twitter
စာမေးပွဲဆိုတာ ဘာလဲ။ ကျောင်းသားတစ်ယောက်က သင်ခန်းစာတွေကို ဘယ်လောက်မှတ်မိလဲ၊ အချိန်ကာလတစ်ခုမှာ သင်ယူထားတဲ့ အသိပညာတွေကို ဘယ်လောက်အထိ လက်တွေ့ အသုံးပြုနိုင်လဲ စတဲ့ အရည်အချင်းတွေကို တိုင်းတာ စစ်ဆေးတာလို့ ယေဘုယျ ယူဆလို့ရပါတယ်။
စာမေးပွဲတွေကတဆင့် ကျောင်းသားတွေရဲ့ အဖြေဟာ မှန်သလား မှားသလား၊ ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှုအတိုင်းအတာကရော ဘယ်လိုရှိတာလဲ ဆိုတာ သိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖန်တီးမှုစွမ်းရည် နဲ့ ဝေဖန်ပိုင်းခြား နိုင်စွမ်းကိုရော ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲ၊ ဘယ်လိုသင်ကြားမလဲ၊ ဘယ်လိုစစ်ဆေးတိုင်းတာမလဲ။
ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဆိုတာ အချက်အလက်တွေကို နားလည်နိုင်စွမ်းနဲ့ စိတ်ကူး စိတ်သန်းတွေကို လက်တွေ့ကျကျ အသုံးချနိုင်စွမ်း၊ အခြေအနေနဲ့ အချိန်အခါကို ဆင်ခြင်နိုင်စွမ်း၊ ရရှိတဲ့ အချက်အလက်တွေကို အဓိပ္ပါယ်ရှိရှိ သုံးသပ်နိုင်စွမ်းတို့ ပါဝင် ပါတယ်။ ဒါ့အပြင် ဆန့်ကျင်ဘက်အတွေးနဲ့ ချိန်ထိုးပြီး အရာရာကို ဆက်နွယ်စဉ်းစား ပြသနာတွေကို ခွဲခြမ်းစိတ်ဖြာ ပြီးရင် ရေရှည်အတွက် အကောင်းဆုံးသောအဖြေကို ဖော်ထုတ်နိုင်တဲ့ စွမ်းရည်လို့လည်း ပြောလို့ရပါတယ်။ သေသပ်လှပတဲ့ ဝေဖန်ပိုင်းခြား စဉ်းစားခြင်းဟာ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် အလွန်ပင်အရေးပါလှပါတယ် ။
တကယ်တော့ ကမ္ဘာကြီးကို စိတ်ကူးတွေနဲ့ ပုံဖော်ထားတာပါ။ ဒါကြောင့် ဖန်တီးမှု စွမ်းရည်ကလည်း အရမ်းကို အရေးကြီးပါတယ်။ တီထွင်ဖန်တီးတတ်သော စဉ်းစား တွေးခေါ်ခြင်းဟာ လူမှုယဉ်ကျေးမှု အဆောက်အအုံကို ပုံသွန်းပါတယ်။
ကျွန်တော်တို့ ဘယ်လိုစဉ်းစားလဲ၊ ကျွန်တော်တို့ရဲ့ အတွေးအခေါ် အယူအဆတွေက မှန်လား မှားလား၊ ဒီအတွေးတွေက ဘယ်လိုဖြစ်ပေါ်လာတာလဲ၊ ကျွန်တော်တို့ ခေါင်းဆောင်တွေကို ဘယ်လိုရွေးချယ်လဲ၊ ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီး ကို ဘယ်လိုမြင်လဲ၊ ဒါတွေဟာ တစ်ဦးချင်းစီနဲ့ဆိုင်တာလား၊ ဘုံဝါဒကို ပိုမိုနှစ်သက် တာလား။ ဒီအချက်တွေကလည်း ကျွန်တော်တို့အတွက် ဘယ်အရာတွေက အရေးကြီး ဆုံးလဲ ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ကူညီပေးပါတယ်။ ဒါပေမယ့် တခါတလေ မှာတော့ ဒီအတွေးတွေက ကျွန်တော်တို့ကို ပိုမိုရှုပ်ထွေးသော ကမ္ဘာကြီး ဆီကို ဆွဲခေါ် သွားပြန်ပါတယ် ။
ဒါဆို ကလေးတွေကို ဝေဖန်ပိုင်းခြားစဉ်းစားတတ်အောင် ဘယ်လိုသင်မလဲ၊ ဖန်တီးမှု စွမ်းရည် တိုးတက်အောင် ဘယ်လို လေ့ကျင့်မလဲ ဆိုတာတွေက စိန်ခေါ်မှုတွေပါပဲ။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်းဆိုတာကို ဆရာအဆူဆူက ရှုထောင့်အစုံစုံကနေ အဓိပ္ပါယ် ဖွင့်ဆိုကြမှာဖြစ်သလို့ အခြေခံစည်းမျဉ်းတွေလည်း ခြားနားမယ် ထင်ပါတယ်။
နောက်တစ်ချက်ကတော့ သမရိုးကျသင်ခန်းစာတွေ ကြက်တူရွေးလို တတွတ်တွတ် လိုက်ဆိုတတ်တဲ့ အကျင့်တွေနဲ့ အသားကျနေတဲ့ စာသင်ခန်းတွေထဲမှာ ဒီကျွမ်းကျင်မှု တွေကို အစပျိုးသင်ကြားစေဖို့ သင်ခန်းစာတွေကို ဒီဇိုင်းဆွဲဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။
ဒါပေမဲ့ ဘယ်အရာမဆို နည်းလမ်းကတော့ရှိပါတယ်။ ဆရာတွေက ကျောင်းသားတွေ ကို သူတို့ရဲ့ အတွေ့အကြုံတွေကို အခြားသူတွေရဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လို ဆက်စပ်တွေးတောမလဲ၊ ဒါတွေကို ကျောင်းသင်ခန်းစာတွေနဲ့ ဘယ်လိုချိတ်ဆက်မလဲ ဆိုတာ အသေးစိတ်ရှင်းပြလို့ ရပါတယ် ။ ဒါကနည်းလမ်းပုံစံတစ်ခုပါ။
ဒါမှမဟုတ် သီချင်းတွေ ကဗျာတွေကတဆင့် သူတို့ ဥပမာ ဘယ်လိုပေးသွားတယ်၊ ဘာကိုဆိုလိုတယ်ဆိုတာ တွေးတောစေခြင်းအားဖြင့်လည်း ကလေးတွေရဲ့ တွေးခေါ်မှု စွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။ နောက်သင်ခန်းစာထဲမှာ ပါတဲ့ အကြောင်းအရာတွေထဲမှာလဲ ဘယ်နေရာမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မေးရုံမက ဘာကြောင့် ဘယ်လိုဖြစ်တာလဲဆိုတာကို တပြိုင်တည်း နှိုင်းယှဉ် တွေးတောစေခြင်းဖြင့် ဝေဖန်ပိုင်းခြားမှု စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။
ဒါ့အပြင် အခြားသွယ်ဝိုက်သောနည်းလမ်းတွေနဲ့လည်း ကလေးတွေရဲ့ဝေဖန်ပိုင်းခြားမှု
စွမ်းရည်ကို အခြားနည်းလမ်းတွေနဲ့ တိုင်းတာလေ့ကျင့်လို့လည်းရပါသေးတယ်။ ခရီးထွက်ခြင်း ၊ စာသင်ခန်းထဲမှာ မဟုတ်ဘဲ အပြင်ထွက်ပြီး အတွေ့အကြုံမှ သင်ယူ စေခြင်း တို့ဖြင့်လည်း တွေးခေါ်မှုစွမ်းရည်ကို တိုးတက်စေမှာပါ။ ကျောင်းသားတွေကို သူတို့နှစ်သက်ရာနေရာတွေကို သွားရောက်ပြီး သူတို့စိတ်ဝင်စားတဲ့ အကြောင်းတွေကို သုတေသနလုပ်ခြင်း၊ ပျံကျအလုပ်သမားတွေ၊ စက်ရုံအလုပ်သမားတွေ စတဲ့ လူ့အဖွဲ့ အစည်း အတွင်းက လူတွေကြားသွားလာပြီး စကားပြောဆိုစေခြင်း၊ နောက်ရလာတဲ့ အချက်အလက်တွေ စာရွက်စာတမ်းတွေ အကြောင်းအရာတွေကို အတန်းဖော် အချင်းချင်း တင်ပြဆွေးနွေးခြင်း၊ ဒါမှမဟုတ် အခြားလူ့အဖွဲ့ အစည်းအတွင်းသွား
ရာက်ပြီးတော့ အတွေ့အကြုံတွေဝေမျှခြင်း တို့နဲ့ သူတို့ရဲ့ ဝေဖန်းပိုင်းခြားနိုင်စွမ်းတွေကို တည်ဆောက်ပြီးသား ဖြစ်သွားတဲ့အပြင် ဘ၀တလျှောက်လုံးအတွက်လိုအပ်တဲ့ ပြသနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာတွေကိုပါ သင်ယူပြီးသား ဖြစ်သွားပါလိမ့်မယ်။
နောက်ထပ်ပိုမိုရှုပ်ထွေးတဲ့ မေးခွန်းတစ်ခုကတော့ ကလေးတွေရဲ့ ဝေဖန်ပိုင်းခြားမှု စွမ်းရည်ကို လေ့ကျင့်သင်ကြားပေးလို့ ရရင်တောင်မှ သူတို့ဒီစွမ်းရည်တွေ တိုးတက် နေတယ်ဆိုတာကို ဘယ်လို တိုင်းတာစစ်ဆေးမလဲဆိုတာပဲ ဖြစ်ပါတယ် ။ ကလေးတွေရဲ့ တီထွင်ဖန်တီးမှုစွမ်းရည် ဝေဖန်ပိုင်းခြားမှုစွမ်းရည်တွေကို ထိရောက်စွာ တိုင်းတာစစ်ဆေးနိုင်မယ့် မေးခွန်းတွေကို ဖန်တီးဖို့ရန်လည်း ခက်ခဲပါလိမ့်မယ် ။
ကလေးတွေကို ကျောင်းသင်ခန်းစာမှာပါတဲ့ အချက်အလက်တွေအမျိုးမျိုးရဲ့ ဆက်သွယ်မှု ကွင်းဆက်တွေကို ရှာဖွေဖော်ထုတ်ဖို့ စေခိုင်းခြင်းနဲ့ သူတို့တွေရဲ့ စွမ်းရည်ကို စစ်ဆေးနိုင်မယ် ထင်ပါတယ်။
ဒီဝေဖန်ပိုင်းခြားစဉ်းစားခြင်းနှင့် တီထွင်ဖန်တီးစဉ်းစားခြင်းတို့ကို သင်ကြားရာမှာ အရေးကြီးဆုံးကတော့ ကောင်းမွန်သင့်တော်မှန်ကန်တဲ့ မေးခွန်းတွေကိုကလေးတွေကို မေးနိုင်စွမ်း ရှိဖို့ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ကလေးတွေဟာ သူတို့ရဲ့စွမ်းရည်ကို ပေါ်လွင်အောင် တိုက်တွန်းပေးနိုင်ပေးနိုင်တဲ့ မေးခွန်းတွေ မေးဖို့လိုပါတယ်။ သူတို့ ဆန့်ကျင် ဘက်အမြင်တွေကို ဘယ်လိုချိန်ထိုးပြီး မြင်နိုင်လဲ။ တချို့အမြင်တွေရဲ့ဆုံမှတ်ကို ဘယ်လို သဘောပေါက်နားလည်သလဲ။ သမိုင်း အချက် အလက် တွေကြား အကျိုးအကြောင်းဆက်နွယ်မှု ကွင်းဆက်တွေက ဘာတွေလဲ။
အနုပညာဖန်တီးမှုတွေကရော ခေတ်တွေရဲ့သရုပ်ကို ဘယ်လိုဖော်ညွှန်းတာလဲ ၊ အရင်အခြေအနေနဲ့ အခုအခြေအနေကြား ဘာတွေ ပြောင်းလဲလာလဲ၊ တကယ်ရော ပြောင်းလဲမှုရှိလား ၊ ဒီပြောင်းလဲမှုကရော စစ်မှန်ရဲ့လား၊ နောက်ကွယ်မှာ ဘာတွေ ရှိနိုင်လဲ စသည်တို့ကို လေ့လာတတ်အောင် လေ့လာမိအောင် တွန်းအားပေးဖို့ လိုအပ်ပါတယ်လို့ ကျွန်တော် ယူဆမိပါကြောင်း.....။
မေတ္တာ ကရုဏာ  စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Wednesday, August 31, 2011 | 1 comments |
ထိုင်းနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနဲ့ အမျိုးသား သိပ္ပံပြတိုက်တို့ ပူးပေါင်းပြီး "National Science and Technology Fair 2011" ဆိုတဲ့ပွဲကို ဩဂုတ်လ ၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ထိုင်းနိုင်ငံ BITEC (Bangkok International Trade Exhibition Centre) မှာ မနက် ၉ နာရီကနေ ည ၈ နာရီအထိ နေ့စဉ်ကျင်းပခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အကြီးကျယ်ဆုံး သိပ္ပံနဲ့နည်းပညာပြပွဲကြီးလို့ ဆိုနိုင်ပါတယ်။ လူငယ်တွေ၊ ဆရာတွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ ပညာရေးဌာန အသီးသီးကလာရောက် လေ့လာကြတဲ့ ပွဲကြီးတစ်ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ပညာရေးဆိုင်ရာ နည်းပညာရပ် တွေကို ပွဲထုတ်သွားတာတွေထဲက စိတ်ဝင်စားစရာ ပြကွက် တွေကိုပြောပြချင်ပါတယ်။
ဒီပွဲမှာ စိတ်ဝင်စားစရာကောင်းတာ တစ်ခုက Virtual Frog Dissection application တစ်ခုပါ။ ဒီဆော့ဖ်ဝဲဟာ ဖားတစ်ကောင်ကို ခွဲစိတ်မှုအစအဆုံး ကျောင်းသားတွေ iPad လို့ခေါ်တဲ့ တက်ဘလက် ကွန်ပျူတာကနေ လေ့လာနိုင်ဖို့ စီစဉ်ပေးထားတယ်။
ဇီဝဗေဒနဲ့သိပ္ဋံပညာရပ်တွေဟာ တိကျဖို့လိုပါတယ်။ ဒီဆော့ဖ်ဝဲကဖားအကြောင်းအပြင် ဖား တစ်ကောင်ကို မေ့ဆေးပေးရာကနေ ခွဲစိတ်မှုအဆုံး အသေးစိတ်ပြထား ပါတယ်။ အဆင့်ဆင့်ပြထားတာကြောင့်လက်တွေ့လိုက်လုပ်ရမှာလည်းအလွန်လွယ်ကူစေနိုင်တယ်။
ဖားခွဲစိတ်တဲ့ ပြခန်း (Digital World Pavilion) ဘေးမှာ Star Walk ပြခန်းရှိတယ်။ ကြယ်တာရာ ပြခန်းကတော့ ကြယ်တွေရဲ့လမ်းကြောင်း၊ ဂြိုဟ်တွေလမ်းကြောင်း တွေကို ပြထားတယ်။ တက်ဘလက်ပေါ်မှာ ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ့်အနီးနား မှာ ဘယ်ဂြိုဟ်တွေရှိတယ် ဆိုတာတွေ ကို မြေပုံလို ပြပေးနိုင်တယ်။ Star Walk ဆော့ဖ်ဝဲ မှာ လ၊ နေ၊ ကြယ် နေ့ည မြင်ကွင်းအစုံကိုလည်း တွေ့မြင်ရလိမ့်မယ်။ ဥက္ကာပျံတွေအကြောင်း၊ ကာလယန္တရားဆိုတဲ့သဘောတွေကအစ Wiki မှာ ဖော်ပြထားတဲ့ အချက် အလက်တွေ အတိုင်း လေ့လာနိုင်မယ်။
ပြခန်းကိုလာရောက်တဲ့ ကျောင်းသားတွေနဲ့ အခြားစိတ်ပါဝင်စားသူတွေဟာဓာတုဗေဒ၊ ဇီဝဗေဒ၊ အီလက်ထရောနစ်၊ အစိမ်းရောင်စွမ်းအင်ဆိုတဲ့ နယ်ပယ်တိုင်းကို ခေတ်မီနည်း ပညာတွေနဲ့ တွဲဖက်လေ့လာကြရမှာ ဖြစ်တယ်။ ကျောင်းသားတွေရဲ့ တီထွင်မှု အစွမ်း အစတွေကို လမ်းဖွင့်ပေးထား တဲ့ပွဲလို့ ဆိုရင်လည်း မမှားဘူးပေါ့။
နိုင်ငံတော်အဆင့်ပွဲဖြစ်နေတာကြောင့် အဖွဲ့အစည်းကုမ္ပဏီပေါင်း ၁၅ ခုနဲ့၊ အခြားနိုင်ငံ ပေါင်း ၈ နိုင်ငံကလည်း ပူးပေါင်းဝင်ရောက်ပြသကြတာတွေ့ရတယ်။ အဲဒီနိုင်ငံတွေထဲမှာ တရုတ်၊ ဂျပန်၊ တောင် ကိုရီးယား၊ ရုရှား၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်ပြည်ထောင်စုတွေ ပါဝင်ပြသကြတယ်။
၂ဝ၁၁ ခုနှစ်ဟာ နိုင်ငံတကာသစ်တောနှစ် (International Year of Forests) လို့ သတ်မှတ် ထားတဲ့နှစ် ဖြစ်ပါတယ်။ ဒီပွဲကိုလာရောက်တဲ့ကလေးတွေဟာ သစ်တောနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံတွေ၊ အထိအတွေ့တွေကို အများဆုံး ရရှိခံစား စေနိုင်အောင် ဖန်တီးပေးထားပါတယ်။ သစ်တောနဲ့ ဆက်နွှယ်နေတဲ့ ဇီဝမျိုးစိတ်တွေ၊ သဘာဝနဲ့ သစ်တောထိန်းသိမ်းမှုဆိုင်ရာ ပညာပေး ပြကွက်တွေကို အများဆုံး ကြည့်ရှုလေ့လာရမှာ ဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲခြင်းပြခန်းမှာတော့ ဝင်ရိုးစွန်းဒေသတွေမှာရှိတဲ့ ရေခဲတောင်ကြီး တွေကို ပြထားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁ဝဝ လောက်က တည်းက ကမ္ဘာမြေကြီး ရဲ့ အနေအထားနဲ့ အဆင့်ဆင့် ပြောင်းလဲလာမှုတွေကို လေ့လာကြရမှာ ဖြစ်တယ်။ Hair Exhibition ပြခန်းမှာတော့ တရုတ်ပြည် ယူနန်နယ်နဲ့ ဂျပန်နိုင်ငံတို့က သိုးမွှေး ချည်ထည်တွေ အကြောင်း စိတ်ဝင်စားဖွယ်ပြသထားတယ်။
Wonders of Chemistry ပြခန်းမှာလည်း ဓာတုဗေဒဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်၊ ထူးဆန်းအံ့ဩဖွယ်ရာတွေကို လက်တွေ့ဝင်လုပ်ပြီး ခံစားနိုင်တယ်။
Alternative Energy ပြခန်းမှာ စွမ်းအင်အကြောင်း၊ Water of Life ပြခန်းမှာ ရေရဲ့တန်ဖိုး၊ ရေပြဿနာ၊ ရေထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်တွေကို အဆင့်ဆင့်ပြသထားတယ်။
ပြခန်းတွေကလည်းကျယ် ရည်ရွယ်ချက်တွေကလည်းကောင်း၊ ဘုရင့်အမျိုးအနွယ်တွေ ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့တဲ့ပွဲ ဖြစ်တာကြောင့် စည်ကားခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အိုင်စီတီနဲ့ အလေးထားရမယ် ဆိုတာကို ဘုရင်ကအစ အားပေးခဲ့တာကို သူတို့က ဂုဏ်ယူနေကြတယ်။
ဒီပွဲဟာ ပြပွဲသက်သက် မဟုတ်ပါဘူး။ ပြိုင်ပွဲတွေ၊ စုံညီအစည်းအဝေးတွေ၊ စာတန်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေပါ ထည့်ပေးထားတာကြောင့် တကယ့်ပညာရေး စုံညီပွဲတော်ကြီး တစ်ခုလို့ ပြောရပါလိမ့်မယ်။
တင်ညွှန့်
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |
          မြန်မာ့ကာတွန်းဆရာကြီး ဦးဘဂျမ်းသည် ၁၉၂၆ ခုနှစ်တွင် ကောလိပ်ကျောင်းသားဘဝ၌ ကောလိပ်မဂ္ဂဇင်းထဲတွင် ကာတွန်းစတင်ရေးဆွဲရာမှ ကာတွန်းဆရာကြီး ဖြစ်လာသူဖြစ်သည်။ ဦးဘဂျမ်း၏ ပထမဆုံးပုံနှိပ်ဖော်ပြခံရသည့် ကာတွန်းပုံမှာ ကောလိပ်ဘော်ဒါဆောင်၌ ထမင်းကျွေးသည့်အခါ ဟင်းဖတ်နည်းပြီး အရည်များနေသည့်အကြောင်း ရေးဆွဲထားသည့်ပုံ ဖြစ်သည်။ ထို့နောက် ဆရာကြီးသည် စကောက်ခေါ် ကင်းတပ်အဖွဲ့က ထုတ်ဝေသည့် ‘ဘားမားဘွိုင်’ (Burma boy) မဂ္ဂဇင်းနှင့် ကဝိမျက်နှာ မဂ္ဂဇင်းများ၌ ကာတွန်းများ ဆက်လက် ရေးဆွဲခဲ့သည်။
          ရန်ကုန်ကောလိပ်၌ အိုင်အေအထက်တန်းအထိ ပညာသင်ကြားပြီးနောက် ကျောင်းထွက်၍ အတွင်းဝန်ရုံး (နောင် ဝန်ကြီးများရုံး)တွင် တလ ၉၀ ကျပ်ဖြင့် စာရေး ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သို့သော် အချုပ်အခြယ် မခံချင်သောကြောင့် အလုပ်မှထွက်လိုက်၏။
          ဆရာကြီးက …
          “ပန်းချီဆရာတို့၊ ကာတွန်းဆရာတို့ဟာ စိတ်နဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် နေချင်ကြတယ်၊ ချုပ်ချယ်မှုကို တစိတ်ကလေးမှ ခံချင်ကြတာမဟုတ်ဘူး” ဟု နောင်တွင် သူအလုပ်မှ ထွက်ခံရပုံကို ပြောပြခဲ့သည်။ ထို့မျှမက နာမည်ကျော်ကြားလာသောအခါ ဖဆပလ အစိုးရက ရာထူးကြီးကြီးပေးပြီး ခန့်ထားသည်ကိုလည်း ငြင်းပယ်ခဲ့လေသည်။ “အစိုးရအလုပ် မပြောနဲ့၊ ဆရာပင်တိုင် ကာတွန်းဆွဲနေတဲ့ သတင်းစာတိုက်က လခစားခန့်သည်ကိုပင် မလုပ်ဟု” ဆိုသည်။
          ဆရာဦးဘဂျမ်းသည် အနုပညာသမားပီပီ အချုပ်အချယ်ကို မကြိုက်၊ လွတ်လွတ်လပ် နေထိုင်တတ်သလို၊ သူ့ကလောင်ကို ကန့်သတ်ချုပ်ချယ်မှုကိုလည်း မခံချင်ပေ။ ဤသည်နှင့် ပတ်သက်၍ ကာတွန်းဆရာဦးဘထွေး၏ “ကာတွန်းဦးဘဂျမ်းနှင့် သူတို့အမြင်” စာအုပ်၌
          “စစ်အတွင်း ဂျပန်ခေတ်တုန်းက ကိုဘဂျမ်းနဲ့ ပန်းချီကိုဘကြည်က ပြန်ကြားရေးဌာနမှာ ဝင်လုပ်တယ်။ ဆရာကတော့ ဂျပန်အစိုးရထုတ် ဗမာ့ခေတ်သတင်းစာမှာ လခစားကာတွန်း ဆရာအဖြစ်နဲ့ ကာတွန်းဆွဲတယ်။ အဲဒီတုန်းက သံဖြူဇရပ်မှာ ဖောက်နေတဲ့ ယိုးဒယား-မြန်မာ မီးရထားလမ်းအတွက် လှုံ့ဆော်တဲ့ကာတွန်းပုံတပုံကို ဦးဘဂျမ်းဟာ ဆွဲပေးတယ်။ အဲဒီ ချွေးတပ်ထဲဝင်ရင် လခ၊ ရိက္ခာ၊ အဝတ်၊ ဆေးဝါးကောင်းကောင်း ရနိုင်မယ်ဆိုတာတွေ ပါတယ်။ တနေ့မှာ ကိုဘဂျမ်းဟာ ဘူတာဘက်ရောက်လို့ ချွေးတပ်သားတွေ အဝတ်မပြည့်စုံ၊ အစားချို့ငဲ့၊ ဆေးဝါးလည်းမရှိဘဲ ဒုက္ခရောက်နေတာတွေ တွေ့ရတော့ စိတ်ထိခိုက်ပြီး ဆက်မလုပ်တော့ဘဲ ညောင်တုန်း ပြန်နေတယ်။ နောက် စစ်ပြီးမှ ရန်ကုန်ပြန်လာတယ်”         
ကာတွန်းဆရာကြီး ဦးဘဂျမ်း
         “ပြီးတော့ ဖဆပလ အစိုးရက သူ့ကို ရာထူးကြီးပေးပြီး ခန့်ပါမယ်ဆိုခဲ့ဖူးတာဖြစ်ပေမယ့် ဆရာဦးဘဂျမ်းက ဖဆပလ အစိုးရကိုလည်း သူ့ကာတွန်းနဲ့ဝေဖန်၊ ဖဆပလရဲ့ ပြည်တော်သာ စီမံကိန်းဆိုတာကြီးကိုလည်း သရော်လုပ်ခဲ့တာပါ။ အဲဒီလိုပဲ အတိုက်အခံတွေကိုလည်း အလွတ်မပေးပါဘူး။ သူက ပုဂ္ဂိုလ်ရေး မသရော်ဘူး။ ခေတ်ကိုသာ သရော်တာ၊ သူက သတင်း စာဖတ်၊ တိုင်းပြည်မှာ ဘာဖြစ်နေသလဲဆိုတာ အကဲဖြတ်ပြီးတော့ ကာတွန်းရေးတာပဲ၊ သူ မကြိုက်ရင် ရေးခိုင်းလို့ မရဘူး၊ သူ ယုံကြည်တာကို ဆန့်ကျင်ပြီး ဘယ်တော့မှ မရေးဘူး။ ဖော်လံလည်း မဖားဘူး” ဟူ၍ မှတ်တမ်းတင်ထားသည်။
          ဆရာကြီး ကာတွန်းဦးဖေသိန်းကလည်း သူ၏ “စာနယ်ဇင်းကာတွန်းသမိုင်း စာတမ်း” တွင်
          “အနုပညာရှင်တယောက်အနေဖြင့် ဦးဘဂျမ်း၏ အထူးခြားဆုံးဂုဏ်အင်္ဂါမှာ ငွေမမက်ခြင်း ဖြစ်သည်။ ဦးဘဂျမ်းသည် ငွေရရန်အတွက် ကာတွန်းဆွဲသည် မဟုတ်၊ သူသည် တိုင်းပြည်အတွက် ကာတွန်းဆွဲနေသည်ဟူသော ယုံကြည်ချက်ဖြင့် ရေးဆွဲနေခြင်းဖြစ်သည်” ဟု ရေးသားထားလေသည်။
          အိုးဝေဦးညိုမြကလည်း ဆရာဦးဘဂျမ်းနှင့်ပတ်သက်၍ ဤကဲ့သို့ ကောက်ချက်ချခဲ့ပါ သည်။
          “ဆရာဦးဘဂျမ်းဟာ စိတ်သဘောထား နူးညံ့ပျော့ပျောင်းသူတယောက်ပါ။ ဒါပေမယ့် သူ့သိက္ခာကို ထိပါးလာရင်တော့ ဆတ်ဆတ်ထိ မခံတတ်ပါဘူး။ မာနလည်းကြီးပါတယ်”
          တဖန် ကာတွန်းဦးကျော်ဆန်း(ကဆ) ကလည်း -
          “အဲဒီအခါ ဆရာဦးဘဂျမ်းဟာ ကာတွန်းကို စက်နဲ့လှည့်ထုတ်သလို ရေးနေတဲ့အခါပေါ့၊ ဆရာက ကာတွန်းကို ဟိုပြင်ဒီပြင်လုပ်တဲ့တိုက်ကိုတော့ ကာတွန်းမပေးဘူး။ တခါလည်း သတင်းစာတိုက်ကြီးတတိုက်က နိုင်ငံအဖွဲ့အစည်းတခုကို ဆော်တဲ့ကာတွန်းတခုရေးပို့ဖို့ ဦးဘဂျမ်းကို ချဉ်းကပ်တယ်။ ပေးနေကျ ကာတွန်းခ ၂၅ ကျပ်အစား ၅၀ ပေးပါ့မယ်လို့လည်း ပြောတယ်။ အဲဒီတော့ ဦးဘဂျမ်းက ၅၀ မဟုတ်၊ ၅၀၀၀ ပေးလည်း မရေးဘူး။ ကျုပ်ဆီက ကာတွန်းရဖို့လည်း မမျှော်လင့်နဲ့တော့ဆိုပြီး အဲဒီတိုက်ကို ကာတွန်းဖြတ်ထားလိုက်တယ်။ ပြီးတော့ ဆရာဦးဘဂျမ်းက ကျနော်တို့ကို စာများများဖတ်ဖို့ တိုက်တွန်းလေ့ရှိတယ်။ တဖက်သား နစ်နာသွားအောင် မရေးဘဲ ဟာသနှောပြီး ခံသာအောင်ရေးဖို့ အမြဲပြောတယ်။ ဓမ္မဓိဋ္ဌာန်ကျကျ ရေးဖို့လည်း ပြောတယ်၊ သူများခိုင်းတိုင်း မရေးဘဲ ကိုယ်ယုံမှ ရေးဖို့လည်း ဆုံးမတယ်” ဟူ၍ ဖောက်သည်ချခဲ့သည်။
          သို့ကလို မိမိယုံကြည်ချက်နှင့် မိမိခံယူချက်ကို အတိမ်းအစောင်းမခံ သူ့ကလောင်ဖြင့် ဝေဖန်သင့်သည်ထင်လျှင် ရဲရဲဝံ့ဝံ့တင်ပြခဲ့သော ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ၁၉၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်ကြာသပတေးနေ့တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ၉ လမ်း၌ အဖ ပိုးကုန်သည် ဦးဖောင်၊ အမိ ဒေါ်မြစ်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။
          ငယ်စဉ်က ညောင်တုန်းမြို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကျောင်းတွင် စတင် ပညာသင်ကြားပြီးနောက် ရန်ကုန်မြို့၊ ကူရှင်ကျောင်းသို့ ပြောင်းရွှေ့ကာ သတ္တမတန်းမှစ၍ ပညာဆည်းပူးရာ ထိုကျောင်းမှပင် ဆယ်တန်းအောင်ခဲ့သည်။ ပုံဆွဲဘာသာကို အပိုဘာသာအဖြစ် ယူကာ ဆယ်တန်းအောင်ခဲ့ခြင်း ဖြစ်သည်။ ခရစ်နှစ် ၁၉၂၄ တွင် ရန်ကုန်ကောလိပ်သို့ရောက်၍ အိုင်အေ (ဥပမာ ဝိဇ္ဇာ) အထက်တန်းအထိ ဆက်လက်ပညာဆည်းပူးခဲ့လေသည်။
          ဦးဘဂျမ်းသည် မြန်မာကာတွန်း သို့မဟုတ် ရုပ်ပြောင်လောကတွင် အထူးထင်ရှားသော ကာတွန်းဆရာတဦး ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ သုံးလေးနှစ်ခန့်မှ ကွယ်လွန်သည်။ ၁၉၅၃ ခုနှစ်တိုင်အောင် မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး၊ လူကြိုက်အများဆုံးသော ကာတွန်း အနုပညာရှင်ကြီးဖြစ်ခဲ့ရာ ‘ကာတွန်းဝိဇ္ဇာ’ ဟူ၍ ချီးကျူးခေါ်ဝေါ်ခြင်းခံရပေသည်။
          ဦးဘဂျမ်း၏ ပထမဆုံးရေးဆွဲသော ကာတွန်းသည် ၁၉၂၆ ခုနှစ်ထုတ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းတွင် ပါခဲ့လေသည်။ ရန်ကုန်ကောလိပ်မှ ထွက်သောအခါ ကဝိမျက်မှန်မဂ္ဂဇင်း၊ ရယ်ရွှင်ဖွယ် အလင်းမဂ္ဂဇင်း၊ ရယ်ရွှင်ဖွယ်ဂျာနယ်၊ ရန်ကုန်ဂေဇက် အင်္ဂလိပ်သတင်းစာ၊ ဒီးဒုတ်ဂျာနယ်၊ သူရိယ၊ မြန်မာ့အလင်း၊ ဗမာ့ခေတ်၊ ဟံသာဝတီ စသည့် သတင်းစာများနှင့် ဒဂုန်၊ ရှုမဝမဂ္ဂဇင်းများ၊ ယုဝတီဂျာနယ်တို့တွင် ရုပ်ပြောင်ကာတွန်းများ ရေးဆွဲခဲ့သည်။
          ဟာသရုပ်ပြောင်ကာတွန်းများသာမက ကြော်ငြာကာတွန်းများ၊ ပုံပြင်ကာတွန်း ရုပ်စုံများကိုလည်း ရေးဆွဲသည်။ ပဲရောက်ရုပ်ရှင်တွင် ပထမဆုံး မြန်မာကာတွန်းရုပ်ရှင် ‘အသူရာ’ နှင့် ‘ကြက်တောင်ကွ’ ဟူသော ဇာတ်ကားများကို စီစဉ်ရေးသား ရိုက်ကူးခဲ့သည်။ ဘီဂျီစတီဒီယို ဟူသောအမည်ဖြင့် ဘလောက်တိုက် တည်ထောင်ခဲ့သည်။ ၎င်းအပြင်၊ ‘ရွှေမြို့တော်ဝတ္ထုတိုက်’ ဟူသောအမည်ဖြင့် ဝတ္ထုများထုတ်ဝေခဲ့ရာ၊ ဦးဘဂျမ်းကိုယ်တိုင်ရေးသားသော ‘ညီမလေး’ ဝတ္ထုသည် ထိုတိုက်မှ ထွက်ရှိခဲ့သည်။
          ဦးဘဂျမ်းသည် ကာတွန်းရုပ်ပြောင်များရေးဆွဲရာတွင် ကိန်းကြီးခန်းကြီးမရှိဘဲ အလျား ၅ ပေ၊ အနံ ၄ ပေ ခန့်ရှိသော စားပွဲဟောင်းကြီးပေါ်တွင် ကတ်ထူပြားခင်းကာ ရေးဆွဲခဲ့သည်။ လယ်ဂျာစက္ကူ အပြာနုရောင်ကို အများဆုံးအသုံးပြုကာ ရေးဆွဲခဲ့သည်။ တရုတ်မင်တောင့်ကိုလည်း သွေး၍ သုံးတတ်သည်။ ရုပ်ပုံများကို အရောင်ပေးသောအခါများတွင် ချည်ဆိုးဆေး ရောင်စုံတို့ဖြင့် ပေးလေ့ရှိသည်။
          ဦးဘဂျမ်းသည် စာနယ်ဇင်းများတွင် မိမိအာဘော်ဖြင့် ရေးသည့်ပုံပြင်များကို ‘ဘဂျမ်း’ ဟူ၍ လက်မှတ်အပြည့်အစုံ ရေးထိုးပြီး၊ မိမိအာဘော်မဟုတ်ဘဲ အခြားသူများ၏ အာဘော်ကို သရုပ်ဖော်ပေးရသောအခါ ဘီဂျီ (B.G) ဟူ၍ အတိုကောက် လက်မှတ်ရေးထိုးလေသည်။
ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းလက်ရာတချို့
         နိုင်ငံခြား၌ ပညာဆည်းပူးရာ အစိုးရက စေလွှတ်မည်ဆိုသော်လည်း လိုလိုချင်ချင် မရှိ၊ ငြင်းဆန်ခဲ့လေသည်။ ဦးဘဂျမ်းတွင် ကိုယ်ပိုင်ဇာတ်ကောင်များရှိခဲ့သည်။ ဗမာ့ခေတ် သတင်း စာတွင် ဦးဖျောက်ဆိပ်၊ ဟံသာဝတီ သတင်းစာတွင် ‘ချာရာဏသီ မောင်မြေဇာ’ စသည်တို့ ဖြစ်သည်။ ဇာတ်ကောင် ဦးဖျောက်ဆိပ်ကို ဒုတိယကမ္ဘာစစ်မတိုင်မီက သူရိယ သတင်းစာတွင် ရေးပြီး စစ်ပြီးသောအခါ သူရိယသတင်းစာတိုက်က မယူ၍ ဗမာ့ခေတ်သတင်းစာတိုက်သို့ ပြောင်းပေးခဲ့သည်။
          ဦးဘဂျမ်းသည် ပုဂ္ဂိုလ်ရေးအရ သရော်ပြီး ရေးသားခြင်း မပြုခဲ့ပေ။ ခေတ်နှင့် စရိုက် သဘာဝကိုသာ အဓိကထား သရော်ခဲ့သည်။ နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရှုကာ တိုင်းပြည်တွင်း ဖြစ်ပျက်နေသော အကြောင်းကိစ္စတို့ကို လေ့လာအကဲဖြတ်ပြီးမှ ကာတွန်း ရေးဆွဲလေ့ရှိသည်။
          “ဦးဘဂျမ်းစကားပြောလျှင် သလိပ်ကပ်သံပါသည်။ စကားပြောလျှင် လေသံတိုးတိုးဖြင့် ပြောတတ်သည်။ ရယ်ရွှင်ဖွယ်ရာများကို အမြဲပြောလေ့ရှိသည်။ ကာတွန်းရုပ်ပြောင်များ ရေးဆွဲလျှင် ဆွဲ၊ မဆွဲလျှင် စာဖတ်နေတတ်သည်” ဟူ၍ ဆရာကြီးနှင့် နီးနီးကပ်ကပ်နေထိုင်ခဲ့သော ဦးဟိန်စွန်း (၁၉၀၂-၁၉၈၇) က ပြောသည်။
          ဆရာကြီးသည် စာဖတ်ဝါသနာထုံ၍ စာလည်းအလွန်ဖတ်သူ ဖြစ်သည်။ စာနယ်ဇင်းများ၌ အခါအခွင့်သင့်လျှင် ဆောင်းပါးများ ရေးဆွဲလေ့ရှိသည်။ ဆရာကြီးသည် ဗလရှင်ဆေးပြား ငုံထားလေ့ရှိသည်။ ကိုယ်တိုင်ဓာတ်ပုံရိုက်တတ်ရုံမက ဖလင်ဆေးခြင်း၊ ကူးခြင်း လုပ်ငန်းများကိုလည်း နိုင်နင်းစွာ လုပ်ကိုင်နိုင်သည်။
          ၁၉၃၆ ခုနှစ် စက်တင်ဘာလတွင် ပဲခူးမြို့သူ ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။ ဆရာကြီး၏ လက်ထပ်မင်္ဂလာပွဲကို ရန်ကုန်မြို့ ကွန်တင်နင်တယ် အဆောက်အအုံ၌ ကျင်းပခဲ့သည်။ ဆရာဦးဘဂျမ်းသည် ရှေးဦးစွာ ရန်ကုန်မြို့ ၁၄ လမ်း၊ အမှတ် ၄၈ နေအိမ်တွင် နေထိုင်ပြီး ထိုမှတဆင့် ၁၃ လမ်း အမှတ် ၃၇ နေအိမ်သို့ ပြောင်းရွေ့နေထိုင်သည်။
          ၁၉၄၈ ခုနှစ်တွင် ဇနီးဒေါ်ခင်ကြည်သည် သားဦးယောက်ျားလေး မောင်ကျော်ညွန့်ကို မွေးဖွားပြီးနောက် မကြာမီ ကွယ်လွန်သွားခဲ့ရာ ဆရာကြီးသည် အလွန်စိတ်ထိခိုက်သွားရရှာသည်။ ထို့ကြောင့် ဦးဘဂျမ်း၏ ဇာတ်လိုက်ကျော် ဦးဖျောက်ဆိပ်သည် ရသေ့ဝတ်ပြောင်းကာ ရသေ့ကြီး ဦးဖျောက်ဆိပ် ဖြစ်လာရသည်။
          ၁၉၅၃ ခုနှစ် ဇန်နဝါရီလတွင် အနာပဆုပ်ပေါက်ကာ မကျန်းမမာ ဖြစ်လာပြီးလျှင် အရွယ်ကောင်း နာမည်တက်ဆဲအချိန်တွင် ၁၉၅၃ ဖေဖော်ဝါရီလ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ဦးဘဂျမ်း၏ ကြွင်းကျန်သော ရုပ်ကလပ်ကို တာမွေ စာဆိုတော် သုဿန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့လေသည်။ ထို့နောက် တာမွေစာဆိုတော် သုဿန်ကို တော်လှန်ရေးကော်စီခေတ်၌ ဖျက်လိုက်သောကြောင့် ဆရာကြီး၏အုတ်ဂူလည်း ပျက်စီးသွားလေသည်။
ကာတွန်းဆရာကြီး ဦးဘဂျမ်း၏ အုတ်ဂူ
          ဦးဘဂျမ်းကွယ်လွန်ပြီးနောက် ၁၉၅၄ ခုနှစ်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ အစိုးရက ဦးဘဂျမ်းအတွက် အလင်္ကာကျော်စွာဘွဲ့ကို ကျန်ရစ်သူ ဦးဘဂျမ်း၏ တဦးတည်းသောသား မောင်ကျော်ညွန့်အား ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့လေသည်။ ထိုဂုဏ်ပြုပွဲ၌ ပန်းပုပညာရှင် ဦးဟန်တင် ထုလုပ်ထားသော ဦးဘဂျမ်း၏ ကိုယ်တပိုင်းပုံတူ ပန်းပုရုပ်ကို ပန်းချီကျော် ဦးငွေကိုင်က ဖွင့်လှစ်ပေးခဲ့လေသည်။
          ဆရာကြီးဦးဘဂျမ်းသည် ဖဆပလ အစိုးရပေးအပ်ခဲ့သော အလင်္ကာကျော်စွာဘွဲ့ကို ကွယ်လွန်ပြီးမှ ရရှိခဲ့သော်လည်း ဖဆပလ အစိုးရက အလင်္ကာကျော်စွာဘွဲ့များ၊ ဝဏ္ဏကျော်ထင်ဘွဲ့များ ဖောဖောသီသီပေးအပ်နေသည်ကို သရော်ခဲ့လေသည်။ ဖဆပလ အစိုးရသည် စာပေနှင့် အနုပညာလောက၌ ထင်ရှားခဲ့သော ဆရာကြီး သခင်ကိုယ်တောင်မှိုင်း၊ ဇာတ်မင်းသား ရွှေမန်းတင်မောင်၊ ဂီတစာဆို ရွှေပြည်အေး တို့ကို အလင်္ကာကျော်စွာဘွဲ့ ပေးအပ်ခဲ့သလို စာရေးဆရာကြီး ရွှေဥဒေါင်း၊ လူရွင်တော် ဟာသမင်းသားကြီး ဖိုးပါကြီး၊ ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေး၊ ဇာတ်မင်းသားကြီး စိန်အောင်မင်း၊ ဂီတပညာရှင် ဒေါ်အောင်ကြည် တို့ကို ဝဏ္ဏကျော်ထင်ဘွဲ့များ ပေးအပ်ခဲ့လေသည်။ ဦးဘဂျမ်းသည် ပန်းချီဆရာကြီး ဦးငွေကိုင် ဘိလပ်သို့ လေ့လာရေးခရီး ထွက်ခါနီး ဂုဏ်ပြုနုတ်ဆက်ပွဲ၌ “ဦးငွေကိုင်ဟာ ဝိရိယကြီးသူဖြစ်တဲ့အတိုင်း နိုင်ငံခြားမှာ ပန်းချီပညာကို ကြိုးစားလေ့လာ ရေးဆွဲမှာ မလွှဲကြောင်း၊ မြန်မာပြည် ပြန်ရောက်တဲ့အခါ ဆီဆေး၊ ရေဆေး၊ မင်ဆွဲပန်းချီလက်ရာအစုံ ထူးချွန်ပြောင်မြောက်လာမှာ သေချာကြောင်း အဲဒီအခါ ဖဆပလအစိုးရက ‘ဝဏ္ဏစုတ်တံ’ ‘သတိုးသီရိဆီဆေး၊ ရေဆေး’ စတဲ့ ဘွဲ့တွေချီးမြှင့်သင့်ကြောင်း” စသည်ဖြင့် ထည့်သွင်း ပြောကြားသွားရာ ပရိတ်သတ်များ ဆရာကြီး၏ပျက်လုံးကို အတော်ပွဲကျသွားခဲ့သည်ဟု သိရပေသည်။
          မည်သို့ဆိုစေ … ကွယ်လွန်သည့်တိုင်အောင် လူထုအား ကာတွန်းပညာဖြင့် နိုင်ငံတော်၏ ဖြစ်ပျက်နေသော အခြေအနေအမှန်တရားကို ဝေဖန်ထောက်ပြ ဖော်ထုတ်တင်ပြခဲ့သော ဆရာကြီး၏ ကာတွန်းအနုပညာလက်ရာများနှင့် ဂုဏ်သတင်းသည် နှစ်ပေါင်းများစွာ သင်းပျံ့ မွေးထုံနေမည်မှာ မလွှဲဧကန်ပင်တည်း။
မေတ္တာ ကရုဏာ စေတနာဖြင့် 
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |
လူတွေရဲ့သေဆုံးခြင်း၊ ရောဂါဘယ ဖြစ်ပွားခြင်း ဆိုသည်မှာ ကံအကြောင်း တရားကြောင့်လို့ ပြော၍ရသော်လည်း အဆိုပါ တစ်ခုတည်းသော အကြောင်းကြောင့် မဟုတ်သည်မှာ သေချာပါသည်။
ပုလိပ်ရောဂါကဲ့သို့သော ကပ်ဆိုးကြီးမျိုး၊ ဂြိုလ်သိမ်ဂြိုလ်မွှား တစ်ခုခုနဲ့ တိုက်မိတာမျိုး ကလည်း လူမျိုးစုတစ်ခုလုံးကို ပျောက်ကွယ်သွားစေနိုင်ပါသည်။ သို့တည်းမဟုတ် နည်းပညာအသစ်တစ်ခု ကြောင့်လည်း လူတွေရဲ့ ပုံစံပြောင်းလဲကောင်း ပြောင်းလဲသွား နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ယနေ့ကမ္ဘာ၏ ဖွံ့ဖြိုးခြင်း ၊ ပြောင်းရွှေ့နေထိုင် ကျက်စားခြင်း၊ သေဆုံးခြင်း ပုံစံများက နောက်လာမယ့်မျိုးဆက်တွေအတွက် မည်သို့ သော လူ့အဖွဲ့အစည်းမျိုးကို ချန်ထားခဲ့မလဲ ဆိုတာကို အဆုံးအဖြတ်ပေးပါလိမ့်မည်။ လူသားတွေရဲ့ အရေအတွက်က ဆက်လက် တိုးတက်နေမြဲ ဖြစ်သည်။
သို့ပေမယ့် အတိတ်က တိုးတက်ပုံနှင့်တော့ မတူ၊ အလွန်တရာမှ ခြားနားလှပါသည်။ ကုလသမဂ္ဂ၏ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာအရ၊ ကမ္ဘာ့လူဦးရေသည် ၂၀၂၅ ခုနှစ်တွင် (၈) ဘီလီယံ မှ ဒီရာစုနှစ်ရဲ့ အဆုံးမှာ (၁၀) ဘီလီယံ ကျော်အထိ တိုးတက်လာမည်ဟု ဖော်ပြထားပါသည်။
မကြာသေးမီအချိန်အထိ တိုးပွားလာသော လူဦးရေသည် အများအားဖြင့် လူငယ်တွေအတွင်းတွင်သာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ၁၉၅၀ နှင့် ၁၉၉၀ ခုနှစ်များ အတွင်း အသက် ၃၀ အောက်လူငယ်များသည် တိုးပွားနေသည့် ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ကျော်ရှိနေစဉ်၊ အသက် ၆၀ ကျော်တန်းကတော့ ၁၂ ရာခိုင်နှုန်းလောက်သာ ရှိခဲ့ပါသည် ။ ဒါပေမဲ့ အနာဂတ်မှာ အဆိုပါပုံစံသည် ဆန့်ကျင်ဘက်သို့ လုံးဝပြောင်းလဲ သွားပါလိမ့်မည်။
ကုလသမဂ္ဂ၏ လေ့လာချက်အရ နောက်လာမည့် နှစ်ပေါင်း ၄၀ ကျော်အချိန်တွင် အသက် ၆၀ ကျော်တန်းသည် ကမ္ဘာ့လူဦးရေ၏ ၅၈ ရာခိုင်နှုန်းအထိ တိုးပွားလာကာ၊ အသက် ၃၀ အောက် လူငယ်တွေသည် ၆ ရာခိုင်းနှုန်းလောက်သာ ကျန်ရှိတော့မည် ဖြစ်သည်။
၂၀၂၅ မတိုင်မီ အသက် ၅ နှစ်အောက်ကလေးဦးရေသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကြောက်ခမန်းလိလိ ကျဆင်းနေသလို ကမ္ဘာနှင့်အ၀ှမ်းတွင်လည်း ကျဆင်းလျက် ရှိကြောင်း ကုလသမ္မဂက ထောက်ပြသွားပါသည်။
ဥရောပနိုင်ငံများတွင် မွေးဖွားမှုနှုန်း တဖြည်းဖြည်းကျဆင်းနေသည် ။ မြင့်မားလာသော ကျန်းမာရေး စောင့်ရှောက်မှု နည်းပညာနှင့်အတူ လူအိုများသည်လည်း တဖြည်းဖြည်း များပြားလာသည်။ နောက်လာမည့် ၃၅ နှစ်အတွင်း အသက် ၆၀ ကျော် အိုမင်းသူ များသည် အီရန် နှင့် မက္ကဆီကိုလို နိုင်ငံများတွင် ယနေ့ ပြင်သစ်ထက် ရာခိုင်နှုန်း ပိုများနေလိမ့်မည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလွန်အသက်ကြီးသူများ တိုးပွားလာခြင်းနှင့် ကလေးမွေးဖွား မှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့် ရွှေ့ပြောင်းအခြေချခြင်းကဲ့သို့သော အခြားသော အကြောင်းအရာများကိုလည်း ဆက်နွယ်ပြောင်းလဲစေပါသည်။
ဥပမာအားဖြင့် ၂၀၁၀ တွင် မက္ကဆီကိုရှိ အသက် ၄ နှစ်နှင့် အောက် ကလေးဦးရေသည် ၁၉၉၆ ခုနှစ်ကထက် ၄၃၄၀၀၀ လျော့နည်းသွားသည်။ ရလဒ်အနေဖြင့် မက္ကဆီကန်များ အမေရိကန်သို့ ပြောင်းရွှေ့လာမှုကို ယုတ်လျော့စေသည်။
ထို့အတူ ကလေးဦးရေကျဆင်းလာခြင်းကြောင့် လူကြီးများအတွက်ဝန်ထုပ်ဝန်ပိုး လျော့နည်းလာသည်။ မက္ကဆီကန်များ၏ စီးပွားရေးအခြေအနေမှာလည်းအရင်ကထက် ပိုမိုကောင်းမွန်လာသည်။ ထိုအခါ ရွှေ့ပြောင်းအခြေချမှုလည်း ကျဆင်းလာသည်။
သို့သော်လည်း လူအတော်များများသည် သူတို့၏နေ့စဉ်ဘ၀မှာ ကြုံတွေ့ရသော အတွေ့အကြုံများအရ တစ်နေရာတည်းတွင် လူဦးရေပြွတ်သိပ်မှုသည် ပြသနာတစ်ရပ် အဖြစ် ရှိနေဆဲဟု ကောက်ချက်ဆွဲကြသည်။ အကြောင်းကတော့ ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ကျော်လောက်သည် မြို့ပြဧရိယာသို့ ရောက်ရှိလာနေခြင်း ကြောင့် ဖြစ်သည်။
မြို့ကြီးပြကြီးများတွင် ကလေးများကို ပြုစုပျိုးထောင်သည့်စရိတ်မှာ မြင့်မားလာခြင်း သည်လည်း ကမ္ဘာလုံးဆိုင်ရာ မွေးဖွားမှုနှုန်းကို ကျဆင်းစေသော အခြေခံအကြောင်း ဖြစ်ပေသည်။ မြို့ပြဖြစ်ထွန်းခြင်းသည်လည်း လူဦးရေတိုးပွားမှုကို လျော့နည်းစေသော လမ်းကြောင်းကို ဖော်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြို့များတွင် နေထိုင်သော အများစုက ကလေးယူဖို့စိတ်ကူးမှုလျော့နည်းလာခြင်းကြောင့် ဖြစ်သည်။
အခြားသော ဆက်စပ်လျက်ရှိသော ဖြစ်နိုင်ချေအလားအလာမှာ မိသားစုတစ်ခု၏ အရွယ်အစား တည်ဆောက်ပုံသဘော သဘာဝများ အလျင်အမြန်ပြောင်းလဲခြင်းပင် ဖြစ်သည် ။ ဂျာမဏီ ၊ ဂျပန် ၊ ရုရှား၊ တောင်ကိုးရီးယား ကဲ့သို့သော နိုင်ငံများတွင် မိသားစုတစ်ခုတွင် ကလေးတစ်ယောက်သာ ယူသောစနစ်မှာ စံတစ်ခုဖြစ်လာနေ ပေသည်။ အဆိုပါပုံစံသည် လူအဖွဲ့အစည်းအတွင်းရှိလူအများစုကို မွေးချင်းမရှိအောင် သာမက အဒေါ်၊ ဦးလေး၊ ၀မ်းကွဲမောင်နှမ၊ တူ ၊တူမ စသော ဆွေမျိုးရင်းချာများ မရှိအောင် ဖန်တီးလျက်ရှိသည်။ မိသားစုအများအပြားတွင်လည်း သားသမီးအရင်း အချာရှိသော မိဘများ လျော့နည်းလာနေသည်။
ယနေ့ အမေရိကန် အပါအ၀င် အနောက်နိုင်ငံများရှိ စုံတွဲ ၅ တွဲတွင် ၁ တွဲမှာ ကလေး မယူကြတော့ပေ။ ကလေးယူကြသော စုံတွဲများတွင်သော်မှ ကလေးများသည် အရင်နှင့်မတူ ခြားနားသော အခြေအနေများအောက်တွင် ကြီးပြင်းလာရသည်။ ကွာရှင်းခြင်းနှင့် လက်မထပ်မီ ကလေးယူခြင်းတို့ကြောင့် မိဘစုံညီအောက်တွင် ကြီးပြင်းလာရသော ကလေးအရေအတွက်မှာ သိသာစွာ ကျဆင်းလာသည်။
ဟန်ချက်ညီညီ မိသားစုကမ္ဘာလေးတွင်နေထိုင်ရသော ကလေးတို့၏ အရေအတွက်မှာ သိသာစွာကျဆင်းလာသလို အဆိုပါ ပုံစံဖြင့်ကြီးပြင်းလာသောကလေး အများစုမှာ ယနေ့ကြုံတွေ့နေရသော အနုတ်လက္ခဏာဆောင်သည့် ရလာဒ်များနှင့်ဆက်နွယ်မှု ရှိနေပါသည်။ အဆိုပါ အခြေအနေများကို ၂၀၂၅ မတိုင်မီ ပြောင်းပြန်လှန်နိုင်သည့် လက္ခဏာများရှိပါမလား။ ရှိလျှင်တောင်မှ အနည်းငယ်သာ ဖြစ်ပါလိမ့်မည် ။ အဆိုပါ အခြေအနေများကို ပြောင်းလဲပစ်ရန်အတွက် ရာစုနှစ်၏ ကြီးမားသော ၀ိရာဓိကို သေချာနားလည်ဖို့လိုသည်။ နားလည်ရင်သော်မှ မွေးကာစကလေးများဖြင့် ပြည့်နှက်နေသော ဖန်တီးထားသော လူဦးရေ ပုံစံသစ်တစ်ခုဖြင့် ကျွန်တော်တို့၏ ကမ္ဘာကြီးကို နောက်နှစ်၃၀ ကျော်အတွင်း တွေ့ရပါလိမ့်မည်။
ထိုကြောင့် အသက်အရွယ်ကြီးရင့်သူများဖြင့် ပြည့်နှက်လာနေမည့် ကျွန်တော်တို့၏ ကမ္ဘာကြီးအတွက် အဆင်သင့်ဖြစ်နေဖို့ လိုပေသည်။
 သုခသခင်
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |
တကယ်တော့ ကုန်းဘောင်ခေတ်ရဲ့အထင်ကရစာဆိုတော်ကြီး နှောင်းခေတ် ပညာရှင် တွေက မြန်မာပြည်ရဲ့ရှိတ်စပီယားလို့ အမည်တပ်ခံရတဲ့စလေဦးပုညဟာ ရုပ်ဆင်း အင်္ဂါ ပြည့်စုံသူမဟုတ်ပါ။ ခြေတစ်ဖက်သိမ်ကာ လက်တစ်ဖက်ကလဲသေးပြီ မွေးရာပါ ဒုက္ခိတပါ။ ဒါပေမယ့် ပညာဥာဏ်ပါရမီ ရင့်သန်လှသူမို့လဲ သူရဲ့အားနည်းချက်တွေ ပျောက်ကွယ်နေချင်းဖြစ်ပါတယ်။ ဘယ်သူမှလည်း  သူ့ရဲ့အားနည်းချက်ကို ဖေါ်ထုတ် စော်ကားရဲမယ်မထင်ပါ။ သူနဲ့တစ်ခေတ်တည်းပေါ်ခဲ့တဲ့ ခေတ်ပြိုင်စာဆို အချုပ်တန်း ဆရာဖေက လွဲရင်ပေါ့။ အချုပ်တန်းဆရာဖေဆိုတာကလည်း သူခေတ်နဲ့သူတော့ ခေသူမဟုတ်ပါ။ ဦးပုညလို အနုအလှတွေထိမီတဲ့ စာသားတွေ မသုံးနိုင်ပေမယ့် နယ်ချဲ့အင်္ဂလိပ်ကိုကလောင်သွားနဲ့ မကြောက်မရွံ့ကလိရဲတဲ့  အာဇာနည်စာဆို တစ်ဦးပါ။ ဦးပုညနဲ့ဆရာဖေတို့ဟာ ခေတ်ပြိုင်ဖော်ခေတ်ြပိုင်ဖက်တွေမို့ တစ်ယောက် အကြောင်းပြောရင် တစ်ယောက်ကိုချန်ထားလို့မရပါ။ တစ်ယောက်နဲ့ တစ်ယောက် လည်း မညှာတမ်းတိုက်ခိုက်ရေးသားကြသူတွေဖြစ်ပါတယ်။
စာကောင်းရင် 
မအေပေးတွေက 
စလေရေး ဆိုကြပြန်တယ်   
တို့များကျ ဥာဏ်မမှီတယ်  
ကံမပီညစ်နွမ်း..... ဆိုပြီး အချုပ်တန်းဆရာဖေက စရေးတော့ စာပေတိုက်ပွဲကြီးဖြစ်လာပါတယ်။
သူမတူအောင်အသားမည်းလှတဲ့ဆရာဖေကို ရည်ရွယ်ပြီး
ခါးတောင်းကျိုက် 
ပိတုန်းပိတ်နဲ့ 
ကျုံးထိပ်ကငဖေ  
ကုန်းပြိတ္တာတစ္ဆေလို 
အသရေဟိတ်နွမ်း   
မနှိုင်းအပ်မယှဉ်ရာ  
နင်ဘာပြော ဟော့ရမ်း.....ဆိုတဲ့တေးထပ်ကိုရေးလို့ ဆရာဖေကို နံမည်ခေါ်ပြီး ပြောင်ပြောင်ကြီးတွယ်ခဲ့ပါတယ်။ 
ဒါကိုမကျေနပ်တဲ့ဆရာဖေကလည်း
ကဗျာစီ မောင်ပုည
ဆောင်ဂုဏ်ပြ ထုတ်လျှင်
တောင်ချုံက ပုတ်သင်လို
ကုပ်ခွင်သိမ် လက်သေး။
မင်းမြှောက်လို့ 
သင်းလောက်ကျော်သည်
ထွင်းဖေါက်ကော် ဥာဏ်မျိုးနှင့်ဝေး...............
အစရှိတဲ့ တေးထပ်နဲ့  ပြန်ခွပ်တာပေါ့ ။ 
 (တေးထပ်အပြည့်အစုံတော့မတွေ့ မိပါ၊ ပညာရှင်များ ရှာဖွေကြဆဲလို့ ထင်ပါတယ်။) 
အဲဒီမှာ ဦးပုညနည်းနည်း ငြိမ်သွားတယ်။ ပြန်တီးတဲ့  စာထွက်မလာတော့ဘူး။ ဒါပေမယ့်  နေသေးသပချုံထဲက ချိုသွေးတမြမြ ဆိုတာလို အကြံထုတ်နေတာနေမှာပါ။ အဲဒီအချိန်မှာထပ်ပြီး မီးဆေးဖို့  အလဲထိုးဖို့  အချုပ်တန်းဆရာဖေရဲ့ ဘက်တော်သားတွေက
မီးလောင်ရာ လေပင့်ထပ်လုပ်ကြ ၊ အကြံပေး ကြတာပေါ့ ။ အဲတော့ ဇစ္စန္ဒာဧဠ
သူ့အဖေ အအိပ်ကြမ်းလို့ တွန်းချခံရပြီး လက်သိမ်သွားတာကို ဖေါ်ပြရင်းနဲ့
ဥပမာ အမျိုးမျိုးသုံးပြီး နှိပ်နှိပ်ကွပ်ကွပ် ချေပလိုက်တာပေါ့။
ဦးပုညက အချုပ်တန်းဆရာဖေက သူ့လက်နဲ့ ပါတ်သက်ပြီး ဝမ်းတွင်းပါ အနာလို့  စာချိုးထားတာကို တော်တော် အခံရခက်နေတော့ အဲလောက်နဲ့ မကျေနပ်နိုင်သေးပဲ အချုပ်တန်းဆရာဖေက သူ့ ငယ်ကျိုးငယ်နာကို ဖေါ်ထုတ်ရေးသားတာဟာ လိမ်ညာပြီး ရေးတာမို့  လူလိမ် တစ်ဦးဖြစ်ကြောင်း တိုင်းပြည်ကို ဖြေရှင်းချက် ချေပချက် ပေးလိုက်တာက စေတီယ မင်းလက်ထက်၊ ဖွားဘက်တော်ရဲဗိုလ်၊ မဟုတ်မှ သူဆိုတယ်၊ သူ့ တကိုယ်မုသား၊ အလွဲများ ဘုရင်တွင်သည်၊ အလိမ်တွင် မင်းတရဖျား၊ အမှားများ ဥသျှောင်ငယ်၊ အကောက်တောင်ပိုင်စား၊ သင်္ဘောပါ မှန်များသော်မှ၊ မှားခေါ်လို့ ရောင်းစေ၊ မှန်ခေါ်လျှင် အာကိုဖဲ့ မယ်ဟုမောင်း လှည့်မည့် လူစားပါပေ၊ တစ်မိုးအောက်လူ့ ပြည်မှာ၊ သည်မောင်ဖေ တပါးဟာဖြင့်၊ မုသားစောင်လိုခြံ၊ ပိန်းပိတ်လို့ မှုံ၊ မျက်လှည့်ကြီး ဥာဏ်မျိုးစုံရယ်၊ လှည့်စားပုံဆန်းလှပါလေး...............ဒါနဲ့ လည်း စိတ်မကျေသေးဘူး။ အချုပ်တန်းဆရာဖေဟာ လိမ်ညာ တတ်သူ ဆိုတာ ပိုပြီးထင်ရှားမြင်သာစေချင်လို့  အလွန့် အလွန် ထိမိပြီး သေးသိမ်ယုတ်ညံ့တဲ့ ရွံရှာဖွယ် စကားလုံး ဝေါဟာရတွေကို စက်သေနတ် ပစ် သလိုသုံးပြီး  ဂျပ်ကောင်နှယ် ဖင်ကြားက၊ သန်း စကားသူဝါ၊ ရမ်းကား၍တုလာလျှင်၊ ဥပမာဆိုစို့၊ ချေးပုံနှင့် မြင့်မိုရ် တောင်၊ ခင်းဆိုယောင် ပြုကြသည်သို့၊ သေးကွက်ကို ပင်လယ်၊ နင်တကယ်ထင်လို့၊ သဘင်ဝယ် ယှဉ်မတို့ လာနှင့်၊ သခင်တို့ ဦးချီ၊ အုန်းမှုတ်လို အနေစားငယ်နှင့်၊ ရွှေဖလား မနှိုင်းတန်သင့်ပြီ၊ ဥတုနှင့်ပုဇွန်ဆီ၊ ဒွန်ပီပီယှဉ်တွဲလို့ ၊ စပ်ဖဲအတွင်းခံ၊ ရိုင်းမိုက်တဲ့ ဥာဏ်။ မိုးကြိုးနှင့်အီးသံလို၊ ခရီးမှန်ကွာလှမ်းလှလေး.......... ဒီလိုနဲ့ ပဲ ဦးပုည နဲ့  အချုပ်တန်း ဆရာဖေ တို့ ရဲ့ ကဗျာစီးချင်းတိုက်ပွဲဟာ ယမ်းနံ့ သွေးနံ့  တို့  လွင့်ပျံ့  လို့ နေကြပြီပေါ့ ။ တကယ်တော့ သူတို့နှစ်ဦးရဲ့ ရန်စကို ဇာတ်ရှိန် မတက်တက်အောင် မီးထိုး မြှောက်ပင့်ပေး တဲ့သူတွေရှိခဲ့ ကြလို့ သာ အခုလို အပြန်အလှန် စာချိုးခဲ့  ကြတာဖြစ်ပြီး၊ အဲလို သူတစ်ပြန်ကိုယ်တစ်လှည့်  ကဗျာသိုင်းကွက် အသစ်တွေ ထုတ်ခဲ့ ကြတဲ့အတွက် အခုလို စီးချင်းတိုက်တဲ့  ကဗျာတွေကို မြန်မာ စာပေ ကဗျာ လောကမှာတွေ့ မြင်ခဲ့  ကြရတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တပည့်နောက်လိုက်တို့ ရဲ့မြှောက်ပင့်သွေးထိုးမှုကြောင့်ရော၊ ပြီးတော့ ငါ ဆိုသော မာန အခံ၊ အရည်အချင်း ပြိုင်ဆိုင်လိုတဲ့  စိတ်အခံ တို့ ကြောင့်ပါ အခုလို ကဗျာစီးချင်းတိုက်ပွဲမျိုး ဖြစ်ခဲ့ ကြတာပါ။ ဒါပေမယ့်  တစ်ယောက်နဲ့ တစ်ယောက်သဲသဲမဲမဲ ရန်ငြိုးသိုပြီး တစ်သက်လုံး မုန်းနေကြလိမ့် မယ်လို့ ထင်ရင်တော့မှားလိမ့် မယ်နဲ့ တူပါတယ်။ဦးပုည တစ်ယောက် အခါပေးမှုနဲ့ ပါတ်သက်ပြီး အဖမ်းခံရ၊ ပြီးတော့"လကိုခွေးသတ် " ခံရ တဲ့ အခါမှာ အချုပ်တန်း ဆရာဖေ တစ်ယောက် အူမြူးနေမယ်ထင်ကြပါသလား။ ဒါမှမဟုတ် မတရားသော လောကကြီးကိုပဲ စိတ်နာပြီးဘဝတူချင်းအတွက် မျက်ရည် ကျနေမလား။ ကျွန်တော့ကတော့ လက်ရည်တူ ပြိုင်ဘက်ကောင်းတစ်ယောက် အချိန်မတန်မီကြွေလွင့်ခဲ့  ရတော့အချုပ်တန်းဆရာဖေ အဖို့ မှာ နှမျောစိတ်နဲ့  သေတဲ့အထိ ဦးပုညကို လွမ်းနေလိမ့်  မယ်လို့ ထင်မြင်မိပါကြောင်း။သူတို့ နှစ်ဦးရဲ့ စာပေတိုက်ပွဲ ကဗျာစီးချင်း ထိုးပွဲနဲ့ ပါတ်သက်လို့  မြန်မာစာ ပါမောက္ခ ဦးချမ်းမြ ကစာဟူသည်မှာ အပြိုင်ရှိမှလည်းတိုးတက်သည်။ သူတို့ရဲ့စာပေတိုက်ပွဲမျိုးတွေကို နိုင်ငံရေး အမြင်များဖြင့် ပုံကြီးမချဲ့ သင့်။မည်သူမှန်၍မည်သူမှားသည် ဟု စပ်ကြားက မဝေဖန်သင့်။ သူ့  ဆရာငါ့ဆရာ ဟူ၍လည်း
ငါ့ဆရာထိကမခံဟူ၍လည်း စိတ်သဘောမျိုးမထားသင့်။ သူတို့  စာများကို ဖတ်ရှု၍ဆင်ခြင်ပြီး အမြတ်ထုတ်ကြရာသည်ဟု ထင်မြင်ကြောင်းသုံးသပ်ချက်ကို တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။
ကဗျာများအား မူရင်းသတ်ပုံအတိုင်းဖေါ်ပြထား
ခြင်းဖြစ်ပါတယ်။
ကဗျာနှင့်အချက်အလက်များအား အငြိမ်းစားမြန်မာစာ ပါမောက္ခ ဦးချမ်းမြ ၏
အချုပ်တန်းဆရာဖေ စာအုပ်မှ ကူးချ ဝေငှထားတာ ဖြစ်ပါကြောင်း။
မေတ္တာ ကရုဏာ စေတနာဖြင့် 
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Friday, August 26, 2011 | 0 comments | Labels:
ထိုင်းသည် အရှေ့တောင်အာရှတွင် စီးပွားရေး အကောင်းဆုံး နိုင်ငံ များထဲက တစ်နိုင်ငံ ဖြစ်ပြီး၊ မြို့တော် ဘန်ကောက်သည် အုပ်ချုပ်ရေးဆိုင်ရာ ဦးဆောင်မှု ပေးတဲ့ နေရာဖြစ်သလိုအမျိုးသား ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေးတို့ စုဆုံရာ ဗဟိုချက်လည်း ဖြစ်သည်။
ဘန်ကောက်မြို့တွင် တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာ အင်စတီကျူ့ ၃၀ ကျော် ရှိသည်။ ဘန်ကောက်မြို့ အပြင်ဘက် 
တစ်နိုင်ငံ လုံးရှိ အခြားမြို့များတွင် ၁၀၀ ကျော် ရှိသည်။ ချူလာလောင်ကွန်း နှင့် သမားဆတ် ကဲ့သို နိုင်ငံတော် စပွန်ဇာပြု တက္ကသိုလ် များရှိသလို၊ ဘာသာရပ် အားလုံးကို အင်္ဂလိပ်လိုပဲ သင်ကြားတဲ့ International Assumption University လို ပုဂ္ဂလိက တက္ကသိုလ်များ လည်း ရှိသည်။
၎င်း ကောလိပ်နှင့် တက္ကသိုလ်များတွင် သိပ္ပံ၊ အင်ဂျင်နီယာ၊ ဖွံ့ဖြိုးရေး မှသည် ခရီးသွားလုပ်ငန်း အထိ နိုင်ငံတကာ အသိအမှတ်ပြု ဘာသာရပ်ပေါင်းစုံကို သင်ကြားနေသည်။ ဘာသာရပ် မဟာဌာနတိုင်းတွင် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ သုတေသနပြုမှုများ ရှိသည်။ ရိုးရိုးဘွဲ့မှ ဒေါက်တာဘွဲ့ အထိ အထူးပြုဘာသာရပ် အစီအစဉ်ပေါင်း ၃၀၀၀ ကျော် ရှိသည်။ နိုင်ငံတကာ ကျောင်းသားများအတွက် အင်္ဂလိပ် ဘာသာစကားဖြင့် သင်ကြားသော အထူးပြုဘာသာရပ်မှာ ၃၅၀ ကျော် ရှိသည်။
‘အပြုံးမြေ’ ဟု ထင်ရှားကျော်ကြားတဲ့ ထိုင်းနိုင်ငံတွင် ဘုရင့်မိသားစုနှင့် အစိုးရက ပညာရေးကို အလေးထား ဆောင်ရွက်ကြသည်။ အာရှ ထိပ်တန်း တက္ကသိုလ် ၅၀ စာရင်းတွင် ထိုင်းမှ သုံးခု ပါဝင်သည်။ Prince of Songkla တက္ကသိုလ်မှာ ထိုင်းနိုင်ငံတွင် နံပါတ် (၁) ဖြစ်ပြီး၊ ၄င်းနောက်တွင် ချူလာလောင်ကွန်း၊ Kasetsart နှင့် Mahidol တက္ကသိုလ်တို့ အသီးသီး လိုက်လျက်ရှိသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ တက္ကသိုလ်ရေးရာ ၀န်ကြီးဌာန (Ministry of University Affairs) က ဦးဆောင်ပြီး ထိုင်းတက္ကသိုလ်များ နိုင်ငံ တကာအဆင့် တက်လာအောင် တိုးမြှင့် ဆောင်ရွက်နေသည်။ သိပ္ပံနှင့် နည်းပညာ ကဏ္ဍနှင့် သုတေသနအတွက် လက်တွေ့ အသုံးပြု ဓာတ်ခွဲခန်းပစ္စည်းများ ပံ့ပိုးပေးနေသည်။ ဧည့်သည် နိုင်ငံခြား ကျောင်းသားများအတွက် သင့်တင့်ကောင်းမွန်စွာ နေရာချ ထားပေးမှု၊ သင်ထောက်ကူပစ္စည်း အလုံအလောက် ဆောင်ရွက်ပေးမှုများ ရှိသည်။ အာရှဒေသတွင်းရော အနောက်တက္ကသိုလ်များနှင့်ပါ ကျောင်းသားဖလှယ်မှု၊ သုတေသန ပူးတွဲလုပ်ဆောင်မှု၊ ယဉ်ကျေးမှုနှင့် အသိပညာ မျှဝေမှုများကို မြှင့်တင် ဆောင်ရွက်နေသည်။
အခြားနိုင်ငံတကာ တက္ကသိုလ်များနှင့်ယှဉ်ရင် ထိုင်းနိုင်ငံတွင် နေထိုင်မှုနှင့် ပညာသင်စရိတ်မှာ အများကြီး သက်သာသည်။ ပညာသင်ကြားရင်း ရှေးဟောင်း သမိုင်းဝင် ဘုရားများ၊ ဌာပနာများ၊ ပြတိုက်များ၊ အနုလက်ရာများ၊ အကများ၊ ကြွယ်ဝတဲ့ အာရှယဉ်ကျေးမှုများနှင့် အိမ်နီးချင်း ဗမာမင်းများရဲ့ ရက်စက်ခဲ့မှုများကို လေ့လာနိုင်သည်။ ယခု ထိုင်းနိုင်ငံမှ ထင်ရှားတဲ့ မဟီဒိုလ် တက္ကသိုလ်ကို မိတ်ဆက်ပေးပါမည်။
မဟီဒိုလ် တက္ကသိုလ်
မဟီဒိုလ် (Mahidol) တက္ကသိုလ်ကို ထိုင်းနိုင်ငံရဲ့ ပထမဆုံး ဆေးရုံ Siriraj မှ အစပြုခဲ့ပြီး၊ ၁၈၈၈ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ထိုအချိန်ကတည်းက ဆေးပညာနှင့် သိပ္ပံကို အထူးအလေးထား သင်ကြားရင်း၊ ယခု လူမှု့ သိပ္ပံ၊ အနုပညာနှင့် လူမှု့ဘာသာရပ်များ (humanities) ကိုပါ အောင်မြင်စွာ သင်ကြားပို့ချလျက် ရှိသည်။
ပညာရှင်များစွာ မွေးထုတ်နိုင်မှုနှင့် သုတေသနများ၊ လူမှု့တာဝန်လုပ်ငန်းများကြောင့် မဟီဒိုလ် တက္ကသိုလ်သည် နိုင်ငံတကာက လေးစားရသည့် အင်စတီကျူးရှင်း တစ်ခု ဖြစ်လာခဲ့သည်။
မဟီဒိုလ် တက္ကသိုလ်၏ အောင်မြင်မှုမှာ  ဘုရင်နှစ်ပါး၏ ဖခင် (ယခု ထိုင်းဘုရင်မင်းမြတ်ရဲ့ ခမည်းတော်) မင်းသား မဟီဒိုလ် ရဲ့ စကားကို အခြေပြုထားခြင်းကြောင့် ဖြစ်သည်။ မဟီဒိုလ် မင်းသားက “စစ်မှန်သော အောင်မြင်မှုဟူသည် သင်ယူမှုနှင့်အတူ လူသားအကျိုးပြု လက်တွေ့ လုပ်ငန်းများထဲတွင်သာ ရှိသည်” ဟု ဆိုမိန့်ခဲ့သည်။
မဟီဒိုလ် တက္ကသိုလ်၏ လူမှု့လုပ်ငန်းများကြောင့် ဒေသတွင်းရော နိုင်ငံတကာကပါ အသိအမှတ်ပြုလာရသည်။ တက္ကသိုလ် လက်အောက်ရှိ ဆေးရုံလေးခုက နှစ်စဉ် လူနာ လေးသန်းကျော်ကို ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ပေးသည်။ တက္ကသိုလ်ရှိ ဆေးကျောင်း သုံးခုက နှစ်စဉ် အရည်အချင်းပြည့် ဆရာဝန် ၃၅၀ ကို မွေးထုတ်ပေးသည်။ ကျန်းမာရေးသိပ္ပံ မဟာဌာနများက ထိုင်းနိုင်ငံအတွက် ပရောဖက်ရှင်နယ် ကျန်းမာရေး လုပ်သားများစွာကို မွေးထုတ်ပေးနေသည်။
မဟီဒိုလ် တက္ကသိုလ်သည် ထိုင်းပညာရေးကို နိုင်ငံတကာအသိအမှတ်ပြုလာအောင် ဆောင်ရွက်မှုတွင် အရေးပါခဲ့သည်။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာ ကောလိပ်ကို မဟီဒိုလ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ နှစ် ၂၀ အတွင်း နိုင်ငံခြား ပညာရှင်များဖြင့် နိုင်ငံတကာ အဆင့်မှီ ဒီဂရီဘွဲ့များ ချီးမြှင့်နိုင်ခဲ့သည်။ နောက်ထပ် ထင်ရှားမှုမှာ ဂီတ ကောလိပ်ကို တွဲဖက် ဖွင့်ထားပြီး နိုင်ငံတကာ ဆုရရှိသော ဂီတပညာရှင်များ၊ ခမ်းနားသော နိုင်ငံတကာ ဂီတပဒေသာပွဲများ (concerts) စီစဉ်တင်ဆက်နိုင်ခြင်း ဖြစ်သည်။
မဟီဒိုလ် သည် ထိုင်း အမျိုးသား သုတေသနတက္ကသိုလ် ၉ ခုတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး၊ ၂၀၁၀-၂၀၁၂ ပညာသင်နှစ် သုံးနှစ်ကာလ အတွက် အစိုးရက ဘတ်ဂျက်ငွေ ဒေါ်လာ ၃၅၀ သန်း ကျော် ချပေးထားသည်။ လက်ရှိ ၀န်ကြီးချုပ် အဘီဆစ်၏ ဖခင်မှာ မဟီဒိုလ် တက္ကသိုလ် ဥက္ကဌအဖြစ် ၁၉၉၅ မှ ၁၉၉၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။
မဟီဒိုလ်သည် တစ်ဦးချင်း အခွင့်အရေးနှင့် လစ်ဘရယ် ပညာရေးကို ဦးစားပေးသည်။  လူ့အခွင့်အရေး ဆိုင်ရာ သုတေသန လုပ်ငန်းများနှင့်အတူ၊ အာရှတွင် ရှားရှားပါးပါး လူ့အခွင့်အရေး ဘာသာရပ်ကို PhD ဒေါက်တာဘွဲ့ အထိ ချီးမြှင့်တဲ့ တက္ကသိုလ် ဖြစ်သည်။ အခြား ဂလိုဘယ်ကျန်းမာရေး၊ မစွမ်းမသန်သူများအတွက် ပညာရေး၊ လူဦးရေ ပညာ၊ လူမှု့ဗေဒ၊ ဘာသာဗေဒ၊ ယဉ်ကျေးမှုနှင့် မျိုးနွယ်စု အုပ်စုများကို လေ့လာသော ဘသာရပ်ဌာနများမှာ ထင်ရှားကျော်ကြားသည်။
မဟီဒိုလ် တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က ပါဋ္ဌိစကားဖြင့် ‘အတ္တာနံဥပ္ပန္နံကာရ’ ဖြစ်သည်။ အဓိပ္ပါယ်မှာ ‘တစ်စုံတစ်ဦးသည် မိမိကိုယ်ကို စောင့်ရှောက်သကဲ့သို့ အများကိုလည်း စောင့်ရှောက်ရမည်’ ဟု ဖြစ်သည်။ ၄င်းဆောင်ပုဒ် ဒဿနကို လက်ကိုင်ပြုပြီး၊ မဟီဒိုလ် တက္ကသိုလ်သည် နှစ်စဉ် လူသားအကျိုးပြုလုပ်ငန်းများ ထူးထူးချွန်ချွန် ရွက်ဆောင်မည့် အကယ်ဒမစ်ပညာရှင် များစွာကို မွေးထုတ်ပေးလျက် ရှိသည်။
၂၀၁၁ ကမ္ဘာ့တက္ကသိုလ်များ အဆင့်အတန်း လေ့လာတဲ့ http://www.webometrics.info/index.html ၀ဘ်ဆိုဒ် သတ်မှတ်ချက်အရ ထိုင်း ထိပ်တန်းတက္ကသိုလ် ဆယ်ခုကို အောက်တွင် ဖော်ပြလိုက်ပါသည်။
ထိုင်း
အဆင့်
အရှေ့တောင် အာရှအဆင့် နိုင်ငံတကာ
အဆင့်
တက္ကသိုလ်များ
1 2 324 Prince of Songkla University
2 3 418 Chulalongkorn University
3 4 440 Kasetsart University
4 6 499 Mahidol University
5 9 606 Chiang Mai University
6 11 656 Thammasat University
7 14 766 Khon Kaen University
8 18 933 King Mongkut’s University of Technology Thonburi
9 19 958 Suranaree University of Technology
10 29 1025 Srinakharinwirot University
ရည်ညွှန်း။ Newsweek
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Tuesday, August 23, 2011 | 0 comments |
ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် များသည် ထိရောက်သော ကမ္ဘာလုံး ဆိုင်ရာ ဆက်သွယ်ရေးအပေါ် တည်မှီနေ လေသည်။
ဘာသာစကား ခြောက်ထောင်အနက် ၉၆ ရာခိုင်နှုန်းကို ကမ္ဘာ့လူဦးရေ ၄ ရာခိုင်နှုန်းသာပြောဆိုကြလေသည်။ ရာဂဏန်း အနည်းငယ် မျှသော ဘာသာစကားတို့ကို ပညာရေးစနစ်များ အတွင်းနှင့် ရုံးသုံးအနေဖြင့် ဂုဏ်သိက္ခာရှိစွာ နေရာပေးထားကြပြီး ဒီဂျစ်တယ် ကမ္ဘာတွင်အသုံးပြုမှုတွင်မူ တစ်ရာအောက် လျော့နည်းလေသည်။
ပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်ခံနေရသော ဘာသာစကားအများစုကို လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုများမှ ပြောဆိုကြသည်။ တစ်စုံတရာ လုပ်ဆောင်ခြင်းမရှိပါမူ များမကြာမီ ကာလတွင် ဤဘာသာစကားများနှင့် ယဉ်ကျေးမှုများမှာ ပျောက်ကွယ်ရပါတော့မည်။
သို့ဖြစ်ပါ၍ ယူနက်စကို အထွေထွေ ညီလာခံကြီးမှ “နိုင်ငံတကာ မိခင်ဘာသာစကားများနေ့”ကို သတ်မှတ်ထားရှိပြီး ၂၀၀၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ဖေဖော်ဝါရီလ ၂၁ ရက်တွေ ကျင်းပ ပြုလုပ်ပါသည်။ ဘာသာဗေဒ၊ ယဉ်ကျေးမှု မတူကွဲပြားခြားနားမှုနှင့် ဘာသာစကား မျိုးနွယ်စုံကမ္ဘာကြီး ဖြစ်နေစေရေးအတွက် ရည်ရွယ်ရင်းဖြစ်သည်။ ဘာသာစကားများ ရှင်သန်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေပေပြီ။ ကမ္ဘာ့ဘာသာစကားပေါင်း ၆၀၀၀ (ခြောက်ထောင်) ကျော်အနက် တ၀က်ခန့် (၅၀ ရာခိုင်နှုန်း)မှာ ပျောက်ကွယ်လုနီးပါးရှိနေပြီး ၄၀ ရာခိုင်နှုန်းမှာ ခြိမ်းခြောက်ခြင်းခံနေရသည်။ ၁၀ ရာခိုင်နှုန်းသာလျှင် ရှင်သန်နိုင်စွမ်းရှိနေ၏။
တိမ်ကောကွယ်ပျောက်လာနေသော ဘာသာစကားများ
ဘာသာစကားတစ်ခု ကွယ်ပျောက်၊ ဆုံးရှုံးခြင်းနှင့်အတူ ကျွန်ုပ်တို့လူသားမျိုးနွယ်၏ အသိဗဟုသုတ၊ တွေးမြင်သိတတ်မှုနှင့် ရှုမြင်သုံးသပ်မှု တစ်စိတ်တစ်ပိုင်းတို့ကိုလည်း အစားမထိုးနိုင်ဘဲ ဆုံးရှုံးရတော့သည်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာသာစကားမှာ အရေးပါလှပေသည်။ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်နိုင်ရေးအတွက် ဘာသာစကားဆိုင်ရာ ကဏ္ဍမှာ ဗျူဟာမြောက်တည်ရှိနေသည်။
ဤရည်မှန်းချက်များတွင် - ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှု ကင်းစင်နိုင်ရေး၊ မူလတန်း ပညာရေး ဆုံးခန်းတိုင်အောင် ကျောင်းနေခွင့်ရရှိရေး၊ လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုနှင့် အမျိုးသမီး စွမ်းဆောင်ရည်တိုးတက်ရေး၊ ကလေးသေဆုံးမှု လျော့ပါးရေး၊ မိခင်ကျန်းမာရေး တိုးတက်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားရောဂါတို့ကို တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လုံးဆိုင်ရာ ဆက်စပ်လုပ်ဆောင်နိုင်ရေး တို့ ပါဝင်သည်။
ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ရှစ်ရပ်ကို ဒေသကြီး ၁၀ ဒေသမှ နိုင်ငံ ၁၉၀ ပါဝင်သည့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များအတွက် အညွှန်းဘောင်အနေဖြင့်လည်း လက်ခံကျင့်သုံးလျက်ရှိနေသည်။
ထောင်စုနှစ် ရည်မှန်းချက်များမှ အလွန်အမင်း ဆင်းရဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်တို့အတွက် ဘာသာစကားသည် ရှင်သန် နေထိုင်နိုင်ရန် အလုပ်အကိုင်ရပိုင်ခွင့်၊ လူမှုရေးနှင့် နိုင်ငံရေးဘ၀တို့တွင် ပါဝင်ဆောင်ရွက်ခွင့်၊ အပြန်အလှန်ဆွေးနွေး ပြောဆို ဆက်ဆံနိုင်ရေး တို့နှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိနေလေသည်။
ဗဟုသုတ အသိတရားတို့ကို လက်ဆင့်ကမ်း ဖြန့်ဖြူးရာဝယ်တွင်လည်း ဘာသာစကားမှာ အဓိက ကြားခံဖြစ်နေပြန်သည်။ ထောင်စုနှစ် ရည်မှန်းချက်များဖြစ်သည့် ကလေးအားလုံး မူလတန်းပညာရေးဆုံးခန်းတိုင်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်ရောဂါ၊ ငှက်ဖျားရောဂါ တို့ကို တုံ့ပြန် လုပ်ဆောင်ရာတွင်လည်း မရှိမဖြစ်လိုအပ်ပါသည်။
ဘာသာစကားမှာ အခြေခံရပိုင်ခွင့်များဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်၊ ပညာရေးအခွင့်အရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပါဝင် ဆောင်ရွက်နိုင်ခွင့်နှင့် သိပ္ပံနှင့် နည်းပညာ တိုးတက်မှု အကျိုးတရားများကို ပိုင်ဆိုင်ရရှိရေးတို့ကို ခံစားနိုင်စေရန်အတွက်လည်း အဓိက ကျနေသည်။ ဤအချက်များအားလုံးမှာ ဘာသာဗေဒဆိုင်ရာအချက်အလက်များနှင့် ဆက်စပ်လျက်ရှိနေ၏။
ဘာသာစကားများကို ထိန်းသိမ်းခြင်း
ခြိမ်းခြောက်ခံနေရသော ဘာသာစကားတစ်မျိုးသည် အထင်ကရဖြစ်သော လူမှုအသိုင်းအ၀ိုင်းအတွင်း ပြောဆိုသူတို့၏ လူ့ ဂုဏ် သိက္ခာကို မြှင့်တင်ပေးနိုင်ခြင်း၊ တရားဥပဒေဆိုင်ရာ ရပိုင်ခွင့်များကို တိုးမြှင့်နိုင်ခြင်း၊ ရေးသား မှတ်တမ်းတင်နိုင်ခြင်းနှင့် အီလက်ထရောနစ် နည်းပညာတို့ကိုအသုံးပြုနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါမူ ရှင်သန်နိုင်စွမ်းရှိမည်။ ပညာရေးစနစ်အတွင်း ခိုင်ခိုင်မာမာ တည်ရှိနေပါက ရှင်သန်မှုအတွက် များစွာ အထောက်အပံ့ဖြစ်စေသည်။
ဘာသာစကားများ ရပ်တည်ရှင်သန်နိုင်စွမ်း (သို့မဟုတ်) တိမ်ကောပျောက်ကွယ်ခြင်းတို့အတွက် ပညာရေးစနစ်မှာ အရေးကြီးသည့် အပိုင်းတွင် ပါဝင်လျက်ရှိနေသည်။ ပညာရေးစနစ် များစွာမှာမူ တိုင်းရင်းသား လူနည်းစု မျိုးနွယ်များနှင့် သူတို့၏ ဘာသာစကားများ အတွက် သင့်တော်ကိုက်ညီမှုမရှိခြင်း ဖြစ်သည်သာမကဘဲ အန္တရာယ်ပင်ရှိနေလေသည်။
ပညာရေးဆိုင်ရာ အောင်မြင်မှုရရှိနိုင်ရန်အတွက်နှင့် ယဉ်ကျေးမှုနှင့် ဘာသာစကားစည်ပင် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ပါ မူကြို၊ မူလတန်းပညာရေးနှင့် အရေးအဖတ်အတွက် အသုံးလုံး ပညာရေးတို့မှာ မိခင်ဘာသာစကားဖြင့် လေ့ကျင့်သင်ယူခွင့်ရရှိရန် ကလေးများနှင့် လူကြီးများအတွက်ပါ အရေးကြီးသည်။
အရေးအဖတ်ကို သူတို့နားမလည်သော ဘာသာစကားဖြင့် လေ့ကျင့်သင်ကြားရန်မှာ လူအများစုအတွက် မဖြစ်နိုင်ပါချေ။
ဘာသာစကား ၂ မျိုးသင်ကြားရေး နည်းဗျူဟာမှာ ထိရောက်မှုရှိပြီးလျှင် သင်ယူလေ့လာမှုရလဒ်ကောင်းများကို ရရှိစေသည်။ ဒုတိယဘာသာစကားကို မသင်ကြားသေးမီ ပထမ ဘာသာစကားတစ်မျိုးကို ကျွမ်းကျင်တက်မြောက်သင့်ပါသည်။
အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်မှုတို့အတွက် လူနည်းစု တိုင်းရင်းသားများမှ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိစေရန်မှာ ကမ္ဘာ့လူမှု အသိုင်းအ၀ိုင်း တစ်ရပ်လုံးအနေဖြင့် အားလုံးပါဝင် ဆောင်ရွက်နိုင်ခွင့်ကို လမ်းဖွင့် ထားရှိပေးရပေမည်။
ပညာရေးစနစ်မှ အကျိုးဖြစ်ထွန်းစေရန်အတွက် ရပ်ရွာဒေသလူ့မှုအသိုင်းအ၀ိုင်းများအနေဖြင့် ပညာရေးအစီအစဉ်များကို စီမံ အုပ်ချုပ် ကွပ်ကဲရာနှင့် သင်ကြားသည့် အကြောင်းအရာ၊ သင်ကြားနည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်တို့ကို ရရှိသင့်သည်။
ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ပညာရေးအစီအစဉ်တွင် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ဆရာ ဆရာမများ၊ ရပ်ရွာလူ့အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် ငယ်ရွယ်စဉ်ကာလများတွင် မိခင်ဘာသာစကားဖြင့် သင်ယူခြင်းနှင့် ဘာသာစကား ၂ မျိုးသင်ကြားခြင်းတို့အတွက် ပညာပေးစည်းရုံးလှုံဆော်လျက်ရှိသည်။
မြန်မာနိုင်ငံ ကျောင်းပညာရေး၊ မိခင်ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်း
တိုင်းရင်းသားမျိုးနွယ်စုများ အသွေးအရောင်စုံလင်စွာ ထွေပြားလျက် တည်ရှိနေခြင်းကြောင့် ကျောင်းပညာရေးတွင် မိခင်ဘာသာ စကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို ထည့်သွင်း သင်ကြားရေးမှာ များစွာ အရေးကြီးလှပါသည်။ လွတ်လပ်ရေးရယူခဲ့စဉ်က အသွေးအရောင်စုံယဉ်ကျေးမှု လူ့အသိုင်းအ၀ိုင်း Multiculturalism နှင့် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေးစနစ် Multicultural Education system တို့ကို အမျိုးသား ခေါင်းဆောင်ကြီးများမှ တည်ဆောက်ရန် မျှော်မှန်းထားရှိခဲ့ကြသည်။ သို့ရာတွင် ဆယ်စုနှစ် များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် မျက်မှောက် ၂၁ ရာစု ပထမဆယ်စုနှစ် ကုန်ဆုံးတော့မည့် အချိန်အထိ တိုင်းရင်းသားဘာသာစကားများ၊ ရိုးရာယဉ်ကျေးမှုများ၊ သမိုင်းအစဉ်အလာများကို ကျောင်းပညာရေး ပင်မစနစ် အတွင်းနှင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခြင်း၊ လက်တွေ့ သင်ကြားခြင်းများကို လုပ်ဆောင်နိုင်ခွင့် မရရှိကြသေးပါ။ ဤသည်မှာ တိုင်းရင်းသားအခွင့်အရေး၊ ကလေးသူငယ် အခွင့် အရေးနှင့် ပညာရေး အခွင့်အရေးများ ဆုံးရှုံး နစ်နာနေသည့် အခြေအနေဆိုးလည်းဖြစ်သည်။ အခြေခံပညာရေး အဆင့်တိုင်းတွင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ၃ ဘာသာ သင်ကြားရေး မူဝါဒကို တစ်နိုင်လုံးတွင် အကောင်အထည် ဖော်ဆောင် သင့်ပါသည်။ မိခင်ဘာသာစကား၊ (တိုင်းရင်းသားဘာသာစကား)၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့ကို အတန်းအဆင့်၊ အသက်အရွယ်နှင့် နယ်မြေဒေသအလိုက် အချိုးညီမျှစွာ ထည့်သွင်း သင်ကြားနိုင်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် အခြားသော ယဉ်ကျေးမှုစုံ လူ့အဖွဲ့ အစည်းများအတွင်း ကျင့်သုံးသည့် ဒီမိုကရေစီ ပညာရေး စနစ်တို့မှာ များစွာ အားကျ အတုယူဖွယ်ရာဖြစ်ပါ၏။ ယဉ်ကျေးမှုများ သဟဇာတဖြစ်စေရေး၊ သိမြင်ခံစားနိုင်ရေး၊ ကလေးသူငယ် အခွင့်အရေးများ ရရှိစေရေးနှင့် အရည်အသွေး မြင့်မားသော ပညာရေးစနစ် တည်ဆောက်နိုင်ရေး တို့အတွက် ဘာသာစကားများ သင်ကြားရေးဆိုင်ရာ မူဝါဒအသစ်များနှင့် လက်တွေ့ လုပ်ဆောင်ချက်များ လိုအပ်နေပါသည်။
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |
လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာ ချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာ ဂုဏ်ယူ စေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။ မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆ အတိုင်း ပြန်ခံစားရလိမ့်မယ်။ 
ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင်၊  ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ၀မ်းနည်းကြေကွဲလိမ့်မယ်၊ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်ပါတယ်။
လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။
တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။  ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကို ရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေ လေ ဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန် မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။
ငွေများလေ သူခိုးဓါးမြရန်ကို ကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်း လှဲကျင်းရမှာကြောက်ေ
လ၊ များများစားတဲ့ လူက ဝမှာ ကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထား စားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?
အားလုံးသိပြီးဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီး တွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်က သေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက် သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အစာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေး ဟာ ခြံထဲကိုဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အစာငတ်ခံ ပြန်တယ်။  ဒါကြောင့် နောက်ဆုံး ရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။
ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်း ရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?
လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တော
င် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?
လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေ အားလုံး မှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကို တော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။
သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့ နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါ လိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။
တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းေ
လာက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာ ဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာ အားလုံး ကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။
လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။
လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိ
ုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိ
ုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။
အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာ မဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။
ဘဝစိတ်ပျက်ကြေကွဲချိန်မှာပြုံးနိုင်အောင် ပြုံးပါ။ နောက်ဆုံးရတဲ့ကိန်းက အတူတူပါပဲ ဖြစ်မှာပါ။
Saturday, August 20, 2011 | 0 comments | Labels:
လူတစ်ဦ၏ ဘဝတွင် အသက်အားဖြင့် ကြီးခြင်း၊ တရားအားဖြင့် ကြီးခြင်းဟူ၍ ကြီးပြင်းခြင်း နှစ်မျိုးနှစ်စား  ရှိပါသည်။ ထိုနှစ်မျိုးတို့တွင် အသက်အားဖြင့် ကြီးဖို့ကို တမင်အားထုတ် ကြိုးပမ်းရန် မလိုချေ၊ နှစ်သစ်ကူးတိုင်း အသက်တစ်နှစ် ပို၍ ကြီးလာမြဲ ဖြစ်၏။
.
 တရားအားဖြင့် ကြီးဖို့ကိုမူ တမင်အားထုတ် ကြိုးပမ်းရ၏။ ဒါန၊ သီလ၊ ဘာဝနာကိစ္စတို့ကို ပြုခွင့်ကြုံအောင် ဖန်တီး၍ပြုကျင့်ရ၏။ တိုတောင်းလှသော ဘဝတစ်သက်တာတွင် အသိဉာဏ်ရင့်ကျက်ဖို့စိတ်နေသဘောထား ကြီးမားမြင့်မြတ်ဖို့ ပြုခွင့်သာခြင်းသည် လူ့အဖြစ်နှင့်သာ ဆိုင်သော အထူး အခွင့်အရေး တစ်ရပ် ဖြစ်ပေသည်။
လူသည် တရားအသိ မပါဘဲ သက်တမ်းမျှသာ ကြီးလာလျှင် အသက်သာ ကြီး၍ တရား မကြီးသောကြောင့် လူ့တန်ဖို့၊ ဘဝတန်ဖိုး ဆုတ်ယုတ် လာမြဲ ဖြစ်၏။
အိုမင်းမစွမ်း အရွယ်တွင် ပတ်ဝန်းကျင်၏ ဂရိုက်မှုကိုလည်းမရ၊ မိမိကိုယ်တိုင်တွင်လည်း အားကိုးဖွယ် တရားက ရှိမထားလျှင် လွန်စွာ အားငယ် ရတတ်၏။
ထိုအခါမျိုး၌ ကျောင်းထဲ အိမ်ထဲတွင် အထုပ်ပိုးကြီးတစ်ခု တိုးလာသကဲ့သို့ ဖြစ်ရပြီး၊ မိမိ၏ သား၊ မြေးအရင်း တို့ကပင် “အဘိုးကြီး၊ အဘွားကြီးများ တယ်ရှုပ်တာပဲ”ဟု ပြောဆို အပယ်ခံရသည့် အနေအထားသို့ပင် ရောက်လာ တတ်၏။
ဤကဲ့သို့ အဖြစ်မျိုးကို အိုလာ၍ အပယ်ခံရသောကြောင့် “အိုပယ်ဘဝ”ဟု ခေါ်ရသည်။ သို့ဖြစ်၍ လူတိုင်း မိမိတို့၏ အိုခြင်းသည် အလကား ဗလာချည်း တန်ဖိုးမဲ့ ကြီးပြင်းလားခြင်းမျိုး မဖြစ်စေရဘဲ၊ တရားဓမ္မနှင့် တွဲဖက်၍ ကြီးပြင်း လာခြင်းမျိုး ဖြစ်စေရမည်။ ငယ်စဉ်ကပင် တရားဓမ္မကို အဖော်မွန်ပြု၍ နေတတ် ထိုင်တတ်၊ သွားတတ်၊ လာတတ်ရမည်။
ထိုအခါ အသက်အရွယ် ကြီးရင့်၍ အိုလာသည်နှင့်အမျှ လေးစား မြတ်နိုးဖွယ် သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ တရားတို့ပါ တွဲဖက်၍ ကြီးလာကာ အိုလေ လှလေ၊ အိုလေ ခံ့ညားထည်ဝါလေ ဖြစ်ရ၏။ မိမိ၏ သား ၊ မြေး စသူတို့ သာမက ပတ်ဝန်းကျင်၏ လေးစားမှု၊ နေရာပေးမှုကိုပါ ခံယူရ၏။
ဤကဲ့သို့ အဖြစ်မျိုးကို အိုလာသော်လည်း အပယ် မခံရဘဲ၊ လူ့တန်ဖိုး၊ ဘဝတန်ဖိုး ကြွယ်ဝမြဲ ဖြစ်သောကြောင့် “အိုကြွယ်ဘဝ” ဟုခေါ်ရသည်။
လူတိုင်း တစ်နေ့ အိုရမည်ဖြစ်၍ “အိုပယ်နှင့် အိုကြွယ်” ဘဝနှစ်ခုတွင် တစ်ခုခုနှင့် မုချ ရင်ဆိုင်ရပေမည်။ အချို့မှာ ငယ်စဉ်က မေ့မေ့ လျော့လျော့    ပျော်ပျော် ပါးပါး နေခဲ့မိရာ အိုပယ်ဘဝ ရောက်လာမှ သတိသံဝေဂ ရ၍  အိုကြွယ်ဘဝသို့ တက်လှမ်း သွားကြသူများလည်း ရှိပါသည်။
ဤသဘာဝကို တိပိဋကဓရ(ယော)ဆရာတော်၏ “အားကိုးမှားသော ဒေါ်ပေါကြွယ်” ဓမ္မပုံပြင်ကလေးက ဖေါ် ပြနေပါသည်။
အားကိုးမှားသော ဒေါ်ပေါကြွယ်
ဘုရားရှင်၏ လက်ထက်တော် ကာလက သဝတ္ထိမြို့မှာ သူဌေးသမီး တစ်ယောက်ဟာ အချိန်တန် အရွယ် ရောက်လို့ အိမ်ထောင်ရက်သား ကျတဲ့အခါ လင်ယောင်္ကျားနောက် လိုက်ပါပြီး နေရပါသတဲ့။
သူတို့ဇနီးမောင်နှံဟာ သူဌေးမျိုးရိုးက ဆင်းသက်လာသူများပီပီ အင်မတန် ချမ်းသာကြွယ်ဝကြသည်။ ဆွေကြီးမျိုးကြီး ဥစ္စာဓန ကြီးမားသူများ ဆိုတော့ မြို့ မျက်နှာဖုံးလို့ ဆိုရမှာပဲ။ မကြာခင် ကာလမှာပင်သားခုနှစ် ယောက်၊ သမီးခုနှစ်ယောက် ထွန်းကားလို့ “ဗဟုပုတ္တိကာသောဏာ” လို့ အများက အမည်ပေးကြသတဲ့။
“ဗဟုပုတ္တိကာ”ဆိုတာ သားသမီး ပေါများသူလို့ အဓိပ္ပါယ်ရပါတယ်။ “သောဏာ”ဆိုတာကတော့ သူ့နာမည် ရင်းပါပဲ။  မြန်မာလိုခေါ်မယ် ဆိုရင်တော့ သားသမီးတွေ ပေါသလို ဥစ္စာဓနလည်း ကြွယ်ဝသူမို့ဒေါ်ပေါကြွယ်လို့ ခေါ်ရမှာပေါ့။ဒေါ်ပေါကြွယ်ဟာ ဘုရားရှင် သီးတင်းသုံးတော်မူရာ သာဝတ္ထိပြည်မှာ နေရပေမယ့် ကုသိုလ်ရေး စိတ်မဝင်စား ဘူးတဲ့။   မိတ်ဆွေတွေက တိုက်တွန်းတဲ့အခါမှာလည်း---
“ဒါနလုပ်တယ် ဆိုတာအေ- ဆင်းရဲတဲ့သူတွေ၊ ပစ္စည်း မရှိလို့ ပစ္စည်းပေါပြီး ချမ်းသာအောင် လုပ်ကြတာပဲ၊ တို့မှာ ပစ္စည်းရှိပြီးသားပဲ၊ မလိုပါဘူး” လို့ ပြန်ပြောသတဲ့။
ဥပုသ်စောင့်ဖို့ခေါ်တဲ့အခါ--
“ဥပုသ်စောင့်တယ် ဆိုတာလည်း အကုသိုလ်တွေ များနေမှ လုပ်ဖို့လိုတာပါ၊ တို့မှာ အကုသိုလ်မှ မလုပ်ဘဲ၊  နောက်ပြီး အားလည်း မအားပါဘူး” လို့ ငြင်းပြန်သတဲ့။
နောက်တစ်ခါ တရားအားထုတ်ဖို့ တိုက်တွန်းတော့လည်း--
တရားအားထုတ်တယ် ဆိုတာ စိတ်အားငယ်နေတဲ့သူတွေ ခိုကိုးရာမဲ့သူတွေသာ လုပ်ရတာ၊ တို့မှာက ဆွေရှိ မျိုးရှိ ငွေကြေးတွေရှိတော့ မပူရပေါင်၊ ပြီးတော့ သားသမီးတွေကို ချစ်လွန်းလို့ သူတို့ကို ပစ်ပြီး ဘယ်သွားရက် မှာလဲ” လို့ ပြောသတဲ့။
ဘဝဆိုတာ “အသိမှန်ကန် အဖိုးတန်”တဲ့။ မှန်ကန်တဲ့ အသိတရား မရှိရင်တော့ အခိုင်အမာ မဟုတ်တာကိုပဲ တကယ့် အားကိုးစရာလို့ ထင်မိနေတတ်ပါတယ်။ အခု ဒေါ်ပေါကြွယ်က ဥစ္စာဓနနဲ့ ဆွေမျိုးတွေကို ဘဝရဲ့ အမာခံလို့၊ အားကိုးစရာလို့ ထင်နေတာကိုး။ အဲဒီလို အသက်အရွယ် အတော်အတန် ရလာတဲ့အခါ သားသမီးတွေက အသီးသီး အိမ်ထောင်ကိုယ်စီ ကျကုန်ပြီ၊ အဲဒီအချိန် သူ့ခင်ပွန်းဖြစ်တဲ့ သူဌေးကြီးက အနာရောဂါ တစ်ခုနဲ့ ဖျက်ခနဲ ကွယ်လွန်သွားရော။
ဒေါ်ပေါကြွယ်တစ်ယောက် ဆောက်တည်ရာမရ ဖြစ်လိုက်တာ၊ စောစောတုန်းက ဒီမိသားစု အဆောက် အအုံကြီး ပြိုကျသွားလိမ့်မယ်လို့ မထင်ခဲ့ ပါဘူး၊ အမြဲတမ်း ရာသက်ပန်ပဲ ဒီအသိုင်းအဝိုင်း၊ ဒီမိသားစုကြီးဟာ ဒီအတိုင်း တည်မြဲနေမယ်လို့ သူထင်ခဲ့တာ။
အခုတော့ အထင်ကြီးခဲ့ တာတွေ ပြိုကျပျက်စီး သွားတော့ အားငယ်ရ ပူဆွေးရလိုက်တာများ မပြောပါနဲ့၊ တော်တော်ကြီး စိတ်ဆင်းရဲ သွားသတဲ့။ သူဌေးကြီး ကွယ်လွန်လို့မှ မကြာခင်ဘဲ သားတွေ၊ သမီးတွေက အမွေခွဲဝေပေးဖို့ ဝိုင်းပြီး ပူဆာကြ၊ တောင်းဆို ကြသတဲ့။
“အမေ၊ အဖေလည်း မရှိတော့ဘူး၊ အမေလေည်း အသက်ကြီးလာပြီ၊ သားတို့ သမီးတို့ ရသင့် ရထိုက်တာတွေ ခွဲဝေပေးပါ၊ အမေလည်း အဖေမရှိတော့ သားတို့ သမီးတို့နဲ့ လိုက်နေပါ” စသည်ဖြင့် ချော့တဲ့လူက ချော့၊ ခြောက်တဲ့လူက ခြောက်ပြီးတော့ အမွေတောင်းကြသတဲ့။
အမွေဆိုတာ အင်မတန် စကားများတဲ့ ဥစ္စာတွေပဲ။ လူကို အလွန် စကားပြောခိုင်းတဲ့ ပစ္စည်းတွေ၊တစ်ယောက် နဲ့ တစ်ယောက် သွေကွဲအောင် လည်း ခွဲတတ်တယ်၊ အင်မတန် ရင်းနှီတဲ့ သားနဲ့အမိ၊ ညီအစ်ကို မောင်နှမ အားလုံးကို သွေးကွဲစေတာပါပဲ။
အခုလည်း အမွေတွေက စကားအပြောခိုင်းလို့ သားတွေ သမီးတွေက အမွေစကား ပြောလာတဲ့အခါ၊ သားသမီးတွေကို  ယုံတဲ့ ဒေါ်ပေါကြွယ်ကြီးက ကိုယ့်အတွက်တောင် ချန်မထားတော့ဘဲ ပစ္စည်းတွေ အားလုံး ကို အညီအမျှ ခွဲဝေပြီး ပေးပစ်လိုက်ပါသတဲ့။
အမွေတွေ အကုန်ခွဲဝေပြီးတဲအခါ နေစရာအိမ် မရှိတော့တဲ့ ဒေါ်ပေါကြွယ်ဟာ သူ့သားသမီးတွေ အိမ်ကို လိုက်နေပါတယ်။နောက်ထပ် ရစရာ မရှိတော့တဲ့ အမေအိုကြီးကို ဘယ်သားသမီး ကမှ ကြာကြာလက်ခံ မထားချင်ဘူးတဲ့ သားတွေက မကြည်ဖြူတဲ့ အပြင် ချွေးမတွေက နှိပ်စက်သတဲ့။ သမီးတွေက ငြူစူသလို သမက်တွေကလည်း ဆဲဆို ကြိမ်းမောင်းကြသတဲ့။
“သားသမီးယုံ စုံလုံးကန်း”ဆိုသလို ဒေါ်ပေါကြွယ်တစ်ယောက် လောကကြီးမှာ သူမထင်တာတွေ ဖြစ်လာတဲ့ အခါ စိတ်အနာကြီး နာသတဲ့။
လောကမှာ ရုပ်အနာနဲ့ စိတ်အနာဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီ အထဲမှာ စိတ်အနာက အဆိုးဆုံး၊ အကုရ အခက်ဆုံးပဲ။ သောကတွေ၊ ဒေါမနဿတွေက နှလုံးသားထဲမှာ နှိပ်စက်လိုက်တာ၊ ဘယ်လိုပူလောင်မှန်းမသိ၊ ဆောက်တည် ရာမရှိ  ဖြစ်တတ်တယ်။
စိတ်နာလွန်းရင် စကားတောင် မပြောနိုင်တော့ဘူ။ တချို့ မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမ အချင်းချင်း စိတ်နာလို့ စကားမပြောကြဘူးတဲ့။ အဲဒီတော့ ဒီစိတ်အနာက အလွန်ဆိုးပါတယ်။ စိတ်အနာလွန်သွားရင် စိတ်ရောဂါ ရတတ်ပါတယ်။
ရုပ်အနာက ဆေးတွေ့သွားရင် ပျောက်လွယ်တတ်တယ်။ စိတ်အနာဆိုတာက ဆေးတွေ့ရုံ သက်သက်နဲ့ မပျောက်ပါဘူး၊ တရားပါ တွေ့မှ ပျောက်ပါတယ်။
မြတ်စွာဘုရား သာသနာဆိုတာ စိတ်နာပျောက်အောင် ကုပေးတဲ့ နေရာပါပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမ လမ်းညွှန်ချက် တွေဟာလည်း စိတ်နာပျောက်စေတဲ့ လမ်းစဉ်တွေ ချည်းပါ။ သတ္တဝါတိုင်း စိတ်နာ ပျောက်ကင်းမှ ငြိမ်း အေးကြ ပါတယ်။
အခု ပစ္စည်းတွေ အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်၊ သားသမီးတွေကို အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်ခမျာ အဲဒီဟာ တွေကို အားကိုးလို့ မရတော့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်၊ ပတ်ဝန်းကျင်ကို မကျေနပ်၊ ဘဝကို မကျေနပ်တော့ စိတ်နာရပြီ။ ဒီစိတ်အနာ ကုဖို့ဆိုတာ မြတ်စွာဘုရားရဲ့ တရားပဲ ရှိတယ်လို့ သိလိုက်ရတာနဲ့ တစ်ပြိုင်နက် သာသနာတော်ဝင် ဘိက္ခုနီမ အဖြစ် ခံယူပြီးတော့ ကြိုးကြိုး စားစား တရားရှုမှတ်ပါသတဲ့။
အဲဒီလို ကြိုးစားမှုကြောင့် မကြာခင်မှာဘဲ ဘုရားရှင်ရဲ့ အားပေးမှုနဲ့ ရဟန္တာမအဖြစ် ရောက်တော်မူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒေါ်ပေါကြွယ် တစ်ဖြစ်လဲ သောဏာထေရီမကြီးဟာ ဂုဏ်သတင်းမွှေး ကျော်ကြားလာခဲ့ ပြီးတော့ နော်ကဆုံး မြတ်စွာဘုရားရှင်ရဲ့ အာရဒ္ဓဝီရိယဧတဒဂ် ပေးခြင်း ကိုပင် ခံယူခဲ့ရပါတယ်။
ဘဝမှာ အားကိုးမှားခဲ့တဲ့ ဒေါ်ပေါကြွယ် တစ်ယောက် လောကရဲ့ ဝိုင်းပယ်ခြင်း ခံရပေမယ့် သာသနာတော်ရဲ့ ကျေးဇူးကြောင့် မြတ်စွာဘုရားရှင်ရဲ့ တရား အရိပ်အောက်တွင် အေးချမ်း တည်ငြိမ်စွာ လျှောက်နိုင်ခဲ့ပါပြီ။
အသက်သိက္ခာ၊ ကြီးစရာ၊ လူမှာ နှစ်မျိုးရှိ။
     အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏။
  အကျင့်သိက္ခာ၊ ကြီးမှသာ၊ ထည်ဝါ ခံ့ညား၏ ၊တရားပြည့်ဝ၊ အရိပ်ရ၊ မုချချမ်းသာ၏။
          ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊  ဤခေတ်ထူး၌၊ ဆည်းပူးနိုင်မှ၊ တော်ကာကျလိမ့်။ 
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်၊
Tuesday, August 16, 2011 | 0 comments |
ပညာရေးဆိုသည်မှာ
“ပညာ” ဆိုတာ အတည်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ `ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှု စသည်တိုးပွား၍ အဝိဇ္ဇာစသော အပြစ်ဒေါသများ၊ ကင်စင်သွားခြင်ကိုပင်”ပညာ အဆုံးအမ” ဟုခေါ်သည်လို့ “သစ္စတ္ထပကာသကျမ်း” မှာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
ပညာရေးဆိုတဲ့ ဝေါဟာရဟာ အလွန်ကျယ်ဝန်း လှပါတယ်။ လူအများ သိနားလည်တဲ့ ကျောင်းသင် ပညာရေး (formal education) သာမက ကျောင်းပြင်ပ ပညာရေး (non-formal education) စတာတွေအားလုံးဟာ ပညာရေး နယ်ပယ်မှာ အကျုံးဝင်ပါတယ်။
နိုင်ငံ တစ်နိုင်ငံရဲ့ပညာရေးဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံသမိုင်း အခြေအနေ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ရောထွေး ယှက်နွယ် နေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးရဲ့ ရည်ရွယ်ချက်တွေ ချမှတ်ရာမှာ ဖြစ်စေ၊ အကောင်းအထည် ဖော်ရာမှာ ဖြစ်စေ ပညာရေးကို အခြားကဏ္ဍတွေနဲ့ ခွဲခြားပြီး တသီးတခြား စဉ်းစားလို့ မရနိုင်ပါဘူး။ သီးခြား ကင်းလွတ်သော ပညာရေး ဆိုပြီးတော့လည်း အကောင်အထည် ဖော်လို့ မရနိုင်ပါဘူး။
နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး အခြေအနေတွေဟာ ကာလ၊ ဒေသ၊ ပရောဂ အခြေအနေတွေ အလိုက် ပြောင်းလဲ လေ့ရှိပါတယ်။ ပညာရေးဆိုတာ အတိတ်သင်ခန်းစာကို အခြေခံပြီး၊ ပစ္စပ္ပန် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အနာဂတ်ကာလ အတွက် မျှော်မှန်းရခြင်း ဖြစ်လို့ ပညာရေး အသီးအပွင့်ဆိုတာ ချက်ချင်းစိုက် ချင်ချင်းခူးဆွတ်စားဖို့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံး ၁၄-၁၅ နှစ်လောက်ကြာမှ ခံစားရတတ်ပါတယ်။
                       ခေတ်များ စနစ်များနှင့် မြန်မာ့ပညာရေး
သမိုင်းလမ်းကြောင်း ပဒေသရာဇ်ခေတ် ပညာရေး
မြန်မာနိုင်ငံမှာ ဘုရင်တွေ ထွန်းကားခဲ့တဲ့ ပဒေသရာဇ်ခေတ် ကတည်းက ပညာရေး ထွန်းကား စည်ပင်ခဲ့ပါတယ်။ ပဒေသရာဇ်ခေတ် လူနေမှု စနစ်နဲ့ ယဉ်ကျေးမှုတွေဟာ ဗုဒ္ဓရဲ့ တရားဓမ္မနဲ့ အဆုံး အမတွေကို အခြေခံပြီး ကျယ်ပြန့်စည်ပင် ထွန်းကား လာခဲ့ရတယ်။
ပဒေသရာဇ်ခေတ် ပညာရေးစနစ်ဟာ “ဘုန်ကြီးကျောင်း ပညာရေး” စနစ်ပါ။ ဒီပညာရေးစနစ်ဟာ အသက်မွေး ဝမ်းကျောင်း တတ်ဖို့ထက် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ပြည်သူပြည်သားကောင်း ဖြစ်လာရေးကို ဦးတည်ခဲ့တဲ့ ပညာရေး လို့လည်း ဆိုနိုင်ပါတယ်။
စာသင်ကျောင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ ဘုန်ကြီးကျောင်း (စာသင်တိုက်) တွေဟာ ပညာသင်ကြားရာ ဗဟိုဌာနတွေ ဖြစ်လာပါတယ်။ လူတန်းစား မရွေး အခမဲ့ပညာ သင်ကြား ခွင့်ရ တာလည်း ထူးခြားမှု တစ်ရပ်ပါ။ စာပေသင်ကြား ပို့ချသူတွေဟာ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ဖြစ်နေ ပါတယ်။ အတန်းစနစ်မရှိဘူး။ စာသင်သား တစ်ဦးချင်ရဲ့ တိုးတက်မှု၊ တတ်မြောက်မှု အပေါ်မူတည်ပြီး အဆင့်တိုးကာ တစ်ဦးချင်ဆီ သင်ပေးတဲ့ ပညာရေးစနစ်လည်း ဖြစ်တယ်။
စာကို အာဂုံဆောင် အလွတ်ကျက်ရတယ်။ သင်ရိုးဆိုပြီးတော့လည်း အတည်တကျ ပြဋ္ဌာန်းထားတာ မရှိဘူး။ အဓိက သင်ယူကြရတဲ့ ဘာသာရပ်တွေ ကတော့ ပါဠိနဲ့ မြန်မာ ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ကျေးဇူးကြောင့် အဲဒီခေတ်တုန်းက မြန်မာနိုင်ငံရဲ့ စာရေးစာဖတ် တတ်မြောက်မှုနှုန်းဟာ ၈၅ ရာခိုင်နှုန်း ကျော်ကျော်ရှိခဲ့တယ်လို့ ဆိုတယ်။ အခြားအာရှ နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စာတတ်သူဦးရေ ပိုများတယ်လို့ ဆိုနိုင်တယ်။
ကိုလိုနီခေတ်ပညာရေး
မြန်မာနိုင်ငံဟာ ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှနယ်ချဲ့ လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ ဗြိတိသျှတွေက မြန်မာနိုင်ငံကို ကာလရှည်ကြာစွာ အုပ်ချုပ်နိုင်မယ့် သွေးခွဲအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးအကောင် အထည်ဖော်ခဲ့ပါတယ်။
ကိုလိုနီခေတ်က ကျောင်းတွေကို သုံးမျိုးခွဲပြီး ဖွင့်လှစ်ခဲ့ပါတယ်။
၁။ အင်္ဂလိပ်ကျောင်း( English school)
၂။ အင်္ဂလိပ်- မြန်မာစာသင်ကျောင်း( Anglo-Vemacular School)
၃။ တိုင်းရင်းသား- မြန်မာစာသင်ကျောင်း(Vermacular School)
ဆိုပြီးတော့ ဖြစ်ပါတယ်။ ကျောင်းတွေ ကွဲပြားသလို သင်ရိုးညွန်းတမ်း တွေလည်း ကွဲပြားနေပါတယ်။ တိုင်းရင်းသား ဘာသာစကား အင်္ဂလိပ်စာကို ဦးစားပေး သင်ကြားခဲ့ပြီး အဆင့်အတန်းကို အဆင့်အတန်းကို တစ်ခါတည်း ခွဲခြား လိုက်ပါတယ်။
အင်္ဂလိပ်ကျောင်း တွေဆိုတာ မျက်နှာဖြူတွေနဲ့ အထက်တန်းလွှာတွေ အတွက် သီးသန့်ဖြစ်ပြီး၊အထက်တန်း ရာထူးမှန်း သူတွေ အတွက် ရည်စူးဖွင့်လှစ် ထားတာဖြစ်တယ်။ အင်္ဂလိပ်-မြန်မာ ကျောင်းတွေ ကတော့ တိုင်းရင်းသား လူနည်း စုသာ တက်နိုင်ပြီး ကိုလိုနီအုပ်ချုပ်ရေး ယန္တရား အတွက် လိုအပ်တဲ့ အစိုးရလခစား၊ စာရေးစာချီ၊ အောက်တန်း အမှုထမ်း အရာထမ်းတွေ ခန့်ထားဖို့ ဖွင့်လှစ် ထားတာပါ။ တိုင်းရင်းသား မြန်မာ ကျောင်း တွေကတော့ တိုင်းရင်းသား အများစု တက်ရောက် နိုင်ကြပြီး ပညာကို ဆုံးခန်တိုင် သင်ယူ နိုင်သူ တွေ အလွန်နည်းတယ်။ ဒီကျောင်းက ထွက်လာသူတွေဟာ ကျောက်ထိုးဆရာ၊ မြေတိုင်းစာရေးနဲ့ ကျောင်းဆရာ အလုပ်လောက်သာ ရကြတယ်။
ကိုလိုနီပညာရေး ဆိုတာ လမ်းခွဲ လမ်းသွယ် အလွန်နည်းပါးတဲ့ ပညာရေးလို့ ပြောနိုင်ပါတယ်။ ကျွန်စိတ်ပေါက်ပြီး အမျိုးသားရေး စိတ်ဓာတ်တွေ နည်းပါးအောင် စနစ်တကျ ဖျက်ဆီးခဲ့တဲ့ ပညာရေးလို့ ဆိုနိုင်တယ်။ ဘက်စုံ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာ အလှမ်းဝေးပြီး မြန်မာနိုင်ငံ စာတတ် မြောက်မှုနှုန်းဟာ ၃၅ ရာခိုင်နှုန်းကို လျော့ကျ ထိုးဆင်းသွားတာကို ကြည့်ရင် နယ်ချဲ့တို့ရဲ့စေတနာကို သဘောပေါက်မယ် ထင်ပါတယ်။
ပြည်တော်သာ ပညာရေး
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး ပညာရေးကို နိုင်ငံတော် အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ များစွာလုပ် ဆောင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရကလည်း ပညာသင်ကြား ရေးဆိုင်ရာ မူဝါဒများ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင် ရွက်ခြင်းကိုတော့ ၁၉၅၀ ပြည့်နှစ်လောက်မှပဲ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်။
ပညာရေး မူဝါဒသစ်အရ ကျောင်းသုံးမျိုး မခွဲခြားတော့ပါဘူး။ နိုင်ငံတော်အစိုးရကျောင်းဆိုပြီးကျောင်းတစ်မျိုး တည်းထားပြီး သင်ရိုးကိုလည်း တစ်မျိုးတည်းထားခြင်း မြန်မာစာကို သင်ကြားမှု မဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်း တွေဟာ ထူးခြားတဲ့ ပညာရေးဆိုင်ရာ မူဝါဒသစ်တွေ ဖြစ်ပါတယ်။ ကျောင်း တွေမှာ သုံးစွဲဖို့ ငွေကြေးဆိုင်ရာ ကိစ္စတွေကိုလည်း နိုင်ငံတော်ကပဲ တာဝန်ယူခဲ့ပြီး ပညာရေးဆိုင်ရာ အထွေထွေပြုပြင် ပြောင်းလဲမှုတွေကို စတင် လုပ်ဆောင်လာခဲ့ပါတယ်။
၁၉၅၂ ခုနှစ်မှာ”ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်း” ကိုရေးဆွဲပြီး ပြည်တော်သာ ညီလာခံမှာ အတည်ပြုခဲ့ တယ်။ ဒီစီမံကိန်းကို ရည်မှန်းချက် ငါးရပ်ချမှတ်ပြီး အကောင်အထည် ဖော်ဆောင် ရွက်ခဲ့ပါတယ်။ စီမံချက်အရ ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ခြင်း၊ သင်ရိုးညွန်းတမ်းနဲ့ မာတိကာ အသစ်တွေ ပြဋ္ဌာန်းခြင်း၊ ကျောင်းသုံး စာအုပ်ထုတ်ဝေခြင်း၊ ဆရာဖြစ် ကောလိပ်နဲ့ သိပ္ပံကျောင်းများ ဖွင့်လှစ်ခြင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှု ပညာသင်ကျောင်းများ ဖွင့်လှစ်ခြင်း စတဲ့ပညာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေကို မနားတမ်းလုပ်ဆောင်ခဲ့ပါတယ်။
ဘဝသစ် ဖန်တီးမှုပညာရေး စီမံကိန်းကို ပထမပညာရေး လေးနှစ်စီမံကိန်း(၁၉၅၂-၅၆)၊ ဒုတိယ လေးနှစ် ပညာရေးစီမံကိန်း (၁၉၅၆-၆၀)၊ တတိယပညာရေး လေးနှစ်စီမံကိန်း(၁၉၆၀-၆၄) ဆိုပြီးတော့ စီမံကိန်း ကာလကို သုံးပိုင်းပိုင်းပြီး သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပညာရေး လေးနှစ် စီမံကိန်းကိုပဲ အပြည့်အဝ အကောင်အထည် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလေးနှစ်တာ အကောင်အထည် ဖော်နိုင်ခဲ့တာ လေး နဲ့ ပဲ ကောင်းမွန်တဲ့ ရလာဒ်တွေရှိခဲ့တယ်လို့ ပြောရမယ်။ ဒါပေမဲ့ ပညာရေး စီမံချက်က ချမှတ်ထားတဲ့ ဗလငါးတန်ပညာရေး (ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ) တိုးတက်ဖွံ့ဖြိုးအောင် တော့ မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အထူးသဖြင့်ကတော့ စာပေ ပညာ သင်ကြားရေး သက်သက်ကနေ အသက်မွေးဝမ်း ကျောင်းပညာ သင်ကြားရေးကို ကူးပြောင်း နိုင်ရုံ လေးပဲရှိခဲ့ပြီး အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ စာပေပညာရေး လမ်းကြောင်း တစ်ခုတည်းပဲ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။
 တော်လှန်ရေးကောင်စီခေတ် ပညာရေး
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော် တော်လှန်ရေး ကောင်စီက နိုင်ငံတော် တာဝန်ကို ယူလိုက်ပြီးချိန်မှာ အသက်မွေးဝမ်း ကျောင်းကို အထောက်အကူပြုတဲ့ စာရိတ္တမြင့်မားရေးကို အခြေခံပညာရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့ကြတယ်။
၁၉၆၄ ခုနှစ်မှာ တက္ကသိုလ် ပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ ဝိဇ္ဇာနှင့် သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ် တွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ တက္ကသိုလ်တွေကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာ အခြေခံ ပညာရေးဥပဒေကို ထုတ်ပြန်ကြေငြာခဲ့ပြီး အထွေထွေပညာရေးကို အခြေခံပညာရေးလို့ ခေါ်တွင်စေခဲ့တယ်။ ပညာရေး အဆောက်အအုံ ပုံစံနှင့်တကွ သင်ရိုးအပါအဝင် ပညာသင်ကြားရေး အစီအစဉ်တွေပါ ပြုပြင်ပြောင်းလဲခဲ့တယ်။
၁၉၆၇-၆၈ ပညာသင်နှစ်မှာ အဋ္ဌမတန်းကို အခြေခံအလယ်တန်း အဆင့်မှာ ထည့်သွင်းပြီး အခြေခံပညာ အထက်တန်းအဆင့်ကို ဝိဇ္ဇာ၊ သိပ္ပံ လမ်းနှစ်သွယ်ခွဲပြီး သင်ကြားမှုကို ၁၉၆၈-၆၉ ပညာ သင်နှစ်ကစပြီး ကျင့်သုံးခဲ့တယ်။ ၁၉၇၇-၇၈ မှာဝိဇ္ဇာ၊ သိပ္ပံခွဲတာကို ပြန်လည်သုံးသပ်ပြီး မခွဲတော့ပဲ ပြန် ပေါင်းပြီး သင်ပြန်တယ်။
ဆိုရှယ်လစ်ခေတ်စနစ်သစ်ပညာရေး
၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ နိုင်ငံတော်ရဲ့အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံတော် ဘဝ ရောက်ခဲ့ပါတယ်။
ဆိုရှယ်လစ်ဆိုတော့ မြန်မာ့ဆိုရှယ်လစ် ဘောင်အတွက် လိုအပ်နေတဲ့ လုပ်သားကောင်းတွေ မွေးထုတ်ရေး ကို အခြေခံတဲ့ ပညာရေးဆိုပြီး ဖြစ်လာပြန်တယ်။ အဲဒီအချိန်က ပညာရေးဌာနဝန်ကြီး ဒေါက်တာ ညီညီက လည်း “တိုင်းရင်းသားတိုင်းသည် ပညာသည်သာမက ကာယဗလ၊ စိတ်ဓာတ်၊ အတွေးအခေါ်၊အလေ့အကျင့်၊ တိုင်းရင်းသား ယဉ်ကျေးမှု၊ ရသ ခံစားတတ်မှုပြည့်စုံရေး အတွက် ဘက်စုံပညာရေး မီးမောင်း ထိုးပေးရန်” ရည်ရွယ်တယ်လို့ ပြောသွားဖူးတယ်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မှာက
၁။ သက်မွေးကျောင်းမှုကို အထောက်အကူပြူ၍ စာရိတ္တမြင့်မား ရေးကို အခြေခံသော ပညာရေးကို ဆောက်တည်မည်။
၂။ သိပ္ပံပညာကို ဦးစားပေးမည်။
၃။ အခြေခံပညာကို လူတိုင်သင်ယူနိုင်ခွင့် ရရေးကို ဆောက်တည်မည်။
၎။ အထက်တန်းပညာ(ဝါ) တက္ကသိုလ်ပညာကို ဥာဏ်ပညာထက်မြင်ခြင်း ရှိ၍ အထက်တန်း မှီအောင် လိုက်နိုင်သူ၊ ကြိုးစားမှု ရှိသူများကိုသာ သင်ကြားခွင့်ပြုစေရန် ရည်သန်သည်ဆိုပြီး ချမှတ် အကောင်အထည် ဖော်ခဲ့ကြတယ်။
ကမ္ဘာ့အဆင့်မှီ ပညာရေး ဆိုပြီးတော့ ၁၉၈၅-၈၆ ပညာသင်နှစ်ကစပြီး လမ်းသွယ်တွေခွဲတဲ့ ပညာရေးကို လုပ်ဆောင်ခဲ့ပြန်တယ်။ ဒီလိုနဲ့ ခွဲလိုက်တွဲလိုက် မတည်ငြိမ်တဲ့ ပညာရေးစနစ်မှာ လက်တွေ့ကျင့်သုံးမှု အရတော့ အသက်မွေးဝမ်းကျောင်း ပညာရေးဟာ ထင်သလောက်ခရီး မပေါက်ခဲ့ဘူး။ စာပေသင်ကြားမှု စနစ်သာ အဖြေတစ်ခု အနေနဲ့ ထွက်ပေါ်ခဲ့တယ်။
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |