twitter

ထို့အပြင်၊ သစ်တောပြုန်းတီးခြင်း၊ ပလပ်ထားခဲ့သော မြေများမှာ စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေများမှာ သီးနှံအထွက်ကို ဖြစ်ညှစ် ထုတ်ယူ ခြင်း၊ စားကျက် မြက်ခင်းများမှာ တိရစ္ဆာန်များ အလွန်အကျွံ မွေးခြင်းတို့ကြောင့် မြေဆီခန်းခြောက်မှုများ တိုး၍ ဖြစ်ပွားခဲ့သည်။
အငြင်းပွားစရာဖြစ်ခဲ့သော တိဘက် ရထားလမ်းကြောင့် မီးရထားလမ်း တလျှောက်ရှိ ယခင် ရေခဲ ခဲ့ရာ နေရာများ အရည်ပျော်သွား ကုန်ကြသည်။ ဤသို့ဖြင့် သဘာဝပတ်ဝန်းကျင်ကိုရော၊ မီးရထားလမ်း၏ တည်ငြိမ်မှုကိုပါ အန္တရာယ်ဖြစ်စေပါသည်။ အတွင်းမွန်ဂိုလီးယား နယ်မြေ၌ ဂိုဘီသဲကန္တာရသည် တချိန်က တိရစ္ဆာန် မွေးမြူ၍ ရခဲ့သော စားကျက်မြေများမှာ ယိုယွင်းလာသည့် အဖြစ်သို့ ရောက်အောင် တိုးကျယ်လာနေလျက်ရှိသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကုန်းမြေ၏ ၂၈  % သည် သဲကန္တာရ အဖြစ်သို့ ရောက်ပြီး ဖြစ်နေပြီး၊ နောက်ထပ် ၁၈ % က လည်း သဲကန္တာရ အဖြစ်သို့ ပြောင်းလဲနေလျက် ရှိသည်။ တရုတ်ပြည်၏ စားကျက်မြက်ခင်းမြေများ အနက် ၉ဝ % သည် အတိုင်းအတာ အမျိုးမျိုးအလိုက် ဆုတ်ယုတ်ပျက်စီး နေလျက်ရှိကာ မြေသြဇာနှင့် လယ်ယာအထွက်ကို ယုတ်လျော့ စေပါသည်။ မြစ်ညာပိုင်း ဒေသများမှ တိုက်ချလာခဲ့သော အနည်အနှစ်များက နောက်ဆုံး၌ မြစ်အကြေပိုင်းနှင့် အင်း၊ အိုင်များမှာ အနည်ထိုင်လေသည်။
မြစ်ဝါမြစ်၏ ဆိုးဝါးလှသော အနံ့အသက်များကို မခံနိုင်သော နွားကျောင်းသားတစ်ဦး မြစ်ဝါမြစ်၏ ဆိုးဝါးလှသော အနံ့အသက်များကို မခံနိုင်သော နွားကျောင်းသားတစ်ဦး
ဟီနနHenan ပြည်နယ်၌ ဒေသနေလူများက မြစ်ဝါမြစ်ကို ရှောင်ဟီ (ပူလောင်နေသော မြစ်) ဟု ခေါ်ကြသည်။ သိပ်သည်းသော အနည်အနှစ်များကြောင့် လေရှုရန် အငန်းမရ ဖြစ်နေသော ငါးများ ပွက်နေကြခြင်းကို အကြောင်းပြု၍ ဤသို့ ခေါ်ကြခြင်းဖြစ်သည်။ အနည်အနှစ်များကြောင့် မြစ်ကြမ်းပြင် မြင့်တက်ခြင်းနှင့် အင်းအိုင်များထဲရှိ ရေပမာဏ လျော့နည်းသွားခြင်းများ ဖြစ်ပွားသည်။ သဲမုန်တိုင်း များလည်း ပို၍ ကြီးလာပြီး၊ ဖြစ်ပွားမှု ပိုများလာသည်။ (၂ဝဝ၂) ခုနှစ်၊ နွေဦးပေါက် ရာသီ၌ ဘေဂျင်းမြို့တွင် ဤကဲ့သို့သော သဲမုန်တိုင်းတခု ကြောက်မက်ဖွယ်ရာ တိုက်ခတ် သွားခဲ့သည်။ (၂ဝဝ၄) ခုနှစ်ကလည်း ဤမုန်တိုင်းမျိုး နောက်ထပ်တခု တိုက်ခတ်ခဲ့ပြန်ကာ၊ နံနက်ခင်း ကောင်းကင်သည် ပြာရာမှ နီသွားခဲ့သည်။ မွန်းလွဲချိန်ရောက်တော့ မည်းသွားပြန်ခဲ့သည်။ အဝေးမြင်နိုင်စွမ်းသည် (၁ဝ) မီတာ အကွာအဝေး လောက်အထိသာ ရှိတော့သည်။ တိုင်းပြည်၏ အခြားနေရာများတွင် ဆောင်ရွက်နေကြသော မြေငလျင် ကယ်ဆယ်ရေး လုပ်ငန်းများမှာ နှောင့်နှေး ကြန့်ကြာ ခဲ့ရချေသည်။
မြစ်ကြမ်းပြင် မြင့်တက်လာသော အခါ၌ ရေကြီးမှုများ ပို၍ အဖြစ်များလာသည်။ မြစ်ဝါမြစ်၏ အခြေအနေသည် တရုတ်ပြည်၏ ကြေကွဲစရာအဖြစ် ဆက်လက် ဖြစ်ပွားနေဆဲပင် ရှိသည်။ သမိုင်းတလျှောက်မှာ ရာစုနှစ်များ နှစ် အချို့ကြာ၊ ကြာပြီးမှသာ ဖြစ်ပွားလေ့ရှိသော မြစ်ဝါမြစ်၏ မြစ်ကြောင်း ပြောင်းလဲမှုသည် မကြာသေးမီ ရာစုနှစ်များမှာ ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။ (၁၉၉ဝ) ခု လွန်နှောင်းပိုင်းနှစ်များ အရောက်တွင် မြစ်ဝါမြစ်ရေသည် ခန်းစပြုလာခဲ့သည်။ စက်ရုံအလုပ်ရုံသုံးနှင့် လူသုံးအတွက် မြစ်ရေကို (၂) ဆင့် ထား၍ စုပ်တင်ရသည်။ ဆိုးရွားနေသော အခြေအနေမှ နေ၍ ပိုကောင်းလာအောင် ကြိုးပမ်းအားထုတ်မှုများ လုပ်ခဲ့သော်လည်း ပို၍ ဆိုးလာမြဲဆိုးလာ နေလျက်ပင် ရှိသည်။
(၁၉၉ဝ) ခု လွန်နှစ်များ အတွင်းက မြစ်ဝါမြစ်ရေ၏ ၄ဝ % ကို သောက်သုံး၍ ရခဲ့သော်လည်း (၂ဝဝ၇) ခုနှစ် အရောက်တွင် မူ (၃) ပုံ(၁) ပုံသာ သောက်သုံး၍ ရတော့သည်။ ရေကြီးလာလျှင် ပြေး၍ မလွတ်နိုင်သလို၊ မြစ်ရေကလည်း ခမ်းခြောက် လာတော့မည် သဘောရှိ နေသည်။ နေရာဒေသ အချို့မှာ ရေကြီးမှုများ ပို၍ အဖြစ်များ လာသလို၊ အခြား နေရာဒေသများမှာ သဲကန္တာရအဖြစ်သို့ ပြောင်းလဲ မှု များ ပို၍ အဖြစ်များလာနေလျက်ရှိသည်။
အထိမ်းအကွပ်မဲ့စွာ သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးနေသည်ကို ပို၍ပို၍ သတိပြုမိလာသည့် သဘောဖြင့် နိုင်ငံတော် ကောင်စီ က  (၁၉၈၄) ခုနှစ်တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးရုံးကို အေဂျင်စီအဆင့်သို့ တိုးမြှင့် လိုက်ပြီး၊ ထိုမှတဖန် (၁၉၈၈) ခုနှစ်တွင် နိုင်ငံတော် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ  (SEPA) အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထို့အပြင် (၁၉၈၈) ခုနှစ်မှာပင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံမှတ်ချက်များကို နယ်ပယ် (၅) ခုတွင် စတင် ကျင့်သုံးခဲ့သည်။ ၄င်းနယ်ပယ် (၅) ခုမှာ လေညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ ထုထည်ရှိသော အညစ်အကြေးများ ပြန်လည် သန့်စင် အသုံးပြုမှုနှင့် စွန့်ပစ်မှု၊ မြို့ပြ စိမ်းလန်းစို ပြည်ရေး ဆောင်ရွက်မှုတို့ ဖြစ်သည်။ ဤစံသတ်မှတ်ချက်များကို မြို့ကြီးပေါင်း (၃၂) မြို့မှာ ကျင့်သုံးခဲ့သည်။ ထိုမြို့ကြီးများရှိ အာဏာပိုင်များ၏ တနှစ်တာ လုပ်ငန်း ဆောင်ရွက်မှုကို အကဲဖြတ်ရာ၌ အဆိုပါ နယ်ပယ် (၅) ခု အတွင်း ဆောင်ရွက်မှု များကို ထည့်သွင်း စဉ်းစားမည်ဖြစ်ကြောင်း သတိပေးထားသည်။ တကယ့် လက်တွေ့၌မူ လုပ်ငန်း ဆောင်ရွက် မှု ရလဒ်များကို လိမ်ညာဖေါ်ပြ၍ လွယ်ကြောင်း တွေ့ရှိရသည်။ (၂ဝဝ၆) ခုနှစ် အကုန်မှာ ထုတ်ပြန်ခဲ့သော (SEPA) ၏ အစီရင်ခံစာ၌ ဖေါ်ပြထားသည်မှာ ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ၂ % လျှော့ချခဲ့သည်ဟု နယ်မြေဒေသဆိုင်ရာ အချက် အလက်များက ဖေါ်ပြထားသော် လည်း၊ အမှန်တကယ်၌ ဓါတ်ငွေ့ထုတ်လွှတ်မှုသည် ၂ % တိုးခဲ့သည်ဟူ၍ ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ဗြူရိုအဖွဲ့၏ လုပ်ငန်းနယ်ပယ် တိုးချဲ့ရေး၊ ဝန်ကြီးဌာနများ၊ အဆင့်ဆင့်သော အစိုးရဌာနများ အတွင်းမှာ တာဝန် ခွဲဝေမှု ရှင်းရှင်လင်းလင်း ပြတ်ပြတ်သားသား ရှိရေးတို့အတွက် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့သည်။ (၂ဝဝ၂) ခုနှစ်တွင် ဘေဂျင်းသည် ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှု ထိန်းချုပ်ရေးဆိုင်ရာ တိုကျိုသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ရေထိန်းသိမ်းမှုအတွက် ရည်ရွယ်သော ပြည်တွင်းဥပဒေသစ် တရပ်ကို ပြဌာန်းခဲ့သည်။ ထို့အပြင် ညစ်ညမ်းမှု၊ စွမ်းအင်သုံးစွဲမှု၊ ပြန်လည်သန့်စင် အသုံးပြုမှုတို့နှင့် ဆိုင်သော စည်းမျဉ်း စည်းကမ်းသစ်များကိုလည်း ထုတ်ပြန်ခဲ့သည်။ ဤသို့လုပ်ခြင်းကြောင့် မည်မျှ ကောင်းလာမည်နည်း ဆိုသည်ကိုမူ စောင့်ကြည့် ရပေဦးမည်။ ဗဟို အစိုးရ၏ စည်းမျဉ်းစည်းကမ်းများ အာဏာတည်အောင် တာဝန်ယူ ဆောင်ရွက်ပေးရသော နယ်မြေဒေသ ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ဗြူရိုအဖွဲ့များသည် ဝန်ထမ်း မလုံမလောက် ဖြစ်နေသည့် အပြင်၊ မိမိတို့ စည်းကမ်းကွပ်ညှပ်ရမည့် စက်မှု လုပ်ငန်း များနှင့်လည်း မကင်းရာ၊ မကင်းကြောင်း အဆက်အဆံ ရှိနေတတ်ကြသည်။ နယ်မြေဒေသဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ဗြူရိုအဖွဲ့ များထက် အုပ်ချုပ်ရေး အာဏာ ပိုမြင့်သော အစိုးရပိုင် စက်ရုံအလုပ်ရုံများသည် သတိပေးချက် များကို အရေးမစိုက်ဘဲ နေသာကြသည်။ ညစ်ညမ်းမှုကို အဆိုးရွားဆုံး ဖြစ်ပွားစေသူများအနက် အများစုသည် အမှန် တကယ် လုပ်ငန်း အပိတ်ခံ ရစရာမရှိ (သို့မဟုတ်) ကြီးလေးစွာ အပြစ်ပေး ခံရစရာ မရှိသော နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ ဖြစ်သည်။ နယ်မြေအာဏာပိုင်များက ညစ်ညမ်းမှု ဖြစ်စေသော စက်မှုလုပ်ငန်း များကို အကာအကွယ် ပေးခြင်းများ ရှိတတ်သည်။ အကြောင်းမှာ ဤလုပ်ငန်းများက အခွန်တော် ဝင်ငွေကို ဖြည်တင်းပေးသည့်အပြင်၊ အလုပ် နေရာလည်း ပေးသောကြောင့်ဖြစ်သည်။
စက်ရုံအလုပ်ရုံ အတော်များများက ဒဏ်ရိုက် ခံရခြင်းအတွက် ကုန်ကျငွေကို ထုတ်လုပ်ရေး ကုန်ကျစားရိတ်ထဲ ထည့်သွင်း ကြသည်။ ညစ်ညမ်းမှု ထိန်းချုပ်ရေး စွမ်းအားကိုတော့မူ တိုးတက်အောင် မလုပ်ကြချေ။ အချို့ကမူ စည်းမျဉ်း စည်းကမ်း များကို အလွယ် လျစ်လျူရှု ထားလိုက်ကြသည်။ လိုက်နာရေးအတွက် ကုန်ကျစားရိတ် ကြီးလေး လွန်းလှသည်ဟု ဆင်ခြေ ပေးကြသည်။ ထို့အပြင် ဖမ်းမိခံရမည့် အန္တရာယ်ကလည်း နည်းလေသည်။ ရေတို အမြတ်အစွန်းနှင့် ရုပ်ဝတ္ထု အကျိုး ကျေးဇူးတို့မှာ စိတ်ဝင်စားမှုက သဘာဝ ပတ်ဝန်းကျင်အတွက် စိုးရိမ်ခြင်းထက် အပုံကြီး သာလွန်နေလေသည်။ တရုတ်ပြည်သည် စွမ်းအင် ထိရောက်စွာ သုံးစွဲရေး (၅) နှစ် စီမံကိန်း၏ ပထမနှစ် ဖြစ်သော (၂ဝဝ၆) ခုနှစ်၏ ရည်မှန်း သတ်မှတ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဟူ၍  အာဏာပိုင်များအတွင်းမှ ညည်းညူသံ ထွက်ပေါ်လာခဲ့သည်။ တရုတ်ပြည်၏ ကျွမ်းကျင်သူ ပညာရှင် အုပ်စုတစုက ပြုစုခဲ့သော တရုတ်ပြည် ခေတ်မှီတည် ဆောက်ရေး အစီရင်ခံစာ (၂ဝဝ၇) Chinese Modernization Report 2007 တွင် သဘာဝ ပတ်ဝန်းကျင် အရေး ကိစ္စ ဆောင်ရွက်ရာ၌ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံပေါင်း (၁၁၈) နိုင်ငံအနက် တရုတ်ပြည်ကို နံပါတ် (၁ဝဝ) အဖြစ် သတ်မှတ် ထားခဲ့သည်။
နိုင်ငံတော် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီ (SEPA) ကို ဝန်ကြီးဌာန အဆင့်သို့ တိုးမြှင့်ရေး တောင်းဆိုသံ များသည် (၂ဝဝ၇) ခုနှစ်တွင် ခါတိုင်းထက် ပို၍ ကျယ်ကျယ်လောင်လောင် ပေါ်ထွက် လာခဲ့ခြင်းသည် ဤပြဿနာများကို ပြတ်ပြတ် သားသား ဖြေရှင်းမည်ဟူသော စိတ်များ တိုးပွား လာနေလျက်ရှိကြောင်း ဖေါ်ပြ လိုက်ခြင်း ဖြစ်သည်။ ဝန်ကြီးဌာန အဆင့်သို့ မရောက် သေးဘဲနှင့်ပင်  SEPA သည် ပို၍ လှုပ်ရှားလာခဲ့သည်။ (၂ဝဝ၇) ခုနှစ် အစောပိုင်း၌ တိုင်းပြည်ရှိ ထိပ်တန်း လျှပ်စစ်ဓါတ်အား ပေးရေး ကုမ္ပဏီများနှင့် နယ်မြေဒေသဆိုင်ရာ အစိုးရများ၏ စီမံကိန်း အသစ်များသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံသတ်မှတ်ချက် များနှင့် မပြည့်မီသည့်အတွက် SEPA က အားလုံးကို အတည်ပြုချက် မပေးဘဲ ဆိုင်းငံ့ ထားခဲ့သည်။ ယခင်က ဤကုမ္ပဏီများနှင့် လုပ်ငန်းများ ကို မည်သူမျှ ထိဝံ့ခဲ့သည် မဟုတ်ချေ။     
စည်းမျဉ်း၊ စည်းကမ်းများကို အာဏာတည်အောင် ဆောင်ရွက် လိုက်သော အခါ၌ ကြေကွဲဖွယ် အကျိုးဆက်များ ဖြစ်ပွားလာခဲ့သည်။ စက်ရုံ တစ်ရုံဆီမှ ဆာလ်ဖါဒိုင်အောက်ဆိုက်များ ထုတ်လွှတ်သည်ကို နှစ်အတော်ကြာ ကန့်ကွက်ပြီး နောက်တွင် နယ်မြေသူ နယ်မြေ သား များက အနိုင်ရကာ၊ စက်ရုံ ပိတ်လိုက်ရသည်။
အလုပ်လက်မဲ့ ဖြစ်သွားရခြင်းနှင့် ပတ်သက်၍ ဒေါသဖြစ်ကာ၊ စက်ရုံအလုပ်သမားများက နယ်မြေသူ၊ နယ်မြေသားများကို အငြိုးထား၊ မဲကုန်ကြသည်။ လူ ၂ ဦး ရက်ရက်စက်စက် အသတ်ခံရပြီး၊ အတော်များများလည်း ဒဏ်ရာ အနာတရ ဖြစ်သွားခဲ့ကြသည်။ နောက်နယ်မြေ တစ်ခု၌မူ စက္ကူ စက်ရုံ တစ်ရုံကြောင့် မိမိတို့၏ ကောက်ပဲသီးနှံများ ပျက်စီးရပါသည်ဟု ကန့်ကွက်သော လယ်သမား များကို ပုလိပ်က ဖမ်းဆီးကာ တာဝန် ၀တ္တရား နှောက်ယှက်မှုဖြင့် အမှု ဖွင့်ခဲ့သည်။ စီချွန်းပြည်နယ်၌ ပုလိပ်တယောက် သေဆုံးခဲ့သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကန့်ကွက် ဆန္ဒပြမှု တစ်မှုမှာ ပါဝင်ခဲ့သူ တဦးသည် မိမိ၏ ရှေ့နေပင်လျှင် အသိပေးခြင်း မခံရသော တခါးပိတ် စီရင် စစ်ဆေးမှုအပြီးတွင် မိမိကိုယ်မိမိ သတ်သေ သွားခဲ့သည်။
အမိန့်အရ ပိတ်လိုက်သော စက်ရုံများက ရက်အနည်းငယ် အကြာမှာ ပြန်လည် ဖွင့်ကြရာ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အာဏာပိုင်များ မခံချိမခံသာ ဖြစ်ကြရလေသည်။ အံ့သြစရာ ကောင်းလှသည် ကား ယခုအချိန်အထိ တရုတ်ပြည်က နိုင်ငံခြားမှ စွန့်ပစ် ပစ္စည်းများကို အမြောက်အမြား တင်သွင်း နေခြင်းပင် ဖြစ်သည်။  တန်နှင့် ချီသော အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ (စွန့်ပစ် ကွန်ပြူတာများ၊ တယ်လီဗေးရှင်း များနှင့် လက်ကိုင်ဖုန်းများ) ကို တင်သွင်းကာ ပြန်လည်ပြုပြင်၊ အသုံးပြု နေလျက်ရှိသည်။ ဤသို့ဖြင့် ပြည်တွင်းမှ ထုတ်လုပ်ထားသော အဆိပ်ပုံကြီးမှာ နောက်ထက်အဆိပ်များ ထပ်လောင်းပေး လိုက်လေသည်။
စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကွယ်က သဘာဝပတ်ဝန်းကျင် ဝေဒနာများတရုတ်ပြည်သည် ကမ္ဘာ၏ ဧရာမ မြေနေရာ အကျယ်အ၀န်းကြီးကို နေရာယူထားပြီး၊ လူဦးရေကလည်း ဤမျှ များပြား လှသည်ဖြစ်ရာ ၄င်း၏ သဘာဝ ပတ်ဝန်းကျင် အခြေအနေသည် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် တည်ငြိမ် ရေးအတွက် အရေးကြီးနေလေသည်။ တရုတ်ပြည်သည် အမေရိကန် ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ဒုတိယ အများဆုံး ထုတ်လွှတ်သော တိုင်းပြည်ဖြစ်သည်။ ရုရှား၊ ဂျပန်၊ ဂျာမဏီတို့၏ ရှေ့က ပြေးနေသည်။ တရုတ်ပြည်သည် စီးပွားရေး တိုးချဲ့မှုအတွက် လောင်စာကို တိုး၍ တိုး၍ လိုအပ်နေလျက် ရှိခြင်း၊ လောင်စာ သုံးစွဲရာ၌ ဖွံ့ ဖြိုးပြီး တိုင်းပြည်များနှင့် စာလျှင် ထိရောက်မှု အလွန်နည်းခြင်းတို့ကြောင့်၊ အကယ်၍ သည်အတိုင်း လွှတ်ထားလျှင် (၂၀၅၀) ခုနှစ် အရောက်တွင် ၄င်း၏ ဓါတ်ငွေ့  ထုတ်လွှတ်မှု ပမာဏသည် အမေရိကန် ပြည်ထောင်စု ထုတ်လွှတ်မှု ပမာဏ၏ (၂) ဆ ဖြစ်သွားပေလိမ့်မည်။
စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကွယ်က သဘာဝပတ်ဝန်းကျင် ဝေဒနာများ ဤအတိုင်းသာ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးသော တိုင်းပြည် မျိုး ဆက်ဖြစ်နေမည် ဆိုပါက ကမ္ဘာဂြိုဟ်၏ ကျန်သော အစိတ်အပိုင်းများအပေါ် ၄င်း၏ အကျိုးသက်ရောက်မှုများသည် ပို၍ ဆိုးရွား လာနိုင်ပါသည်။ ဤအကြောင်းကြောင့်ပင် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှု ခေါင်းဆောင်များက တရုတ်ပြည်အား နိုင်ငံစုံ သဘာဝ ပတ်ဝန်းကျင် သဘောတူ စာချုပ်များတွင် လက်မှတ် ရေးထိုးအောင် ကြိုးစား ဆွဲဆောင်ခဲ့ ကြသည်။ တရုတ်ခေါင်းဆောင်များက စာနာမှု ရှိကြသော်လည်း ဤသဘောတူ စာချုပ်များမှာ ပါရှိသော ဥပဒေများ အာဏာ တည်အောင် ဆောင်ရွက်ရေးအတွက် ငွေကြေး မတတ်နိုင်ပါဟု ဆိုကြသည်။

သို့ရာတွင် လျှိုမြောင် ၃ သွယ်ဆည်နှင့်၊ တောင်ပိုင်းမှ မြောက်ပိုင်းသို့ ရေသွယ်ပို့ရေး စီမံကိန်း လုပ်ငန်း ကဲ့သို့သော ငွေကုန် ကြေးကျ လည်း အကြီးအကျယ်များပြီး၊ သဘာဝ ပတ်ဝန်းကျင် မှာလည်း ထိခိုက်ဖွယ်ရှိသော စီမံကိန်းများ ချမှတ်၊ အကောင်အထည် ဖေါ်သည် ကို ကြည့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ကိစ္စသည် တရုတ် အစိုးရ၏ လုပ်ငန်းအစီအစဉ်မှာ အရေးပါ သော ကိစ္စ မဟုတ်ကြောင်း ရှင်းနေပါသည်ဟု အချို့ ပုဂ္ဂိုလ်များက ထောက်ပြကြသည်။ သဘာဝပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေးအတွက် အနိမ့်ဆုံး လိုအပ်သော ငွေကြေး ပမာဏသည် အမျိုးသား ထုတ်ကုန် စုစုပေါင်း တန်ဖိုး၏ ၂% ရှိသည့်အနက် တရုတ်ပြည်သည် လောလော ဆယ်၌ ၀ .၇ % ကိုသာ သုံးစွဲလေသည်။
နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက လိုအက်စ်ကုန်းမြင့် ပြန်လည် ကောင်းမွန်လာရေး စီမံကိန်းကဲ့သို့သော စီမံကိန်းများအတွက် ငွေကြေးထုတ်ချေးထားခဲ့ပြီးဖြစ်သည်။ နှစ်နိုင်ငံ ဆိုင်ရာနှင့် နိုင်ငံစုံဆိုင်ရာ အစီအစဉ်များက စွမ်းအင်ကို ပို၍ ထိထိရောက်ရောက် သုံးစွဲမည့် “သင့်မြတ်လျော်ကန်သော အဆောက်အဦးများ”ပုံစံရေးဆွဲရေး ကဲ့သို့ သော အထူးကိစ္စများကို အလေးထားလေသည်။ သို့ဖြစ်သည့်တိုင် တရုတ်ပြည်၏ သဘာဝပတ်ဝန်းကျင် တည်ငြိမ်သွားရေးအတွက် လို အပ်သည့်ငွေကြေးပမာဏသည် ပြည်တွင်း အင်အား ဖြင့်ဖြစ်စေ၊ နိုင်ငံတကာ အင်အားဖြင့်ဖြစ်စေ၊ လိုက်မှီရန် အပုံကြီး ဝေးပါသေးသည်။ လိုအပ်သော ငွေကြေးကို ရနိုင်သည် ဆိုဦးတော့၊ ဤ ငွေကြေးကို မည်မျှမှန်မှန်ကန်ကန် သုံးပါမည်နည်းဟု မေးစရာများ ရှိနေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ အကျင့်ပျက်ချစားမှုမျးက သည်းသန်လှပါ၏။ သာဓကအားဖြင့် ဖေါ် ပြရမည်ဆိုပါလျှင်၊ ကွန်ကရစ်ဖြင့် တည်ဆောက်ထားခဲ့သော “ပဲပြား (beancuard)”တာတမံများသည် အပိုင်းပိုင်း ကျိုးပြတ် နေကာ၊ ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေစေလျက်ရှိသည်။ ထို့ ပြင်၊ ဗဟိုအာဏာပိုင်များနှင့် ပြည်နယ်အာဏာပိုင်များ အကြားတွင် ညှိနှိုင်း ဆောင်ရွက်မှု ညံ့ဖျင်းခြင်းကြောင့် ရေထိန်းချုပ်ရေးမှာ ပို၍ ခက်ခဲလာခဲ့သည်။ ညှိနှိုင်းဆောင်ရွက်မှု ကင်းမဲ့ ခြင်းကြောင့် အခြေအနေ ပိုဆိုးလာခဲ့ကာ၊ သိုလှောင်ထားသော  ရေ အလုံးအရင်းမှ နေ၍ ရေကြီးမှုများ ဖြစ်ပွားလာခဲ့သည်။ စီးပွားရေးလုပ်ငန်း အတော်များများမှ မန်နေဂျာများသည် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ များအား “ပြောက်ကျားစစ်” ဆင်ကြကာ၊ မိမိတို့ လုပ်ထား ခဲ့သမျှကို ရှင်းမပစ်ကြဘဲ၊ ဖုံးဖိ ထားခဲ့ကြသည်ဟုလည်း အာဏာပိုင်များက ဆိုကြသည်။
လူထုထဲမှာ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော အသိအမြင်များ ပိုရှိလာခဲ့သည်မှာ အစိုးရ၏ ထုတ်ပြန်အသိပေးမှု ကြောင့်လည်း ဖြစ်နိုင်ပါသည်။ တီယန်ဂျင်နှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ ကြီး အတော်များများ၌ ညစ်ညမ်းမှု အမျိုးအစားအချို့  ကို ထိန်းချုပ် ရာ၌ အောင်မြင်မှုများ ရနေကြောင်း သတင်းများ ပေါ်ထွက်လာခဲ့သည်။ သန့်ရှင်းသော ပတ်ဝန်းကျင်သည် နိုင်ငံ ခြားရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်ရေး အစီအစဉ်တွင် အရေးကြီးကြောင်းကို အထူးသဖြင့် ရှန်ဟိုင်း အာဏာပိုင်းများ သိထားကြသည်ဖြစ်ရာ၊ သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်  တရပ် ဖန်တီးရေးအတွက် အားတက်သရော ကြိုးပမ်းကြသည်။ အခြားမြို့ ကြီးများ ကလည်း အတိုင်းအတာ အမျိုးမျိုးဖြင့် ကြိုးပမ်းကြသည်။ အခြားမြို့ ကြီးအများစုသည် ရှန်ဟိုင်းနှင့် စာလျှင် ကြွယ်ဝမှုအလွန် နည်းသည်ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင်အတွက် ဆောင်ရွက်ရာ၌ ရှန်ဟိုင်းလောက် အရင်းအမြစ်များများ မတတ်နိုင်ကြချေ။ သဘာဝ ပတ်ဝန်းကျင် ပြဿနာမှ
 နေ၍ (ဖြစ်ပေါ်လာဖွယ်ရာ ရှိသော) ဒီမိုကရေစီရေး တိုက်ပွဲအတွက် တွန်းအားများ ဖြစ်ပေါ်လာမည်ကို တရုတ်ခေါင်းဆောင်များက စိုးရိမ်နေကြသည့် ကြားထဲကပင် တရုတ်ပြည်မှာ “အစိမ်းရောင် ” လှုပ်ရှားမှုများ ကြီးထွား လာနေလျက် ရှိသည်။
အမျိုးသမီးတဦးသည် ဒီဗွီဒီ အခွေအတုထဲမှ Erin Brockovich အမည်ရှိ ရုပ်ရှင်ကားကို ကြည့်မိရာမှ နေ၍ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ တဦးဖြစ်လာခဲ့သည်။ ထိုရုပ်ရှင်ကားသည် အမေရိကန်ပြည်၏ နာမည်ကြီး ကော်ပိုရေးရှင်းကြီးတခုမှာ ၀င်ရောက် အလုပ် လုပ်ပြီးနောက် အောင်မြင်မှု ရသွားခဲ့သော အမေရိကန် အမျိုးသမီးတဦး၏ အကြောင်းဖြစ်သည်။ ဆည်များ နှင့်ပတ်သက်သော စိုးရိမ်မကင်းစိတ်များက သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားမှုများကို ကြီးထွားစေပါသည်။ မဖြစ်မနေ နေရာရွှေ့ ပြောင်း ပေးရသော သူများအတွက် ကတိပေးထားသော နေအိမ်သစ်များနှင့် အခြား လျော်ကြေးများ မရရှိတတ်သော အဖြစ်များကို သိထားကြသဖြင့် လှုပ်ရှားသူများသည် ပို၍ တက်ကြွလာခဲ့ကြသည်။
နိဂုံးချုပ်
ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းလာခြင်းနှင့် ကာလ တာရှည်စွာ ငြိမ်းချမ်းနေခြင်းတို့ ကြောင့် တရုတ်ပြည်၏ မူလကတည်းက များပြားလှသော လူဦိးရေသည် သိသိသာသာကြီး တိုးလာခဲ့သည်။ မိသားစု စီမံကိန်းလိုအပ်ကြောင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်ချက်များသည် အောင်မြင်မှုများ သိသိသာသာ ရရှိခဲ့သည် မှန်သော်လည်း လူဦးရေ ပမာဏကို တည်ငြိမ်အောင် မလုပ်နိုင်သေးချေ၊ ဤအချက်က စီးပွားရေးကြီးထွားမှုအပေါ် သက်ရောက်နေလျှက်ရှိသည်။ တချိန်တည်းမှာပင် ပို၍ပို၍ ဦးရေ များပြား လာနေလျက်ရှိသောလူ များ၏ လူနေမှု အဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် လက်ရှိ သယံဇာတများကို တိုး၍တိုး၍ ထုတ်ယူနေရကာ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများသည် လည်း စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့သည်။  ဤအချက်များကြောင့်လည်း စီးပွားရေးကြီးထွားမှုမှာ၎င်း၊ အများပြည်သူတို့၏ အထွေထွေ ကျန်းမာရေးမှာ၎င်း ထိခိုက်ခံနေရလျက်ရှိသည်။
ကျန်းမာရေး၊ လူနေမှု အခြေအနေ၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး ကြီးထွားမှုတို့သည် တခုနှင့် တခု ပွေလီစွာ ယှက်လိမ် နေကြ ကြောင်းကို ပါတီနှင့် အစိုးရခေါင်းဆောင်များ သိကြပါသည်။ ဤအရာကိစ္စများကို တခုနှင့်တခု ညှိနှိုင်းချိန်ဆရသော အလုပ်သည် လွယ်ကူလှသော အလုပ်မဟုတ်သည့် အပြင် လူထု အမြင်အရ ဆိုလျှင် ပေါက်ကွဲမှုများ ဖြစ်လာစရာ ရှိပါသည်။ လုပ်ငန်းတာဝန်က ကြီးလေးလှသည့်အပြင်၊ လက် အောက်ခံအဖွဲ့ အစည်းများနှင့် အများပြည်သူတို့  အတိအကျလိုက်နာအောင် စွမ်းဆောင်အားကလည်း ဗဟိုအစိုးရမှာ ဆုတ်ယုတ်ကျဆင်း နေလျက်ရှိသည်ဖြစ်ရာ၊ ဤဘ၀အရည်အသွေး ဆိုင်ရာ ပြဿနာများကို အလွယ်တကူ သို့တည်းမဟုတ် မကြာမီမှာ ဖြေရှင်းနိုင်မှ ဖြေရှင်းနိုင်ပါ့မလားဟု သို့လော၊ သို့ လော တွေးစရာဖြစ်နေပါသည်။       ။
 
(ပြီးပါပြီ။)
Sunday, October 30, 2011 | 0 comments |
 လေထုညစ်ညမ်းမှုသည်လည်း ကြီးထွားလာနေ လျက်ရှိသော ပြဿနာတရပ် ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အချက်အလက်များ အရဆိုလျှင်၊ လေထု ညစ်ညမ်းမှုကို အဆိုးရွားဆုံး ခံစားနေရသော
ကမ္ဘာ့မြို့ကြီး (၁၀) အနက် (၉) မြို့သည် တရုတ်ပြည်မှ ဖြစ်သည်။ တရုတ်ပြည် စွမ်းအင် လိုအပ်ချက်၏ ၇၅% ကို ကျောက်မီးသွေးဖြင့် ဖြည့်တင်းပေးသည်။ ဤကျောက်မီးသွေးများကား အများအားဖြင့် အရည်အသွေး ညံ့ဖျင်းပြီး၊ သန့်စင်ထားခြင်းလည်း မရှိချေ။ ထို့ပြင် ခပ်နိမ့်နိမ့် ခေါင်းတိုင်များ အောက်မှ မီးရှို့ခြင်းဖြစ်သည်။ ဤသို့ဖြင့် လေထုထဲသို့ ထုတ်လွှတ်သော အညစ်အကြေး ပမာဏကို တိုးစေပါသည်။ မြို့နေ လူဦးရေ အများစုသည် အထူးသဖြင့် ဆောင်းရာသီ၌ ကြက်ညှာ ချောင်းဆိုး ရောဂါ ခံစားရလေသည်။
သဘာဝပတ်ဝန်ကျင် ပြဿနာပိုဆိုးလာနေသော တရုတ်ပြည် သဘာဝပတ်ဝန်ကျင် ပြဿနာပိုဆိုးလာနေသော တရုတ်ပြည်
မော်တော်ကား ပိုင်သူများ ပို၍ များလာခြင်းက မီးခိုးမြူ ဆိုင်းခြင်းကို ပိုဆိုးစေပါသည်။ တရုတ်ပြည်သည် ကမ္ဘာ့ ဈေးကွက်မှ အချဉ် ဓါတ် ပေါက်နေသော ရေနံရိုင်းများကို ဝယ်ယူခဲ့ခြင်းဖြစ်ရာ၊ ဤရေနံများ သည် ဈေးသက်သာသော်လည်း ကန့်ပါဝင်မှု များသည်။ ကန့်သည် လေထု ညစ်ညမ်းမှု ဖြစ်စေသော အဓိက အကြောင်းရင်း တခု ဖြစ်သည်။
(၂၀ဝ၄) ခုနှစ်၊ နွေဦးရာသီက ပြင်သစ်သမ္မတ ရှီရက် (Chirac) ၏ အလည် အပတ် လာရောက်ခြင်းကို ဂုဏ်ပြုသောအားဖြင့် စီစဉ်ထားသော လေယာဉ်ပျံသန်း စွမ်းရည်ပြပွဲကို အဆိပ်သင့် မီးခိုးမြူများကြောင့် ဖျက်သိမ်းခဲ့ရသည်။ ဤအတွက်ကြောင့် (၂၀ဝ၈) ခုနှစ်၊ အိုလံပစ် အားကစားပွဲများ ကျင်းပရေး အတွက် ကြိုတင်ပြင်ဆင်ရာ၌ မြို့တော်၏ ပိုမို သန့်ရှင်းလာသော ပတ်ဝန်းကျင်ကို ပြသရန် စိတ်ထက်သန်နေကြသော တရုတ် အာဏာပိုင်တို့ မျက်နှာပျက်ခဲ့ ရလေ သည်။ ကျောက်မီးသွေးများကို သန့်စင်ခြင်း၊ စက်ရုံ မီးခိုးခေါင်းတိုင်များကို မြင့်မြင့်ထားခြင်း၊ ပို၍ ထိရောက်သော ဘွိုင်လာအိုးများကို အသုံးပြုခြင်း၊ အမျိုးအစား ကောင်းသော ဓါတ်ဆီများကို အသုံးပြုခြင်းနှင့် စွမ်းအင်အတွက် အခြားလောင်စာ အမျိုးအစားများကို ပြောင်းသုံးခြင်းပြုရန် အကြံပြုထားသည်။ အောင်မြင်မှုများ ရခဲ့သော်လည်း နောက်ပိုင်းမှာ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ (၂၀ဝ၂) နှင့် (၂၀ဝ၃) ခုနှစ်တွင် စွမ်းအင် မလုံလောက်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပြီးနောက်၊ ကျောက်မီးသွေး လောင်စာသုံး စက်ရုံများ ပိုများလာခဲ့ရာ အက်စစ်မိုး ရွာစေသော အခိုးအငွေ့ ထုတ်လွှတ်မှုများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။
မြေဆီလွှာယိုယွင်း တိုက်စားခြင်းနှင့် သဲကန္တာရအဖြစ်သို့ ပြောင်းလဲခြင်းတို့သည်လည်း နောက်ထပ် ပြဿနာများ ဖြစ်လေသည်။ ဤပြဿနာများ၏ အဓိက အကြောင်းရင်း တခုကား သစ်တော ပြုန်းတီးမှုပင်ဖြစ်သည်။ သစ်ပင်များကို အလွန်အကျွံ ခုတ်လှဲခြင်း၊ ဆင်ခြင်တိုင်းထွာမှု မဲ့စွာ သုံးစွဲခြင်းတို့သည် သစ်ပင်ဦးရေ ဆုတ်ယုတ်စေကြောင်း၊ ရရှိသော သစ်များ၏ အရည်အသွေး ညံ့ဖျင်းစေကြောင်းနှင့် သစ်တောများ ကုန်ခမ်းသလောက် နီးနီးဖြစ်စေကြောင်း သစ်တော ဝန်ကြီးဌာနက ဆိုပါသည်။ ဝန်ကြီးဌာန သတ်မှတ်ထားသည့် (၇) နှစ် (၈) နှစ် သက်တမ်းရှိလာသည်နှင့် သစ်ပင်များကို အပြောင် ခုတ်လှဲ ကြတော့သည်။ (၁၉၉၃) ခုနှစ် အရောက်တွင် သစ်တောမြေသည် စတုရန်းမီတာ (၂) သန်း ပျော့ပျော့လောက်သာ ကျန်တော့သည်။ ဤသစ်တော အားလုံး နီးပါးလောက်သည်လည်း ဝေးလံ သီခေါင်သော အရပ်များ သို့မဟုတ် တောင်ထိပ်များမှာ ရှိနေကြခြင်း ဖြစ်သည်။ (၁၉၉၇) ခုနှစ်က စ၍ နှစ်စဉ် နွေဦးရာသီမှာ သစ်တော ပြန်လည်စိုက်ပျိုးရေး လှုပ်ရှားမှုများ လုပ်ခဲ့သည်။ စိုက်ပျိုးသော သစ်ပင် အရေအတွက်နှင့် ပတ်သက်၍ နှစ်စဉ် အစီရင်ခံစာများ တခမ်းတနား ထွက်ပေါ် လာခဲ့သော်လည်း၊ ရှင်သန်မှုနှင့် ထိန်းသိမ်းမှုနှုန်းကား နိမ့်လှလေသည်။ သဲကန္တာရများ၏ အစပ်များတွင် သစ်ပင် စိုက်ပျိုးသည် ဆိုရာ၌ စိုက်ပျိုးလိုက်သော သစ်ပင်များသည် သဘာဝ မိုးရေဖြင့် ရှင်သန်နိုင်ခြင်းရှိသည် မဟုတ်သဖြင့်၊ ရှားရှားပါးပါး မြေအောက်ရေကို စုပ်ယူကြသည်။ စုပ် ယူသောရေများသည် အရွက်များမှနေ၍ အငွေ့ပျံသွား ကုန်ကြသည်။ သစ်ပင် စိုက်ပျိုးရန်အတွက် ရေတွင်းများ တူးကြရာ၊ နဂိုက ချိုင့်ခွက်များ ထနေသော တောင်ကုန်းမြေများကို ထိခိုက်စေပြန်သည်။ ထို့ပြင် သစ်ပင်များကိုရေပေးရေး အတွက် ကောနေသော မြစ်များနှင့် အင်းအိုင်များမှ တန်ဖိုး ရှိလှသော ရေများကိုလည်း သုံးရလေသည်။ ပြန်လည် စိုက်ပျိုးထားသော သစ်တောများသည် အပင်မျိုးစိတ် တမျိုးတည်းသာ(ပေါ်ပလာ ထင်းရှူးပင်) ပါသဖြင့် ဇီဝ ထိန်းသိမ်းရေးစနစ် (bio-control mechanism) ကင်းမဲ့ လေသည်။ ဤသို့ဖြင့် သစ်တောများသည် အင်းဆက်ပိုးမွှား ဒဏ်ကို ခံရစရာ ရှိနေသည်။ လေ့လာချက် တခု၏ တွေ့ရှိချက် အရဆိုရလျှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ သစ်တော ဖုံးမြေသည် တိုင်းပြည် အကျယ်အဝန်း၏ ၁၂% မှ ၁၆% အထိသာ ရှိတော့သည်။ အမေရိကန် ပြည်ထောင်စု၊ ယခင် ဆိုဗီယက် ယူနီယံနှင့် အိန္ဒိယတို့၌မူ ၃၃ %၊ ၃၅% နှင့် ၂၆% အသီးသီး ရှိကြသည်။
အပုံကြီး ပို၍ ကြီးသော ပြဿနာ ဖြစ်လာမည့် ကိစ္စတခုကား အငြင်းပွားဖွယ်ရာ လျှိုမြောင်သုံးသွယ် (Three Gorge project) စီမံကိန်း ဖေါ်ဆောင်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ယန်စီမြစ်၏ သာယာလှပဆုံးသော မြစ်ကြောင်း တနေရာကို ဖြတ်လျက် ဧရာမ ဆည်ကြီး တစင်းကို ဆောက်လုပ် ပြီးစီး သွားလေပြီ။ အကောင်းမြင် သူတို့က ဤဆည်ကြီးသည် နှစ်စဉ် ညစ်ညမ်းမှု ကင်းသော လျှပ်စစ်ဓါတ်အား ကီလိုဝပ် (၈၄) ဘီလျံ ထုတ်လွှတ်ပေးမည်၊ မြစ်ကြောင်း တလျှောက် သယ်ယူ ပို့ဆောင်ရေး စွမ်းအား (၄) ဆ မြင့်တက်လာစေပြီး၊ သယ်ယူ ပို့ဆောင်ရေး ကုန်ကျစားရိတ် (၃)ပုံ (၁)ပုံ လျော့ကျ သွားစေမည်။ ယန်စီမြစ်ဝှမ်းမှ ရေကို အမြဲတစေ ရေရှားခဲ့သော မြောက်ပိုင်းသို့ သွယ်ပို့ပေး စေနိုင်လိမ့်မည်ဟု ဆိုကြသည်။ ဝေဖန်သူတို့ကမူ ဆည်ကြီးသည် ယန်စီမြစ်၏ အပိုင်းတပိုင်းမှာ ရေလွှမ်းမိုးမှု သက်သာစေနိုင်မည် ဖြစ်သော်လည်း အခြား အပိုင်းများမှာ ရေလွှမ်းမိုးမှု ပိုဆိုးလာစေလိမ့်မည်ဟု ဆိုကြသည်။ ဆည်ဆောက် လုပ်ရေးလုပ်ငန်းသည် မြို့ကြီး များ၊ ထောင်နှင့်ချီသော ကျေးရွာများ၊ အပြောကျယ်သော လယ်ယာမြေ အကွက်ကြီးများကို ဖြိုလှဲ တိုက်ချ သွားသည့် အပြင် ရှားပါးလှသော ဒေသပေါက် အပင်များနှင့် ဒေသနေ တိရစ္ဆာန် မျိုးများကိုပါ ပျက်စီးဆုံးပါး သွားစေခဲ့သည်။ ဆည်ကြောင့် အိုးအိမ်အခြေ ပျက်ခဲ့ရသော လူဦးရေ (၁ ဒသမ ၄) သန်းမှာလည်း ဆိုးဆိုးရွားရွား ပြဿနာကြီးများ ဖြစ်ပွားခဲ့သည်။ အိုးအိမ်အခြေ ပျက်သွားသူများအား လျော်ကြေးပေးရမည့် ယွမ်ငွေ (၂၈၉) သန်းကို အကျင့်ပျက် အရာရှိကြီးများက အလွဲသုံးစား လုပ်ခဲ့ကြောင်း (၂၀ဝ၇) ခုနှစ် စာရင်းစစ် အဖွဲ့က ဖေါ်ထုတ်ပြခဲ့သည်။ လျော်ကြေးငွေ အချို့ အဝက်ရရှိခဲ့သူများထဲမှာ ပင်လျှင် မူလနေရာထိုင်ခင်းမျိုး မရရှိနိုင်သူကများသည်။ နေရာသစ်မှာ အခြေချနေထိုင်သူများသည် ထိုနေရာသစ်များ ရှိ ဒေသခံလူများ၏ ခွဲခြား ဆက်ဆံခြင်းကိုလည်း ခံကြရလေသည်။
ဆည်ရေလွှမ်း နယ်မြေထဲတွင် အမှိုက်ပုံရာ နေရာများ၊ ညစ်ညစ်မှု ဖြစ်ပွားခဲ့သော စက်ရုံ နေရာများ၊ သင်းချိုင်းမြေများ ပါသွားခဲ့သည်။ ဤနေရာများကို ကြိုတင်၍ လောက်လောက်လားလား သန့်စင်ထားခဲ့ခြင်း မရှိချေ။ သို့ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထပ်တိုး၍ ဖြစ်ပွားစေခဲ့သည်။ ရေလွှမ်းမိုးမှု ရန်မှ ထွက်ပြေး တိမ်းရှောင်သောအားဖြင့် ကြွက်အုပ်ကြီးများက နီးရာ မြို့များဆီသို့ ပြေးဝင်ကုန်ကြသည်။ ထို့ပြင် မြေပြိုမည့် ဘေးရန်ကလည်း ကြီးလှစွာ၏။ ဆည်ပိုင်နက် နယ်မြေ၏ အစိတ်အပိုင်းဖြစ်သော ရေလှောင် ကန်ကြီး၏ ပတ်ဝန်းကျင် နယ်မြေသည် မြေဆီမြေသား မွခြင်း၊ ရေကြီးလေ့ရှိခြင်း၊ မိုးသက်မုန်တိုင်း ကျတတ်ခြင်းတည်း ဟူသော ထူးခြားချက်များရှိသည်။ ရေလှောင် ကန်ထဲရှိရေမြင့် တက်လာသည်နှင့် အမျှမြေပြိုမှု အကြိမ်နှင့် ထုထယ်သည် လည်းမြင့်တက်လာပေမည်။ ဤကဲ့သို့သော ဧရာမ ဆည်ကြီးများကို တည်ဆောက်ခြင်းအားဖြင့် အခြားနေရာ ဒေသများမှာ ဖြစ်လေ့ဖြစ်ထရှိသည့် နည်းတူပင် မြေငလျင်များ ဖြစ်ပွားလာဖွယ် ရှိသည်။ အကယ်၍ ဤသို့မဖြစ်သည့်တိုင် ဂေဟစနစ်ဆိုင်ရာ အကျိုးဆက်များက ကြီးလေးပေလိမ့်မည်။ ဤစီမံကိန်း၏ သောက်သောက်လဲ ကုန်ကျစားရိတ်(အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ သန်း) ကို အခြား လုပ်ငန်းများမှာ သည့်ထက်ပို၍ အကျိုးရှိစွာ အသုံးချနိုင်ပါသည်။  

| 0 comments |

တရုတ်ပြည်သည် ရှေးယခင် ကတည်းကပင် လူဦးရေက မြေနှင့် အရင်းအမြစ် အများအပေါ် နာနာ ဖိစီးလာ ခဲ့သော တိုင်းပြည် တစ်ပြည် ဖြစ်သည်။ အကျိုးဆက်ကား သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု သိသိသာသာ ဖြစ်ပွားခဲ့ခြင်းပင်တည်း။
လိုအက်စ်ကုန်းမြင့် (loess Plateau) သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အဆိုးရွာဆုံး ယိုယွင်းခဲ့ရာ နေရာ ဒေသအဖြစ် ယူဆရသည်။ ဤသို့ယိုယွင်းရခြင်း၏ အကြောင်းရင်း များ ကို ပိုမိုနားလည် လာခဲ့ကြသည့်တိုင် လောလောဆယ် အသက်ရှင် ရပ်တည် ရေးတိုက်ပွဲနှင့် ရင်ဆိုင်နေရသော အများပြည်သူတို့ အဖို့ အနာဂတ် မျိုးဆက်များ အပေါ် ကျရောက်မည့် ဒဏ်ခတ်မှုကို ဆင်ခြင်ခြင်း မရှိသေးချေ။
တရုတ်ပြည် ကွန်မြူနစ်ပါတီသည် အလျှင်အမြန် စက်မှုထွန်းကားရေး ရည်မှန်းချက်ကို ဦးထိပ်ပန်ဆင်လျက် အာဏာ ရရှိလာခဲ့သည် ဖြစ်ရာ။ သဘာဝပတ်ဝန်းကျင် ပြဿနာကို ဂရုစိုက် ခဲ့ပုံမရချေ။ ဆယ်စုနှစ်ပေါင်းများစွာပင်၊ ပါတီနှင့် အစိုးရ အာဏာပိုင်တို့သည် ဤပြဿနာမျိုးများ ရှိသည်ဟုပင် အသိအမှတ်ပြုဖေါ် မရခဲ့ချေ။ ဖြေရှင်းပေးဖို့ကား အပုံကြီး ပို၍ပင် ဝေးခဲ့ချေသေးသည်။ ဟိုးယခင် (၁၉၇၂) ခုနှစ်လောက်က စက်ရုံ မီးခိုးခေါင်းတိုင် ဒါဇင်ပေါင်း များစွာတို့မှ ကျပ်ခိုးများ သွန်ထုတ်နေခြင်းနှင့် ပတ်သက်၍ အနောက်တိုင်း သတင်းထောက် တစ်ယောက် က မိမိ၏ ထင်မြင်ချက်ကို ပြောပြခဲ့ရာ၌ ညစ်ညမ်းမှုသည် ပတ်ဝန်းကျင် ဘာဖြစ်ဖြစ် ဂရုမစိုက်သည့် လောဘသား အရင်းရှင်တို့၏ လက်ချက် သာဖြစ်သည်ဟု တဖက် က သူ့ကို ပြန်ပြောခဲ့သည်ဟု ဆိုသည်။ လောဘသား အရင်းရှင်တို့ မရှိတော့သည် အချိန်မှ စ၍ တရုတ်တို့ သည် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို စိုးရိမ်စရာ မရှိခဲ့တော့ချေ။
တကယ်တော့ စိုးရိမ်မှု ရှိခဲ့ရိုး အမှန်ပင် ဖြစ်သည်။ သာဓကအားဖြင့် ဖေါ် ပြရမည် ဆိုပါလျှင်၊ အကြီးအကျယ် ခုန်ပျံ ကူးပြောင်းရေး လှုပ်ရှားမှု (Great Leap Forward) ကြောင့် ဧရာမ သဘာဝ ပတ်ဝန်းကျင် ပြဿနာ ကြီးများ ဖြစ်ပွားခဲ့ကြောင်းကို လူအတော် များများက မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ (၁၉၅၈) ခုနှစ်က အိမ်ခြံတွင်း သံရည်ကျိုဖိုများတွင် သံမဏိ ထုတ်လုပ်ရာ၌ တိုင်းပြည်၏ ကျောက်မီးသွေး များကို ဘုန်းပေါလအော သုံးခဲ့ရာ၊ အချို့နယ်မြေ ဒေသများရှိ လယ်သမားများအဖို့ ဆောင်းရာသီ ဒဏ်ခံနိုင်အောင် အနွေးဓါတ်ပေးမည့် လောင်စာအတွက် သစ်တောနှင့် ချုံပင်များကို အပြောင်ရှင်းခဲ့ရသည်။ (၁၉၇၀) ခု လွန်နှစ်များအတွင်းကလည်း တိဘက်ပြည်နယ်မှာ ဘာလီအစား ဂျုံကို အစားထိုး စိုက်ပျိုးရေး ကရော်မယ် စီမံကိန်းကြောင့် မြေဆီ ခန်းခြောက်ပြီး၊ အငတ်ဘေး ဆိုက်ခဲ့ဖူးသည်။ မီးခိုလုံးကြီးများ တအူအူ ထွက်နေသော စက်ရုံများ၏ အနီးအနားတွင် နေထိုင်ကြသူများက ကျပ်ခိုးဒဏ်ကို ခံနေရကြောင်း တိုင်တန်း ခဲ့ကြသည်။
ဤပြဿနာများကို ရော၍ အခြား ပြဿနာများကိုပါ ဖြေရှင်းရန် ကြိုးပမ်းသော အားဖြင့် (၁၉၇၃) ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံတော် ကောင်စီက သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ပြည်လုံးကျွတ် ကွန်ဖရင့်တရပ် ခေါ်ဆိုခဲ့သည်၊
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အစိမ်းရောင် ရေညှိများ အဆမတန် ပေါက်ဖွားရှင်သန်ပြီး Qindao မြစ်ကို ဖုံးလွှမ်းနေစဉ်(၁၉၇၄) ခုနှစ်တွင် နိုင်ငံတော်ကောင်စီ၏ လက်အောက်၌ သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက် ရေး ရုံး (Office of Environmental Protection) ကို တည်ထောင်ခဲ့သည်။ တိုင်းပြည် အနှံ့အပြားလည်း ပြည်နယ် အဆင့် ရုံးများကို တည်ထောင်ခဲ့သည်။ နိုင်ငံတော် အဆင့် ရုံးသည် ဝန်ကြီးဌာန သို့မဟုတ် ကော်မရှင်တို့ လောက် လက်အောက်ခံရုံးများ အပေါ် အာဏာ မရှိခဲ့ချေ။ နိုင်ငံတော် အဆင့် ရုံးသည် ညှိနှိုင်းပေးခြင်း၊ စီမံကိန်း ချခြင်းတို့ကိုတော့ လုပ်နိုင်ခဲ့သည်။ သို့ရာတွင် အာဏာတည်အောင်တော့ မလုပ်နိုင်ခဲ့ချေ။ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) သည်  (၁၉၇၉) ခုနှစ်က၊  တရုတ်ပြည်သူ့ သမတနိုင်ငံ၏ ပထမဦးဆုံး သော သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဥပဒေကို အတည်ပြု ပေးခဲ့သည်။ သို့ဖြစ်သည့်တိုင် ဘဏ္ဍာငွေ ထောက်ပံရေး၊ လူအင်အားနှင့် စည်းရုံးရေးတို့တွင်မလုံလောက် မှုများ ရှိနေခဲ့ရာ၊ ဥပဒေ ပြဌာန်းချက်များ အာဏာတည်ရေးမှာ အခက်အခဲ ရှိနေခဲ့သည်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အစိမ်းရောင် ရေညှိများ အဆမတန် ပေါက်ဖွားရှင်သန်ပြီး Qindao မြစ်ကို ဖုံးလွှမ်းနေစဉ် သဘာဝ ပတ်ဝန်းကျင် ယိုယွင်းမှုသည် (၁၉၉၀) ခုနှစ် အရောက်တွင် အများပြည်သူ စိုးရိမ်ပူပန်စရာ ပြဿနာတရပ် ဖြစ်လာခဲ့ပြီး၊ ယခုလည်း ဆက်ဖြစ် နေဆဲပင်ရှိသည်။ ရေညစ်ညမ်းမှုကို တရုတ်ပြည်၏ အဓိက ပြဿနာကြီးအဖြစ် သဘောထားကြသည်။ ဤရေညစ်ညမ်းမှုသည် အများ ပြည်သူ တို့၏ ကျန်းမာရေးအဖို့ အကြီးမားဆုံး အန္တရာယ်ကြီးဖြစ်သည်။ (၂၀ဝ၅) ခုနှစ်က စ၍ တရုတ် ပြည်မကြီး၏ အကြီးဆုံးမြို့ (၆၆၉) မြို့အနက် (၄၀ဝ) ကျော်မှာ ရေ မလုံလောက် မှုဖြစ်ပွားနေခဲ့သည်။ နှစ်စဉ်လိုလိုပင် မြစ်ရေများ နိမ့်သည်ထက် နိမ့်ဆင်းလာကြောင်း သတင်း များ ကြားနေရသည်။ တရုတ်ပြည် မြောက်ပိုင်းသည် (၁၉၈၀)ခု လွန်နှစ်များကစ၍ မိုးခေါင်သည့်ဒဏ်ကို တလျှောက်လုံး ခံလာခဲ့ရသည်။
တရုတ်ပြည် မြောက်ပိုင်း၌မူ ရေကြီးမှုများ ပို၍ ဆိုးဆိုးရွားရွား ဖြစ်ပွားလာခဲ့သည်။ (၂၀၃၀) ခုနှစ် အရောက် တွင် လူဦးရေသည် (၁.၆) ဘီလီယံ ရှိလာမည်ဟု တွက်ထားရာ၊ လူတဦးချင်း အတွက် ရေရှိမှု ပမာဏသည် (၁, ၇၆၀) ကုဗမီတာသာ ရှိလိမ့်မည် ဖြစ်ပြီး၊ ကျွမ်းကျင်သူ ပညာရှင်များ သတ်မှတ်ထားသော အနိမ့်ဆုံး ပမာဏ (၁, ၇၀ဝ) ၏ အထက်မှာ သီသီလေးသာ ရှိတော့မည်။ လူတဦးချင်း အတွက် ရရှိသော လက်ရှိ ရေပမာဏ (၂, ၂၀ဝ) ကုဗမီတာ သည် ကမ္ဘာ့ ပျမ်းမျှနှုန်း၏ (၄) ပုံ (၁) ပုံမျှသာရှိသည်။ တနှစ်တာ၏ ရေရှား ရာသီများ၌ မြို့ကြီးများတွင် ရေ မလုံလောက်မှုသည် ရိုးနေသော ကိစ္စဖြစ်သည်။ စက်ရုံများတွင်လည်း ရေ မရသဖြင့် လုပ်ငန်း ရပ်ထားကြရသည်။

ဆိုးဆိုးရွားရွား ရေ ညစ်ညမ်းမှုကြောင့် သောက်၍ ရသော ရေ အကျန် နည်းရခြင်း ဖြစ်သည်။ စီးပွားရေး ကြီးထွားမှုသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို အဆတိုး နှုန်းဖြင့် ဖြစ်ပွားစေပါသည်။ ကျေးလက် နယ်မြေ ဒေသသည်လည်း ဓါတ်မြေသြဇာများ၊ အဆိပ် ပိုးသတ်ဆေးများဖြင့် ညစ်ညမ်း နေသော စိုက်ပျိုးရေး စွန့်ပစ်ရေများ၏ ဒဏ်သင့် ခံရလေသည်။ အချို့သော နယ်မြေ ဒေသများ၌ သတ္တုဓါတ်နှင့် အော်ဂဲနစ် အညစ် အကြေးများ၏ ပါဝင်မှုနှုန်း မြင့်မားခြင်းက လူသားများမှာရော၊ ရေသတ္တဝါများမှာပါ ကင်ဆာရောဂါနှင့် ပုံပျက် သန္ဓေသား မွေးဖွားမှု များကို ဖြစ်ပွားစေပါသည်။ နယ်မြေဒေသ အတော်များများ၌ ရာစုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သော သောက်ရေတွင်းများကို စွန့်ပစ်နေ ရတော့သည်။ အချို့သော မြစ်များနှင့် အင်းအိုင်များ၌ ငါးများ နေ၍မရတော့ပြီ။ ထုံ့ပိုင်း၊ ထုံ့ပိုင်းတက်လာတတ်ပြီး၊ ပင်လယ်ထွက် စားစာရာ များမှာ အဆိပ်သင့်မှု ဖြစ်ပွားစေသော “ဒီရေနီများ” က ကမ်းရိုးတန်း မြို့ကြီးများကို ခြိမ်းခြောက် နေလျက်ရှိသည်။ ညစ်ညမ်းမှု ဖြစ်ပြီးသော သောက်ရေသည် အသည်းရောင်ရောဂါ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်လာခြင်းနှင့် ဆက်စပ်နေသည်။ ရှိနေသော ရေကို ဆင်ခြင် တိုင်းထွာမှုမဲ့စွာ သုံးစွဲနေကြ ရမည် လားဟု တရုတ် ကျွမ်းကျင်သူ ပညာရှင်များက အပြစ်ဖို့ကာ၊ အိမ်ထောင်စုများ နှင့် စီးပွားရေးလုပ်ငန်း များ သုံးစွဲသော ရေ၏ ယူနစ်အလိုက် ငွေပေးဆောင်စေပါက အခြေအနေ သိသိ သာသာကြီး ပိုကောင်းလာ လိမ့်မည်ဟု အကြံပြုကြသည်။ ပင်လယ်ရေကို ရေချိုအဖြစ်သို့ ကျိုချက်ခြင်း လုပ်ငန်းကိုလည်း အကြံပြု တင်ပြ ကြသည်။ သို့ရာတွင် လောလောဆယ် အချိန်၌ ဤလုပ်ငန်းက အလွန် ငွေကုန်ကြေးကျ များသည်။
  
အလွန်ငွေကုန်ကြးကျများသော နောက်လုပ်ငန်းတကား တောင်ပိုင်းမှ မြောက်ပိုင်းသို့ ရေသွယ်ပို့ရေး စီမံကိန်း လုပ်ငန်းဖြစ်သည်။ ဤစီမံကိန်း နှင့် ပတ်သက်၍ သို့လော သို့လော တွေးစရာ အများအပြား ရှိနေသည်။ ပို့ဆောင်ပေးမည့် ရေက အလွန် ညစ်ညမ်းနေသောကြောင့် မိမိတို့ မြောက်ပိုင်းမြို့များမှာ အကျိုးရှိသည်ထက် ရေသန့်စင်ရသည့် ကုန်ကျစားရိတ်က ပိုလိမ့်မည်ဟု ရေရှားသော မြောက်ပိုင်းဒေသမှ အာဏာပိုင်များက ထောက်ပြကြသည်။ (၂၀ဝ၄) ခုနှစ်၊ နှောင်းပိုင်းရောက်ချိန်၌ ဤစီမံကိန်း အတွက် ကုန်ကျထားသည့် စားရိတ် က သတ်မှတ်ထားသော ဘတ်ဂျက်ထက် ပိုနှင့်နေပြီ ဖြစ်သည်။ သွယ်ပို့မည့် ရေသည် ရှန်ဒေါင်းမြို့သို့ (၂၀ဝ၇) ခုနှစ်တွင် ၄င်း၊ ပီကင်းမြို့သို့ (၂၀၁၀) ခုနှစ်တွင် ၄င်း ရောက်ရန်ဖြစ်သည်။
တရုတ်ပြည်၏ ကမ်းရိုးတန်းဒေသမှာ လူဦးရေ အကြီးအကျယ် တိုးမှုကြောင့် မြေပေါ်ရေ မလုံလောက်မှု ဖြစ်ပွားရခြင်း ဖြစ်သည်။ ရေ လုံလောက်ရေး အတွက် မြေအောက် ရေကို အသုံးပြုခြင်းသည် မြေပြင် နိမ့်ဆင်း မှု ဖြစ်ပွားစေပါသည်။ မြေပြင် နိမ့်ဆင်းမှုသည် နေအိမ်များ နှင့် လုပ်ငန်းများ၏ တည်ဆောက်ပုံ အနေအထား ကို ထိခိုက်စေသည့် အပြင် (အထူးသဖြင့် ပင်လယ် ရေမျက်နှာပြင်က ကြိုတွက်ထားသည့် အတိုင်း မြင့်တက် လာမည်ဆိုပါက)  ကမ်းရိုးတန်းမြို့ ကြီးများမှာ ရေကြီးခံရမည့် အန္တရာယ်ကို ပို၍ ခံရစေနိုင်ပါသည်။ မြို့ကြီးများမှာ အိမ်ယာ ဆောက်လုပ်ရေး စီမံကိန်းများ ရေးဆွဲရာ၌ ဤအချက်ကို ထည့်သွင်း စဉ်းစားရန် တရုတ် သိပ္ပံ အကယ်ဒမီ အဖွဲ့(Chinese Academy of Science) က သတိပေးထားသည်။
ရှန်ဟိုင်းမြို့၏ အလွန်အမင်း ငွေကုန်ကြေးကျ များပြီး၊ ကြွားလုံးထုတ်ရုံ သက်သက်မျှ အသစ် တည်ဆောက် ထားသော မြေအောက် သံလိုက် ဓါတ်အားသုံး ရထားလမ်းသည် ယခု နိမ့်ဆင်း နေလျက်ရှိသည်။ အီတလီနိုင်ငံ၏ ဗင်းနစ်မြို့ သည် လွန်ခဲ့သော ရာစုနှစ် အတွင်းမှာ (၂၄) စင်တီမီတာသာ နိမ့်ဆင်း ခဲ့သော် လည်း အရှေတိုင်း၏ ဗင်းနစ်ဟု ခေါ်ဆိုနေကြသော ဆူဇူမြို့(Suzhou) သည် (၁၉၅၀) ခုနှစ်များ နောက်ပိုင်း မှာ (၁.၅)မီတာ နိမ့်ဆင်း သွားခဲ့ပြီ ဖြစ်သည်။ အဓိကရ ပင်လယ်ဆိပ်ကမ်း မြို့ကြီး တမြို့ဖြစ်သော နင်းဘို (Ningbo)  မြို့သည် (၂၀၃၀)ခုနှစ် အရောက်တွင် ပင်လယ်ရေ မျက်နှာပြင်ထက် နိမ့်သွားဖွယ်ရှိသည်။ မြေပြင်ပေါ်သို့ ဆားငန်ရေတက်ခြင်းသည် မြေဆီလွှာကို ဆားငန်ဓါတ် ပေါက်စေပြီး၊ သီးနှံကိုလည်း အထွက် လျော့စေသည့် အပြင် ယိုယွင်း တိုက်စားမှုကိုလည်း ဆက်လက် ဖြစ်ပွားစေပါသည်။ ပုလဲ မြစ်ဝကျွန်းပေါ် ဒေသ၏ တည်ဆောက်ရေး လုပ်ငန်းများသည် ဒေသနေ ပြည်သူအတော်များများ အတွက် မကြုံစဖူး ကြွယ်ဝမှု များကို ဆောင်ကျဉ်းပေးခဲ့သည် မှန်သော်လည်း လွန်ခဲ့သော (၁၅) နှစ် အတွင်း တံတားများ၊ ဆိပ်ခံ ဘော တံတား များနှင့် ဆပ်ကမ်း သိုလှောင်ရုံကြီးများ တည်ဆောက်မှု ကြောင့် ဂေဟစနစ်မှာ ပျက်စီး ထိခိုက်ခဲ့ ရသည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များက တရုတ်ပြည်၏ ရေ အရင်းအမြစ်နှင့် စိုက်ပျိုးမြေ များသည် မနိုင်ဝန်ကို ထမ်းနေကြရသည်ဟု သတိပေးထားသည်။ ဂေဟစနစ်အား တရုတ်ပြည် လူ့အဖွဲ့ အစည်း. ကျားကန်ပေးမှု သည် ချိနဲ့လှပါပေသည် ဟုလည်း စိုးရိမ် ပူပန်နေကြသည်။
(ဆက်လက်ဖေါ် ပြပါမည်)

မောင်မောင်သန်း
Dreyer,June Teufel."Quality-of -life: Health, Demography, and the Environment", in China`s Political System: Modernization and Tradition(6th Edition),  New York: Pearson Longman,2008), pp.250-252 ကို ပြန်ဆိုပါသည်။
Tuesday, October 4, 2011 | 0 comments |

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေဟာ တနေ့တခြား ကြီးထွားလာနေတဲ့ သူတို့ရဲ့စွမ်းအင် လိုအပ်ချက် ပြည့်မှီအောင် ရရှိရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းလာတာကို ၂၁ ရာစု အစပိုင်း နှစ်တွေမှာ တွေ့လာရတယ်။
အဲဒီလို အင်အားကြီးထွားလာနေတဲ့ အထဲမှာ အာရှနဂါး အဖြစ်နာမည် ကြီတဲ့ တရုတ်ဟာ ကမ္ဘာ့ စီးပွားရေး နေရာမှာ နံပါတ်နှစ်ကို ရောက်ရှိလာခဲ့ပါတယ်။ စီးပွားရေး ကြီးထွားလာမှုနဲ့အတူ စွမ်းအင် လိုအပ်ချက်က လည်း ကြီးထွားးလာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ စွမ်းအင်သုံးစွဲတဲ့ နေရာမှာ ကမ္ဘာ့ နံပါတ် (၃) နေရာကိုရောက် ရှိလာခဲ့တယ်။စွမ်းအင်အတွက် လိုအပ်တဲ့ လောင်စာအများစု ကိုတော့ အရှေ့အလယ်ပိုင်းကနေ သင်္ဘောကြီးတွေနဲ့ သယ်ယူပါတယ်။
အဲဒီလို သင်္ဘေတွေနဲ့ သယ်ယူရာမှာ လမ်းခရီးရှည်လျားမှု အချိန်ကာလကြန့်ကြာမှု ငွေကြေးကုန်ကျမှု မြင့်မားခြင်းနဲ့ အန္တရာယ်ကြီးမားခြင်းတို့ဟာ ရေရှည်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အားကြီးထွားမှုကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တဲ့ အချက်ဖြစ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ အနာဂတ် လောင်စာသယ်ယူရေးကို အဓိကခြိမ်းခြောက်လာနိုင်တဲ့အချက်ကတော့ တောင်တရုတ်ပင်လယ် အတွင်းရှိတဲ့( စပရယ်တလီ) ကျွန်းစု အငြင်းပွားမှုပဲ ဖြစ်ပါတယ်။ အဲဒီကျွန်းစုတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိနေတော့ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ ဗီယက်နာမ်နိုင်ငံတွေက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေ ကြခြင်း ဖြစ်ပါတယ်။
ဒီကျွန်းစုပိုင်ဆိုင်မှုအငြင်းပွားတွေကြောင့် တခါတလေမှာ စစ်ရိပ်စစ်ငွေ့တွေ တောင်သန်းခဲ့ဘူးပါတယ်။ အငြင်းပွားမှုထဲမှာပါတဲ့ နိုင်ငံတွေကလည်းလျော့ပေးမယ့် နိုင်ငံတွေရယ်လို့ မရှိပါဘူး။
ဒါကြောင့်တရုတ်ဟာ အနာဂတ်မှာ သူရဲ့လောင်စာ သယ်ယူရာလမ်းကြောင်း လုံခြုံရေးအာမခံချက် ရှိရေးဟာ အဓိကအချက် ဖြစ်လာခဲ့ပါတယ်။ မလက္ကာရေလက်ကြား ကိုအစားထိုးမယ့် လမ်းကြောင်းသစ်များကို စတင် ရှာဖွေလာခဲ့တယ်။
ရှေးခေတ် တရုတ်နိုင်ငံထွက် ပိုးထည်းနဲ့ ကြွေထည် ပစ္စည်းတွေကို အရှေ့အလယ်ပိုင်းနဲ့ အနောက်နိုင်ငံ တွေမှာ ရောင်းချရေးအတွက် ပိုလမ်းမ (Silk Road)- မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ အာဖဂန်ကို အသုံးပြုခဲ့ ပါတယ်။
၂၁ ရာစု တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး ကအဓိက ကျသလို တရုတ်နိုင်ငံရဲ့ ကုန်တွင်းပိုင်းပြည်နယ်တွေဟာ ဆင်းရဲချမ်းသာ ကွဟမှုဒဏ်ကို အဓိကခံနေရတဲ့ ပြည်နယ်တွေဖြစ်နေတယ်။ ဒီပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှုက လည်း တရုတ်ပြည်ရဲ့ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်တယ်။ဒါကြောင်းဒီပြည်နယ် ထွက်ကုန် ပစ္စည်းတွေကို အာဖရိကနဲ့ဆင်းရဲတဲ့အနောက်အာရှ၊ အိန္ဒိသမုဒ္ဒရာ တွင်းရှိနိုင်ငံ တွေဆီ မြန်မာနိုင်ငံကိုဖြတ်ပြီး အနောက်ဖက် ရခိုင်ပြည်၊ ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် ဖြန့်ဖြူးလိုတယ်။
ရခိုင်ပြည်ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံ ယူနနပြည်နယ်ထိ တည် ဆောက်နေတဲ့ရေနံပိုက်လိုင်း စီမံကိန်းဟာ တရုတ်အစိုးရရဲ့ သားရွေအိုးထမ်းလာတဲ့အစီအစဉ်ဘဲ ဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ စွမ်းအင် လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း၊ အာဖရိကနိုင်ငံ တွေဆီက ရေနံတင် သင်္ဘေကြီးတွေနဲ့ အိန္ဒိယသမုဒ္ဒရာ ကိုဖြတ်ပြီး မလက္ကာရေလက်ကြားကတဆင့် တောင် တရုတ် ပင်လယ် ဆိပ်ကမ်းမြို့တွေဆီကို သယ်ယူရပါတယ်။
အဲဒီခရီးရဲ့ အကွာအဝေးဟာ မိုင်ပေါင်း ၃၀၀၀ ကျော် ခရီးရှိပါတယ်။ မိုင်ပေါင်းသုံးထောင်ခရီး အန္တရာယ် ရောပြွန်းနေတဲ့ မလက္ကာရေလက်ကြား ကိုရှောင်ရှားပြီး လမ်းခရီးတိုတို အချိန်တိုတိုနဲ့ စရိတ်သက်သာစွာနဲ့ ခေတ်သစ်ပိုးလမ်းမကို ဖောက်လုပ်လိုက်တာဟာ တရုတ်နိုင်ရဲ့ အနာဂတ်စွမ်းအင် ဖူလုံမှုအတွက် အောင်မြင်မှုကြီးတခု ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆင်းရဲတဲ့ပြည်နယ်ရှိ စက်မှုလုပ်ငန်းတွေရဲ့ လောင်စာလိုအပ်ချက်ကို ရခိုင်ပြည်က ထွက်လာမယ့် ရေနံနဲ့သဘာဝ ဓာတ်ငွေ့တွေက နှစ်ပေါင်းသုံးဆယ် အထိ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်။
တရုတ်အစိုးဟာ သူ့နိုင်ငံရဲ့ လောင်စာဖူလုံရေးအတွက် ခေတ်သစ်ပိုးလမ်းမနှစ်ခုကို စဉ်းစာခဲ့တယ်။ ရခိုင်ပြည် ကျောက်ဖြုရေနက်ဆိပ်ကမ်းနဲ့ ယူနန် ပြည်နယ်ထိ သွယ်ယူမယ့် ရေနံပိုက်လိုင်း။ နောက်တစ်ခုက ပါကစ္စတန် အာရေဘီးယားပင်လယ် ကမ်းခြေရှိ ဂွန်ဒါ ရေနက်ဆိပ်ကမ်းနဲ့ ပါကစ္စတန်ကို ဖြတ်ပြီး ဖောက်လုပ် မည့် ရေနံပိုက်လိုင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဂွန်ဒါရေနက်ဆိပ်ကမ်းဟာ မူဆလင် စစ်သွေးကြွ တိုင်းရင်းသားတွေ ကြီးစိုးတဲ့နယ်မြေ ဖြစ်တာကြောင့် ရေနံပိုက်လိုင်းတည် ဆောက်မှုကို စွန့်လွှတ်ခဲ့ပါတယ်။တရုတ်အစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုက မဟာဗျူဟာမြောက် အရေးပါနေတယ်။ ဒီနှစ်အတွင်းတက်လာတဲ့ သတင်းတွေအရ တရုတ်လူမျိုးတွေ ကျောက်ဖြူမြို့နယ်အတွင်းမှာ မြေဧကပေါင်း မြောက်မြားစွာဝယ်ယူပြီး ရင်းနှီး မြုတ်နှံနေပါတယ်။ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် မဟာစီမံကိန်းတွေပဲ ဖြစ်ပါတယ်။သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းအရ ဆိုရင် တရုတ်အစိုးရဟာ မူဆယ်ကနေ ကျောက်ဖြူရေနက် ဆိပ်ကမ်းအထိ မိုင် ၅၀၀ ကျော် ရှည်လျားမယ့် လျပ်စစ်မီးရထားလမ်းကို ဒီနှစ် အကုန်မှာ စတင်ဖေါက်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမယ့် စီမံကိန်းဟာ ဧရာဝတီ မြစ်ပေါ်မှာ ဆောက်လုပ်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းထက် အဆ ၁၀ ပိုကြီးပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြုတ်နှံတဲ့ အထဲမှာ အကြီးမား ဆုံးစီမံကိန်းအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စီမံကိန်းတခုထဲမှာ အဲဒီလောက်ငွေကြေး အမြောက်အမြားရင်းနှီးမြှုတ်နှံတာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရင်းနှီးမြှုတ်နှံမှု ဖြစ်ပါတယ်။ အဲဒီလောက်ပမာဏ များပြားတဲ့ ရင်းနှီးမှုကို ကြည့်ရင် တရုတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ မဟာဗျူဟာ ရေးဆွဲသူတွေက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဘယ်အထိမျှော်မှန်းချက် ဆိုတာ သိသာလှပါတယ်။ ဒီလိုရင်းနှီးမြှုတ်နှံတာ အချက်အများအပြား ရှိနိုင်ပါတယ်။ အချက်နှစ်ချက်က ပထ၀ီအနေအထားအရ အချက်အခြာကျမှုနဲ့ လာမယ့်နှစ် ၂၀ အတွင်းမှာ မြန်မာနိုင်ငံရေး အပြောင်းအလဲ မရှိနိုင်ဘူးဆိုတာ တရုတ်ခေါင်းဆောင်တွေ သုံးသတ်ထားပုံရတယ်။ တနည်း အားဖြင့် နှစ်၂၀ အတွင်းမှာ တရုတ်သြဇာလွမ်းမိုးမှုကို အံတုမယ့် ခေါင်းဆောင်မရှိနိုင်ဘူးဆိုတဲ့ သဘောပါ။ ဘယ် ကော်ပေါ်ရိတ်ကြီးမဆို ကြီးမားတဲ့ ရင်းနှီး မြှုတ်နှံမှုလုပ်တော့မယ် ဆိုရင် အဲဒီ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်လေ့ ရှိပါတယ်။ တနည်းအားဖြင့် ဒီနေ့ စစ်ခေါင်းဆောင်တွေ နောက်နှစ် ၂၀ ထိ အာဏာကို ဆက်ထိမ်းထားနိုင်တယ်ဆိုတဲ့ သဘောလည်းပါတယ်။
တရုတ်သမိုင်းထဲမှာ အရေးပါဆုံးဖြစ်တဲ့ မဟာတံတိုင်းတည်ဆောက်မှုကို ဘီစီ ၅ ရာစုမှာ စတင်ခဲ့ပါတယ်။ မဟာတံတိုင်း ဆောက်ရတဲ့ အဓိကအကြောင်းရင်က အနောက်ဘက်ဒေသက တရုတ်ပြည်ထဲကို မကြာခဏ ကျူးကျော်နေတဲ့ နော်မက် ( Nomad) လူမျိုးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ဒီတံတိုင်းရဲ့ ရည်ရွယ်ချက်က တရုတ်ပြည်ကြီး လုံခြုံရေးဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အဲဒီလောက် ကြီးမားတဲ့ အဆောက်အဦကို ဘယ်လူမျိုးမှ တည်ဆောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
မြန်မာ့နယ်မြေကို ဖြတ်ပြီးဖောက်လုပ်မယ့် ရေနံပိုက်လိုင်း၊ လျပ်စစ်ရထားလမ်းနဲ့ ကျောက်ဖြူရေနယ် ဆိပ်ကမ်းတွေကတော့ မော်စီတုန်းတည်ထောင်ခဲ့တဲ့ တရုတ်အင်ပါယာကြီးအတွက် ၂၁ ရာစု စွမ်းအင် လုံခြုံ ရေး၊ တရုတ်ထွက်ကုန်ပစ္စည်းတွေ အာဖရိက၊ အာရှဒေသတွေမှာ အင်အားကြီးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်တဲ့ အခါ အသာစီးရရေးနဲ့ တရုတ်ရေတပ် အနေနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်အင်အားကို ထိမ်းထားရေးတို့ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လှရွေ
စာရေးသူသည် ရခိုင်သတင်းစဉ် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရခိုင်ပြည် အမျိုးသားကောင်စီ နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရုံးတွင် လက်ထောက် ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မဲဆောက်မြို့ CDC အထက်တန်းကျောင်း Post Ten တွင် သမိုင်းသာသာရပ် သင်ကြားလျက် ရှိသည်။
Thursday, September 29, 2011 | 1 comments |
ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အခြာဒေသမှာ ချင်းတွင်းမြစ်ဖျား နှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတ၀ိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃ံ ၃၇' နှင့် ၂၈ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၆ံ နှင့် ၉၈ံ ၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကချင်လူမျိုး ဦးရေမှာ ၁၅၃၀၀၀ ကျော် ရှိသည်။ ထိုအရေအတွက်တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သော ဒေသများလည်း ရှိခဲ့သည်။ ကချင်ပြည်နယ်တွင် မူလ အရင်းခံ နေထိုင်ခဲ့ကြသော စုစုပေါင်းလူမျိုး ၆ မျိုးပေါင်းကာ ကချင်လူမျိုး ဟုခေါ်ဆိုသည်။ ၄င်းလူမျိုး ၆မျိုးမှာ ဂျိမ်းဖော၊ လီဆူး၊ ဇိုင်ဝါ၊ လောေ်ဝါ်၊ လချိပ် နှင့် ရဝမ် လူမျိုးတို့ ဖြစ်ကြသည်။

ကချင်တို့၏ မူလဇစ်မြစ်

ကချင်လူမျိုးတို့မှာ တိဗက် - မြန်မာ အနွယ်ဝင်များ ဖြစ်ကြ၍ မြန်မာလူမျိုးတို့နှင့် ဘိုးစဉ် ဘောင်ဆက်မှစ၍ မျိုးရိုး တစ်ခုတည်း ဆင်းသက်လာခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ဂရဘုံ ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပါယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ်(မကြာမှီက ငလျင်အပြင်းအထန်လှုပ်ခဲ့သည့်ဒေသ) အကြားရှိ ကုန်းမြင့်ဒေသပင် ဖြစ်ဟန်တူပေသည်။

ရွှေ့ပြောင်းနေထိုင်လာပုံ

ကချင်မျိုးနွယ်တို့သည် တိဗက်တိုဘားမန်း(တိဗက်မြန်မာ)အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းသို့ နောက်အကျဆုံး ၀င်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာအများစုကဲ့သို့ အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဖက် စစ်ကိုင်းတိုင်း အနောက်ဖက် ဒေသများမှ ၀င်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဖက်စူစူးမှ ၀င်ရောက် လာသည်ဟုဆိုကြပါသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများဆိုသလိုကွဲပြားခဲ့ကြရပါသည်။ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ် ၊ မြန်မာ ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတ၀ိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင် သာသည့်အလျှောက် တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း  မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ ပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့ ၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၎င်း ၊ အနောက်တောင်ဘက် ဒရုချက်သို့၎င်း ၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ် ၊ တြိဂံနယ် အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။

အမည်

ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျင်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ လူတစ်ယောက် ဟု အဓိပ္ပါယ် ရှိသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ယေဂျင် ” ဟု ခေါ်ကြသည်။ အဓိပ္ပါယ်မှာ “ လူရိုင်း ” ဟု ရရှိသည်။ ယဉ်ကျေးသော နောက်ထပ် တရုတ်တို့၏ အခေါ်အဝေါ်တစ်ခုမှာ “ ရှန်ထို ” ဟု ဖြစ်သည်။ တောင်ထိပ်သား ဟု အဓိပ္ပါယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံန၀ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။

ကချင် အုပ်စုကွဲများ

ဂျင်းဖောဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို ဂျင်းဖောဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခု ” ဟု ခေါ်ကြသည်။ ခခု ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပါယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ၀ချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ၀ချက်ဝမှာ သားငါးဦး ရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆို ရှိသည်။ 
ထိုသူတို့မှာ မရစ် လထော လဖိုင် အင်ခုမ် နှင့် မရမ် တို့ ဖြစ်ကြသည်။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကြသော မရစ်အုပ်စုမှာ ၄င်းတို့ လူမျိုးစုထဲတွင် ၀ါအရင့်ဆုံး ဖြစ်၍ လဖိုင်အုပ်စုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု (၅) စုတို့သည် ရှေးယခင်အခါက လူမျိုးချင်း ရောယှက်ကာ အတူတကွ နေထိုင်လေ့ ရှိခဲ့ကြသည်။ အဆိုပါ အုပ်စုကြီး (၅) ခုအပြင် ဖခင်ကြီး ၀ချက်ဝ၏ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဆိုသော အခြား လူမျိုးအုပ်စု (၁၅) လည်း ရှိသေးသော်လည်း ထင်ရှားခြင်း မရှိကြချေ။

ဓလေ့ထုံးစံများ

ကချင်လူမျိုးတို့သည် အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သော လူမျိုးများ ဖြစ်ကြသည်။ ကျေးရွာများတွင် ဒုမ်ခဆိုသော နတ်ဆရာမှာ အထူးအရေးပါ အရာရောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ မင်္ဂလာဆောင်သော အခါတွင်၎င်း ၊ တစ်စုံတစ်ယောက် သေဆုံး၍ သဂြိုံဟ်မည့်အခါတွင်၎င်း ဒုမ်ခ နတ်ဆရာက ညွှန်ပြ ရှေ့ဆောင်ရသည်။ ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလိုင်း ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလိုင်းကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း ၊ သာရေးနာရေး ကိစ္စများ၌ ဦးဆောင်ကြလေသည်။ ဒူးဝါးဟုခေါ်သော အကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကြသည်။ ကိုလိုနီခေတ်တွင် တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလိုင်း နှင့် ဒူးဝါးတို့ ကြားတွင် ရှိလေသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူးဝါးတို့ကို ဆက်သွယ်ပေးရသူ ဖြစ်သည်။ ကချင်လူမျိုးတို့တွင် မူရင်းစာပေ မရှိကြချေ။ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များက ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့ကြသည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍ မဖြစ်သောအခေါ်အဝေါ်များကို မြန်မာစကားဖြင့်၎င်း ၊ ရှမ်းစကားဖြင့်၎င်း ခေါ်ဝေါ်ကြသည်။

အဆိုအကနှင့် တူရိယာများ

ကချင်လူမျိုးများသည် ကခုတ်ခြင်း ၊ သီဆိုခြင်းများတွင် အထူး ၀ါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာ ပွဲများတွင်၎င်း ၊ အသုဘကြုံသည့် အခါတွင်၎င်း ၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့် မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေး ယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီး တစ်ခုမှာ “ မနောပွဲ” ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း ၊ လင်းကွင်း ၊ ဗုံရှည် နှင့် ပလွေတို့ကို တီးမှုတ်လေ့ရှိသည်။

မနောပွဲ

မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ ပွဲတော်ကျင်းထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို ဇန်န၀ါရီလ တွင် ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများဝတ်ဆင်ထားသော ကချင်အမျိုးသား အမျိုးသမီး တို့သည် မတ်တပ်ရပ်၍ လှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။

ဘာသာ

ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀၀ကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြ သည့်တိုင် မနောတိုင် မှာထင်ရှားသည့်ရိုးရာအမှတ်အသားအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။

အယူဝါဒ

ကချင်လူမျိုးများ သေလျှင် သူတို့ သချိုံင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သချိုံင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ၀ိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ၀ိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး ၊ လှံ ၊ သေနတ်နှင့် အ၀တ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။

စာပေ

ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြု ရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် အင်္ဂလိပ်အက္ခရာများအသုံး ပြုပြီး တီထွင်ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင် စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုရမ်ဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့် ပုံနှိုပ်တိုက်လည်းတည်ရှိသည်။
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။

| 0 comments | Labels:

မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်ကဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာ ကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကျွက်ကျွက် ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာ ပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ် ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ် နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန် ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊ အခုအချိန်ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲ တခုဆီ ရွေ့လျားရမည့် အချိန်ပါပဲ၊ သူတို့ဘယ်လို ရပ်တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကို လက်ခံပြီး ဒီမကောင်းဆိုးဝါးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား? ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုး  စီးပွါးကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက်ဆောက်စေ မှာလား? ပြည်သူလူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ပို၍သိချင်နေချိန်မှာ တွေ့ နေရတာကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များရဲ့ မစားရ ဝခမန်း ပြောနေတဲ့ ဆည်ကြီးကြောင့် ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊ သမ္မတကြီး ဦးသိန်းစိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့လက်အောက် ခံ ဖြစ်စေတော့မှာလား?

(၁) အစော်ကားခံရတဲ့ ကချင်ပြည်သူများ
ကချင်ပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်းထန်လှတာ လွန်ခဲ့တဲ့ နှစ်များကထဲကနေ အခုအချိန်အထိပါ၊ ဒါပေမည့် တရုတ်အာဏာပိုင်တွေက ကချင်ပြည်သူများက မြစ်ဆုံဆည် နဲ့ အခြားဆည်ကြီးများ ကချင်ပြည်နယ်တွင်းမှာ တည်ဆောက်တာကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုထောက်ခံကြတယ်လို့ လိမ်ညာကြွေးကြော်ကြပါတယ်။ ဟိုးဝါးဒူးဝါး ဇော်ဂမ် ဆိုတာ မြစ်ကြီးနားမှာနေတဲ့ အများကြည်ညိုလေးစားတဲ့ ကချင်ခေါင်းဆောင် တယောက် ပါ။ သူက တရုတ်အစိုးရက ဒီဆည်ကြီးတွေ ဆောက်တာမှာ ရယ်ရွယ်ချက်နှစ်ခုရှိတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်၊ သူက ဒီလိုပြော ပါတယ်၊ “ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က ရေအားလျှပ် စစ် ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာ ကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့
ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီ သေဖို့ ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တ သီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးကများနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါ တယ်။” ဒူးဝါးဇော်ဂမ်ဟာ သူ့ဘဝ သက်တမ်းမှာ ဆည်တွေကျိုးပေါက်လို့ မြစ်ကြီးနားမြို့ကြီး ရေလွှမ်းခံရတာ အကြိမ်ကြိမ် ကြုံဖူးခဲ့သူပါ၊ သူအတွက်တော့ မြစ်ကြီးနားမြို့နဲ့ ၁၈ မိုင်လောက်အကွာမှာ တည်ရှိမည့် အထပ် ၅၀ အဆောက်အအုံ တခု လောက်မြင့်မားမည့် မြစ်ဆုံဆည်ကြီးဟာ အချိန်မရွေးပေါက်ကွဲမည့် ဗုံးအကြီးကြီးတခုပါပဲ၊ ကချင်ပြည်သူတွေ ဟာ ဒီဆည် ကြီးတွေ ငလျင်နဲ့ မိုးသည်းထန်ခြင်း စတဲ့သဘာဝဘေးရန်ကြောင့်ဖြစ်စေ၊ လူသားရဲ့အမှား ချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ ပြိုကျပျက်ဆီးပြီး သူတို့ရဲ့ မြို့၊ ရွာတွေ ရေလွှမ်းဖျက်ဆီးခံရမှာကို ကြောက်ရွံ့ စိတ်နဲ့ ရှင်သန်နေကြရမှာပါ၊ ဒါကြောင့်လဲ ၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရတို့ ကချင်ပြည်နယ်အတွင်းမှာ ဆည်ကြီး ၇ ခုဆောက်ဖို့ သဘော တူလိုက်ကြတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း ဒူးဝါးဇော်ဂမ်နဲ့ ကခြားကချင်ခေါင်းဆောင် ၁၁ ဦးဟာ မြန်မာစစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာတစောင် လက်မှတ်ရေးထိုးပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ သူတို့ချည်းပဲ လားဆိုတော့ မဟုတ်ပါဘူး။ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေ၊ မြန်မာနိုင်ငံ တဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ တရုတ် နဲ့မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့၊ တောင်းဆိုနေကြတာ ၂၀၀၇ ခုနှစ်ကတဲကပါ၊ ဒါပေမည့် တရုတ်အစိုးရကတော့ ဒီအသံတွေကို လုံးလုံးလျားလျား မျက် ကွယ်ပြုပြီး ဆည်တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားပုံရပါတယ်။
စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၁ မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့ ပါတ်သက်ပြီးအလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၁) ကို  နေပြည်တော်မှာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ပြီး ဒီစီမံကိန်းနဲ့ပါတ်သက်နေတဲ့ ဝန်ကြီး ဌာနများ၊ ပညာရှင်များ၊ တရုတ်အစိုးရ ကုမ္ပဏီကိုယ်စားလှယ်များက မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ပါတ်သက်ပြီး စာ တမ်းတွေ တင်သွင်းခဲ့ကြပါတယ်၊ အဲဒီဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်က CPI Yunnan International Power Investment Co., Ltd (CPIYN) ရဲ့  ဥက္ကဌ မစ္စတာ လီ (Mr. Li Guanghua) တက်ရောက်ပြီး “ဧရာဝတီမြစ်ဝှမ်းဒေသ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခြင်း သည် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားလုပ်ငန်းများအတွက် မဟာဗျူဟာကျ သော ရွေးချယ်မှုဖြစ်သည်” (Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry) လို့ ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၃၀ ရှိတဲ့ စာတမ်းတစောင်ကို တင်သွင်းခဲ့ပါတယ်။
အဲဒီစာတမ်းမှာ မစ္စတာလီ က “ကချင်လူမျိုးများသည် မြစ်ဆုံဆည်ဆောက်လုပ်ရေးလုပ်ငန်းကို ထောက်ခံကြ သည်” လို့ တင်ပြသွားပါတယ်၊ သူက ဒီလိုပြောပါတယ်၊ စီမံကိန်းနဲ့ပါတ်သက်ပြီး လေ့လာသုံးသပ်တဲ့ အဖွဲ့ အစည်းတွေဟာ မတူညီတဲ့ ဘာသာတရား၊ ဘဝ၊ လူမျိုးစု၊ ပညာရေး နောက်ခံအသီးသီးက ဒေသခံပြည်သူ တွေကိုသူတို့ရဲ့ သဘောထားစစ်တမ်းတွေ ကို ကောက်ခံခဲ့ပါတယ် တဲ့၊ အဲဒီစစ်တမ်းတွေအရ သဘောထား ပေးသူပေါင်းရဲ့ ၈၀ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ် စီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဝင်ငွေမြင့်မားမှုတွေ ဖန်တီးပေးလိမ့်မယ် လို့ ယုံကြည်ကြပါသတဲ့၊ ၆၂ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွါးရေး ကို သိသိ သာသာမြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊ ပြီးတော့ သဘောထားပေးသူအများစုက နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ စီမံကိန်းဆောင်ရွက်မှုများကို ထောက်ခံကြပါသတဲ့၊ မလွဲမရှောင်သာ ၁၄ ရာခိုင်နှုံးလောက်က မထောက်ခံ ကြောင်းပြောရာမှာတောင်မှ မစ္စတာလီ က အဲဒီလူတွေဟာ စီမံကိန်းဒေသ မြစ်ဆုံကနေ ပထမဆုံး ရွှေ့ပြောင်းပေးရမည့် တန်ဖဲကျေးရွာက ဖြစ်ပြီး ဒီစီမံကိန်း ကောင်းကြောင်းကိုအသေအချာ နားမလည်ကြလို့ ဖြစ်တယ်လို့ ဆင်ခြေပေးပါသေးတယ်။
အဲဒီ စစ်တမ်းတွေကို ဘယ်တုံးက၊ ဘယ်သူတွေက၊ ဘယ်သူတွေကို၊ ဘယ်မှာ၊ ဘယ်လိုရှင်းပြပြီး ကောက်ယူ ခဲ့တယ်ဆို တာတော့ သူက ရှင်းမပြပါဘူး၊ ကချင်လူမျိုးများက ဆည်တည်ဆောက်ရေးစီမံကိန်းများကို ထောက်ခံကြတယ်လို့ သူ အရှင်းဆုံးနဲ့ မောက်မောက်မာမာ ကြွေးကြော်လိုက်တာကတော့ ဒီမြစ်ဆုံဆည် ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ နည်းလမ်း ပေါင်းစုံနဲ့ တစိုက်မတ်မတ်တောင်းဆိုနေကြတဲ့ ကချင်ပြည်သူများ ကို အကြီးအကျယ်စော်ကားလိုက်တာပါပဲ။

(၂) မြန်မာပညာရှင်များ၏ကန့်ကွက်ချက်ကို မျက်ကွယ်ပြုခြင်း
မစ္စတာ လီ ကပြောပါသေးတယ်၊ သူတို့ ကုမ္ပဏီဟာ ပါတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရုစိုက်ပါတယ် တဲ့၊ ဒါပေမည့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့၊ သူတို့ရဲ့ ဆည်စီမံကိန်းကို မထောက်ခံ တဲ့၊ မြန်မာပညာရှင်များတင်ပြတဲ့၊ ပါတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာကို လုံးဝလျစ်လျူရှုထားတာ တွေ့ရပါတယ်၊သူ့အဆိုအရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ CPI ကငှါးရမ်းထားတဲ့ တရုတ်၊ မြန်မာပညာရှင် အယောက် ၁၀၀ ကျော်ဟာ ဧရာဝတီမြစ်ဖျားက မြစ်ဆုံ နေရာတဝိုက်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ ၆လ ကျော်ဆောင်ရွက်ခဲ့ပါတယ်တဲ့၊ မြန် မာပညာရှင်တွေက BANCA  လို့ခေါ်တဲ့ Biodiversity And Nature Conservation Association ကဖြစ်ပြီး တရုတ်ပညာရှင်တွေ ကတော့ CISPDR လို့အတိုကောက်ခေါ်တဲ့ Changjiang Institute of Survey, Planning, Design and Research  ကဖြစ်ပါတယ်။ အဲဒီပညာရှင်တွေဟာ ကွင်းဆင်းစစ်ဆေးမှုတွေပြီးတဲ့နောက် အပြန်အလှန်ဆွေးနွေးမှုတွေကို ၂၀၀၉ ခု ဇွန်လ နဲ့ စက်တင်ဘာလအတွင်း မြစ်ကြီးနား၊ ဝူဟန်နဲ့ အခြားနေရာတွေမှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါ တယ်တဲ့၊ အဲ ဒီနောက် ၂၀၁၀ ခုနှစ် မတ်လမှာ CISPDR  က ဧရာဝတီမြစ်ဖျားက ဆည်တည်ဆောက်ရေး လုပ်ငန်းများကြောင့် ပတ်ဝန်း ကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်အစီရင်ခံစာ (Environmental Impact Assessment) (EIA)  ကို CPI ထံ တင်ပြပါ တယ်တဲ့၊ အဲဒီ CISPDR   ကတင်သွင်းတဲ့ EIA က ဆည် တည်ဆောက်ရေးလုပ်ငန်းကို ပါတ်ဝန်းကျင်ထိခိုက်မှု အနည်းအ ကျဉ်းသာရှိလို့ လုပ်သင့်ကြောင်း ထောက်ခံတင်ပြပါသတဲ့၊ ဒါပေမည့် မစ္စတာ လီ က မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့အကြံပြုတဲ့ မြန်မာပညာရှင်များ BANCA ကတင်ပြတဲ့ EIA ကိုတော့ လုံးဝကိုးကားခြင်း မရှိခဲ့ပါ။
အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာပဲ BANCA ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာထင်လှ ကလဲ စာတမ်းတစောင် တင်သွင်း ပါတယ်၊ သူ့ စာတမ်းကနေ မစ္စတာ လီ နဲ့မတူတဲ့၊ ပိုပြီးမှန်တဲ့အချက်အလက်တွေကို သိခွင့်ရလိုက်ပါတယ်၊ ကွင်းဆင်းစစ်ဆေးတဲ့ ပညာရှင် ၁၀၀ ကျော်ဆိုပေမည့် BANCA က မြန်မာပညာရှင်ပေါင်းက ၈၄ ယောက် ပါဝင်တာမို့ တရုတ်ပညာရှင်များရဲ့ အ ရေအတွက်က ၃၀ ကျော် ၄၀ လောက်ပဲရှိမယ်လို့ နားလည်ရပါတယ်၊ မြစ်ကြီးနားတဝိုက်က ဆည်ဆောက်ဖို့ ရည်ရွယ်တဲ့ နေရာများမှာ စုံစမ်းစစ်ဆေးဖို့ အချိန် ၇ လ သတ်မှတ်ထားပေမဲ့ တရုတ်ပညာရှင်များဘက်က အကန့်အသတ်တွေ ကြောင့် ၂၀၀၉ ခု ဇန်နဝါရီ လလယ်ကနေ ဇွန်လအထိ ၅ လပဲ စစ်ဆေးချိန်ရပါသတဲ့၊ ပြီးတော့ BANCA  က မြန်မာပညာ ရှင်များဟာ မြန်မာနဲ့ တရုတ် အစိုးရအကြားချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ၊ နားလည်မှု စာချွန်လွှာများကိုလဲ လေ့လာခွင့် မရရှိခဲ့ပါတဲ့၊ ပူးတွဲကွင်းဆင်းစစ်ဆေးမှု ပြီးတဲ့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ မြန်မာပညာရှင်များက EIA 
အစီရင်ခံစာမူကြမ်းကို CPI ထံ တင်ပြခဲ့ပြီး ၂၀၁၀ ခု၊ မတ်လမှာ အပြီးသတ်အစီရင်ခံစာကို CPI ထံ တင်သွင်း ခဲ့တယ်လို့ သိ ရပါတယ်။
BANCA ရဲ့အစီရင်ခံစာထဲမှာ မြန်မာပညာရှင်များက တရုတ်အာဏာပိုင်များကို “မြစ်ဆုံဟာ ကချင် တိုင်းရင်း သားများအတွက်ရော၊ မြန်မာနိုင်ငံသားများ အားလုံးအတွက်ပါ အင်မတန်ကြီးမားလှတဲ့ ယဉ်ကျေးမှု အမွေ အနှစ်ကြီး ဖြစ်တာမို့ မြစ်ဆုံ ဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့” အကြံပြုထားပါတယ်၊ ပြီးတော့လဲ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့အတွက် က ချင်ပြည်နယ်အတွင်းမှာ  အဆင့်ဆင့်ထပ်ပြီးတည်ဆောက်မည့် အကြီးစားနဲ့ အလတ်စား ဆည်ကြီးများဟာ ဧရာဝတီမြစ် ကြီးရဲ့ ဖွဲ့စည်းမှု၊ ရေနေသတ္တဝါများ၊ ဇီဝဗေဒ နဲ့ စိုက်ပျိုးမြေများအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံသားများအားလုံးရဲ့ ဘဝတွေကို ကြီးမားစွာ ထိခိုက်စေမှာ သေချာသလောက် ရှိပါတယ်” လို့ ရှင်းပြထားပါ တယ်၊ ဒါကြောင့်လဲ BANCA ပညာရှင်များက CPI ကို “မြစ်ဆုံဆည်ဆောက်လုပ်ရေးကို စွန့်လွှတ်ပြီး ယင်းဆည်ကြီးအစား မြစ်ဆုံ ရဲ့ အထက်ဖက် မေခနဲ့ မလိခ မြစ်နှစ်စင်းပေါ်က သင့်တော်မည့် နေရာ ၂ခုမှာ အသေးစား ဆည်နှစ်ခု အစားထိုးဆောက်လုပ်ဖို့” အကြံပြုထားပါတယ်။
မြန်မာပညာရှင်များရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို တရုတ်အာဏာပိုင်များ စိတ်ကြိုက်မတွေ့တာ ထင်ရှားပါတယ်။ BANCA    က အာဏာပိုင်များကို ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများကို အတည်ပြု ကြောင်း မဆုံးဖြတ်ခင် သိပံ္ပနည်းကျ လူမှုဘဝထိခိုက်မှုဆိုင်ရာ လေ့လာသုံးသပ် ချက်တွေကို အရည်အချင်း ပြည့်ဝတဲ့ လူ မှုရေးသိပံ္ပပညာရှင်များနဲ့ ဆောင်ရွက်သင့်ကြောင်း အကြံပြုသလို ဆည်များဆောက်လုပ်ခြင်းကြောင့် ဖြစ် ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး အလားအလာ တွေကို စီမံကိန်းတွေကို အတည်မပြုခင် သေသေချာချာ မျှမျှတတ သုံးသပ်ဖို့ အ လေးအနက်တိုက်တွန်း ထားပါ သေးတယ်၊ ဒါပေမည့်လဲ မြန်မာပညာရှင်များရဲ့ တာဝန်သိသိတင်ပြမှုတွေကို တရုတ်အာဏာပိုင်များက အလွယ်တကူပဲ အမှိုက်ပုံထဲ လွှတ်ပစ်လိုက်ကြပါတယ်၊ အဲဒီနောက် သူတို့ရဲ့ တရုတ်ပညာရှင်များကတင် သွင်းတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို ထောက်ခံတဲ့ EIA အစီရင်ခံစာကိုသာ မြန်မာအာဏာပိုင်များထံ တရုတ်ပညာ ရှင်များနဲ့ မြန်မာပညာရှင်များ ပူးတွဲရေးသားတဲ့ အစီရင်ခံစာအဖြစ်တင်ပြပြီး ဆောက်လုပ်ခွင့် ရယူခဲ့တယ်လို့ ယူဆရပါ တယ်၊ ဒီလိုနဲ့ မြစ်ဆုံဆည်နဲ့တကွ အခြားဆည်ကြီးများကို ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ခုနှစ်ကစပြီး ဆောက်လုပ်နေ ပါပြီ။
အလုပ်ရှင်ဖြစ်တဲ့ CPI နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်အရBANCA ဟာ သူ့ EIA အစီရင်ခံစာကို အများပြည်သူထံ ချပြခွင့်မရှိဘူးလို့ ဒေါက်တာထင်လှ ကပြောပါတယ်၊ ဒါပေမည့်လဲ သူကပဲ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာသုံးသပ်ချက် ဆိုတာ တကြိမ်တခါထဲလုပ်ပြီး ကျေနပ်ရမည့် ကိစ္စမဟုတ်ဘဲ  အကြိမ်များစွာ လုပ်ဖို့၊ ပြည်သူလူထု သိနားလည်မှုနဲ့ ပါဝင် မှု၊ လူထုရဲ့ အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ ဆွေးနွေးသွားပါတယ်၊ သူ့ ရဲ့ အထင်ရှားဆုံး တိုက်တွန်းချက်ကတော့ အာဏာ ပိုင်တွေအနေနဲ့ နောက်ထပ်ကျန်ရှိနေသေးတဲ့  လေ့လာသုံးသပ်မှု တွေကို ဆက်လက်ဆောင်ရွက်ဖို့ပါ။

(၃) မသေချာတဲ့ အကျိုးအမြတ်များနဲ့ သေချာတဲ့ ဆုံးရှုံးမှုများ
တရုတ်၊ မြန်မာ အာဏာပိုင်များက ဆည်ကြီးတွေတည်ဆောက်ပြီးစီးရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ် တွေ အများ ကြီး ရရှိလာလိမ့်မယ်ဆိုပြီး ချဲ့ကားပြောနေကြပါတယ်။ အဲဒီလို မသေချာတဲ့ အကျိုးအမြတ်တွေ ကို ထပ်ခါထပ်ခါပြောပြီး လူထုကို စည်းရုံးနေပေမည့် သေချာလှတဲ့ ဆုံးရှုံးမှုတွေကိုတော့ မသိချင်ယောင် ဆောင်နေကြပါတယ်၊ မစ္စတာ လီ  က ဒီရေအားလျှပ်စစ်စီမံကိန်းကြီးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးဟာ တဟုန်ထိုး ထိုးတက်လာမယ်၊ စီမံကိန်းကြီးတခုလုံးက အမေရိကန်ဒေါ်လာ သန်း နှစ်သောင်းကျော်ကုန်ကျ မှာမို့ ဒီစီမံကိန်းကြီး ပြီးသွားရင် မြန်မာနိုင်ငံရဲ့ ပုံသေပိုင်ဆိုင်မှု(Fixed Assets) ထဲမှာ နောက်ထပ် အမေရိကန် ဒေါ်လာ သန်းနှစ်သောင်း တိုးလာလိမ့်မယ်လို့ ဆိုပါတယ်၊ ဒီစီမံကိန်းကြီးများပြီး ရင် မြန်မာနိုင်ငံက နှစ်စဉ် ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား မီဂါဝတ် ၂၀၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း၊ မီဂါဝတ် ၂၀၀၀ ကို အ လကားရမယ်၊ လုပ်ငန်းလည်ပါတ်နေတဲ့ အနှစ် ၅၀ အတွင်းမှာ မြန်မာအစိုးရအတွက် နိုင်ငံခြားငွေအကျိုးအမြတ် အမေရိ ကန် ဒေါ်လာ သန်းပေါင်း ငါးသောင်းလေးထောင်ရမယ်၊ လမ်းတွေ၊ တံတားတွေ၊ ငလျင်တိုင်းတာရေး စခန်း တွေ အများ ကြီးလဲ တရုတ်အစိုးရက အခမဲ့ ဆောက်ပေးဦးမယ်၊ အလုပ်အကိုင်တွေအများကြီးလဲ ဖန်တီး ပေးမယ်၊ ပြီးတော့ ကန်ထ ရိုက်စာချုပ်ပါ သဘောတူညီချက်အရ ဒီဆည်ကြီးတွေကို ဆောက်လုပ်ပြီး အနှစ် ၅၀ လည်ပါတ်ပြီးရင် မြန်မာအစိုးရကို အခမဲ့ လွှဲပြောင်းပေးမှာဖြစ်လို့ ကျနော်တို့ နိုင်ငံက ဒီဆည်ကြီးတွေကို အခမဲ့ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်၊ သူပြော သမျှ တွေက မြန်မာနိုင်ငံအတွက်အကောင်းတွေချည်းပါပဲ။
ဒါပေမည့် အဲဒီ အကျိုးအမြတ်တွေဟာ တကယ်ဖြစ်လာဖို့ အတော့်ကို အခွင့်အလမ်းနည်းပါတယ်။ လက်တွေ့ဘဝမှာ ဒီ လောက်ကြီးမားတဲ့ ဆည်ကြီးတွေ ဆောက်ရာမှာ ကုန်ကျစားရိတ်က ခန့်မှန်းတာထက် ပိုများတတ်၊ ဆောက်လုပ်ရေးကာ လက ခန့်မှန်းတာထက် ပိုကြာမြင့်တတ်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓာတ် အားကလဲ မျှော်လင့်တာထက် ပိုနည်းတတ်တယ် ဆိုတာ နိုင်ငံတကာ ဆည်များရဲ့ အတွေ့အကြုံအရ သိနေရပါတယ်။ လက်တင်အမေရိကတိုက်က အာဂျင်တီးနား နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံ နှစ်ခုကြားမှာ ဆောက်ထားတဲ့ ရေခရီတာဆည် ကြီး (The Yacyreta Dam) ကို နမူနာပေးချင်ပါတယ်။ အဲ ဒီဆည်ကြီးကို အာဂျင်တီးနားသမ္မတဟောင်း ကာလို့စ်မီနန် (Carlos Menem) က “အလွဲသုံးစားလုပ်မှုများ၏ အထိန်းအ မှတ် မှတ်တိုင်ကြီး” (Monument to Corruption) လို့ အမည်ပေးခဲ့ပါတယ်၊ ဆောက်လုပ်ရေးကုန်ကျစားရိတ်က မူလခန့် မှန်းထားတဲ့ ဒေါ်လာ သန်းပေါင်း နှစ်ထောင့်ခုနှစ်ရာ ထက်အဆများစွာပိုပြီး ဒေါ်လာ သန်းပေါင်း တစ်သောင်းတထောင့် ငါးရာ ကုန်ကျခဲ့ပါတယ်၊ ဆောက်လုပ်ချိန်ကာလကလဲ သတ်မှတ်ထားတာထက် ပိုကြာပြီး ၁၉၈၃ ကစတာ ၁၉၉၄ ကျမှပြီး ပါတယ်၊ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝတ် ၃၁၀၀ ထုတ်ဖို့ ရည်ရွယ်ထားတာမို့ မြစ်ဆုံဆည်ရဲ့ တဝက်လောက်ပဲ ရှိပါ တယ်၊ ဒါပေမည့် လုပ်ငန်းစတင်လည်ပါတ်တဲ့ ၁၉၉၄ ကစပြီး ဒီနှစ် ၂၀၁၁ ခုနှစ်အထိ မျှော်လင့်ထားတဲ့ လျှပ်စစ်ပမာဏရဲ့ ၆၀ ရာခိုင်နှုံးပဲ နှစ်စဉ်ထုတ်လုပ် နိုင်ပါတယ်၊ နောက်လဲ တိုးလာနိုင်စရာမရှိပဲ ဆက်ပြီး လျော့သွားဖို့ပဲ ရှိပါတယ်၊ ဒါဟာဖြင့် မှန်းချေနဲ့ မကိုက် တတ်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကြီးများရဲ့ ထင်ရှားတဲ့ နမူနာတခုပါ။
ဒီဥပမာ နဲ့အခြားသော အတွေ့အကြုံများအရ ဖြစ်နိုင်ခြေပိုများတာက မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ် မှာ ဆောက် နေတဲ့ ဆည်ကြီးများဟာ ခန့်မှန်းတာထက်ပိုပြီး ကုန်ကျနိုင်တယ်၊ဆောက်လုပ်ချိန်ကာလလဲ ပိုကြာနိုင်တယ်၊ ပြီးတော့ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏကလဲ ခန့်မှန်းတာထက် နည်းနိုင်ပါတယ်၊ ဒါကြောင့် မစ္စတာ လီ ပြောနေတဲ့ အကျိုးအ မြတ်တွေဟာ အပြည့်အဝတကယ်ဖြစ်လာဖို့ မသေချာလှပါ၊ နောက်တချက်က ဆည်တွေရဲ့ သက်တမ်းပါ။ ဆည်တွေ အားလုံးမှာ အလုပ်လုပ်နိုင်စွမ်း (လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်း) သက်တမ်းရှိပြီး အဲဒီသက်တမ်းဟာ အနှစ် ၅၀ ထက်မပို နိုင်ပါ၊ မြစ်ရဲ့ အဖျားကနေ စီးလာတဲ့ ရေတွေကို ဆည်ကြီး နဲ့ ပိတ်ဆို့ဟန့်တားပြီး ရေလှောင်ကန်ကြီးထဲမှာ စုစည်းထိန်း သိမ်းလိုက်တဲ့အချိန်မှာ ရေတွေမက ရေနဲ့အတူမျောပါလာတဲ့ နုံးတွေ၊ ရွှံ့တွေပါ ရေလှောင်ကန်ကြီးထဲ ပိတ်မိနေကြတာပါ၊ အဲဒီ နုံးတွေ၊ ရွှံ့တွေက ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်မှာ သွားစုပုံကြပါတယ်၊ ရေလှောင်ကန်ရဲ့ ကြမ်းပြင်က ရေထုတ် တံခါးကြီးများရှိတဲ့ အမြင့်ထက်ထက် အများကြီး ပိုနက်တာမို့ ဒီနုံးတွေဟာ ရေတွေလို ရေထုတ်ပေါက်ကနေ မြစ်အောက် ပိုင်းကို စီးမျောနိုင်စွမ်းမရှိပါ၊ ဒီလိုနဲ့ နှစ်တွေ ကြာလာတာနဲ့ အမျှ ရေလှောင်ကန်ကြမ်းပြင်ဟာ နှစ်ပေါင်းများစွာစုပုံလာတဲ့ နုံးများကြောင့် မြင့်တက်လာပြီး ကန်ထဲမှာ လှောင်ထားနိုင်တဲ့ ရေပမာဏက ပို နည်းလာပါတယ်၊ ရေလှောင်ကန်ထဲ မှာ ရေနည်းတဲ့အတွက် လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ပမာဏ လျော့နည်းလာပြီး လုံးဝ ဒါမှမဟုတ် စီးပွါးရေးအရ အကျိုးအမြတ် ရှိအောင် မထုတ်နိုင်တဲ့အချိန်မှာ အဲဒီဆည်ရဲ့ သက်တမ်းကုန်ပါတယ်၊ ဒီတော့ မစ္စတာလီ ပြောသလို အနှစ် ၅၀ ပြီး လို့ တရုတ်အစိုးရက အဲဒီ ဆည်ကြီးတွေကို မြန်မာနိုင်ငံကို အခမဲ့ လွှဲပေးတဲ့အခါမှာ ကျနော်တို့ ရမှာက နုံးတွေ၊ ခြင်တွေ ပြည့်နေတဲ့ လူလုပ်အမှိုက်ကန်ကြီးတွေပဲ ဖြစ်နေပါလိမ့်မယ်။
မစ္စတာ လီ ကပြောပါသေးတယ်၊ အခုလက်ရှိမှာ ကချင်ပြည်နယ်က ဆည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ အလုပ်သ မားပေါင်း ၄၈၁၉ ယောက် လုပ်ကိုင်နေကြပြီး အဲဒီအထဲက ၁၄၄၀ ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်၊ ဒါ ပေမယ့် ကျနော်တို့မြန်မာနိုင်ငံသားတွေ ဘယ်လိုအလုပ်မျိုးလုပ်ကိုင်နေရတယ် ဆိုတာတော့ သူကမပြောပါ၊ သူမပြောပေ မည့်လဲ အလွယ်တကူမှန်းဆနိုင်ပါတယ်၊ မြေကျင်းတူး၊ ကျောက်ထု၊ အမှိုက်သိမ်း၊ စတဲ့ အခြေခံအလုပ်ကြမ်းတွေပဲ ဖြစ်ပြီး ရမည့်လုပ်အားခကလဲ တရုပ်အလုပ်သမားများထက် အဆမတန်နည်းပါလိမ့်မယ်၊ သူပြောမှပဲသိရတာကအခုအချိန်မှာတရုတ်အလုပ်သမားပေါင်းသုံးထောင်ကျော် ဟာ ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး အဲဒီအရေအ တွက်ဟာ လေးသောင်းအထိ လာမည့်နှစ်များမှာ တိုးလာမယ်လို့ သိရပါတယ်၊ ဒေသခံပြည်သူတွေရဲ့ စကား၊ ယဉ်ကျေးမှု ကို နားမလည်တဲ့ နိုင်ငံခြားသားတွေ သောင်းနဲ့ချီပြီး ကချင်ပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ကချင်လူမျိုးများ ရဲ့ အမြတ်တနိုးထားရာ မြစ်ဆုံ၊ အမြဲစိမ်းသစ်တောကြီးတွေ၊ အဘိုးတန် တောင်မြင့်မားကြီးတွေ၊ လှပတဲ့ လွင်ပြင် ကျယ် ကြီးတွေကို ဖျက်ဆီးနေကြတာဟာဖြင့် ဒေသခံ ကချင်ပြည်သူများအတွက် ကြီးမားတဲ့ သက်ရောက်မှု ကြီးဖြစ်ပါလိမ့်မယ်။

(၄) မတူညီသော စံနှုံးများ
မစ္စတာ လီ ကပြောပါတယ်၊ သူတို့ တရုတ်အစိုးရက ပြဋ္ဌာန်းထားတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေး လုပ်ငန်းများ ဆိုင်ရာ စံချိန်စံညွှန်းတွေဟာ (The Chinese Standards) ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ အဆင့် အတန်းအမြင့်ဆုံး စံ ချိန်စံညွှန်းများ ဖြစ်တယ်လို့ ဝင့်ကြွားပြီး မြန်မာနိုင်ငံတွင်းမှာ တရုတ်အစိုးရ ဆောင်ရွက် နေတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ် လုပ်ရေးလုပ်ငန်းတွေမှာ စီမံကိန်းရေးဆွဲတာ၊ ဒီဇိုင်းရေးဆွဲတာကစလို့ တည်ဆောက်ရေးလုပ်ငန်းများအထိ တရုတ်နိုင်ငံ ရဲ့ (The Chinese Standards) စံချိန်စံညွှန်းများအတိုင်း အတိအကျကျင့်သုံးနေပါတယ်လို့ ပြောပါတယ်၊ ဒီတော့ သူပြော သလို တကယ်ဟုတ်၊ မဟုတ် ဆန်းစစ် ကြည့်ကြရအောင်ပါ။
၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွှတ်တော်ကနေ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ် ရေး ဥပဒေ (The Environmental Impact Assessment Law) ကို ပြဋ္ဌာန်းခဲ့ပါတယ်၊အဲဒီ ဥပဒေ အရ တရုတ်အစိုးရရဲ့ စီးပွါးရေးအဖွဲ့အစည်း အားလုံးဟာ ရည်ရွယ်ထားတဲ့ စီမံကိန်းလုပ်ငန်းကြီးများကို အကောင် ထည်မဖော်မီ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ခြင်း (Environmental Impact Assessment) ကို မဖြစ်မနေပြုလုပ်ရမှာ ဖြစ် ပါတယ်၊ ပြီးရင် အဲဒီ သုံးသပ်ချက်အစီရင်ခံစာ (EIA) ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန (Ministry of Environmental Protection) (MEP) ကိုတင်ပြပြီး ဝန်ကြီးဌာနက လက်ခံအတည်ပြုမှ လုပ်ငန်းများ စတင်အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
တခါ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ MEP ဝန်ကြီးဌာနက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လေ့လာ သုံးသပ်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အတွက်လမ်းညွှန်ချက်များ (Provisional Measures for Public Participation in Environ mental Impact Assessment) ကို ထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်၊ အဲဒီညွှန်ကြားချက်တွေထဲမှာ EIA အတွက် စုံစမ်းစစ် ဆေးမှုများလုပ်ရာမှာ လုပ်ငန်းသဘာဝကို လူထုကို အသိပေးရှင်းပြဖို့၊ လူထုရဲ့ အကြံပြုချက်တွေကို ဖိတ်ခေါ်ဖို့၊ ဘယ်သူ တွေပါဝင်သင့်တယ်၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး လူထုထံရောက်အောင်ဆောင်ရွက်ရမယ် (လူထုကြားနာပွဲများ၊ အကြံ ပြုချက် တောင်းခံခြင်းများ၊ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများပါဝင်တဲ့ စာတမ်းဖတ်ပွဲများ)၊ နဲ့ လူထုရဲ့ အကြံပြုချက်၊ တင်ပြ ချက်၊ စိုးရိမ်မှုတွေကို EIA အစီရင်ခံစာထဲမှာ ဘယ်လိုပေါင်းစပ်ဖော်ပြရမည် ဆိုတာတွေကို အသေးစိတ်ညွှန်ကြားထားပါ တယ်။
ဆိုတော့ ဒီစံချိန်စံညွှန်း (The Chinese Standards) တွေဟာ မဆိုးဘူးလို့ ယူဆရမှာပါ၊ ဒါပေမည့် အဲဒီ စံချိန် စံညွှန်းတွေကို မြန်မာနိုင်ငံတွင်းက တရုတ်ဆည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျင့်သုံးခဲ့တယ်ဆိုတဲ့ အထောက်အထား တခုမှမ တွေ့ရပါဘူး၊ မြန်မာပညာရှင်တွေ ရဲ့ EIA ကို တရုတ်အစိုးရက ချောင်ထိုး ထားခဲ့ပြီး မြန်မာပညာရှင်များရဲ့ အကြံပြုချက် တွေကိုလဲ ဥပေက္ခာပြုခဲ့ပါတယ်၊BANCA ရဲ့ EIA အစီရင်ခံစာတင်မက မြန်မာအစိုးရနဲ့ တရုတ်အစိုးရကြားချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ၊ အကျိုးစီးပွား ခွဲဝေရေး သဘောတူညီချက်တွေ၊ စီမံကိန်း အသေးစိတ် တွေကိုလဲ အများပြည်သူ မသိ ရှိအောင် လုပ်ငန်း လျှို့ဝှက်ချက် (Trade Secrets) များအဖြစ်ဖုံးကွယ်ထားကြပါတယ်၊ ဆည်ဆောက်လုပ်ရေး စီမံကိန်း ကြီးများ အကြောင်း လူထုကို ကြိုတင်ရှင်းပြတာ၊ လူထုရဲ့အကြံပြုချက်တွေတောင်းခံတာ၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားအရေး ကျွမ်းကျင်သူပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင် တာတွေအားလုံး လုပ် ငန်းမစခင်မှာ ဆောင်ရွက်ခြင်းမရှိခဲ့ပါ၊ မြန်မာပြည်သူတွေက ကချင်ပြည်နယ်မှာ တရုတ်ဆည်ကြီးတွေ ဆောက်မည့်အ ကြောင်းကို အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာက ၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ တရုတ်၊ မြန်မာ ကိုယ်စား လှယ်များ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးတဲ့ သတင်းကို ဖော်ပြတော့မှပဲ ဝိုးတိုးဝါးတား သိကြရတာပါ။
မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က သတ်မှတ်ထားပါတယ်၊ ပြီးပြည့်စုံတဲ့ Environmental Impact Assessment (EIA) မှာပါတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာသုံးသပ်ချက် ၁၀ ခုရှိရပါမယ်၊ အဲဒါတွေက
(၁) မြစ် ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် (Basin and Catchment Ecosystems and Habitats);
(၂) မြစ်ရေစီးဆင်းမှုနှင့် ရေအနက်တိုင်းတာသုံးသပ်ချက် (River Flows and Water Levels);
(၃) ရေလွှမ်းမိုးမှုသဘာဝ သုံးသပ်ချက်၊(Flooding Patterns) ;
(၄) အနိမ့်ပိုင်း ရေမြုတ်ဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Wetlands Ecosystems and Habitats);
(၅) ဆည်မြောင်းရေသွင်းစနစ် စိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ သုံးသပ်ချက်၊(Irrigated Agriculture); (
(၆) အိမ်နှင့် စက်မှုလုပ်ငန်းများတွင် မြစ်ရေသုံးစွဲမှုနှင့် ဆက်နွယ်သော လူဦးရေ တိုးတက်မှုဆိုင်ရာ  လေ့လာသုံးသပ်ချက်၊(Population Growth in Relation to Domestic and Industrial Water Use);
(၇) ရေ၏အရည်အသွေးဆိုင်ရာ  လေ့လာသုံးသပ်ချက် (နုံးမြေလျော့နည်းမှုအပါအဝင်)၊ (Water Quality, including Suspended Sediments);
(၈) မြစ်ဝကျွန်းပေါ်တွင် ဆားငံရေဝင်ရောက်မှုဆိုင်ရာ  လေ့လာသုံးသပ်ချက်၊ (Saline Intrusion in River Delta);
(၉) မြစ်ကမ်းပါးများပြိုကျခြင်းနှင့် နုံးများပို့ချခြင်းဆိုင်ရာ  လေ့လာသုံးသပ်ချက်၊(Riverbank Erosion and Sedimentation/Channel Erosion); နဲ့
(၁၀) မြစ်ဝှမ်းအနိမ့်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးမှု စီမံခံ့ခွဲခြင်းဆိုင်ရာ  လေ့လာသုံးသပ်ချက်၊ (Flood Management in the Lower Basin and Delta); များဖြစ်ကြပါတယ်၊
BANCA  နဲ့ တရုတ်ပညာရှင်များ စုံစမ်းတင်ပြခဲ့တဲ့ EIA ဟာ အထက်ဖော်ပြပါ အဆင့်တွေထဲက ပထအဆင့် မြစ်ကြီးနား မြို့အထက် မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် သာ ဖြစ်ပါတယ်၊ နောက်ထပ်ဆောင်ရွက်ရမည့် လေ့လာသုံးသပ်မှုတွေ အများကြီး ကျန်နေပါသေးတယ်။
မစ္စတာ လီ ကပြောပါတယ်၊ အခုဆိုရင်CPIYN က ဧရာဝတီ မြစ်အောက်ပိုင်းမှာ အထူးလေ့လာမှုတွေ စတင်ဆောင်ရွက် နေပါပြီ တဲ့၊ သူပြောတဲ့ လေ့လာမှုတွေက မြစ်အောက်ပိုင်းဒေသမှာ မြစ်ရေစီးဆင်းမှု၊ သုံးစွဲမှုအပေါ် သက်ရောက်မှု၊ မြစ်ခွဲ၊ မြစ်လက်တက်များ၏ ဖွဲ့စည်းဖြစ်ပေါ်မှုအပေါ်သက်ရောက်မှု၊ မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ သက်ရှိ၊ သက်မဲ့များရဲ့ တည် ရှိမှုအပေါ်သက်ရောက်မှုနဲ့  မြစ်အောက်ပိုင်း ရေအရင်းအမြစ်ခွဲဝေသုံးစွဲမှုအပေါ် သက်ရောက်မှုတွေ ဖြစ်ပါတယ်။ နောက် ကျနေပါပြီ။ ဒီလေ့လာမှုတွေကို ဆည်ကြီးမဆောက်ခင်ကထဲက လုပ်ရမှာပါ။ ဒီလေ့လာမှုတွေအားလုံးကို ပေါင်းခြုံပြီး၊ လူထုရဲ့ အသံတွေနဲ့ ပေါင်းစပ်၊ မျှမျှတတစဉ်းစားပြီးမှ ဆည်ကြီး ဆောက်သင့်၊ မဆောက်သင့် ဆုံးဖြတ်ရမှာပါ။

(၇) အဆုံးအဖြတ်ပေးရမည့် အချိန်ရောက်ပြီ
မြန်မာပြည်သူတွေဟာ အရင်ကလို အမှောင်ထဲမှာ မဟုတ်တော့ပါဘူး၊ သူတို့ဟာ ကချင်ပြည်နယ်အတွင်းမှာ မြစ်ဆုံဆည် အပါအဝင် တရုတ်ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေကို ကောင်းကောင်း သိမြင် လာကြပါပြီ၊ ဒူးဝါး ဇော်ဂမ်အပါအဝင် ကချင်ပြည်သူတွေဟာလဲ သူတို့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကျူးကျော်သူ နိုင်ငံ ခြားသားတွေ ဖျက်ဆီးမယ့်ရန်က ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြ သူတွေပါ၊ မြန်မာပြည်သူတရပ်လုံးက သူတို့ နိုးနိုး ကြားကြား၊ သတိရှိရှိနဲ့ မကန့်ကွက် မတားဆီးကြရင် သူတို့ချစ်တဲ့ ဧရာဝတီမြစ်ကြီးကို ထာဝရဆုံးရှုံးရလိမ့်မယ်ဆိုတာ သဘောပေါက်နေကြပါပြီ။
ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့၊ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးစလုံးက မြန်မာပြည်သူတွေရဲ့ အသက်သွေး ကြောကြီးပါ။ အမေရိကန်နိုင်ငံက နယူးယောက်မြို့တော်ကြီးလောက် ပမာဏရှိတဲ့ ဆည်ကြီးကို ဧရာဝတီရဲ့ မူလအစမှာ တည်ဆောက်ပြီး ဧရာဝတီမြစ်ရေကို ထိန်းချုပ်ကန့်သတ်ခြင်းဟာ မိုင် ၁၃၀၀ ကျော်ရှည်လျားတဲ့ ဧရာဝတီမြစ်ကြောင်းတ လျှောက် မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး၊ ကုန်းစည်ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ သက်ရှိသက် မဲ့တို့ရဲ့ တည်ရှိမှု၊ ရာသီဥတု၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပါတ်ဝန်းကျင်၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အားလုံးအပေါ်မှာ ဆိုးဝါးပြင်းထန်တဲ့ သက်ရောက်မှုကြီးတွေ ဖြစ်ပေါ်စေမှာပါ၊ ကျနော်တို့ အချိန်မီမတားဆီးနိုင်ခဲ့ရင် နောက်အနှစ် ၂၀ လောက်မှာ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေပုံပေါ်က ပျောက်ကွယ်သွားနိုင်ပါတယ်။ မြန်မာ ပြည်သူအားလုံးက ဧရာဝတီကို ကာကွယ်ရေးဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်ကြီးတရပ်အဖြစ် သ ဘော ပေါက်နေကြပါပြီ၊ သူတို့အားလုံး အစွမ်းကုန်ကြိုးစားပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားအထိန်းအမှတ်၊ အမျိုးသားအမွေ အနှစ်၊ အမျိုးသားရတနာ မိခင် ဧရာဝတီကို ကာကွယ်ကြ၊ ကယ်တင်ကြပါလိမ့်မယ်။
အခုအချိန်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် အဆုံးအဖြတ် တခု ပြတ်ပြတ်သားသားချမှတ်ရမည့် အချိန်ပါ၊ လူထုရဲ့ မြစ်ဆုံဆည်ကြီးဆောက်လုပ်ရေးနဲ့ ပါတ်သက်ပြီး အင်အားပြင်းထန်တဲ့ မကျေနပ်မှု၊ ကန့်ကွက်မှုတွေကို သူတို့ နေ့စဉ်ကြားနေရပါပြီ၊ မြန်မာလူထု ရဲ့ တရုတ်အစိုးရအပေါ်မုန်းတီးမှုတွေ၊ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေက တနေ့ တခြားပိုကြီးမားလာနေတယ်ဆိုတာကိုလဲ သူတို့ သဘောပေါက် နေကြပါပြီ၊ အစိုးရအဖွဲ့ထဲက ဝန်ကြီးအချို့က သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်များဖြစ်တာကြောင့်၊ ပြည်သူတွေရဲ့ ဆန္ဒကို လက်ခံမယ်လို့ အရိပ်အယောင်ပြတာတွေလဲ တွေ့နေရပါပြီ၊ တချိန်ထဲမှာ အစိုးရ ခေါင်းဆောင်အချို့က လူထုအသံကို အရင်ကလိုပဲ မျက်ကွယ်ပြုပြီး ဘယ်သူတွေက ဘယ်လိုပဲ ကန့်ကွက် ပါစေ၊ မြစ်ဆုံဆည်ကြီးကို ပြီးအောင်ဆက်ဆောက်မယ်လို့ ကြုံးဝါးနေတာလဲ ကြားနေရပါတယ်။ အဲဒီ ဝန်ကြီး တွေကတော့ တရုတ်အစိုးရငြိုငြင်မှာကို အကြီးအကျယ်စိုးရိမ်တဲ့၊ ဒီစီမံကိန်းကြီးကနေ သူတို့ခံစားနေရတဲ့ ပုဂ္ဂလိက အကျိုးစီးပွါးတွေကို မစွန့်လွှတ်နိုင်ကြတဲ့ လူတွေဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရ အနေနဲ့ လူထုအကျိုး စီးပွါးကို ငဲ့ပြီး၊ လူထုအသံကို နားထောင်ပြီး မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းကြီး ကို ရပ်တန့်ဖျက်သိမ်းမလား၊ ဒါမှ မဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ဦးထိပ်ပန်ဆင်ပြီး၊ တရုတ်အစိုးရရဲ့ လက်အောက်ခံဘဝမှာ ဆက်လက်ပျော် မွေ့ပြီး မြစ်ဆုံဆည်ကြီးကို ဆက်ဆောက်မှာလား၊ ဆုံးဖြတ်ချက် တခုကို ပြတ်ပြတ်သားသားချရမည့် အချိန်ကို ရောက် နေပါပြီ၊ လူထုရဲ့ အကျိုးစီးပွါးကို ဆန့်ကျင်နေသမျှ၊ လူထုရဲ့ဆန္ဒကို မလေးစားသမျှ၊ လူထုရဲ့ ဒေါသနဲ့ တုန့်ပြန်မှု၊ စိမ်ခေါ် မှုကို သူတို့ရင်ဆိုင်ရမှာပါ။ ဧရာဝတီ တော်လှန်ရေး စနေပါပြီ။


လေးစားစွာဖြင့်

အောင်ဒင်


ဒီဆောင်းပါးအတွက် အောက်ပါစာတမ်း၊ စာအုပ်များကို ကိုးကားပါတယ်၊
(၁) Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry, by Mr. Li Guanghau, CPI Yunnan Intenational Power Investment Co., Ltd (CPIYN), September 2011
(၂) သဘာဝပါတ်ဝန်းကျင်နှင့် လူမှုပါတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု၊ ဒေါက်တာထင်လှ၊ ဥက္ကဋ္ဌ၊ Biodiversity and Nature Conservation Association (BANCA), September 2011
(၃) Environmental Impact Assessment (Special Investigation) On Hydropower Development of Ayeyawady River Basin above Myitkyina, Kachin State, Myanmar, by Biodiversity And Nature Conservation Association (BANCA), October 2009
(၄) The New Great Wall, A Guide to China’s Overseas Dam Industry, by International Rivers Network, July 2008
(၅) ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌကြီး လရော်ဇောင်ဟရာ မှ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ဟူဂျင်တောင် ထံ ပေးသောစာ နှင့် ပူးတွဲပါ အထောက်အထားများ၊ မတ် ၁၆၊ ၂၀၁၁
Friday, September 23, 2011 | 0 comments |


ကျွန်တော်နှင့်ခင်မင်ရင်းနှီးသောစာရေးဆရာမများတွင်စာရေးဆရာမ'''မလေးလုံ’'''လည်းတဦးအပါအဝင်ဖြစ်သည်။ သူ့ဝတ္ထုတိုင်းလိုလိုကျွန်တော့်အားလက်မှတ်ထိုး၍မေတ္တာ လက်ဆာင်ပေးလေ့ရှိပါသည်။ သူပေးသော ဝတ္ထုများအနက် ‘ပွင့်’ ဝတ္ထုလည်းပါသည်။ ‘ပွင့်’ ဝတ္ထုသည် ၁၉၆၃ ခုနှစ်အတွက် အနုပညာဆိုင်ရာ (ဝတ္ထုရှည်) စတုတ္ထဆုရစာအုပ် ဖြစ်သည်။
ကမ္ဘာစစ်ဆန့်ကျင်ရေးနှင့်လူမျိုးစုံချစ်ကြည်ရေးဝတ္ထုဖြစ်သည်။ဒုတိယကမ္ဘာစစ်အတွင်းကအဖြစ်အပျက်များကို နောက်ခံပြုကာခရစ်ယာန်မလေးမမြင့်ပွင့်ကြည်(ပွင့်)နှင့်မေတ္တာတန်ဖိုးထားသောဂျပန်စစ်ဗိုလ်ကလေးတို့၏ဆန်းပြားစွာ ကြုံတွေ့ရသော အချစ်ရေးကိုတင်ပြ ထားလေသည်။ ပွင့်သည် ထူးခြားသော အခြေအနေများကိုအကြောင်းပြု၍ တမျိုးသားလုံး၏ရန်သူဂျပန်ဖက်ဆစ်တို့အကြားမှဂျပန်စစ်ဗိုလ်ကလေးသည် ဖက်ဆစ်စရိုက်လက္ခဏာများ လုံးဝမရှိဘဲ အလွန်ယဉ်ကျေးသိမ်မွေ့သော အပြုအမူတို့ကြောင့် ပြန်လည်ခင်မင်မိကာ မေတ္တာကို လက်ခံလိုက်ပုံကို ဇာတ်လမ်းဆင်ထားသည်။
ဤဝတ္ထုတွင် စာရေးဆရာမ မလေးလုံသည် ဂျပန်စစ်ဗိုလ်ကလေးအပေါ်တွင် စာဖတ်သူများက ဖက်ဆစ်အမြင်ပျောက်ကာ လူသားတဦးအနေဖြင့် ကရုဏာသက်မိသည်အထိ ဆွဲဆောင် ရေးသားသွားသည်။
“ကျွန်မ စာ,စရေးကတည်းက အတိုလေးပုဒ်ရေးပြီးရင် ဝတ္ထုရှည် စ,ရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်က ရှိတယ်။ ‘ပွင့်’ဇာတ်လမ်းက ကျွန်မ စာရေးဆရာ မဖြစ်ခင်ကတည်းက ရင်ထဲမှာ ရှိပြီးသားပဲ။ ကျွန်မတို့မှာ မွေးကတည်းက ကမ္ဘာစစ်နှင့် စပြီးထိတွေ့ရတယ်။ ပြီးတော့ ပြည်တွင်း ဆူပူသောင်းကျန်းမှုနှင့် ဆက်ပြီးတွေ့ရပြန်တော့ ငြိမ်းချမ်းရေးဆိုတာ မထိမတွေ့ရသလောက် ဖြစ်နေတယ်။ ကျွန်မရင်ထဲမှာက ငြိမ်းချမ်းသာယာစေချင်တယ်။ ညီညွတ်စေချင်စေတယ်။ ချစ်ခင်စေချင်တယ်။ ဒီ စေတနာ ရှိတယ်။ တဦးနှင့်တဦး အထင်လွဲတာမျိုး မရှိချင်ဘူး။ ကျွန်မ ရည်ရွယ်ချက်ကတော့ စစ်မုန်းတီးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တယောက်နှင့် တယောက် အထင်အမြင်လွဲမှားမှု ပပျောက်ရေးပေါ့လေ။ ဒီစေတနာနှင့် ‘ပွင့်’ကိုရေးဖို့ ရည်ရွယ်ခဲ့တာပဲ” ဟု ပေဖူးလွှာ မဂ္ဂဇင်းစာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း အခန်း ကဏ္ဍတွင် ပြောကြားသွားခဲ့လေသည်။
ဆရာမ မလေးလုံသည် ‘ပွင့်’ ကို အချိန်အတော်ကြာယူ၍ ရေးသားခဲ့ရသည်။ ထိုစဉ်က သူသည် ညာဘက်ကိုယ်တခြမ်းသေနေ၍ ညာလက်ဖြင့် ရေးနေရာမှ ဘယ်လက်ဖြင့် စာရေးတတ်ရန် အတော်လေ့ကျင့် ယူနေရချိန်ဖြစ်သည်။ ကိုယ်တခြမ်းသေစဉ်က အခြေအနေ တော်တော်ဆိုးခဲ့သည်။ စကားပင်ပြော၍ မရခဲ့ပေ။ စကားပြောနိုင်ဖို့ ကလေးကဲ့သို့ စကားပြန် သင်ရသည်။ ဤသို့ ညာလက်သုံး၍ မရတော့သဖြင့် ဘယ်လက်ဖြင့် စာရေးတတ်ရန် ကြိုးစားရသည်။ ဦးစွာ ကျောက်သင်ပုန်းပေါ်တွင် မြေဖြူဖြင့် အရေးလေ့ကျင့်သည်။ ထို့နောက် စာရွက်ပေါ်တွင် ခဲတံဖြင့် ရေးကျင့်ပြန်သည်။ ထို့နောက် ဖောင်တိန်ဖြင့် အရေးကျင့်ရသည်။ သို့သော် မြန်မာစာကို ရေးနိုင်သော်လည်း အင်္ဂလိပ်စာကိုမူ မရေးတတ်သေး။ မြန်မာစာက တလုံးချင်းရေးရပြီး အင်္ဂလိပ်စာက ဆက်ကာဆက်ကာရေးရ၍အခက်အခဲတွေ့ရသည်။ထိုသို့သူသည်ဘယ်ဘက်ဖြင့် ရေးနိုင်သည့်အခြေအနေသို့ ရောက်မှ ပွင့်ကို ရေးခဲ့ခြင်းဖြစ်သည်။ သူ၏ ဇွဲ သတ္တိ၊ လုံ့လကား ကြီးမားလှပေသည်။ ချီးကျူးစရာပင်။
ပွင့်ဝတ္ထုဖြင့် ဆုရစဉ်က မလေးလုံသည် အသက် ၂၈ နှစ်သာ ရှိသေးသည်။ မလေးလုံသည် စင်မြင့်ပေါ်သို့ ဆုတက်၍ယူရာတွင် သူ့ခြေတဖက် ကောင်းစွာမသန်စွမ်းသောကြောင့် အဖော်တဦး ကဘေးမှလိုက်ပါ၍ ဆုတက်ယူရသည်ဟု ဆိုသည်။ ခင်မင်ရင်းနှီးသော မိတ်ဆွေများက သူ့ကို စင်မြင့်ပေါ်တွင် ကတိမ်းကယိမ်းဖြင့် ချော်လဲမည်လားဟုစိုးရိမ်ကာ ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။ သူသည် ဆုကိုလှမ်းယူသောအခါ အကူအညီ အဖေးအမ, မပါဘဲ သူ့သာသာ စုံရပ်၍ ယူနိုင်သည်။
သူသည် ရုပ်ရည်ချောမော၍ ကျက်သရေရှိကာ ရိုးရိုးယဉ်ယဉ် ယတ်စားတတ်သည်။ ဆံပင်ကို ဘီးစပတ် အမြဲထုံးလေ့ရှိသည်။ သူသည် ထိုခေတ်လူငယ်တို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေတိုင်း လွတ်လပ်ရေးရပြီးစ ပြည်တွင်း မငြိမ်မသက်မှုများကို အကြောင်းပြု၍ မိသားစုနှင့်အတူ မြစ်ဝကျွန်းပေါ်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ မိဘများမှာ ပုသိမ်မြို့ ကျောင်းအုပ်ဆရာကြီး ဦးချစ်ထွန်းနှင့် ဒေါ်စောတင် တို့ဖြစ်ပြီး ပုသိမ်မြို့၌ ၁၉၃၅ခု၊ ဇူလိုင်လ ၁၉ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းခြောက်ယောက်တွင် တတိယမြောက်သမီးဖြစ်ပြီး အစ်ကို နှစ်ယောက်နှင့် ညီမ သုံးယောက်ရှိသည်။ စာရေးဆရာမ မလေးလုံ၏ ငယ်နာမည်မှာ ခင်သိန်းဆွေ ဖြစ်သည်။
ငယ်စဉ်က ပုသိမ်မြို့၊ အေဘီအမ်နှင့် စကောကရင်ကျောင်းတို့တွင် ပညာသင်ကြားခဲ့ သည်။ စာသင်တန်းတိုင်းတွင် စာတော်သည့်အပြင် ကျောင်းအားကစားပြိုင်ပွဲများ၌လည်း အောင်မြင်ထူးချွန်သည့် ဘက်စုံတော်သူ ကျောင်းသူတဦးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း မငြိမ်မသက်မှုများကြောင့် မိဘများနှင့်အတူ ရန်ကုန်မြို့သို့ပြောင်းရွေ့လာပြီး လှိုင်မြို့နယ်၊ သုခလမ်းရှိ ဒေါ်သာထက် အထက်တန်းကျောင်း (ယခု အထက (၂) လှိုင်) တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ကိုးနှစ်အရွယ် ကလေးဘဝကပင် ကျန်းမာရေး စတင်ချူချာခဲ့သည်။ နှလုံးအားနည်းရောဂါရှိ၍ဆော့ကစားရာတွင်မောသည့်ဒဏ်ကိုခံစားရသည်။အဆိုပါကျောင်း၌(၁၀)တန်းပညာသင်ယူနေစဉ် နှလုံးရောဂါဖြစ်ပွားလာသဖြင့် မိဘများက သူ့ကျန်းမာရေးအတွက် အထူးကုသစောင့်ရှောက်ခဲ့ရသည်။ ထိုသို့ ကုသနေသည့်ကြားမှ ကိုယ်ခန္ဓာလက် ယာဘက်တစ်ခြမ်း လေဖြတ်သွားခဲ့သည်။ ထို့နောက် သမားတော် ဆရာဝန်ကြီးများ၏ တိုက်တွန်းညွန်ကြားချက်အရ ကျောင်းမှထွက်လိုက်ရသည်။ ထိုရောဂါကို နှစ်ပေါင်းများစွာ ကုသရင်း မလျော့သော ဇွဲလုံ့လကြောင့် စာရေးဆရာမတဦး ဖြစ်လာခဲ့သည်။
ယင်းနှင့်ပတ်သက်၍ စာရေးဆရာမ မလေးလုံက အောက်ပါအတိုင်း စာညွန်ကလေးတခု ကျွန်တော့်အား ရေးသားပေးခဲ့ဖူးသည်။ ရေးပေးခဲ့သည့်ရက်စွဲမှာ ၁၉၇၈ ခု၊ အောက်တို ဘာလ ၁၂ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ဖြစ်သည်။
ကျေးဇူးပင် တင်မိပါသည်
ကျွန်မဘဝသည် ကျန်းမာရေး မပြည့်စုံပါ။ သို့သော် ကျွန်မ စိတ်မပျက်ပါ။ အားလည်း မငယ်ပါ။
ကျွန်မအဖို့ ကျန်းမာရေး မပြည့်စုံသောကြောင့် စာပေနယ်တွင် အခြေချနိုင်ခဲ့ခြင်း၊ ပြည်သူတို့၏ မေတ္တာကို ခံယူရခြင်း၊ မိတ်သင်္ဂဟ အများစု၏ ချစ်ခင်ကြင်နာမှုကိုရရှိခဲ့ခြင်းတို့ အတွက် ကျန်းမာရေး မပြည့်စုံခြင်းကို ကျေးဇူးတင်ပါသည်။
အကယ်၍ ကျွန်မာသာ ကျန်းမာရေး ပြည့်စုံခဲ့ပါက အခြားသော နေရာဌာနတခု၌ ဉာဏလုပ်သားတဦး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ရာတွင် အထက်ဖော်ပြပါ အချက်အလက် များကို ထိတွေ့ရရှိစေခဲ့သော စာပေလုပ်သားတဦးကား ဖြစ်လာလိမ့်မည် မထင်ပါ။
စာပေလုပ်သား ဖြစ်လာခဲ့ရာ၌ လွယ်ကူစွာ ဖြစ်လာခြင်းကား မဟုတ်။
ငွေပေးဝယ်၍မရသော၊ လုပ်ကြံဖန်တီး၍လည်း မရသော၊ စိတ်ရင်းစိတ်ခံမှ ‘စေတနာ၊ ဝါသနာ၊ ဝေဒနာ၊ အနစ်နာ’ တို့ကို ရင်းနှီးမြှုပ်နှံခဲ့ရပါသည်။
ဇွဲလုံ့လ၊ သတ္တိတို့ကို ဆုပ်ကိုင်ခဲ့ရသည်။
အခက်အခဲမှန်သမျှကို စိတ်ရှည်သည်းခံခြင်းဖြင့် ကျော်လွှားခဲ့ရသည်။
သည်အတွက် နောက်ဆုံး၌ ကျွန်မသည် စာပေနယ်တွင် နေရာကလေးတခု ရရှိပိုင်ဆိုင်ခဲ့ပါတော့သည်။ ထို့ကြောင့် ကျွန်မဘဝ၏ ကျန်းမာရေး မပြည့်စုံမှုကို ကျွန်မ စိတ်မပျက်၊ အားမငယ်သည့်အပြင် ကျေးဇူးတင်မိပါသည်ဆိုခြင်း ဖြစ်ပါသည်။
မလေးလုံ
၁၂ - ၁၀ - ၇၈
ည ၁၀ နာရီ ၁၀ မိနစ်
စာရေးဆရာမ မလေးလုံ၏ဘဝလမ်းမှာ ဘဝမရှုံးအောင် အားထုတ်ခဲ့ရသော ဇာတ်လမ်းဟု ဆိုနိုင်သည်။ စာပေဝါသနာအရင်းခံရှိသည့်အလျှောက် ဆေးရုံပေါ်တွင် အချိန်ယူ၍ ဝတ္ထုတို ကလေးများကို စတင်ရေးသားခဲ့သည်။ ထို့နောက် ငွေတာရီ မဂ္ဂဇင်းသို့ပေးပို့ခဲ့ရာ ငွေတာရီ မဂ္ဂဇင်းတွင် ‘ဘပုနောင်’ နှင့် ဂျန်တားအမည်ဖြင့် မလေးလုံ၏စာမူများ ပါလာခဲ့သည်။ စာရေးဆရာမ မလေးလုံ၏ ပထမဆုံးဝတ္ထုမှာ တိုင်းရင်းမေ ဂျာနယ်တွင်ပါရှိသော ‘အချစ်နှင့်တာဝန်’ ဝတ္ထုတိုကလေး ဖြစ်သည်။ အင်္ဂလိပ်ရုပ်ပြဝတ္ထုကို All in Picture ကို မှီးထားသည့်ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုမှစတင်၍ ‘မလေးလုံ’ဟူသော ကလောင်အမည်ကို ယူခဲ့သည်။
ထို့နောက် ဆရာမသည် တိုင်းရင်းမေ ဂျာနယ်အပြင် ယုဝတီ၊ ချိုတေးသံ၊ ငွေတာရီ၊ မြဝတီ စသော မဂ္ဂဇင်းများတွင် ပါဝင်ရေးသားခဲ့လေသည်။ ဆေးကုသမှုကိုခံယူနေသည့် အတောအတွင်း အင်္ဂလိပ်စာပေ၊ မြန်မာစာပေတို့ကိုလည်း လေ့လာလိုက်စားခွင့်ရခဲ့သည်။ လက်ဝဲလက်ဖြင့် စာရေးရခြင်းမှာ လက်ယာဘက် ကိုယ်တခြမ်း မသန်စွမ်းသောကြောင့် ဖြစ်သည်။ သွားလာရာ၌မူ ဟန်ပျက်သည်ဟု မဆိုနိုင်ပေ။ သူ့ကလောင်အမည် ‘မလေးလုံ’ ယူခြင်းမှာလည်း တောဆန်သလိုလို ရှိလှသည်။ သူ့ရုပ်ရည်နှင့်ပင် လိုက်ဖက်သည်ဟု မထင်မိပေ။ သူက သူ့ ညီမသုံးယောက်၏ ငယ်အမည်သုံးခုကို အဖျားစွတ်ကောက်ယူ၍ မှည့်ထားသည်ဟု ဆိုသည်။ သူ့ကို သူ့ညီမများက ‘မမကြီး’ ဟုပင် ခေါ်ကြသည်။
သူသည် ဝတ္ထုများသာမဟုတ် ဝတ္ထုဟန် ဝတ္ထုပ္ပတ္တိစာအုပ်တအုပ်ကိုလည်း ရေးခဲ့သေးသည်။ စာအုပ်အမည်မှာ ‘ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်’ ဖြစ်သည်။ ပထမဆုံး မြန်မာစာပါမောက္ခနှင့် ဝိသုဒ္ခိမဂ်ကို အင်္ဂလိပ်ဘာသာသို့ အဦးဆုံးပြန်ဆိုခဲ့သူ မြန်မာပညာရှိကြီး ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ အတ္ထုပ္ပတ္တိဆိုသော်လည်း သာမန်ရေးနေကျ ဘဝဖြစ်စဉ် စာအုပ်မျိုးမဟုတ်ဘဲ စာဖတ်သူများစိတ်ဝင်စားဖွယ်ဖြစ်အောင် ဝတ္ထုဟန်ဖြင့် ရေးသားထားသော အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။
သူသည် အချိန်ယူ၍ ဆရာကြီးဦးဖေမောင်တင်နှင့် မကြာခဏ တွေ့ဆုံမေးမြန်းပြီး ရရှိသော အချက်အလက်တို့ကို အခြေခံကာ ဇာတ်လမ်း၊ ကာလနောက်ခံ၊ လူ့သဘာဝ အဖွဲ့သဘောမျိုးဖြင့် ဆင်ယင် ရေးသားထားလေသည်။
အဆိုပါစာအုပ်၌ ဆရာဇော်ဂျီ အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
“ထိုသို့ဖွဲ့ထားခြင်းသည် ဝတ္ထုတွင် လူ့သဘာဝအဖွဲ့ထားပုံနှင့် ဆင်ဆင်တူသည်ဟု ယူဆပါသည်။ ထို့ကြောင့် အတ္ထုပ္ပတ္တိသည် ဆရာကြီး၏ ခေတ်အခြေအနေ၊ ဆရာကြီး၏ အကြောင်းခြင်းရာတို့နှင့် စပ်လျဉ်း၍ သိစရာ၊ မှတ်စရာတို့ကိုသာမက နှစ်သက်ခြင်းနှင့်တကွ ခံစားမှုအသိုကိုလည်း ပေးနိုင်သည်ဟု ဆိုခင်ပါသတည်း”
ဆရာကြီး မောင်ထင်ကလည်း -
“မလေးလုံ၏ စာပေသမိုင်းဝင် အတ္တုပ္ပတ္တိကို ဖတ်ရှုလိုက်သောအခါ ဣနြေ္ဒရှင် အမျိုးသမီးတဦး၏ ပျိုမျစ်သော စာပေဟန်၏အတွင်းသားထဲ၌ ဆရာကြီးဦးဖေမောင်တင်၏ ဇွဲ လုံ့လ သမာဓိတို့သည် ခိုင်ခံ့စွာ အင်အားအပြည့်အ၀နှင့် ပေါ်ပေါက်လာပါသည်။ နူးညံ့သောလက် ကလေးဖြင့် ကျောက်ဆစ်ကျောက်သားကို ခံ့ညားတင့်တယ်သော ပုရိသလက္ခဏာပေါ်အောင် ထုလုပ်သည့် အခြားအရာဖြစ်သည်ဟု ဆိုနိုင်စရာအကြောင်းရှိပါသည်” ဟု ချီးမွမ်းမှတ်ချက်ပေး ထားသည်။
‘ဖေမောင်ထင် သို့မဟုတ် ဘသက်ရှည်’ ဝတ္ထုဟန် အတ္ထုပ္ပတ္တိ ရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာမ မလေးလုံက ဤသို့ပြန်လည်ရှင်းလင်းပြထားသည်။
“အတ္ထုပ္ပတ္တိဟန် ရေးတာနဲ့ပတ်သက်ပြီး တချို့အယူအဆ နည်းနည်းလွဲနေတာရှိတယ်။ ဈတ္ထုဟန်နဲ့ရေးတော့ ဝတ္ထုကိုပဲ ဖန်တီးရေးတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ကျွန်မ ဖန်တီးရေးတာ မပါပါဘူး။ ဦးဖေမောင်တင် ပြောသမျှတွေကိုပဲ ဖတ်ကောင်းအောင် စီပြီး ရေးခဲ့တာပါ။ အတ္ထုပ္ပတ္တိရေးတဲ့သူတိုင်းဟာ ကာယကံရှင်ပြောတာကို ဖတ်ကောင်းအောင် စီပြီး ရေးတာချည်းပါပဲ။ ဘသက်ရှည် ပထမခန်းကလေးကိုပဲ ကျွန်မ စာမျက်နှာ တော်တော်ရအောင် ရေးထားတယ်။ ရိုးရိုးရေးမယ်ဆိုရင်တော့ ဦးဖေမောင်တင် ဘယ်နှခုနှစ်က မွေးတယ်၊ ဘာညာ ဆိုပြီး သုံးလေးငါးကြောင်းနှင့် ပြီးသွားမှာပေါ့။ အခုဟာက ဦးဖေမောင်တင်ကိုယ်တိုင် သူ့အဖေ၊ အဖေတွေအကြောင်းအသေးစိတ် ပြောပြတော့ ကျွန်မမျက်စိထဲမှာ ပေါ်လာတယ်။
“ကျွန်မ ပြောချင်တာကတော့ အကြောင်းအရာတွေက ရိုးရိုးစင်းစင်း လျှောက်ရေးမယ့်အစား အချို့ကို မြှုပ်ကွက်ကလေးလုပ်ထားပြီး ဝတ္ထုဇာတ်လမ်းကို အချိတ်အဆက် အကွက်ပေါ်မှ ပြန်ဖော်ပြတာမျိုးပါ။ ဖတ်သူကို စာပေအရသာ ခံစားစေလိုတဲ့ စေတနာပါ”
‘ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်’ စာအုပ်သည် မလေးလုံ၏ စာပေသမိုင်းတွင် မှတ်တိုင်တခုအဖြစ် ထင်ရှားခဲ့သည်။ သူသည် လုံးချင်းဝတ္ထုများကိုသာမက ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်ပေါင်းများစွာကိုလည်း မဂ္ဂဇင်း၊ ဂျာနယ်များ၌ ရေးသားခဲ့သည်။
မလေးလုံ၏ ပထမဆုံး လုံးချင်းလက်ရာမှာ ၁၉၆၂ ခုထုတ်၊ ‘မေတ္တာအရင်းခံ ဝတ္ထုဖြစ် သည်။ မေတ္တာအရင်းခံဝတ္ထုသည် အင်္ဂလိပ်ဝတ္ထုတပုဒ်ကို အခြေခံပြီး ခရစ်ယာန်မိသားစု အိမ်ထောင်လေးတခုအကြောင်း ရေးဖွဲ့ထားသည့် ဝတ္ထုဖြစ်သည်။ သူရေးထားသော ''သိမ်"့ ၀တ္ထုကို ညွန့်ဝင်း၊ ဝါဝါဝင်းရွှေတို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ဆရာမသည် ကျန်းမာရေး ချူချာသည့်ကြားမှ ကွယ်လွန်ချိန်အထိ မဂ္ဂဇင်းဝတ္ထုတိုများနှင့် လုံးချင်းဝတ္တုတိုများကို ရေးသွားနိုင်ခဲ့သည်။ သူသည် ကွယ်လွန်ချိန် (၁၉၉၁ ခုနှစ်) အထိ စာပေသက်တမ်း နှစ် ၃၀ အတွင်း လုံးချင်းစာအုပ် ပေါင်း ၃၀ အုပ်ခန့် ရေးသွားခဲ့လေသည်။
ဆရာမ မလေးလုံ၏ လုံးချင်းဝတ္ထုများမှာ -
မေတ္တာရင်းခံ (၁၉၆၂)၊ ပိုး (၁၉၆၅)၊ ပိုင် (၁၉၆၆)၊ ကေသာပိတုန်း ငွေမင်ရည်ဖုံးစေတော့ (၁၉၆၇)၊ သိမ့် (၁၉၆၉)၊ ထိပ်ထားလေး (၁၉၆၉)၊ ပင်မြက်မြေဇာ (၁၉၇၀)၊ နေလကြယ်စင် ကွယ်ပင်ငြားလည်း (၁၉၇၀)၊သစ္စာနယ်မြေသူ (၁၉၇၀)၊ ပုံ့ (၁၉၇၀)၊ မုန်းမာန်ရယ်ပြေသလို (၁၉၇၁)၊ မေတ္တာသံသရာ (၁၉၇၁)၊ ငွေကြယ်လှလှ ကြွေသောည (၁၉၇၃)၊ ဘယ်အငြိုးနဲ့ ကံဆိုးမိုးရွာတယ် (၁၉၇၃)၊ မောင့်မေတ္တာ ရစ်ခါနှောင်မှ (၁၉၇၃)၊ အီဖေကိုယ်နှင့် မကြီးဂျမ်း (၁၉၇၃)၊ မေတ္တာသွန်းဖြိုး မြတ်နိုးသူမယ် (၁၉၇၃)၊ အသည်းပန်းတစ်ခက် ပေးဆပ်ချင်လျက် (၁၉၇၃)၊ ထိပ်တန်းဝတ္တုတိုများ (ဒဂုန်ရွှေမျှား၊ ညိုဝင်း၊ အောင်လင်း၊ တင့်ဆန်း၊ မလေးလုံ)၊ (၁၉၇၃)၊ မြတ်လေးနွယ် (၁၉၇၄)၊ ချစ်ခွန်းတိတ်တိတ် ရင်သိမ့်သိမ့် (၁၉၇၄)၊ မော် (၁၉၇၄)၊ ဘဝဆိပ်ကမ်းသာ (၁၉၇၄)၊ ဆောင်းလေဝှေ့တော့ နှင်းငွေ့ပြယ် (၁၉၇၄)၊ ဖေမောင်တင် သို့မဟုတ် ဘသက်ရှည် (၁၉၇၅)၊ ချစ်ပါတယ်မောင့်ကို (၁၉၇၅)၊ မေတ္တာစကားဆိုမယ် (၁၉၇၅)၊ လှေလူးလူး လှိုင်းမူးမူး (၁၉၇၆)၊ ခပ်ပိပိလိမ် (၁၉၇၈)၊ နေရယ် လရယ် ချစ်သူရယ် (၁၉၇၈)၊ ကြေးမုံရိပ်သွင် (မလေးလုံ၊ ရွှေသဉ္စာ၊ ရန်အောင်ပြေ၊ ခင်ညိုထွန်း၊ ယုဝတီင်္သိဂီမြင့်နှင့် အခြားစာရေးဆရာများ) (၁၉၇၈)၊ သီလနှင့် ပြည့်စုံသော မိန်းမနှင့် အခြားဝတ္ထုတိုများ (၁၉၈၃) တို့ဖြစ်သည်။
သူသည် စာပေဝါသနာအလျောက် ‘လုံမလေး’ မဂ္ဂဇင်းကို ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ထောင်သည်။ အဆိုပါမဂ္ဂဇင်း၌ အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်ချိန်အထိ ထမ်းရွက်သွားသည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလထုတ်တွင်ပါရှိသော ‘ပန်းကိုတော့ ပန်လျက်ပါပဲဝတ္ထုတိုမှာ သူ၏ နောက်ဆုံးရေးခဲ့သောလက်ရာ ဖြစ်သည်။
မလေးလုံသည် စာပေဝါသနာဖြင့် မနေမနား ကြိုးပမ်းတတ်သူဖြစ်သည်။ မဂ္ဂဇင်း ထုတ်ဝေခြင်းလုပ်ငန်းမှာ စာပေထုတ်ဝေခြင်းလုပ်ငန်းထက် ကရိကထများပြားရှုပ်ထွေး လှသောကြောင့် သူ့ကျန်းမာရေးကိုပင် တဖြည်းဖြည်း စိုးရိမ်စရာဖြစ်လာသည်။ သို့သော် သူ့ဝါသနာကို အစ်ကိုနှင့် ညီမများက ဝိုင်းဝန်းဖြည့်ဆည်းပေးကြသည်။ သူ့အား ဂျာမန် ဒီမိုကရက်တစ် သမ္မတ နိုင်ငံ (အရှေ့ဂျာမနီ) ဟမ်းဘို့တ်(Humboldt) တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဒေါက်တာအန်နီ မာရီအက်ရှဲလ် (မြန်မာအမည် ဒေါ်နှင်းဆီ) က မိတ်ဆက်ပေးရန်ဟု ပြောလာသဖြင့် တနေ့ သူနှင့် မိတ်ဆက်ပေးခဲ့ရသည်။ မလေးလုံသည် သူ့ဝတ္တုဝေဖန်ချက် တောင်းခံသည်။
မလေးလုံသည် စာပေတာဝန်များကို အားမာန်အပြည့်ဖြင့် ဇွဲနပဲကြီးစွာ ဆောင်ရွက်ရင်း စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းများကိုလည်း အထူးတလည် စိတ်ဝင်စားစွာ ဆောင်ရွက်ခဲ့သည်။ လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်သကဲ့သို့ မိတ်ဆွေအပေါင်းအသင်းများ၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများကို ကူညီဖြေရှင်းပေးလေ့ ရှိသူလည်းဖြစ်သည်။ အထူးသဖြင့် ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး ဘုရားသခင်၏ အဆုံးအမတော်နှင့်အညီ စိတ်နှလုံး ကောင်းမွေးမြူသူဖြစ်သည်။
နောက်ပိုင်းတွင် သူနှင့် ကျွန်တော် မဆုံဖြစ်တော့ချေ။ ထို့နောက် ၁၉၉၁ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သူ ကွယ်လွန်ကြောင်း ကြားသိရသောအခါ ဝမ်းနည်းစိတ်မကောင်းဖြစ်မိသည်။ စာရေးဆရာမ မလေးလုံသည် ၁၉၉၁ ခု၊ ဧပြီလထုတ် လုံမလေး မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြမည့် သန်လျင်ဖေသွင်၏ ‘အခြားသောပညာရှိတစ်ပါး’ (The Other Wise Man) ဘာသာပြန် ဝတ္ထုရှည်ကြီးကို ကွယ်လွန်မည့်နေ့နံနက် အရုဏ်ဦးအထိ ကိုယ်တိုင်တည်းဖြတ် ပြင်ဆင်ခြင်း ပြုသွားလေသည်။
သူကွယ်လွန်သွားသောအခါ အသက် ၈၁ နှစ်အရွယ်ရှိ မိခင်ကြီး ဒေါ်စောတင်နှင့် အစ်ကိုတဦး၊ ညီမသုံးဦး ကျန်ရစ်ခဲ့သည်။ သူ၏ ရုပ်ကလာပ်ကို နာနတ်တော ခရစ်ယာန်သင်္ချိုင်း၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့လေသည်။
မည်သို့ဆိုစေ စိတ်ထားဖြူစင်၍ စာပေတာဝန်ကို အားမာန်အပြည့်ဖြင့် ဇွဲနပဲကြီးစွာ ရွက်ဆောင်ခဲ့သော ဆရာမ မလေးလုံသည် ကောင်းမြတ်သော တမလွန်ဘဝ၌ အေးချမ်းစွာ နားခိုနေမည်မှာ မလွဲဧကန်ပင်တည်း။ 


မေတ္တာ ကရုဏာ စေတနာဖြင့် 
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |