းဖြစ်ခဲ့သည်။ မထူးဆန်းသည်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် သူလိုလူ အများအပြားရှိနေခြင်းနှင့် သူတို့အားလုံး၏ အတွေးအခေါ်၌ ပညာရေးသည် အလုပ်ရဖို့အတွက်သက်သက် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ပညာရပ်တစ်ခုသည် အသက်မွေးဝမ်းကျောင်းအလုပ်ရဖို့အတွက် အဓိကကျသော်လည်း၊ ဘ၀တွင် အသက်ရှင် နေထိုင်ဖို့အတွက်ပါ အသုံးဝင်သေးသည်ကို မေ့၍မဖြစ်ပါ။ ကျောင်းများသည် ကျွန်တော်တို့ အထူးပြုထားသော ဘာသာရပ်ကိုသာ သင်ကြားပေးနိုင်သည်မဟုတ်၊ ပြဋ္ဌာန်းစာအုပ်ထဲတွင် မပါသည် များကိုလည်း သင်ကြားပေးတတ်ကြပါသည်။ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ကျင့်တရား၊ စဉ်းစားဆင်ခြင်နည်း ယှဉ်ပြိုင်ကြိုးစားလိုစိတ်၊ စိတ်နေစိတ်ထားမြင့်မြတ်ပုံ၊ တာဝန်ခံနိုင်စွမ်း နှင့် အခြား ..အခြားပေါင်း မြောက်များစွာ…။
အစထဲက အလုပ်ရဖို့လောက်သာ ရည်မှန်းခဲ့သူများသည် အမှန်တကယ် အလုပ်ရလာချိန်တွင် စဉ်ဆက် မပြတ် လေ့လာသင်ယူခြင်းကို ရပ်တန့်ပစ်လိုက်ကြသည်။ တခါတရံ လုပ်ငန်းလိုအပ်ချက်အရ  မွမ်းမံ သင်တန်းများ ထပ်မံတက်ရောက်ဖို့ ရှိသည့်အခါမှာပင် အပိုအလုပ်ဟု မှတ်ထင်လာကြသည်။ သူတို့၏အသိပညာမှာ တိုးတက်မလာသည့်အပြင် ခေတ်နောက်ကျကျန်နေတော့သည်။ ပူးတွဲပြဿနာများက သူတို့သင်ကြားထားသော ပညာရပ်ကို လုပ်ငန်းခွင်ထဲတွင် တိုက်တိုက်ဆိုင်ဆိုင် အသုံးချ၍မရခြင်းနှင့် ပညာရပ်အပေါ်မူတည်၍ လစာသတ်မှတ်သော အလေ့အထ အားနည်းသည့်ဒဏ်ကို ခံစားရခြင်းတို့ဖြစ်သည်။
အလုပ်ခေါ်သော ကြော်ငြာအများစုတွင် လျှောက်ထားသူသည် ဘွဲ့တစ်ခုရှိရမည်ဟုသာ ယေဘူယျ ဖော်ပြ ထားတတ်ကြသည်။ မည်သည့်ဘွဲ့ရမှဖြစ်မည်ကို သဲကွဲစွာ သတ်မှတ်ထားသည်က အနည်းစုဖြစ်သည်။ အလုပ်ရှင်များဘက်ကလည်း မည်သည့်ဘွဲ့ရပင် ဖြစ်နေပါစေ၊ လိုရာသုံး၍ရသည်ဟု ထင်မှတ်နေတတ်သည်။ ဘွဲ့တွေသာ ကွဲပြားချင်ကွဲနေနိုင်သည်၊ ဘွဲ့လက်မှတ် ကိုင်ဆောင်သူများ၏ အဆင့်သည် ထူးမခြားနား ဖြစ်နေပုံရသည်။
ကျွန်တော်တို့နိုင်ငံတွင် ဤအချက်က ရေတိုအတွက် အဆင်ပြေသော်လည်း ရေရှည်မှာ ဒုက္ခများနိုင်ပါသည်။ ရေတိုအတွက် အဆင်ပြေသည်ဆိုခြင်းမှာ သူလိုကိုယ်လိုဘွဲ့တစ်ခုရထားသူများအတွက် အလုပ်ရနိုင်ရန် အခွင့်အလမ်းများခြင်းဖြစ်သည်။ သည့်အတွက် ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသောပြဿနာကို လက်တလော ဖြေရှင်းနိုင်သည်။
ရေရှည်အတွက် ဆိုးကျိုးများမှာ ကုမ္ပဏီများအတွက် လုပ်ငန်းခွင်၌ အမှန်တကယ် သင့်တော်သောဝန်ထမ်းကို မရနိုင်ခြင်း၊ ကျောင်းသားများအတွက် တက္ကသိုလ်တက်ရန် ဘာသာရပ်ရွေးချယ်သည့်အခါ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ သတင်းအချက်အလက်မပြည့်စုံခြင်း နှင့် နိုင်ငံတော်အတွက်လည်း စာသင်ခန်းမှ လုပ်ငန်းခွင် သို့ အရောက်ပို့သည့်စီမံချက်များ ( School to Work Program) ချမှတ်ရန် ခက်ခဲခြင်းတို့ ဖြစ်သည်။
သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားတွင် အလုပ်လုပ်နေသော သူ့ညီမအကြောင်း ဆွေးနွေးဖူးသည်ကို အမှတ်ရမိသည်။ သူမသည်  နိုင်ငံခြားသို့ မသွားမီ မြန်မာပြည်၌ အလယ်အလတ်အဆင့်အင်္ဂလိပ်စကားပြော ၃လသင်တန်းကိုတက်သွားခဲ့၏။ သူမအတွက် ထို ၃လသင်တန်းနှင့် သင်တန်းမှပေးသော လက်စွဲစာအုပ် ပါးပါးလေးတစ်အုပ်မှာ အလုံးစုံသော အင်္ဂလိပ်စကားကို သင်ပေးနိုင်စွမ်းရှိသည်ဟု ယူဆနေသည်။
အင်္ဂလိပ်မြန်မာအဘိဓါန်စာအုပ်ကောင်းကောင်း သူမမှာ မရှိ၊ အီဒီယမ်အကြောင်း ဘာမှနားမလည်။ သို့သော် သူမ နိုင်ငံခြားတွင် အလုပ်ရသည်။ အနည်းအကျဉ်းပြောတတ်သော အင်္ဂလိပ်စကားသည် အင်တာဗျုး အောင်ဖို့အတွက်နှင့် အလုပ်ထဲတွင် နိုင်ငံခြားသားအချို့ဖြင့် ဆက်ဆံရေးတွင် အထောက်အကူဖြစ်သည့်အခါ သူမသည် ကိုယ့်ကိုယ်ကို အင်္ဂလိပ်စာ အလွန်တတ်သည်ဟု ထင်သွားသည်။  ဆက်လက်သင်ယူလေ့လာမှုကို ဘာမှ မလုပ်တော့။
နောက် ၂ နှစ်အကြာ ဒစ်ပလိုမာ သင်တန်းတစ်ခု တက်ရန် အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲဖြေရသော အခါ သူမ မအောင်မြင်ခဲ့။ သူမ၏ အလယ်အလတ်အဆင့် အင်္ဂလိပ်စာသည် နိုင်ငံခြားတွင် ၂ နှစ်နေပြီးသည့် တိုင် ထူးခြားပြီး မတိုးတက်လာခြင်းမှာ အံ့သြစရာမဟုတ်ပါ။ စဉ်ဆက်မပြတ်သင်ယူရေးအတွက် အခြား သော အဟန့်အတား တစ်ခုကတော့ အနည်းငယ်မျှ သိထားသလောက်ဖြင့် ခေတ္တခဏအလုပ်ဖြစ်နေသည့်အပေါ် ကောက်ချက် လွဲနေခြင်းဟု ဆိုနိုင်ပါသည်။
ပို၍ဆိုးသည်က မိမိကိုယ်မိမိ အဆင့်မြင့်သည်ထက်မြင့်အောင် လူတလုံးသူတလုံး ပြုစုပျိုးထောင်လိုစိတ်များ ရှားပါးကုန်ခြင်း ဖြစ်သည်။ ဘာကြောင့် ဤသို့အလွယ်တကူ လက်လျှော့လိုက်ကြပါလိမ့်..။
ထူးချွန်ထက်မြက်သော အသိုင်းအ၀ိုင်းတွင် အပြန်အလှန်လေးစားမှုကို ခံယူကာ လူတောတိုးလိုစိတ်တွေ ပျောက်ကွယ်နေပြီလား..၊ နည်းပညာများတနေ့တခြား တိုးတက်ပြောင်းလဲနေခြင်းကို သတိမထားမိလေရော သလား..၊ ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်တွင် မိမိကိုယ်ကို ကမ္ဘာကြီးနှင့်ယှဉ်၍ ထိန်းညှိထားရမည်ကို မသိခြင်းကြောင့်လား..၊ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အားလုံးတွင် နိုင်ငံတကာစံနှုန်း ဖြင့် ရင်ဘောင်တန်းလာ ကြသည်ကို မျက်ကွယ်ပြုထားခြင်းကြောင့်လား..၊ မေးခွန်းထုတ်စရာများ ဖြစ်လာသည်။
နယ်လ်ဆင်မင်ဒဲလားကတော့ ပညာရေးဆိုသည်မှာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်အောင်အသုံးချနိုင်သည့် အစွမ်းအထက်ဆုံး လက်နက်ဟု ဆိုသည်။ မှန်ပါသည်။ ပညာတည်းဟူသော လက်နက်သည် ကျွန်တော်တို့ ဘ၀တလျှောက်လုံး ခါးကြားထဲ ထိုးထည့်ထားရမည့် လိုင်စင်ရ လက်နက်တစ်ခုဖြစ်သည်။ ထိုလက်နက်ကို ကြောက်ရွံ့နေသူများသည် သူရဲဘောကြောင်သူများသာ ဖြစ်ပြီး၊ ထိုလက်နက်ကို လူတိုင်းမှာ တပ်ဆင် ပေးနိုင်အောင် ကြိုးစားသူတိုင်းသည် ရဲရင့်သော သူရဲကောင်းများပင်ဖြစ်သည်။ ရှုံးနိမ့်သူများကတော့ ထိုလက်နက်ကို အသုံးမချသူများနှင့် ပိုမိုထက်ရှလာအောင် စဉ်ဆက်မပြတ်သွေးရန် ပျက်ကွက်သူများဟု ဆိုရပါလိမ့်မည်။
လူ့အဖွဲ့အစည်းတစ်ခုသည် အဆိုပါအချက်များကို လျစ်လျုရှုပြီး ဆက်လက်အိပ်မောကျနေမည်ဆိုလျှင် အလွန်တရာ နိုးကြားနေသော ကမ္ဘာ့နိုင်ငံများအကြား ဂုဏ်သိက္ခာရှိတော့မည် မဟုတ်ပါ။ ကျွန်တော်တို့ဝန်းကျင်တွင် အားကျဂုဏ်ယူစရာများ၊ အတုယူစရာများ မည်မျှပင်ရှိနေပါစေ..၊ အသိဥာဏ် မဖွံ့ဖြိုးပါက ဘယ်အရာကိုမျှ နည်းမှန်လမ်းမှန် သုံးသပ်နိုင်မည်မထင်ပါ။ ကိုယ့်လက်ခုပ်ထဲကရေကိုသာ ပင်လယ်ဟု အယူလွဲနေကြလျှင် အမှန်တကယ် ပင်လယ်နှင့်ရင်ဆိုင်ရသည့်အခါ ရှင်သန်ဖို့ဝေးစွ၊ အသက် အသေခံရုံသာ ရှိတော့သည်။
ပညာရေးအတွက် အကြီးအကျယ်ရင်းနှီးမြုပ်နှံနေကြသော နိုင်ငံများကို မြင်တွေ့ရတိုင်း ၊ တိုင်းပြည်၏ အနာဂတ်လှပဖို့အတွက် လူငယ်များကို စနစ်တကျပြုစု မြေတောင်မြှောက်ပေးနေသော အစိုးရများ အကြောင်း ကြားသိရတိုင်း ကျွန်တော်သည် ၁၈ ရာစုခန့်ကပေါ်ထွန်းခဲ့သော ပရပ်ရှားဘုရင် ဖရက်ဒရစ်သဂရိတ်၏ အဆိုအမိန့်တစ်ခုကို သတိရမိသည်။ သူကပြောသည်။
“ပညာတတ်တွေကို အုပ်ချုပ်ရတာ လွယ်ကူသည်” တဲ့။
အစိုးရကောင်းဆိုသည်မှာ ပညာတတ်များ၏ ဖြစ်ထွန်းမှုကို ကြိုဆိုရစမြဲဖြစ်သည်။ ထိုအချက်သည် ၂၁ ရာစုအရောက်တွင် နိုင်ငံတကာ၌ မကြုံစဖူး ပိုမိုလန်းဆန်းသစ်လွင်နေ၏။ မနေ့ကရှိပြီးသား အသိသညာကို သည်နေ့မှာ ထပ်ဆင့် မမွမ်းမံဘူးဆိုလျှင် မနက်ဖြန်အတွက် စိတ်ချရတော့မည် မဟုတ်သော ခေတ်ကို ကျွန်တော်တို့ ရင်ဆိုင်နေရပါသည်။
ကမ္ဘာ့လူသားများအတွက် အားတက်ဖွယ်ရာကောင်းသည့်အချက်ကတော့ လေ့လာစရာ ဘယ်မခန်းနိုင်သည့် အခွင့်ထူးများနှင့်လက်လှမ်းမီနေခြင်း ဖြစ်သည်။ ပညာဆိုသည်မှာ စာသင်ကျောင်းများမှာသာမဟုတ်၊ အင်တာနက်ပေါ်မှာ..၊ မီဒီယာတွေပေါ်မှာ..၊ ပတ်ဝန်းကျင်ထံမှာ..၊ လုပ်ဖော်ကိုင်ဖက်တွေဆီမှာ..၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာ..၊ စာအုပ်စင်ပေါ်မှာ..၊ နှီးနှောဖလှယ်ပွဲများမှာ.. အစရှိသဖြင့် နေရာစုံမှာ လွယ်လင့်တကူလေ့လာနိုင်သည့် အားသာချက်တွေ ရှိလာပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းကို စာတတ်မြောက်မှုသက်သက်ဖြင့် တွက်ချက်ဆုံးဖြတ်သောကာလတွေ လွန်ခဲ့ပါပြီ။ ယခုအခါ အဆိုပါနိုင်ငံတွင် ကွန်ပြူတာတတ်မြောက်မှု ( Computer Literacy ) ဘယ်လောက်ရှိ သလဲဟု တိုင်းတာသောခေတ် ရောက်လာနေပြီ ဖြစ်သည်။ မကြာသေးမီက ကုလသမဂ္ဂသည်ပင် အင်တာနက်သုံးစွဲခွင့်ကို အခြေခံလူ့အခွင့်အရေး တစ်ရပ်အဖြစ် သတ်မှတ် ကြေငြာလိုက်ပါသည်။ အခြေအနေအရပ်ရပ်က အင်တာနက် ဆက်သွယ်ရေးစီးကြောင်းပေါ်တွင် အများနည်းတူ ကူးမည်လား၊ နစ်မြုပ်မည်လားဟု မေးနေကြသည်။
ဤအချိန်သည် ကျွန်တော်တို့၏အသိဥာဏ်တံခါးကို အစွမ်းကုန်ဖွင့်ထားရမည့်အချိန်ဖြစ်သည်။ တဆက်ထဲတွင် မိမိလိုအပ်သည့်ပညာကို လိုအပ်သလောက် လွတ်လပ်စွာ သင်ယူနိုင်သောရေခံမြေခံမျိုး ဖော်ဆောင်နိုင်ရေး တာဝန်သည်လည်း အဓိကကျနေပါသည်။ အရေးကြီးဆုံးမှာ ကမ္ဘာလောကကြီး၏ အပြောင်းအလဲများတွင် ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာပါဝင်ဆင်နွဲနိုင်ရင်း မိမိ၏ဘ၀အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့ဖြစ်သည်။ ကျွန်တော်တို့သည် အမိနိုင်ငံ၏နိုင်ငံသားများအဖြစ်သာမက ကိုယ့်ကိုယ်ကို ကမ္ဘာ့နိုင်ငံသားများ ( World citizens ) အဖြစ်ပါ ရှုမြင်ဖို့လည်းလိုအပ်နေပါသည်။ ထိုကမ္ဘာ့နိုင်ငံသားများ ကြားတွင် ကွာဟလာသည့် အသိပညာနယ်နမိတ်ကို သည်အတိုင်းကြည့်နေရမည့် အချိန်မဟုတ်တော့ပါ။
ဟိုးခပ်ငယ်ငယ် ကျောင်းသားဘ၀တုန်းက ကျောင်းသွားတိုင်းကြားရသော ခေါင်းလောင်းထိုးသံကို တချက်လောက် ပြန်လွမ်းကြည့်ချင်ပါသည်။ အားလုံးသိသည့်အတိုင်း နံနက် ကျောင်းတက်သည့်အခါ ခေါင်းလောင်းတစ်ခါထိုးသည်၊ ညနေကျောင်းဆင်းချိန်မှာ ခေါင်းလောင်းတစ်ခါထိုးသည်။ ပထမခေါင်းလောင်းသံက စာသင်ခန်းထဲတွင် ကိုယ့်ကိုယ်ကို ပညာဖြည့်ဆည်းဖို့ အချက်ပေးသံဖြစ်ပြီး၊ ဒုတိယခေါင်းလောင်းသံကတော့ စာသင်ခန်းထဲမှထွက်ပြီး ပြင်ပလောကတွင် ဆက်လက်လေ့လာကြဖို့ အချက်ပေးသံ ဖြစ်ပါသည်။
ထိုခေါင်းလောင်းထိုးသံများသည် စာသင်ကျောင်းများမှ ဝေးကွာလာသည့်တိုင် တဖြည်းဖြည်း တိုးတိတ် မေ့ပျောက်သွားဖို့ မကောင်းပါ။ အမှန်တော့ ကျွန်တော်တို့ အသိစိတ်ထဲတွင် ထိုခေါင်းလောင်း ထိုးသံများကို တနေ့နှစ်ကြိမ်ခန့် အမြဲတစေ ပြန်လည်ကြားယောင်နေသင့်ပါသည်။ ထိုအခါ ပထမခေါင်းလောင်းသံသည် စဉ်ဆက်မပြတ် သင်ယူနေဖို့အတွက် အားပေးနေမှာဖြစ်ပြီး၊ ဒုတိယခေါင်းလောင်းသံသည် ဘ၀တလျှောက် လုံး လူ့အဖွဲ့အစည်းတွင် ဂုဏ်သိက္ခာပြည့်ဝစွာ ရပ်တည်နေထိုင်ဖို့ သတိပေးနေမည်ဟု ယူဆမိပါသည်။      ။


သူရိယမျိုး



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Friday, July 29, 2011 | 0 comments |
အကယ်၍ စီစဉ်ထားသည့် အတိုင်း ဖြစ်မည်ဆိုပါက လေးနှစ်ကာလအတွင်း တောင်ကိုရီးယား ကလေးငယ် တိုင်းသည် ဒစ်ဂျစ်တယ် ပညာရေးဖြင့် လေ့လာကြတော့မည်ဖြစ်သည်။ ဖတ်စာအုပ်များ၊ ဖေါင်တိန်များနှင့် ခဲတံတို့ကို ဘယ်သောအခါမျှ မြင်တွေ့ရတော့မည်လည်း မဟုတ်ပါ။ တဘ်လတ်များ၊ လပ်တော့ပ်များနှင့် စမာ့ဖုန်းများဖြင့် အစားထိုးပါတော့မည်။ ဤပြောင်းလဲမှုမှာ စတင်နေပြီလည်းဖြစ်သည်။

ဆိုးလ်မြို့ ၆ တန်းစာသင်ခန်းတွင်း၌ ကျောင်းသားများမှာ လပ်တော့ကွန်ပျူတာများကို အသုံးပြုနေကြပြီး သူတို့ သင်ယူမှုတို့ကိုလည်း မာလ်တီမီဒီယာပုံစံဖြင့် တင်ပြနေတတ်ကြပြီဖြစ်သည်။
အသက် ၁၃ နှစ်အရွယ် ကင်ဆွန်ဂွမ်က သူ၏ လပ်တော့ပ်ကို အလွန်မြတ်နိုးသည်ဟု ဆိုသည်။ ပညာရေးဝန်ကြီးဌာနက ဒစ်ဂျစ်တယ် စီမံချက်အတွက် စမ်းသပ်နေဆဲ ကျောင်း ၁၃၂ ကျောင်းထဲမှ ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသူဖြစ်သည်။
“ကျနော် အင်တာနက်မှာ ရှာဖွေလို့ရတယ်ဗျ” ဂွန်ကဆိုသည်။ “စာတိုက်ရိုက်ရေးရတာကိုလည်း သဘောကျ တယ်လေ။ ပုံနှိပ်ဖတ်စာအုပ်တွေက ဟောင်းနွမ်းအိုမင်းသွားပြီလေ။” ဆရာလီဂျွန်းမင်းမှာ သူတို့ အတန်းတွင် စာသင်သူဖြစ်သည်။ ဒစ်ဂျစ်တယ် စာသင်ကြားရေး ကိရိယာများမှာ သူ၏ သင်ကြားရေးအလုပ်ကို သက်သာ လွယ်ကူစေသည်ဟု ဆိုသည်။
အသက် ၄၃ နှစ်အရွယ် ဆရာလီက “ဒစ်ဂျစ်တယ် ဖတ်စာအုပ်တွေနဲ့ သင်ကြားရတော့ သင်ရိုးညွှန်းတမ်း အသစ်တွေ၊ အပိုတွေ ပြင်ဆင်စရာ မလိုဘူးလေ။ ပြီးတော့လည်း တကယ်လို့ သင်ကြားရေး အကူပစ္စည်း၊ အထောက်အကူတွေ လိုအပ်ရင် အွန်လိုင်းပေါ်မှာ ရှာလိုက်ရုံပဲ။ သိပ်ကို လွယ်ကူ၊ အဆင်ပြေလိုက်တာဗျာ” ဟုဆိုသည်။ ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ စီမံချက်မှာ ကျောင်းသားများကို ဒစ်ဂျစ်တယ် ဖတ်စာအုပ်များ ပံ့ပိုးပေးခြင်းထက် ပိုမိုသော လိုအပ်ချက်များ ရှိနေပါသေးသည်။
ပညာရေး ၀န်ကြီးဌာနက တစ်နိုင်လုံးကို အွန်လိုင်းဖြင့် ချိတ်ဆက်ထားနိုင်မည့် cloud-based network နတ်ဝါ့က် စနစ်ကို တည်ဆောက်ရန် စီစဉ်ဖန်တီးနေပါသည်။ အကယ်၍ ကျောင်းသားတစ်ဦးက ကျောင်းသို့ ကိုယ်ကာယဖြင့်၊ ကိုယ်တိုင် မတက်ရောက်နိုင်ပါက ၀ဘ်ဆိုက်ပေါ်မှ သင်ယူလေ့လာနိုင်ပါသည်။
ကင်ဒိုယွန်းမှာ ဒစ်ဂျစ်တယ် သတင်းဆိုင်ရာ ဒါရိုက်တာဖြစ်သည်။ ဤစီမံကိန်းမှာ ရဲတင်းလွန်းလှသည်ဟု သူကဆိုသည်။ သို့သော် တောင်ကိုရီးယားအိမ် ၈၀ ရာခိုင်နှုန်းတွင် ဘရော့ဘန်အင်တာနက်ကို ဆက်သွယ် ထားရှိပြီးဖြစ်လေရာ စိန်ခေါ်မှုအတွက် အဆင့်သင့်ပင်။
“ကျောင်းသားတွေက ဒစ်ဂျစ်တယ် ယဉ်ကျေးမှုနဲ့ ပိုပြီးတော့ ရင်းနှီးနေကြပြီလေ။ -စမတ်ကျတဲ့ ပညာရေးစနစ်- နဲ့ တိုင်းပြည်က ရှေ့ဆက်သွားလို့ ရနေပါပြီ။ မြန်မြန်ဆန်ဆန်နဲ့ကို အောင်မြင်မှာပါ။”
အကယ်၍ ဤစီမံချက်သာ အောင်မြင်ပါက တောင်ကိုရီးယားမှာ တကမ္ဘာလုံးတွင် ဒစ်ဂျစ်တယ် ပညာရေးစနစ်ကို ပထမဆုံး ကျင့်သုံးသည့်တိုင်းပြည်ဖြစ်မည်။ “အိမ်စာကို ခွေးစားသွားတယ်” ကဲ့သို့သော ဆင်ခြေဆင်လက်တို့မှာ အတိတ် သမိုင်းပြတိုက်ထဲသာတွင် ကျန်ရစ်တော့မည်။


မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |
အမရပူရ မဟာဂန္တာရုံ ဆရာတော်အရှင်ဇနကာဘိဝံသ က ၁၃၁၃-ခု ကဆုန် လဆန်း၁-ရက်နေ့ ညဥ့် ၇-နာရီ အချိန်က တပ်စခန်းတစ်ခု၌  “ စစ်တပ်နှင့် သာသနာသည် နိုင်ငံတော်အတွက် အားထားရာ ” ဟူသော ခေါင်းစဉ်ဖြင့် ညတရားဟောကြားခဲ့ပါသည်။
  ထိုစဉ်က ဆရာတော်ဘုရားကြီး ဟောကြားခဲ့သော သာသနာဆိုသည်မှာ မြတ်ဗုဒ္ဓရဲ့ သာသနာဖြစ်ပြီး  ၊ စစ်တပ်မှာမူကား ထိုစဉ်ကစစ်တပ်တော့ ဖြစ်ဟန်မတူ ၊ ရှေးမင်းများ၏ တပ်မဟာ ပင်ဖြစ်ပေလိမ့်မည် ။ ညတရားပွဲ အပြီးတွင်တော့ မြို့တိုင်း နယ်တိုင်း အပြန်အလှန် ငြင်းခုန်လျှက်ရှိသော ၊ ပညာရှိ လူတို့ အတန်တန် မေးဖူးခဲ့သော ၊ ဆရာတော်ဘုရားကြီးလဲ မဖြေကြားလို့သော “ ဗလိနတ်စာ ကျွေးမှု ” အကြောင်းကို လျှောက်ထားလာသောအခါ ... စစ်ဗိုလ် ၊ စစ်သားများ အမြင်မှန်ရစေခြင်းအကျိုးငှာ မေးခွန်းများကို ဖြေကြား ခဲ့ရပါတောသည်။
 ယခုအခါတွင်မူကား  အရာရှိ ပေါက်စမှအစ ကြီးကြီးအရာရှိများပင် မကျန် ၊ အကြားအမြင်ရ ဟုခေါ်သော ပုဂ္ဂိုလ်များဧ။် ကိုးကွယ်မှု ၊ ၀ိဇ္ဇာဘုန်းကြီးများဧ။်ကိုးကွယ်မှု ၊ ဆိုင်ရာ နတ်များဧ။် ကိုးကွယ်မှု များကိုလာမည့် အကျိုး မျှော်ကိုးလို့ ရှေ့တန်းတင် ကိုးကွယ်လာကြပါတယ် ။ ထေရ၀ါဒ ဗုဒ္ဓသာသနာပင် နောက်ရောက် လောက်အောင် ရှေ့တန်းတင်လာကြတာပါ ။ ကြောင်းကျိုးဆက်စပ်မှု ဖြစ်စဉ်တွေ ၊ မြတ်ဗုဒ္ဓ ဟောတဲ့ လောကီလောကုတ် နှစ်ဖြာအကျိုးထူးပေးတဲ့ ၃၈-ဖြာစတဲ့ မင်္ဂလာတရားတော်တွေလဲ  မေ့လျော့ကုန်ကြပြီ ထင်ပါတယ် ။
                                  နတ်တို့၏ စားသောက်ပုံ
    ဆရာတော်ဘုရားကြီးက နတ်ကိုးကွယ်မှုတွေကို ဧကနိပါတ် ကုဏ္ဍက၀ဇာတ်မှာ နတ်တို့ဟာ ခဲဖွယ် ဘော်ဇဉ်ထဲမှ  အဆီသြဇာများသာ  ထုတ်စားတယ် လို့ဆိုပါတယ် ၊ သားစိမ်းငါးစိမ်း  ပူဇော်ပသတဲ့
အကြောင်းတော့ မတွေ့ပါဘူး ။ သားစိမ်းငါးစိမ်း  စားခဲ့ရင်လဲ  အလွန်ကြမ်းတမ်းတဲ့  နတ်ဘီလူးတွေသာ
ဖြစ်ဖို့ ရှိမှာပါ ။
                               နတ်တို့၏ အဆင့်အတန်း
     ဘယ်လိုဘဲဖြစ်ဖြစ် စားဖွယ်နဲ့ ပူဇော်ရတဲ့ နတ်တွေအားလုံးဟာ  အထက်ဘုံမှာနေတဲ့ နတ်တွေတော့  မဟုတ်ကြပါဘူး ။ လူ့ပြည်မှာ ရှိတဲ့ သစ်ပင် စတဲ့ နေစရာတွေမှာနေသော ဘုမ္မစိုး ၊ ရုက္ခစိုး နတ်မျိုးတွေပါ ။
                    
                               နတ်တို့၏  လူတို့ကို ချယ်လှယ်နိုင်မှု
    ဒီရိုးရာ နတ်တွေဟာ မိရိုးဖလာ ပူဇော်မှု  မပြုရင်  ကောင်းကျိုးထက် ၊ မကောင်းကျိုး ပေးမှု ပိုများဟန်  တူပါတယ်။ မိဘရိုးရာကို အစထဲမှ မကိုးကွယ်သူများ နဲ့ ၊   မိမိလက်ထက်ကျမှ မကိုးကွယ်သော လူကြမ်းများနဲ့ ထေရ၀ါဒဗုဒ္ဓ ဘာသာဝင်စစ်စစ် ကိုတော့  မကောင်းကျိုး မပေးကြတော့ပါဘူး ။ အထူး သတိပြုကြည့် ကြပါ ။

                             နတ်တို့၏ လိုအင် ဆန္ဒ
    ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် နတ်များနဲ့ ပတ်သတ်ပြီး ကုသိုလ်ကောင်းမှုပြုတဲ့ အခါ နတ်များကို အမျှဝေဖို့  တိုက်တွန်းတော်မူပါတယ်။ ဒီလိုအမျှဝေ ပူဇော်မှုအတွက်သူတို့ကလဲ ပြန်ပြီး တတ်နိုင်သလောက်  စောင့်ရှောက်ကြမှာပါ ။ ဆရာတော်ကြီးရဲ့ သဘောကလဲ  လူလူချင်းမေတ္တာ ထားသလို ရောက်ရာအရပ်မှာ  နတ်တွေကို မေတ္တာတွေထားလို့ ၊ ကောင်းမှု ကုသိုလ်တွေ အမျှဝေလို့ မေတ္တာထားတာကို သဘောကျတာပါ ။ မြတ်ဗုဒ္ဓ ရဲ့ အလိုတော်အတိုင်ပါပဲ။
                                    
                            တကယ့်အရေးတော့ဖြင့် နတ်တို့လဲ မကယ်နိုင်ပြီ
    ရှေးအခါက ကာလိင်္ဂမင်းနဲ့ အဿကမင်းတို့ ရဲ့ စစ်တိုက်ခန်းကို ကြည့်ခြင်းဖြင့် တကယ်အရေးတော့ဖြင့် နတ်တို့လဲ မကယ်နိုင်ကြပါဘူး ဆိုတာကို  တွေ့ရမှာပါ ။

   ရှေးအခါက တိုင်းပြည် တစ်ပြည် နဲ့ တစ်ပြည်စစ်တိုက်တဲ့အခါ မင်းတို့ကို စောင့်ရှောက်တဲ့ နတ်က  နွားလား ဥသဘယောင်ဆောင်ကာ စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်ကြတာပါ။ ဦးဆောင်တဲ့  အယောင်ဆောင် နွားလားဥသဘနတ်ကို  မင်းတို့သာ  အသီးသီး မြင်ရပါတယ်။ အခြားစစ်သည်တော်တွေတော့ မမြင်ရပေဘူးပေါ့ ။
   ဒီလို တဖက်နဲ့တဖက် စစ်တိုက်ဖို့ ဆောင်နေတဲ့ အချိန်မှာ စစ်ဖြစ်မဲ့နေရာ အနီးမှာ ဘုရား အလောင်းတော်ကြီးဟာ ရသေ့ဘ၀နဲ့ တရားအားထုတ်တော်မူနေတာပါ ။ သူတော်ကောင်းရသေ့ထံကို သိကြားမင်းဟာ မကြာခဏဆိုသလို တရားနာ လာလေ့ရှိတာပါ ။
  ထိုအချိန်မှာ  ကာလိင်္ဂမင်းက သာမန် အရပ်အ၀တ်အစားနဲ့ ရသေ့ထံ သွားလို့စကားစမြည် ရင်းရင်းနှီးနှီး ပြောရင်း မင်းနှစ်ပါးစစ်တိုက်ရင် ဘယ်မင်းက နိုင်စရာ ရှိပါသလဲလို့  မေးလျှောက်တဲ့အခါ ဘုရားလောင်းရသေ့က “ ငါမသိဘူး ၊ ငါ့ဆီကိုလာလာနေတဲ့ သိကြားမင်းကို မေးကြည့်ပေးမယ် ၊ မနက်ဖြန်လာခဲ့ပေါ့ ”
     နတ်တို့ရဲ့ အရှင်သခင် သိကြားမင်းကို မေးကြည့်တဲ့အခါမှာ သိကြားမင်းက“ စစ်တိုက်တဲ့ အခါမှာ ကာလိင်္ဂမင်းရဲ့ အစောင့်အရှောက် နတ်မင်းက တကိုယ်လုံးဖြူသော နွားလားဥသဘကြီးလို အယောင် ဆောင်ပြီး ၊ အဿကမင်းရဲ့ အစောင့်အရှောက်နတ်မင်းက မဲနက်သော နွားလားဥသဘ အယောင်ဆောင်ပြီး ဦးဆောင်စစ်ထိုးကြပါလိမ့်မယ် ။အဲဒီအခါမှာ ကာလိင်္ဂမင်းရဲ့ နတ်မင်းဘက်ကသာ စစ်နိုင်ပါလိမ့်မယ်လို့ ရှေ့ပြေးနိမိတ်တွေ မြင်တွေ့ပါကြောင်း ” ရသေ့ကို လျှောက်လေ သတဲ့ ။
   နောက်တနေ့ အယောင်ဆောင် အရပ်သားလုလင်  ပြန်လာတော့ ရသေ့က သိကြားမင်း လျှောက်ထားတဲ့ အတိုင်း ကာလိင်္ဂမင်းဘက်မှ အနိုင်ရမဲ့ အကြောင်း ပြောလိုက်တယ် ဆိုရင်ဘဲ စစ်ဖြစ်မယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ နှစ်ဘက်သောတပ်တွေဆီကို ကာလိင်္ဂမင်းဘက်က စစ်နိုင်မယ်ဆိုတဲ့ သတင်း တမဟုတ်ချင်း ပြန့်နှံလို့ သွားပါတယ်
  သတင်းကြားသိလိုက်တဲ့ အဿကမင်းလဲ စိတ်တော်တော် ညစ်သွားရတာပါ ။ အဲဒီအခါမှာ အဿကမင်း ဆီမှာ အမူတော်ထမ်းနေတဲ့ အရှင်သာရိကပုတြာ အလောင်းဖြစ်တဲ့  နန္ဒိသေန စစ်သူကြီးက ရသေ့ထံသွားလို့၊ သိကြားမင်းရဲ့ ဘယ်လိုရှေ့ပြေးနိမိတ် ပြတယ် ဆိုတာကိုမေးလို့ “ကောင်းပါပြီ ”ဆိုတဲ့သဘောနဲ့ ပြန်လာခဲ့ပါတယ် ။
   ထိုနောက် မိမိတပ်ကိုပြန်လို့  လက်ရွေးစင်တပ်သား ၁၀၀၀-ကို ရွေးပါတယ် ။ ဤတပ်သားတွေကို တောင်ကုန်းမြင့်မြင့် တစ်နေရာ ခေါ်သွားလို့ “ အမောင်တို့  မောင်မင်းတို့  မင်းတရားအတွက် အသက်ကို စွန့်ဝံ့ ကြသလားလို့ မေးပါတယ် ” စွန့်ဝံ့လို့ရှိရင် ဒီတောင်ထိပ်ပေါ်က ခုန်ချကြဆိုတော့ ခုန်ချမယ်ချီး တကဲကဲ လုပ်ကုန်ကြတာ ။ ဒီအခါမှာ“ ခု-ခုန်ချဖို့မလိုဘူး၊ စစ်တိုက်တဲ့ အခါမှာသာ နောက်မဆုတ်တမ်း တိုက်ကြလို့ ”  မိန့်မှာတော်မူတယ် ။
ကောင်းပြီဆိုပြီး ကာလိင်္ဂမင်းရဲ့နတ်ကို ၀ိုင်းချလိုက်တာ နတ်ဟာ ဒီနေရာမှာ ပွဲချင်းပြီးတာပါဘဲ ။   ကာလိင်္ဂမင်းရဲ့ တပ်ကလဲ စစ်နိုင်မယ်ဆိုတဲ့ ရှေးပြေး နိမိတ်ကြောင့် ပေါ့ပေါ့ဆဆ နေကြတယ်လေ။ ဒီလိုနဲ့ မင်းနှစ်ပါး တကယ်စစ်တိုက်မဲ့ အချိန်ရောက်လာတော့ အဿကမင်းကို နန္ဒိသေန စစ်သူကြီးက “ မင်းကြီး စစ်ဦးမှာ ဘာတွေမြင်ပါသလဲ”လို့ တိုးတိုးလေး ကပ်မေးလိုက်တဲ့ အခါစစ်ဦးမှာ နတ်နှစ်ပါး နွားလားဥသဘ ယောင်ဆောင်လို့ တိုက်နေတဲ့ အကြောင်း ၊ မိမိဘက်က နတ်က ကြောက်ရွံ့နေဟန်ရှိကြောင်း ပြောပါတယ် ။ ဒီအခါ စစ်သူကြီးက အရှင်မင်းမြတ် သူ့ဘက်က နတ်ကိုသာ အရှင်မင်းမြတ်က လေးနဲ့ပစ်ခတ်ပါ ။ ကျွန်တော်မျိုးတို့ စစ်သည် ၁၀၀၀-ကလဲ အရှင်မင်းမြတ် ပစ်တဲ့နေရာကို ၀ိုင်းပြီးပစ်ပါ့မယ်လို့ ပြောတော့ ဧကန်နိုင်မယ်ဆိုတဲ့ ရှင်ဘုရင်ကြီးလဲ ပြေးတော့တာပါဘဲ။ သူ့တပ်လဲ လှန့်ပြီး ဖရိုဖရဲဖြစ်ကာ စစ်ရှုံး ရတော့တာပါဘဲ ။
   အဲဒီလို သိကြားမင်းကိုယ်တိုင် ဧကန်နိုင်မယ် ဟောထားပေမဲ့လဲ ၊ လုံးလ၀ီရိယနှင့် အကြံကောင်း ဥာဏ်ကောင်းနဲ့ သူတော်ကောင်းမရှိတော့ ရှုံးရပါတယ်။ ဧကန်ရှုံးမယ်ဆိုတဲ့  ဘက်ကလဲ လုံးလ ၀ီရိယနှင့် အကြံကောင်းဥာဏ်ကောင်းနဲ့ သူတော်ကောင်း ရှိတော့နိုင်တာပါဘဲ။ ဒါကြောင် တကယ့်အရေးမှာတော့ဖြင့်  နတ်တို့လဲ  မကယ်နိုင်ကြပါဘူး။မိမိရဲ့ အကြံဥာဏ်နှင့် ကောင်းတဲ့လုံးလ ၀ီရိယဟာ နတ်ထက်ပင် အားကိုးလောက်ပါတယ်။
   ဒါကြောင့်  နတ်တို့ရဲ့ ကိုးကွယ်မှုနဲ့ ပတ်သတ်ပြီး မြတ်ဗုဒ္ဓရဲ့ အလိုတော်အတိုင်းသာ နတ်တွေကို ကုသိုလ်တွေ အမျှဝေလို့ဖြင့်သာ  မေတ္တာပို့၊ မေတ္တာထားကြရမှာပါ။ အားကိုးရာ အမှန်စစ်စစ် မဟုတ်ဘူး ဆိုတာ သတိချပ်သင့်ပါတယ်။ ဤသို့ အသိပေးရင်း ၊ မြတ်ဗုဒ္ဓ ရဲ့ ထေရ၀ါရဗုဒ္ဓ သာသနာကို အရှည်တည်တံ့ ပြန့်ပွားအောင်  စွမ်းစွမ်းတမံ ရွတ်ဆောင်နိုင်ကြပါစေကြောင်း၊ ကျင့်ကြံ အားထုတ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတော့တယ် ။

နှလုံး  စိတ်ဝမ်း  အေးချမ်းကြပါစေ .............. ။ 




မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Tuesday, July 26, 2011 | 0 comments |
 ငါ့သား......
"မွေးလာကတည်းက သေရမည့်အချိန်ကို ထမင်းစားရင်းစောင့်နေကြတဲ့ လူတွေ လောကမှာ
အများကြီး ရှိတယ်။ ဒီအထဲမှာ ငါ့သားမပါစေနဲ့"  အမေ၏ ဆုံးမစကားတို့သည် ရှင်းသည်၊ တိကျသည်၊ ပြတ်သားသည်၊ နားလည်လွယ်သည်။ ပါဠိစာသားများ မပါဝင်၊ ဒါကလည်း အကြောင်းတော့ ရှိသည်။ ကျွန်တော့်အမေသည် စာမရေးတတ်၊ မဖတ်တတ်ပါ။
ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိဘတိုင်း သားသမီးများကို အမွေပေးခဲ့ကြသူများချည်  ဖြစ်သည်။ အဖေ၊ အမေထံမှ ပစ္စည်းဥစ္စာ၊ ဓနကြေးငွေ၊ ပညာ စသည်တို့ကို ရရှိမှသာ အမွေရသည်ဟု သားသမီးများက ထင်တတ်ကြပါသည်။ တကယ်တော့ ၎င်းပစ္စည်းများ တန်ဖိုးနှင့် တုနှိုင်းယှဉ်လို့ မရနိုင်အောင်ပင် အဖိုးအနဂ္ဃ ထာဝရ မြင့်နေသော အမွေကို ကမ္ဘာပေါ်ရှိ သားသမီးတိုင်း ၎င်းင်းတို့၏ မိဘအသီးသီးထံမှ ရရှိကြသည်သာ။ ထိုအမွေကား အသက် ဟူသော အမွေတည်း။
"သတိမမူ ဂူမမြင်၊ သတိမူတော့ မြူပါမြင်သည်" ဟု ဆိုရိုးစကား ရှိပါသည်။ အသက်သည် အမွေတစ်ခုဟု အမေက ကျွန်တော့်ကို သိစေချင်သည်။ ဒီအသက်အမွေကို အရင်းအနှီးပြုလုပ်ပြီး ကျွန်တော်၏ ကိုယ်ကျင့် သိက္ခာ မြင့်မားအောင် နေထိုင်စေချင်ခဲ့သည်။ ဒါက အမေ၏ ဆန္ဒ၊ ထိုဆန္ဒနှင့်အညီ စာမတတ်သည့်ကြားမှ
အလျင်းသင့်သလို ကျွန်တော့်ကို ဆုံးမစကားများစွာကို ပြောဆိုခဲ့သည်။ ထိုဆိုဆုံးမစကားများသည်ပင် အမေ၏ နှလုံးသားမှ မေတ္တာ၊ စေတနာ၊ ကရုဏာတို့ဟု ကျွန်တော်နားလည် သဘောပေါက်ပါပြီ။
အမေက ပြောခဲ့ဖူးသည် ငါ့သား...."၀မ်းနဲ့လွယ်မွေးခဲ့ရတဲ့ မိခင်တိုင်းရဲ့ ကာယီကဒုက္ခနဲ့ စေတသိက ဒုက္ခတွေကို မျက်လုံးအစား နှလုံးသားနဲ့ ခံစားကြည့်၊ မိခင်တိုင်းရဲ့ မေတ္တာ၊ ကရုဏာ၊စေတနာ စွမ်းအင်ကြီးမား ပုံကိုလဲ မြင်နိုင်အောင် လေးလေး နက်နက်တွေး၊ ဒါမှ အမေရဲ့ တန်ဖိုးကို သိလိမ့်မယ်၊ တန်ဖိုးသိမှ ကျေးဇူးကို နားလည်မယ် ငါ့သား"
"လူဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ် မရှိတော့မှ တန်ဖိုးကို ပိုသိကြမယ်၊ သတိရကြမယ်၊ နှမြောတမ်းတကြမယ်၊ အမေ ပြောတာတွေကို ငါ့သားက အသက်ရှစ်နှစ်ဆိုတော့ ငယ်သေးတယ်၊ ကောင်းကောင်းနားလည်မှာ မဟုတ်သေးပါဘူး"

"ငါ့သား၊ အမေတို့ နေ့စဉ်နဲ့အမျှ လုပ်နေတာတွေ၊ ပြောနေတာတွေ၊ ကြံစည်နေတာတွေက အမေတို့ သွားရမည့် နေရာကို ပို့ကြလိမ့်မယ်" "ငါ့သား နားလည်အောင် အလွယ်ကူဆုံး စကားနဲ့ အမေပြောမယ်၊ ကောင်းတာကြံ၊ ကောင်းတာပြော၊ ကောင်းတာလုပ်၊ အဲဒါဆိုရင် ကောင်းတဲ့နေရာ ရောက်မယ် ကောင်းတဲ့အကျိုးကို ခံစားရ မယ်၊ မကောင်းတာလုပ်ရင်တော့ မကောင်းတဲ့အကျိုးကို ခံစားရလိမ့်မယ်"

"ဒါဆိုရင် အမေကောင်းတဲ့ နေရာရောက်ပါစေလို့ အမေလည်းဆုတောင်း၊ ကျွန်တော်လည်း ၀ိုင်းပြီး ဆုတောင်းပေးမယ်"လေ။

"ငါ့သားရယ် လောကမှာ ဆုတောင်းလို့ရတဲ့ ကိစ္စတွေ ရှိသလို ဆုတောင်းလို့မရတဲ့ ကိစ္စတွေလဲ ရှိတယ်၊ အခုအမေပြောတာတွေက ဆုတောင်းလို့ မရတာတွေ"
"ငါ့သား ကျောင်းစာကိုလည်း ကျက်၊ တဖက်ကလဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ကြိုးစား၊ ဘာသာရေးကလဲ အရေးကြီးတာပဲ ငါ့သားရဲ့"
"အမေကလဲ ကြံကြံဖန်ဖန် ပူနေပုံရတယ်၊ အင်္ဂလိပ်ကျောင်းမှာ နေလို့ ကျွန်တော် ခရစ်ယာန်ဖြစ်မှာ စိုးရိမ်နေတာနဲ့ တူတယ်၊ အမေရယ်......အဖေရော အမေကပါ ဗုဒ္ဓဘာသာတွေ ဆိုတော့ ကျွန်တော်ကလဲ မိရိုးဖလာ ကိုယ်နှိုက်က ဗုဒ္ဓဘာသာ ဖြစ်ပြီးသားပါ" အမေ....

"ငါ့သား.....
ဒီလိုပြောလို့လဲ မရဘူး၊ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင် တစ်ဦးမှာ မရှိရင် မဖြစ်တဲ့ အရည်အချင်းဆိုတာတွေ ရှိသေ တယ်၊ အဲဒါ ဘာလဲဆိုတော့ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှုပဲ၊ ဘုရားကို ယုံကြည်ရမယ်၊ တရားကို ယုံကြည်ရမယ်၊ သံဃာကို ယုံကြည်ရမယ်၊ ကံကို ယုံကြည်ရမယ်၊ ကံရဲ့အကျိုးကို ယုံကြည်ရမယ်၊ ဒါဟာ သိပ်အရေးကြီးတဲ့ အချက်ပဲ၊ အဲဒီ ယုံကြည်မှု ငါးမျိုးထဲက တစ်ခုခု ပျက်ရင် ဗုဒ္ဓဘာသာဝင် စစ်စစ်မဖြစ်နိုင်တော့ဘူး၊ ဒါဟာ ဘုရားဟောလို့ အမေတို့ ကိုးကွယ်တဲ့ ဆရာတော်ကြီးတွေက ပြောဖူးတယ်"
ကျွန်တော်က ကျက်လက်စ ကျောင်းစာများကို ဘေးအသာချထားပြီး တန်ဘိုးရှိလှသည့် အမေ၏ တရားစကားများကို အာရုံစူးစိုက် နားထောင်နေလိုက်သည်။

"လူတစ်ဦးတစ်ယောက်ဆီက အင်မတန်မှ ရခဲတဲ့အရာ လောကမှာ ရှိတယ်။ အမေနဲ့ သား၊ ဆရာနဲ့ တပည့် ဆိုပြီး၊ ဇွတ်အတင်း တောင်းလို့ မရဘူး၊ ဒါဟာ ဘာလဲဆိုတော့ ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရား ငါးမျိုးဘဲ၊ သဒ္ဓါတရား ဆိုတာ ကာယကံရှင်ရဲ့ ရင်ထဲ၊ အသည်းထဲ၊ နှလုံးအိမ်ထဲက ဘယ်သူမှ မတောင်းဆိုရဘဲ ဘယ်သူမှ မတိုက်တွန်းရဘဲ အလိုလို မြစ်ဖျားခံ နိုးကြားလာမှ စစ်မှန်တယ်၊ ဒါမှ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်တယ်တဲ့"
ဘာသာရေး ခံယူချက်တွင် မှန်ကန်စေချင်သော အမေ၏ ဆန္ဒနှင့် စေတနာကို ကျွန်တော်များစွာ တန်ဖိုးထား ရပါမည်။ ထို့ကြောင့်လည်း ထိုနေ့ညက အမေ့ခြေအစုံကို ဦးခေါင်းဖြင့် ထိ၍ ရှိခိုးရင်းကျွန်တော်ဟာ သဒ္ဓါတရားနှင့် ပြည့်ဝသော ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ဦး ဖြစ်ရပါစေ့မည်ဟု အမေ့ကို ကတိပေးခဲ့ပါသည်။ အမေက သာဓု သုံးကြိမ်ခေါ်ပါသည်။
ငါ့သား.....
"ဟောဒီလှိုင်းလုံးတွေဟာ ပင်လယ်ထဲက စတင်ပြီး သောင်ကမ်းဆီကို မမောနိုင် မပမ်းနိုင် ပြေးပြေး တက်လာကြတယ်၊ ကမ်းနားရောက်တော့ ပျောက်ပျက်သွားတယ်လို့ မျက်မြင်အရ ထင်စရာပေါ့၊ ဒါပေမယ့် အဲဒီလှိုင်းလုံးတွေဟာ မူရင်းစတင်ဖြစ်ပေါ်တဲ့ ပင်လယ်ထဲဆီကို ပြန်သွားကြတယ်လို့ အမေ့ရဲ့ အဖေ အမေတွေက ပြောဖူးတယ်၊ ငါ့သား......
ငါ့သား......
ဒို့ဗုဒ္ဓ မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်တော်ကြီးက စေတနာနဲ့ ပတ်သက်ပြီး ဟောကြားခဲ့တယ်၊ မြတ်စွာဘုရားက လုပ်ငန်းတိုင်းကို ကောင်းမြတ်တဲ့ စေတနာနဲ့ လုပ်ဖို့ တိုက်တွန်းတယ်၊ ထိတွေ့ဆက်ဆံရတဲ့ လူတွေ၊ သတ္တ၀ါတွေအပေါ်မှာလဲ စေတနာကောင်းထားရမယ်လို့ ဆုံးမခဲ့တယ်၊ ကိုယ်ထားရှိတဲ့ စေတနာဟာ အချိန်တန်ရင် ကိုယ့်ဆီကို ပြန်လာတယ်၊ အလဟဿ မဖြစ်ဘူး၊ ပင်လယ်သမုဒ္ဒရာထဲက လှိုင်းလုံးတွေဟာ ဝေးကွာတဲ့ ကမ်းနားဆီကို ဦးတည်သွားနေပေမဲ့ ကမ်းနားရောက်ပြီးတာနဲ့ စတင်ဖြစ်ပေါ်တဲ့ မူလနေရာဆီကို
အမြဲပြန်လာတယ်၊ ပျောက်ပျက်သွားရိုး ထုံးစံမရှိဘူး၊ စေတနာကို လှိုင်းလုံးနဲ့ ဥပမာပြပြီး မြတ်ဗုဒ္ဓက ဟောထားခဲ့တာပါ။

တန်ဆောင်မုန်းလပြည့်နေ့ ညတစ်ညတွင် ဖြစ်သည်။ မြေဆီမီးခွက်များတွင် ဆီနှင့် မီးဇာကို အသုံးပြု၍
မြတ်ဗုဒ္ဓကို ကျွန်တော်တို့ မိသားစု ဆီမီးပူဇော်ကြသည်။
"ငါ့သား......
ဒီမှာ လာကြည့်စမ်း၊ ဆီသန့်ဆီကြည်နဲ့ ထွန်းတဲ့ ဆီမီးခွက်မီးက ကြည်တယ်၊ မှိုင်း မထွက်ဘူး၊ ဟိုဘက်က ဆီမဲဆီနောက်နဲ့ ထွန်းတဲ့မီးက မကြည်ဘူး၊ မှိုင်း ထတယ်၊ ဒါဟာ ဆီကြည် ဆီနောက်ရဲ့ ခြားနား မှုပေါ့၊ ငါ့သား..... လုပ်ငန်းတစ်ခုကို ဆောင်ရွက်တဲ့အခါ ထားရှိတဲ့ စေတနာဟာ သိပ်အရေးကြီးတယ်၊ စေတနာ သန့်ရင် သန့်သလို၊ စေတနာ မဲ့ရင် မဲ့သလို၊ စေတနာယုတ်ရင် ယုတ်သလို အကျိုးပေးတယ်၊ ငါ့သား
ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာ စေတနာသန့်ဖို့ကို အဓိကထား၊ မြတ်ဗုဒ္ဓကလဲ ဒီအတိုင်း ဟောပြခဲ့တယ်လို့ ဆရာတော်တွေက မိန့်လေ့ရှိတယ်။ ချမ်းသာချင်ရင် စေတနာမမဲ့ရဘူး"
"လမင်းကြီးဟာ အေးမြတယ်၊ အေးမြတဲ့ လမင်းရဲ့ ဓါတ်ကို ပုတီးစိပ်ရင်း ကိုယ့်နှလုံးအိမ်မှာ ဓါတ်ကူးယူတဲ့ သဘောပဲ၊ ဓါတ်ပေါင်းတယ်လို့ ဆိုချင်ရင်ဆိုပေါ့၊ အတိတ်နိမိတ်ကောင်းလို့ ဓါတ်ပေါင်းလပြည့်နေ့ကို အလေးထားတာ၊ လမင်းရဲ့ အလင်းရောင်ဟာ သန့်တဲ့ နေရာ၊ မသန့်တဲ့ နေရာရယ်လို့ မရွေးဘူး၊ မခွဲခြားဘူး၊
ဒီအတိုင်းဘဲ အမေတို့ဟာလဲ လူတွေကို အဆင့်မခွဲခြားဘဲ လူကိုလူလို လေးစားတတ်ရမယ်၊ တန်ဖိုးထား တတ်ရမယ်။ လူတိုင်းဟာ သူ့နေရာနဲ့ သူတော့ သုံးတတ်ရင် တန်ဖိုးရှိတာချည်းပါပဲ"
င့ါသား......
"ပုဂ္ဂိုလ်တွေက နေကို လူ့ဦးခေါင်းလို သဘောထားကြတယ်၊ လူ့ဦးခေါင်းဟာ နေရာမပြောင်းဘူး၊ နေမင်းဟာလဲ ဒီအတိုင်းဘဲ၊ လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်နေ့တွေမှာလဲ အရွယ်အစား လုံးဝ မပြောင်းဘူး၊ စိတ်ဓာတ်ရေးရာမှာ နေလို ကျင့်ပါ၊ သမာဓိခိုင်မြဲပါစေ၊ အပြောင်းအလဲ မလုပ်ပါနဲ့"
"လမင်းကြီးကိုတော့ လူ့မျက်နှာလို သဘောထားကြတယ်၊ လမင်းဟာ လဆန်းမှာ တစ်မျိုး၊ လဆုတ်မှာ တစ်မျိုး၊ လပြည့်မှာ တစ်မျိုး၊ အမြဲပြောင်းတယ်၊ လူ့မျက်နှာဟာလဲ ဒီအတိုင်းပဲ၊ ၀မ်းသာရင် တစ်မျိုး၊ ၀မ်းနည်းရင် တစ်မျိုး၊ ကြိုက်ရင် တစ်မျိုး၊မကြိုက်ရင် တစ်မျိုး အမြဲ အပြောင်းအလဲ လုပ်တယ်။ အလျော့အတင်း ရှိတယ်၊
လမင်းရဲ့ အေးမြတဲ့ ဓါတ်ကိုတော့ ပူးပေါင်းရယူပါ။ ဒါပေမဲ့ လမင်းရဲ့ ပုံသဏ္ဍာန်လိုတော့ မကျင့်ပါနဲ့လို့ အမေ့ဆရာတွေက ဆုံးမတယ်။ ငါ့သား..... ကိုယ့်ကို အကျိုးရှိတဲ့ စကားပြောလို့ကတော့ ကလေးကပဲ ပြောပြော၊ လူကြီးကပဲ ပြောပြော၊ လူမျိုးခြားကပဲ ပြောပြော တန်ဖိုးထားတတ်ရတယ်၊ လေးစားတတ်ရတယ်"
တစ်ညနေ ရန်ကုန်မြို့ ကန်တော်ကြီးဘက် သွာကြည့်ကြစဉ် အမေ ပြောသော စကားများကို ကျွန်တော် သတိရမိပါသည်။
"ငါ့သား.....
ဟိုမှာ ကြည့်စမ်း၊ ကြာပန်းတွေ ပွင့်နေလိုက်တာ၊ အင်း … ကြာပန်းကလေးတွေကို ကြည့်ပြီး ဘ၀မှာ သင်ခန်းစာ ယူတတ်ရင် ရတယ်။ ကြာပန်းတစ်ပွင့် ရေပေါ်မှာ တက်ပွင့်ဖို့ဆိုတာ တကယ် မလွယ်ဘူး။ ရေအောက်က ချုံနွယ်တွေ၊ ပေါင်းပင်တွေက ကြာပန်း ရေပေါ် မရောက်အောင် အစွမ်းကုန် ၀ိုင်းဆွဲကြတာဘဲ။ ကြာပန်းကလဲ အားပြိုင်ပြီး ရေပေါ် ရောက်အောင် ကြိုးစားတက်တာပဲ။ ရေပေါ်ပွင့်လာနိုင်တဲ့အထိ
ရောက်လာကြတဲ့ ကြာပွင့်တွေ ရှိသလို ရေအောက်မှာတင် ရွှံ့ညွံပေါင်းပင်တွေ ကြားမှာ ပုပ်ပြီးဆွေးမြေ့ သွားကြတဲ့ ကြာဖူး ကြာငုံတွေဟာလဲ အမြောက်အမြားပဲ။ လူတွေမှာလဲ ဒီအတိုင်းပဲ။ အပေါ်ရောက်ဖို့ ကြိုးစားကြရင်း အောက်ခြေမှာတင် ဘ၀ဆုံးသွားတဲ့ လူတွေ၊ ပျက်သွားတဲ့ လူတွေဟာ ဒုနဲ့ ဒေး။ ငါ့သား ဘ၀ နွံမနစ်အောင် ကြိုးစားနော်"
ထိုနေ့က ကြာပန်းနှင့် ယှဉ်၍ ပြောသွားသော သင်ခန်းစာကို ကြာပန်းမြင်တိုင်း ကျွန်တော် အမေ့ကို သတိတရ ရှိလှပါသည်။
ငါးမျှားနေကြသော သူများကို တွေ့တော့ အမေ့မှာ ပြောစရာ စကားများ ရှိလာပြန်ပါသည်။
"ငါ့သား........
ကောက်သော် စားမလောက်ဘူး၊ ဖြောင့်သော် စား မကုန်ဘူးလို့ ရှေးလူတွေက ဆိုကြတယ်။ သဘောကတော့ ကောက်ကျစ်စဉ်းလဲ လိမ်ညာရင် စားရေး သောက်ရေး ခက်တယ်။ ရိုးသားဖြောင့်မတ်တယ် ဆိုရင်တော့ စားရေး သောက်ရေး လွယ်ကူတယ်။ ပိုလျှံတယ် ဆိုတဲ့ သဘောပေါ့။ ငါးမျှားချိတ်က ကောက်တယ်။ တစ်နေကုန် မျှားရင်တောင် စားမလောက်ဘူး။ လေးရဲ့ မြှားတံက ဖြောင့်တယ်။ သားကောင်ပစ်လို့ ရပြီဆိုရင် တစ်ယောက်စာတင် မကဘူး။ တစ်အိမ်လုံး စားရင်တောင် မကုန်နိုင်ဘူးလို့ ဥပမာ ပြကြတယ်" င့ါသား....အမေး ပြောတာတွေမှတ်ထားနော်။ င့ါသား ကြီးလာရင် အသုံးဝင်မှာပါ။
ကန်တော်ကြီးထဲတွင် လူများ အပျော်လှေစီးနေကြသည်ကို တွေ့သောအခါ အမေ ပြောခဲ့သော စကားများသည် များစွာ တန်ဖိုးရှိလှပါသည်။
"ငါ့သား၊
လှေဆိုတာ တည်ဆောက်ပြီးလို့ လှေဖြစ်တာနဲ့ ရေထဲမှာ ချကြရတယ်။ ကုန်းပေါ်မှာ တင်ထားလို့ မရဘူး။ လှေဟာ ရေနဲ့ ကင်းကွာရင် ကွဲအက်လာတတ်တယ်။ သုံး မရဖြစ်တတ်တယ်။ ဒါကြောင့် လှေဆိုတာ ရေထဲမှာ ချထားရတဲ့ အမျိုး၊ ရေထဲမှာ လှေချထားရတယ် ဆိုပေမယ့် လှေထဲကို ရေ၀င်လို့တော့ မဖြစ်ဘူး။ ရေ၀င်ရင် လှေမြုပ်မယ်။ ဒီအတိုင်းပဲ လူတွေဟာ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်၊ ရဟန်းဆိုရင်လည်း ရဟန်းထူး၊ ရဟန်းမြတ် ဖြစ်အောင် ကျင့်ပြီးလို့ ဖြစ်လာရင် လူနဲ့ကင်းကွာလို့ မရဘူး။ လူတောထဲ ပြန်တိုးရမှာပဲ။ လူတောထဲတော့ တိုးပါ။ လူတိုးတော့ မခံနဲ့လို့ အမေ့ရဲ့ အဖေက ပြောဖူးတယ်။ လူတိုးခံရင် ကိုယ့်ဟန်ချက် ပျက်တယ်။ လဲနိုင်တယ်။ လူပိတတ်တယ်။ လူတက်နင်းခံရတတ်တယ်တဲ့"
"အမေဟာ တန်ဖိုး အလွန်မြင့်မားတဲ့ အသက်အမွေကို သားတို့ သမီးတို့ကိုပေးခဲ့ပြီးပြီ၊ ကျွန်တော့်အပေါ် ထားရှိခဲ့သော အမေ၏ ကြီးမားလှသော မေတ္တာ ကရုဏာ စေတနာ တို့ကို မှတ်တမ်းတင်လိုက်မိသော ကျွန်တော်၏ ရေးသားတင်ပြမှုတို့သည် အမေ့နှလုံးသားမှ မေတ္တာ ကရုဏာ စေတနာ တို့၏ အတိုင်းအတာကို မပြည့်မှီဘဲ လျော့နည်းနေပါက ကျွန်တော့်ကို အမေ ခွင့်လွှတ်ပါရန် ရှိခိုးတောင်းပန်ပါတယ် အမေ.....
တန်ဖိုးရှိတဲ့ အမေ့ရဲဆုံးမ စကားတွေကို သား....ရင်ဝယ်မကျ နားထောင်းခဲ့ပါတယ်..  ဒါပေမယ့်  အမိမြေနဲ ဝေးကွာတော့မှ အမေ့ရဲ့ဆုံးမစကားတွေဟာ သာအတွက်ပိုပြီးလေးနက်ခဲ့တယ် ဆိုတာ အခု သားသိနားလည် ခဲ့ပါပြီအမေ...
အမေ.. ကျမ္မာပါစေလို့  ဆုတောင်းမေတ္တာပို့ရင်.....အဝေးရောက်သား



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Sunday, July 24, 2011 | 0 comments | Labels:



  မြတ်စွာ ဘုရားရှင် ကိုယ်တော် မြတ်ကြီးက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြား လိမ့်မယ်” ဟု ဟောတော်မူခဲ့ပါတယ်။ ယနေ့ခေတ် လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင် မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး ။ ဒီလို အခြေ အနေတွေကို ကြို၍သိလို့ မြတ်စွာဘုရားက ဟောတော် မူခဲ့ပါတယ်။

အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုး ကတော့...
၁) ကုလ ဗုဒ္ဓဘာသာ
၂) လာဘ ဗုဒ္ဓဘာသာ
၃) ဘယ ဗုဒ္ဓဘာသာ
၎) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
၅) ပညာဓိက ဗုဒ္ဓဘာသာ

၁) ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာကို ပြောတာပါ။ မိဘ ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓ ဘာသာ လိုခေါ်တာပေါ့။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ။ ဘုရားရှင် ဘာလို့ ပွင့်မှန်းလည်း မသိ၊ ဘုရားက ဘာတရား ဟောမှန်းလည်း မသိ၊ ကိုးကွယ်နေတဲ့ မြတ်စွာဘုရားကို ဘာကြောင့် ကိုးကွယ်ရမှန်းလည်း မသိ။ တရားတော်ကို ဘာကြောင့် ကိုးကွယ်ရမှန်း မသိ၊ ဘုရားကို ဦးချတာ ဘာ ရည်ရွယ်ချက်နဲ့ ဦးချမှန်း မသိ၊ ဘာကြောင့် ဒီလောက်ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ။ အသိပညာ ဘာမှ မပါတာ ကုလ ဗုဒ္ဓဘာသာပါ။

၂) လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာမျိုးကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးများ တက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ ဒီဘုရားကို ကိုးကွယ် ရင်တော့ လာဘ်လာဘ ပေါများတယ်၊ ဟိုဘုရား ကိုးကွယ်ရင်တော့ဖြင့် စီးပွားရေး တက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှသာ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။ အဓိက'က စီးပွားဖြစ်နေတယ်ဆိုတာ ဘုရားကြောင့် မဟုတ်ပါဘူး။ ကံ၊ ဉာဏ်၊ ဝီရိယ၊ သတ္တိ ကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်-ရောင်းမယ်၊ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ၊ ပြဿဒါး ရွေးနေတာတွေ။ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော်၊ ဘွားတော်ပုံတွေကို တင် ထားတာတွေ။ ကိုကြီးကျော်၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စသည့် လာဘ်လာဘများ လိုချင်လို့ ကိုးကွယ်နေကြတဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

၃) ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရားကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မည်သာဆိုရင် ဘုရား မကိုးကွယ်တဲ့ ခရစ်ယာန်၊ အစ္စလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ။ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တာကို လာဘ ဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊ လာဘ၊ ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာ များဟု ခေါ်ပါသည်။ ဟိုလူ မပါ။ ဒီလူမပါ။ ဟိုလူ့ ပသပါတယ်။ ဒီလူ့ ပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာ တွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ ဘာသာရေး အသိဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့အရမ်း ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါးဖြင့် လှူဒါန်းပူဇော် ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ။ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ။ ဘာအတွက် ကျောင်းဆောက်နေတာလဲ။ စဉ်းစားပါ။ ဝေဖန်ပါ။ သုံးသပ်ပါ။

၎) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။ သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊ တရား၊ သံဃာကို တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါနဲ့၊ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး (၂)မျိုး ရှိပါတယ်။ သမ္မာသဒ္ဓါ မှန်မှန်ကန်ကန်ယုံကြည်ချက်ဆိုတာ သစ္စာတရားကို သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ၊ ကရုဏာတော် အပြည့်နဲ့ သစ္စာလေးချက်၏ အနက်ကို ဟောကြား တော် မူခဲ့ပါသည်။ ဒီတရားတော်ရဲ့ အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာသူတော်စင် ကြီးတွေဟာ နိဗ္ဗာန် ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။ အသေလွတ်ရာ ပြတတ်လို့ "မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သော ယုံကြည်ချက်။ တရားတော်ကို ဘာကြောင့် ကိုးကွယ်ရသလဲ။ မြတ်စွာဘုရား ဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း သာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။  ထိုအသေလွတ်ရာသို့ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ ထိုတရားတွေ မကွယ် မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲဆိုရင် သံဃာတော်တွေရဲ့ ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေကို သံဃာတော်တွေက ဆောင် ထား တာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက် ထားခဲ့တာပါ။ သံဃာတော်ကို ယုံကြည်မှု၊ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်နဲ့ ယုံကြည်ကြတဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။ မိစ္ဆာသဒ္ဓါ ယုံကြည်မှု က လာဘ်လာဘ ပေါတယ်။ အန္တရာယ် ကင်း တယ်ဆိုပြီး ကိုးကွယ် ယုံကြည်နေတာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာ ယုံကြည်ချက်၊ အန္တရာယ်ကင်းအောင် ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများက ဦးတိုက်နေလို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု၊ ဒါတွေဟာ မိစ္ဆာသဒ္ဓါ တွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာ ပို့ဆောင်နိုင်ခဲ့လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ "ရတနာသုံးပါးကို ကိုးကွယ်ပါ၏" ဆိုတဲ့ သမ္မာသဒ္ဓါ။ အနှစ် သာရ မရှိတာကို မရှိဘူးလို့ သိပါတယ်၊ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိပါတယ်၊ မှားတာကို မှားတယ်လို့ သိတယ်၊ မှန်တာကို မှန်တယ်လို့ သိတယ်၊ သိတဲ့အပြင် အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓါရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

၅) ပညာဓိကဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဗုဒ္ဓဘာသာ ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာ ဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည်တာလည်း ဆိုတော့ ရမ်းယုံကြည်တာ မဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ ထိုသို့သိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက် မြင်တာ ခန္ဓာက မြင်တာလား၊ ပညာက မြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ ခန္ဓာထဲမှာ ဖြစ်တာနဲ့၊ ပျက် တာပဲ ရှိတာလို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြံလိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တော့ သဒ္ဓါ၊ ဖြစ်ပျက်မြင် တာက ပညာ။ ထိုကြောင့် သဒ္ဓါနဲ့ပညာဟာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါတရား မှန်မှန်ကန်ကန်ဖြင့်သာ ကြိုးစားမယ်ဆိုရင် အပ္ပါယ်လေးပါးမှ လွတ်မြောက်နိုင်ပါ ၏။ ဒို့မှာ အပ္ပါယ်မျိုးစေ့ တွေ၊ အပ္ပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိကြပါတယ်။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူ့ကို တားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲဆိုတော့ ဉာဏ်နဲ့ ဖြတ်ရမယ်။ ဉာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါတယ်။ ဒါသည် သဒ္ဓါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဓါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါဖြစ်ပါတယ်။

အထက်ပါ (၅)မျိုးတွင် မိမိသည် ယခုအသက်အရွယ်ထိ ရောက်လာသည့်တိုင် မည်သည့် ဗုဒ္ဓဘာသာထဲတွင် ပါရှိသည်ကို မိမိကိုယ် မိမိ ဝေဖန်ဆန်းစစ်ကြည့်ရင်း စစ်မှန်သော ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ် နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါသည်။



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |
 စင်္ကာပူတွင် ဘွဲ့အတု၊ လက်မှတ်အတုများအတွက် အရေးယူရသော ကိစ္စများပင် ရှိနေလေပြီ။ Straits Times သတင်းစာတွင် သတင်းများ ဖတ်ရသည်။ ၈-၈-၂၀၀၈ နေ့ထုတ်နှင့် ၃၀-၈-၂၀၀၈ နေ့ထုတ် Strait Times သတင်းစာမှ အလိမ်အညာ ဘွဲ့လက်မှတ်များအကြောင်း သတင်းနှင့်ဆောင်းပါများကို ကျွန်တော် ဖတ်လိုက်ရပါသည်။

မလေးရှားနှင့် အတုအယောင်ဘွဲ့
၂၀၀၈ ခု၊ စက်တင်ဘာလထဲတွင် မလေးရှား၌ အကြိတ်အနယ် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့သည်။ အတိုက်အခံ အန်ဝါအီ ဘရာဟင်နှင့် အာဏာရ ဘာရီဆန်နက်ရှင်နယ်မှ အာရစ်ရှား အိုမာရှား တို့ အဓိက ပြိုင်ဖက် ဖြစ်သည်။ မဲဆွယ်ပွဲကာလတွင် အာရစ်ရှား အိုမာ ရှား အပေါ် စွပ်စွဲချက်တစ်ခု ပေါ်ထွက်လာ၏။ သူသည် အတု အယောင် တက္ကသိုလ်တစ်ခုနှင့် ဆက်သွယ်ပြီး Ph.D ဘွဲ့ယူရန် ကြိုးစားနေသည်ဟု သူ့အပေါ် စွပ်စွဲသည်။ ထိုသတင်းကို သတင်းစာများတွင် ဖတ်ရှုရသည်။ အင်တာနက် သတင်းများတွင်လည်း တွေ့ရသည်။ အာရစ်ရှား အိုမာသည် ဘွဲ့ရသူ မဟုတ်။ ပေါ်လီတက်ကနစ်မှ ဒီပလိုမာ ရရှိထားသူ GTI အဆင့် ဖြစ်သည်။ ဘယ်လိုလုပ်ပြီး Ph.D သင်တန်းသားအဖြစ် မှတ်ပုံတင်ခွင့်ရသလဲဟု မေးခွန်းထုတ်ထား၏။ နောက်ဆုံးတွင် “ကျွန်တော် Ph.D သင်တန်းက ထွက်လိုက်ပါပြီ။ အသိအမှတ်ပြုဘွဲ့ မဟုတ်လို့ပါ” ဟု အာရစ်ရှား အိုမာရှားက ကြေငြာချက် ထုတ်လေသည်။ သူ့အပေါ် စွပ်စွဲသူများက သူ မှတ်ပုံတင်ထားသော တက္ကသိုလ်၏ အမည်ကို Edison University of Technology ဟု ဖော်ထုတ်ထားသည်။
အာရစ်ရှား အိုမာရှားက တက္ကသိုလ်၏ အမည်မှန်မှာ Edision University of Technology ဖြစ်ပြီး British Virgin Islands တွင် မှတ်ပုံတင်ထားသော တက္ကသိုလ် ဖြစ်ပါသည်ဟု ရှင်းပြသည်။ (Virgin Islands သည် ဗြိတိသျှပိုင် ကျွန်းကလေးဖြစ်ပြီး ထိုကျွန်းတွင် မှတ်ပုံတင်သော ကုမ္ပဏီမျး အခွန်အတုတ်ပေးဆောင်မှု အလွန်သက်သာ သည်။ အခွန်တိမ်းရှောင်လိုသော လုပ်ငန်းများ ကုမ္ပဏီ မှတ်ပုံတင်လေ့ရှိသော အရပ်ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးလောကတွင် လူသိများပါသည်။)
******************
စင်္ကာပူတွင် ဘွဲ့လက်မှတ်အတုများ ပြည်ပမှာ ယူလာပြီး ကျောင်းဝင်ခွင့် သို့မဟုတ် အလုပ်လျှောက်သူပါ များစပြနေပြီ။ ၈-၈-၂၀၀၈ ထုတ် Straits Times သတင်းစာတွင် အမေရိကန်နိုင်ငံ၌ တွေ့ရှိသော ဘွဲ့လက်မှတ် အတု သုံးစွဲသူများတွင် စင်္ကာပူမှ ၃၆ ဦး ပါဝင်ကြောင်း ရေးသားထားသည်။ သတင်းစာက နာမည် ဖော်ပြခံရသူ အချို့ကို ဆက်သွယ်မေးမြန်းသောအခါ ၆ ဦးက ဘွဲ့လက်မှတ်ဝယ်ယူခဲ့တာ မှန်ကန်ကြောင်း ၀န်ခံထားသည်။ ထို ၆ ဦးအနက် ၄ ဦးတို့သည် သူတို့၏ ပညာရည်နှင့် အတွေ့အကြုံ မှတ်တမ်းလွှာ (resume) တွင် ဘွဲ့အတုကို ထည့်သွင်းဖော်ပြထားသည်။ နှစ်ယောက်က စာရင်းတွင် ဖော်ပြထားသော ‘တက္ကသိုလ်’ မှ ဘွဲ့ရရှိကြောင်း ထိုတက္ကသိုလ်သည် ‘ဘွဲ့စက်ရုံ’(degree mill) ဖြစ်သည့် အချက်ကို မသိခဲ့ကြောင်း ပြောဆိုသည်။
ဘွဲ့လက်မှတ်အတု သုံးစွဲခဲ့သည်ဟု ယူဆရသော ကျောင်းဆရာတစ်ဦး၏ ကိစ္စကိုစင်္ကာပူ ပညာရေးဝန်ကြီး ဌာနက စုံစမ်းအရေးယူရန် ရှိသည်ဟု သတင်းရရှိသည်။ စီးပွားရေး လုပ်ငန်းရှင် ဒေးဗစ်တန် လင်းဝှပ်က သူသည် St. Regis University မှ ပေးမည့် ဘွဲ့အကြောင်း စုံစမ်းရုံသာ စုံစမ်းခဲ့ကြောင်း၊ မ၀ယ်ခဲ့ကြောင်း ပြောဆိုသည်။ ပုဂ္ဂလိက ကျောင်းဆရာ ဒေးဗစ်နယ်ဆင် ဆင်မျူရယ်က St. Riegis University မှ B.A ဘွဲ့လက်မှတ်ကို စင်္ကာပူ ဒေါ်လာ ၄၀၀၀၀ ပေးပြီး ၀ယ်ခဲ့သည် ဆို၏။ နောက်မှ ၄င်းမှာ အသိအမှတ် ပြုခံရသော တက္ကသိုလ်မဟုတ်ကြောင်း သိရှိရသည်ဟု ဆို၏။
စင်္ကာပူတွင် NorthBridge Road တွင် ဖွင့်လှစ်ထားသော သင်တန်းကျောင်း၌ မစ္စတာ ဂျိုးဇက်ဆာဂူဆင် ဆိုသူ အင်္ဂလိပ်စာ သင်တန်းပေးခဲ့သည်။ သူ့ဘွဲ့လက်မှတ်များမှာ St. Lourders University က ပေးသော BA(Business) နှင့် MA (Education) ဖြစ်သည်။ ၄င်းသည်လည်း ‘ဘွဲ့စက်ရုံ’ တစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်ဟု သတင်းဆောင်းပါးတွင် ရေးထား၏။
စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့အင်အားဝန်ကြားဌာနတို့ကလည်း ၀င်ရောက်လာသူများ ယူလာသည့် လက်မှတ်အတုများကို တွေ့နေသည်။ တွေ့ရှိသည့်အထဲတွင် နိုင်ငံခြားသားက များသော်လည်း စင်္ကာပူနိုင်ငံ သားများလည်း ဘွဲ့လက်မှတ်အတု သုံးစွဲမှု တိုးပွားလျက် ရှိနေသည်ဟု သိရသည်။ အာရှနှင့် အရှေ့အလယ် ပိုင်း နိုင်ငံများတွင် လူဝင်မှုကြီးကြပ်ရေးအတွက် ကန်ထရိုက်ယူပြီး စစ်ဆေးရေးလုပ်ငန်း လုပ်ကိုင်ပေး နေသော Itegra Screen အမည်ရှိ ကုမ္ပဏီက စစ်ဆေသမျှတဓွင် ငါးရာခိုင်နှုန်းခန့်မှာ ဘွဲ့လက်မှတ်အတု ဖြစ်ကြောင်း တွေ့ရှိသည်ဆို၏်။
Integra Screen မှ ဦးဆောင်ညွှန်ကြားရေးမှူး ဂျွန်ဘက်စတာက “ အင်တာနက်ကြောင့် လက်မှတ်အတု ထုတ်ရောင်းသူ တိုးပွားနေကြောင်း။ စင်္ကာပူတွင် အလုပ်ရရှိရန် လက်မှတ်တုဝယ်ယူသူများလည်း တိုးပွားနေကြောင်း” ပြောဆိုသည်။
ဘွဲ့လက်မှတ်စက်ရုံ အများစုက လက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ဈေးနှုန်း အမျိုးမျိုးနှင့် ရောင်းသည်။ အမြင့်စား နည်းပညာကို သုံးပြီး ပြုလုပ်ထားသော ဘွဲ့လက်မှတ်များကလည်း အစစ်မဟုတ်သော်လည်း အလွန်သားနားသည်။
၃၀-၈-၂၀၀၈ နေ့ Straits Times တွ် စန္ဒြာဒေ၀ီက အတုအယောင် ဒီဂရီများအကြောင်း ဆောင်းပါးတစ်စောင် ရေးထားသည်။ Belford University က ထုတ်ပေးသော ဘွဲ့လက်မှတ် ၂စောင်ကို ဓာတ်ပုံမိတ္တူနှင့် ဖော်ပြထား သည်။ စင်္ကာပူဆရာဝန်အသင်းဝင် ‘ဒေါက်တာ’ ဦးရေထက် အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း များတွင် ‘ဒေါက်တာ’ ဦးရေက ပိုမိုများပြားနေကြောင်း ဟာသပြောနေကြသည်ဟု စန္ဒြာက ဆောင်းပါးကို နိဒါန်းပျိုးထားသည်။
စီးပွားရေးလုပ်ငန်းရှင်များက ဂုဏ်ထူးဆောင် Ph.D အတုနှင့် ဒေါက်တာဘွဲ့တပ်ထားကြောင်း။ ၄င်းဘွဲ့များမှာ Preston, Wisconsin International နှင့် Kennedy Western အမည်နှင့် တက္ကသိုလ်အတုများ ဖြစ်ကြောင်း စန္ဒြာက ဖော်ပြထားသည်။ ဘွဲ့အတုဝယ်ယူသူ သုံးမျိုးသုံးစား ရှိသည်။ ပထမအစုမှာ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်၏်။ ဂုဏ်ရှိသည်ထင်ပြီး ဒေါက်တာဘွဲ့တပ်သူများ ဖြစ်သည်။
ဒုတိယလူစုမှာ အတိုင်ပင်ခံပညာရှင်များ၊  ပုဂ္ဂလိကကျောင်းများမှ ကထိကများ၊ နည်းပြများ ဖြစ်သည်။ သူတို့သည် ပထမ ဘွဲ့တစ်ခုရရှိပြီး လုပ်ရည်ကိုင်ရည် အထိုက်အလျောက် ရှိ၏။ သို့သော် Ph.D လက်မှတ်ပြပြီး ဒေါက်တာဘွဲ့အမည် ရှေ့ကတပ်လိုက်လျှင် ပိုပြီး တင့်တယ်သည်ဟု ခံယူသည့်ပြင် ၀င်ငွေလည်း ပိုကောင်းမည် ဖြစ်သောကြောင့် ဘွဲ့ဝယ်ယူခြင်း ဖြစ်သည်။ နောက်ဆုံးလူစုမှာ ဘွဲ့မရသေးသူများ ဖြစ်သည်။ ဘွဲ့လက်မှတ်အတုနှင့် ‘လံကြုပ် အမှတ်စာရင်းများကို သူတို့က ၀ယ်ယူပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်ရာတွင် အသုံးချသည်။ အလုပ်လျှောက်ရာတွင် အသုံးချသည်။ လက်မှတ်အတုနှင့် စင်္ကာပူတွင် ဖမ်းမိသူများမှာ နိုင်ငံခြားသားများ ဖြစ်၏်။

ဒေါက်တာဘွဲ့အမျိုးမျိုး
ယခုအခါတွင် ဒေါက်တာဘွဲ့အမျိုးမျိုး ရှိနေပေသည်။
(၁) ပညာသင်ယူပြီးမှ ရသော ဒေါက်တာဘွဲ့ (Earned doctorate) သည် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်ကြီး တစ်ခုခုတွင် သတ်မှတ်ထားသော စံအတိုင်း သုတေသနကျောင်းသားအဖြစ် အနည်းဆုံး နှစ်နှစ် လေ့လာဆည်းပူးပြီးနောက် အဆင့်မီသော သုတေသန စာတမ်းတင်သွင်းပြီးမှ ရရှိသော ဘွဲ့ဖြစ်သည်။ Earned doctorate ရရှိလျှင် နာမည်ရှေ့တွင် ဒေါက်တာတပ်သေ ထုံးစံသည် ကမ္ဘာအရပ်ရပ်လက်ခံသော ကျင့်ထုံးဖြစ်၏။
(၂)Honorary doctorate ခေါ် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလည်း ဂုဏ်သိက္ခာရှိသော တက္ကသိုလ်ကြီးများက ထိုက်တန်သော ပညာရှင်ပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်လေ့ရှိသည်။ ဤကမ္ဘာတွင် ထိုက်တန်သော  ပုဂ္ဂိုလ်အမြောက်အမြားရှိသော်လည်း တက္ကသိုလ်များက လူမရွေး ဂုဏ်ထူးဆောင်ဘွဲ့ မပေးပါ။ ဘွဲ့ချီးမြှင့်ခံရသော  ပုဂ္ဂိုလ်သည် တက္ကသိုလ်နှင့် ပတ်သက်သူ။ ဥပမာ တက္ကသိုလ်တွင် လာရောက် ဟောပြောဖူးသော ပညာရှင်ဖြစ်မည်။ တက္ကသိုလ်အသိုင်းအ၀ိုင်းက လေးစားပြီးပုဂ္ဂိုလ် ဖြစ်သည်။
ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ခြင်းမှာ ရရှိသူကို တက္ကသိုလ်က ဂုဏ်ပြုခြင်းဖြစ်သည်ဟု ပြောလေ့ရှိ၏။ သို့သော် တကယ်တမ်းတွင် ထိုပုဂ္ဂိုလ်ကြီနှင့် တက္ကသိုလ်ဆက်ဆံမှုရှိကြောင်း ပေါ်လွင်စေပြီး တက္ကသိုလ်က ဂုဏ်ယူခြင်းလည်း ဖြစ်သည်။ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို နာမည်ရှေ့တပ်သော အစဉ်အလာ ကမ္ဘာနိုင်ငံအများစုတွင် မရှိပါ (မြန်မာတွင်သာ ရှိပါသည်)။
(၃) ပညာရှင်မဟုတ်သူကို ဂုဏ်သိက္ခာရှိ တက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ ရှိပါသည်။ ဥပမာ၊ တက္ကသိုလ်အတွက် ရက်ရက်ရောရော လှူဒါန်းသော  ပုဂ္ဂိုလ်ကို အတိုင်းအတာလိုက်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ပေးလေ့ရှိပါသည်။
ကြုံကြိုက်သဖြင့် ဖော်ပြစရာ ရှိပါသည်။ ရန်ကုန်တက္ကသိုလ်က အနုပညာရှင်များကို ဂုဏ်ထူးဆောင် ဘီအေဘွဲ့များ ပေးဖူးပါသည်။ ဥပမာ၊ ၁၉၆၁ ခုနှစ်က အငြိမ့််မင်းသမီး အမာစိန် (ယခု ဒေါ်အမာစိန်) ကို ဘီအေဘွဲ့ ပေးခဲ့သည်။ အမာစိန်က တက္ကသိုလ်နယ်မြေတွင် အငြိမ့်ပွဲပေါင်းများစွာ ကပြအသုံးတော်ခံခဲ့ပြီး တက္ကသိုလ် ကျောင်းသား/သူ၊ ဆရာ/ဆရာမများ၏ အသည်းစွဲမင်းသမီး ဖြစ်သည့်အချက်ကို တက္ကသိုလ်က အသိအမှတ်ပြုခြင်း ဖြစ်၏။
အငြိမ့်မင်းသမီးကို ဘီအေ(ဂုဏ်ထူးဆောင်) ဘွဲ့ပေးစဉ်က မပေးသင့်ပါဟု ဝေဖန်ရေးသားပြောဆိုမှု ရှိခဲ့ပုံမရပါ။ တက္ကသိုလ်များက အကြောင်းအမျိုးမျိုးကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ပေးပါသည်။ ဥပမာ၊ ယေးလ်တက္ကသိုလ်၏ သမိုင်းတွင် တက္ကသိုလ်ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းသော သူဌေး Elihu Yale ကို ဂုဏ်ပြုသောအားဖြင်ပ တက္ကသိုလ်က သူ့အမည်ကို ခံယူသည်။ သို့သော် အမေရိကန် လွတ်လပ်ရေး စစ်ပွဲဖြစ်ပွားစဉ် ယေးလ်တက္ကသိုလ် အဆောင်များကို အင်္ဂလိပ်စစ်တပ်က ဖြိုဖျက်ရန် စီစဉ်ခဲ့ရာ၌ မပျက်စီးအောင် ကာကွယ်ပေးသော ကျောင်းသားဟောင်း ဒက်ဒမန်ဖင်းနင်းကို ယေးလ်ကောလိပ်က ဂုဏ်ထူးဆောင်ပေးခဲ့သော မှတ်တမ်းရှိသည်။
(၄) အထက်ပါ ဘွဲ့များအပြင် ယခုခေတ်တွင် မိုးဦးမှိုလိုပေါ်ထွက်နေသော degree mill ခေါ် ဘွဲ့ရောင်းစားသည့် အမည်ခံ တက္ကသိုလ်များ၏ ဘွဲ့များလည်း ရှိနေသည်။ ထိုဘွဲ့တွင်လည်း နှစ်မျိုးရှိပြန်သည်။ Earned doctorate အယောင်ဆောင်ပြီး သုတေသနစုတမ်း (thesis) ရေးပါ၊ တင်လိုက်ပါ။ ဘွဲ့ကြေး (အတော်ကလေး) ပေးလျှင် ဘွဲ့ရပါသည်။ စာတမ်းကို  ကိုယ်တိုင်ရေးနိုင်သူကရေး၊ သူများကို အငှားရေးခိုင်းလည်း ရသည်။ ဤကား ပေါ့ပေါ့တန် ငွေဝယ် Ph.D ဖြစ်သည်။
အောင်မြင်ထင်ရှားသူ ဖြစ်လေသောကြောင့် သူ၏ အောင်မြင်မှုကို အသိအမှတ်ပြုသောအားဖြင့် (အမည်ခံတက္ကသိုလ်က) အလှူငွေလိုလို၊ ဘာလိုလို ငွေယူပြီး ပေးသော အတုအယောင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့လည်း ရှိသေးသည်။ ငွေကြေးအကုန်ကျခံနိုင်လျှင် တက္ကသိုလ်မှ ပုဂ္ဂိုလ်များ ဘွဲ့ရသူနေထိုင်ရာ ပြည်ပနိုင်ငံသို့လာပြီး ဘွဲ့ပေးသည်များပင် ရှိသည်ကို တွေ့နိုင်ပါသည်။ ထိုကဲ့သို့သော အမည်ခံတက္ကသိုလ် ပရ၀ုဏ် ရှိမည် မထင်ပါ။
အစစ်နှင့်အတု ခွဲခြားနိုင်ပါသည်
တက္ကသိုလ်တစ်ခုသည် သိက္ခာရှိသော ‘ပညာဓိက’ တက္ကသိုလ်လား၊ ဘွဲ့လက်မှတ်ရုံလား ခွဲခြားရန် လွယ်ပါသည်။
တက္ကသိုလ်၏ အမည်ကို အင်တာနက်တွင် ရှာကြည့်ပါ။ တက္ကသိုလ် အဓိပဓိ (သို့) ပါမောက္ခချုပ် ဘယ်သူလဲ၊ ပရ၀ုဏ် ဘယ်မှာ တည်ရှိသလဲ။ တက္ကသိုလ်ရဲ့ သမိုင်းအစက ဘယ်လိုလဲ။ သက်တမ်းဘယ်လောက် ရင့်ပြီလဲ။ ထိုတက္ကသိုလ်မှ ပါမောက္ခနှင့် ဆရာ ဆရာမ၊ ကျောင်းသားများ ထုတ်ဝေခဲ့ပြီးသော peer reviesed paper ခေါ် အဆင့်ရှိ စာတမ်းများ ဘယ်ဂျာနယ်တွေမှာ တွေ့နိုင်သလဲ။ ဂျာနယ်ကလည်း ပညာရှင်လောက အသိအမှတ် ပြုသော ပညာရှင်များသိသော ကြည့်သော ဂျာနယ်ဖြစ်ရပါမည်။
ယခုခေတ်တွင် စာတမ်းရေးသည်၊ စာတမ်းဖတ်သည်ဆိုရုံနှင့် မပြည့်စုံပါ။ စာတမ်းသည် အထင်ကရ ပညာရပ်စာစောင်တွင် ပါဝင်ရမည်။ ထိုသို့ပါဝင်ရန် ပညာရှင်အချင်းချင်း ဝေဖန်သုံးသပ်ပြီးမှ ထည့်သွင်းခြင်း ဖြစ်သည်။ peer reviewed paper ဟုလည်း ခေါ်ပါသည်။
အဆင့်ရှိသော Ph.D ဘွဲ့ဖြစ်မဖြစ်ကို ထိုဘွဲ့မရရှိမီက ပြုလုပ်သော သုတေသနကို ‘သမာဓိဒိုင် အကဲဖြတ်ပြီး စာတမ်း’ ထုတ်ဝေနိုင်ခြင်း ရှိမရှိနှင့် ဆုံးဖြတ်နိုင်ပါသည်။ လေးစားလောက်သော တက္ကသိုလ်မှ Ph.D များသည် ဘွဲ့ရခါနီး သို့မဟုတ် ရပြီးစတွင် အထင်ကရ ပညာရပ်ဂျာနယ်တွင် အနည်းဆုံးစာတမ်းတစ်စောင်၊ နှစ်စောင် ရေးသားနိုင်ကြသည်ကို တွေ့ရပါသည်။
အင်တာနက်ခေတ်တွင် ပုဂ္ဂိုလ်တစ်ဦးရေးသားသော သုတေသနစာတမ်းအမည်နှင့် ပါဝင်သော စာစောင် (ခုနှစ်၊ လ၊ အတွဲနံပါတ်၊ စာမျက်နှာ) အသေးစိတ်ရှာရန် လွယ်ကူပါသည်။ ထိုစာတမ်းမည်မျှ အဆင့်ရှိသည် (သို့) ပညာရှင်များ လေးစားသည်ကို တိုင်းတာသော Citation index ရည်ညွှန်းကိုးကား မှတ်တမ်းတွင်လည်း ရှာဖွေကြည့်နိုင်ပါသည်။

ဘိုးလှိုင်


မေတ္တာ ကရုဏာ စေတနာဖြင့် 
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Saturday, July 23, 2011 | 0 comments |

တကယ့်တကယ်
တွန်းလှန်ဖို့အရေးကလဲ
မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့်
သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း...ထထကြွကြွနှင့်
ဝိုင်းကြပေရော့...

သခင်ကိုယ်တော်မှိုင်း

သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)

1. အမည်ရင်း - မောင်လွမ်းမောင်

2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း

3. မွေးသက္ကရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့

4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ

5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့်

6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်


ကိုယ်ရေး ဖြစ်စဉ်


၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။

၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုန်း လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။

၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ 

၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။

၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ 

၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ 

၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်... ။ .မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် 

၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ 

၁၉ဝ၇ တွင် 'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။

၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။

နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ 

ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာမှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။

၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။

၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။

၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။

၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။

၁၉၂၈ - ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။

၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။

၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။

၁၉၃၄ ခုနှစ်၊ တို့ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။

၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။

၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။

၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။

၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။

၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁) အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။

၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။

၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။

၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။

၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ 

၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တိုကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။

၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။

၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။

၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။

၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။

ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ပို့ဆောင် ဂူသွင်း ခဲ့သည်။

ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။

သခင်ကိုယ်တော်မှိုင်းအလွန်

၁၉၇၆ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ရန် ကြိုးစားသူ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းတွင် သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့် အမှတ်တရ ထုတ်ဝေသော စာအုပ်မှာလည်း ဆရာကြီး၏ပုံကို စာအုပ်မျက်နှာဖုံးများ ဖော်ပြခွင့် မရခဲ့ချေ။ ထိုအပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဆရာကြီး၏ ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့သည့်အတွက် အများသူငါ သွားရောက်ဂါရဝပြုခွင့်မရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍ အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။

ကျောင်းသားများထံသို့--
ရေးသူ-သခင်ကိုယ်တော်မှိုင်း

ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။

ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။ တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။

ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။ ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။

ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။ အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။

အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။ အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။ ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။

အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။ အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။ ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။

လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။ လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက် ပါကလားဆိုတာ ရိပ်မိတယ်။ ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။

လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။ ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။ အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။

ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မ တန်တူတယ်။ လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။.... ခွေးမသားခေါင်းဆောင်တွေ ယောင်တောင် ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလည်တာ တော့ စားကျက်လုနေတာ တွေ့ရတာဘဲ။

ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။ သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေလဲ- ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။ တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။

ဟိုတုန်းက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။ ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား- အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။

အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။ ဟိုတုန်းက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ရသေး ရင်တယ်။

အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း -ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။

ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။ သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။ စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။

တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာဘဲ။ အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက် ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဓါးစာခံပေါ့လေ။

ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။ အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။ ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။

နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။ အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...

လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။ ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။ ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။

လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။

နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။

တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။ ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။

ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။ ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'

ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။

ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့- လာချင်နေတာ- ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။ အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။ ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။ ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။

အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။ ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။ ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။

ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။ ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။

တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။

"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"

"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။

ရှင်ဘုရင့်နား အိပ်ရတာ- ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။

ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြ တဲ့ အကောင်တွေဘဲ။ အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။

အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။

အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။

[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]

[ဖော်ပြပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ၏ ပုသိမ် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်သည်။ [နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းအရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]
 
 
 
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
 
 
| 0 comments |
မကြာခင်က တရုတ် နယူးဝိစ် မဂ္ဂဇင်းတွင် မျက်နှာဖုံး အထူး ဆောင်းပါးအဖြစ် တရုတ်ပြည်အတွက် ‘တစ်နှစ်တာ ဩဇာအရှိဆုံး နိုင်ငံရပ်ခြား ပုဂ္ဂိုလ်’ အကြောင်း ဖော်ပြထားသည်။ ထိုပုဂ္ဂိုလ် အမည်က
 ဘားရခ် အိုဘားမား မဟုတ်။ ဘီလ်ဂိတ်နဲ့ ၀ါရင်း ဘတ်ဖစ်တ် တို့နာမည်လည်း မဟုတ်။

အာရှကျောင်းသားများကြား ရော့ခ်စတား သဖွယ်ဖြစ်နေတဲ့ အနောက်တိုင်း ပညာရှင်တစ်ယောက် အမည် ဖြစ်သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့မှ လူတွေက သူ့အသံကြားရဖို့ လက်မှတ်ကို လုဝယ်နေ ကြရသည်။ သူ့ အမည်က မိုက်ကယ်လ် ဂျေ ဆန်ဒယ်လ် (Michael J. Sandel)။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံရေး ဒဿန ပညာရှင်။
တရုတ် နယူးဝိစ်သတင်းက ဟားဗတ်တက္ကသိုလ် ကျောင်းသားများအတွက်တော့ အဆန်းမဟုတ်။ ဆန်ဒယ်လ် ရဲ့ Justice ဘာသာရပ် ပို့ချတဲ့ အတန်းတိုင်းမှာ ကျောင်းသား ၁၅,၀၀၀ ကျော် တက်ရောက်ကြသည်။ ဟားဗတ် တက္ကသိုလ်နဲ့ ကမ္ဘာ့တက္ကသိုလ်များရဲ့ သမိုင်းမှာ လူအများဆုံး တက်ရောက်တဲ့ သင်တန်း ဖြစ်နေသည်။ ဆန်ဒယ်လ် က အရစ္စတိုတယ်လ်၊ အင်မာနျူရယ်လ် ကန့်၊ ဂျွန် စကျူးအတ် မေးလ် တို့ရဲ့ ဒဿနများကို သရုတ်ဖော်ရှင်းပြဖို့ လက်တွေ့ဘ၀ ဥပမာတွေကို အသုံးပြုရင်း သူ့အတန်းကို ဖမ်းစားထား သည်။
အသက် ၅၈ နှစ်ရှိ ဆန်ဒယ်လ်က သူ့အတန်းကို ခြောက်ပေါက်တွေ မေးပြီး စတတ်သည်။  “ကျနော်တို့ ဘိုးဘွား မိဘ မျိုးဆက်တွေရဲ့ အမှားတွေကို မှန်အောင်လုပ်ဖို့ ကျနော်တို့မှာ ကျင့်ဝတ်အရ တာဝန်ရှိပါသလား”  ဆိုတာမျိုး။ ကျောင်းသားတွေက အပြိုင်စဉ်းစား ဖြေကြသည်။ စာသင်ခန်းမကျယ်ကြီးထဲမှာ တစ်ဦးကိုယ်တစ်ဦး ပျော်ပျော်ပါးပါး ချဲ့လင့်လုပ်ကြသည်။ ဒဿနပညာရှင်ကြီးတွေရဲ့ အိုင်ဒီယာများကို လူငယ်တွေ ဒီဘိတ် လုပ်ကြသည်။
ပညာသင်ယူဆွေးနွေးရင်း စာသင်ခန်းက ကြီးမားတဲ့ ပြဇာတ်ရုံကြီး ဖြစ်သွားသည်။ ဟားဗတ်နှင့် ဘော်စတွန် PBS ရုပ်သံက ဆန်ဒယ်လ် ရဲ့ သင်ကြားချက်ကို ရုပ်ရှင်ရိုက်ပြီး တီဗွီရုပ်သံစီးရီးအနေနဲ့ ၂၀၀၉ ခုနှစ်က အမေရိကန် ပြည်ထောင်စုအနှံ ထုတ်လွှင့်ခဲ့သည်။ ၄င်းစီးရီးကို ဒီနေရာတွင် (www.JusitceHavad.org) ကလစ်ပြီး ကြည့်ဖြစ်အောင် ကြည့်စေလိုသည်။
ပြီးခဲ့တဲ့နှစ်မှာ ဂျပန် NHK သတင်းဌာနကလည်း PBS စီးရီးကို ဂျပန်ဘာသာပြန်ပြီး ထုတ်လွှင့်ခဲ့သည်။ အဲဒီနောက် ဂျပန်မှာ ဖလော်ဆော်ဖီ ခရေဇီ ဖြစ်လာကြသည်။ တိုကျိုတက္ကသိုလ်က ဆန်ဒယ်လ် ရဲ့ ပို့ချချက်အပေါ် အခြေခံပြီး သင်ခန်းစာ မော်ဒယ်တွေ ဖန်တီးသည်။
နောက် တရုတ်မှာ သူ့ရဲ့ ပို့ချချက် စီးရီးကို ၀ါသနာရှင်တွေက ဘာသာပြန်ပြီး တရုတ်ဝဘ်ဆိုဒ်တွေပေါ် တင်ထားသည်။ တရုတ်သန်းပေါင်းများစွာ ကြည့်ကြသည်။ မကြာခင်ကထွက်တဲ့ ဆန်ဒယ်လ် ရဲ့စာအုပ် “Justice: What’s the Right Thing to Do?”   မှာ အရှေ့အာရှတွင်ပင် ကော်ပီ တစ်သန်းကျော် ရောင်းရသည်။ စာအုပ်က ဈေးကွက်စနစ်နဲ့ တရားမျှတမှုဆိုင်ရာ ကျင့်ဝတ် ဒဿနအကြောင်း လူ့အဖွဲ့အစည်း ပေါင်းစုံကို မီးမောင်းထိုးပြီး တင်ပြထားသည်။
၂၀၁၀ ခုနှစ် ဆန်ဒယ်လ်ရဲ့ ဂျပန် ခရီးနဲ့ပတ်သက်ပြီး ဂျပန်တိုင်းမ် သတင်းစာက အခုလို ရေးထားသည်။ “ရော့ခ်စတား၊ တီဗွီ ဆယ်လစ်ဘရယ်တီ တို့လို လူမျိုးတွေနဲ့ နှိုင်းယှဉ်လောက်အောင် အောင်မြင်ကျော်ကြား တဲ့  ဒဿနပညာရှင် ဆိုတာ မရှိသလောက်ပါပဲ။ မိုက်ကယ်လ် ဆန်ဒယ်လ်ကတော့ ဂျပန်မှာ အဲဒီလိုမျိုးကို ပေါ်ပြူလာ ဖြစ်နေပါတယ်”
မကြာခင်က သူ့ရဲ့ တိုကျိုဟောပြောပွဲမှာလည်း ညနေခင်း ပွဲမစခင်ကတည်းက လူတွေ ရှည်လျားစွာ တန်းစီခဲ့ရသည်။ အခမဲ့ ပေးတဲ့ လက်မှတ်တွေ တစ်စောင် ဒေါ်လာ ၅၀၀ အထိ ဖြစ်သွားသည်။ ဆန်ဒယ်လ်က သူ့ရဲ့ Justice လက်ချာအတွက် “လက်မှတ်ကို အမြတ်ရဖို့ရောင်းတာဟာ တရားမျှတသလား မမျှတဘူးလား” ဆိုတဲ့ မေးခွန်းနဲ့ စဖွင့်ခဲ့သည်။
အံဩဖွယ်အကောင်းဆုံးက တရုတ်ပရိတ်သတ်တွေရဲ့ ကြိုဆိုမှုဖြစ်သည်။ ဆင်ဝှာနဲ့ ဖူဒန် တက္ကသိုလ်တွေမှာ သူ့စာအုပ် လှည့်ရောင်းရင်း လက်ချာတွေပေးခဲ့သည်။ ကျောင်းသားတွေ နာရီများစွာကြိုပြီး ထိုင်ခုံ နေရာ ဦးထားခဲ့သည်။ ဆင်ဝှာတက္ကသိုလ်ရဲ့ ဒီနှစ် စာသင်နှစ်မှာ ဆန်ဒယ်လ် ရဲ့ ဘာသာရပ် “Critical Thinking and Moral Reasoning” နဲ့ စတင်ခဲ့သည်။ စာသင်ခန်းထဲ သူအလည်လာမှုက တရုတ် အစိုးရ ရုပ်သံတွေရဲ့ ညနေခင်းသတင်းတွေမှာ လွှမ်းသွားသည်။
အာရှမှာ ဆန်ဒယ်လ် ပေါ်ပြူလာဖြစ်တာက အချက် သုံးချက်ကြောင့် ဖြစ်သည်။ ပထမအချက်က ဘယ်နေရာ ဘယ်ဒေသက ကျောင်းသားဖြစ်ဖြစ် ကမ္ဘာ့အကောင်းဆုံး ပရောဖက်ဆာများနဲ့ ထိတွေ့ခွင့်ရနိုင်တဲ့ အွန်လိုင်း ပညာရေးကြောင့် ဖြစ်သည်။ ဒုတိယအချက်က အာရှရဲ့ တီထွင်ဖန်တီးလိုမှုကို အာသာငမ်းငမ်း တောင့်တ လာခြင်း ဖြစ်သည်။ ဆန်းသစ်တီထွင်လိုတဲ့ အာရှကျောင်းသားတွေက ဆွေးနွေးမှုစတိုင် အခြေပြု သင်ကြားမှုကို လိုလားလာကြသည်။ နောက်ဆုံးအချက်က ဘောဂဗေဒ၊ ဘစ်ဇနက်၊ အင်ဂျင်နီယာ တို့လို ခြောက်သွေ့သွေ့ ဘာသာရပ်တွေထက်၊ ဒီဘိတ်လုပ်ရတဲ့၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆင်ခြင်ဆွေးနွေးရတဲ့ ဘာသာရပ်တွေကို ဆာလောင်မွတ်သိပ်နေတဲ့ လူငယ်တွေ တိုးများလာခြင်း ဖြစ်သည်။
ဆင်ဝှာနဲ့ ဖူဒန် တက္ကသိုလ်တွေမှာ ဆန်ဒယ်လ်က တရားမျှတမှု (Justice) နဲ့ ဈေးကွက် အကြောင်း ကေ့စ်တွေ အများကြီးနဲ့ ကျောင်းသားတွေကို ချဲလင့်လုပ်သည်။ “နှင်းမုန်တိုင်းကျပြီးနောက် နှင်းကော်တဲ့ ဂေါ်ပြားဈေးကို မြှင့်လိုက်တာဟာ တရားမျှတပါရဲ့လား”၊  “တက္ကသိုလ်ဝင်ခွင့်ကို အမြင့်ဆုံးအမှတ်နဲ့ လေလံဆွဲနိုင်သူသာ တက်ခွင့်ရတာ မျှတရဲ့လား” ဆိုတဲ့ မေးခွန်းမျိုးတွေနဲ့။

ဆန်ဒယ်လ် က “လွတ်လပ်တဲ့ ဈေးကွက် အယူအဆဟာ အံဖွယ်ကောင်းအောင် အောင်မြင်လာပေမဲ့၊ ကျောင်းသားအချို့က ဈေးကွက်ကို အထိန်းအချုပ်မရှိ လွှတ်ထားတာဟာ လူတန်းစားမညီမျှမှုတွေနဲ့ လူမှု မညီညွတ်မှုတွေ ဖြစ်လာစေတယ်လို့ ငြင်းချက်ထုတ်ကြတယ်” ဟု သူ့အတွေ့အကြုံကို ပြန်ပြောသည်။
ဆင်ဝှာတက္ကသိုလ်ရဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု ကျောင်းအုပ်ကြီး ချင် အင်ကျီ က “ဆန်ဒယ်လ်ရဲ့ Justice သင်ကြားမှုနည်းလမ်းက စီးပွားရေးတိုးတက်မှုကြောင့် ရုပ်ဝါဒနောက်ကိုသာလိုက်နေတဲ့ တရုတ်အတွေးအခေါ် ကို ပြန်ဆန်းစစ်မှုတွေ ဖြစ်လာစေတယ်။ ဆင်ဝှာမှာ လက်ချာပေးဖို့ ဆန်ဒယ်လ်ကို ဖိတ်ကြားမှုဟာ ကျနော်တို့ လက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲဖို့တင် မဟုတ်ဘူး။ စာသင်ခန်း တစ်ခုအတွက် စမ်းသပ်ရုံတင် မဟုတ်ဘူး။ ခေတ်သစ်တစ်ခု စတင်ဖို့ဖြစ်တယ်” ဟု ပြောသည်။ ဆန်ဒယ်လ်က ဘောစတွန်မှာရော ပေကျင်းမှာပါ နက်ရှိုင်းတဲ့ ဒဿနပညာရပ်တွေကို ကျောင်းသားတွေနဲ့ ရင်းနှီးအောင် လုပ်ပေးနေသည်။
“နေရာတိုင်းမှာ ကျောင်းသားတွေဟာ ကျနော်တို့ နေ့စဉ် ရင်ဆိုင်နေရတဲ့ ကျင့်ဝတ်ဆိုင်ရာ မေးခွန်း ကြီးကြီးတွေကို ဆွေးနွေးဖို့ ဆာလောင်နေကြတယ်။  စီးပွားရေးဆိုင်ရာ ပြဿနာတွေအပေါ် တရားမျှတမှု ဆိုင်ရာ မေးခွန်းတွေ ထုတ်စရာ ရှိလာတယ်။ ဂျီဒီပီတွေနဲ့ ဈေးကွက် တန်ဖိုးတွေက သူ့ဘာသာသူတော့ ပျော်ရွှင်မှုနဲ့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း ထုတ်လုပ် မပေးနိုင်ဘူးလို့ လူ့အဖွဲ့အစည်းတိုင်းက ခံစားလာကြ တယ်”  ဟု ဆန်ဒယ်လ်က ပြောသည်။
“ကျနော့် အိပ်မက်ကတော့ ဗွီဒီယို ချိတ်ဆက်ထားတဲ့ ဂလိုဘယ် စာသင်ခန်းတစ်ခု ဖြစ်ထွန်းရေးပါ။ အဲဒီ စာသင်ခန်းမှာ ယဉ်ကျေးမှုပေါင်းစုံ၊ အမျိုးသား နယ်နမိတ်ပေါင်းစုံက ကျောင်းသားတွေကို ချိတ်ဆက် ထားမယ်။ ခက်ခဲတဲ့ ကျင့်ဝတ်စံနှုန်းဆိုင်ရာ မေးခွန်းတွေကို အတူတကွ တွေးကြဖြေကြမယ်။ တစ်ဦးထံက တစ်ဦး ဘာတွေ သင်ယူနိုင်မလဲဆိုတာ ကြည့်ကြမယ်” ဟု နိုင်ငံရေး ဒဿန ပါမောက္ခ ဆန်ဒယ်လ်က သူ့ရည်ရွယ်ချက်ကို ကျောင်းသားများအား ချပြထားသည်။ သူ့အောင်မြင်မှုကြောင့် Justice သည် ယခု ကျောင်းသားများက တဆင့် ဂလိုဘယ် ဂျပ်စတစ် ဖြစ်လာနေသည်။

ဝင့်ထန်

http://www.justiceharvard.org/
http://athome.harvard.edu/programs/jmr/

မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |