twitter


ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေဟာ တနေ့တခြား ကြီးထွားလာနေတဲ့ သူတို့ရဲ့စွမ်းအင် လိုအပ်ချက် ပြည့်မှီအောင် ရရှိရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းလာတာကို ၂၁ ရာစု အစပိုင်း နှစ်တွေမှာ တွေ့လာရတယ်။
အဲဒီလို အင်အားကြီးထွားလာနေတဲ့ အထဲမှာ အာရှနဂါး အဖြစ်နာမည် ကြီတဲ့ တရုတ်ဟာ ကမ္ဘာ့ စီးပွားရေး နေရာမှာ နံပါတ်နှစ်ကို ရောက်ရှိလာခဲ့ပါတယ်။ စီးပွားရေး ကြီးထွားလာမှုနဲ့အတူ စွမ်းအင် လိုအပ်ချက်က လည်း ကြီးထွားးလာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ စွမ်းအင်သုံးစွဲတဲ့ နေရာမှာ ကမ္ဘာ့ နံပါတ် (၃) နေရာကိုရောက် ရှိလာခဲ့တယ်။စွမ်းအင်အတွက် လိုအပ်တဲ့ လောင်စာအများစု ကိုတော့ အရှေ့အလယ်ပိုင်းကနေ သင်္ဘောကြီးတွေနဲ့ သယ်ယူပါတယ်။
အဲဒီလို သင်္ဘေတွေနဲ့ သယ်ယူရာမှာ လမ်းခရီးရှည်လျားမှု အချိန်ကာလကြန့်ကြာမှု ငွေကြေးကုန်ကျမှု မြင့်မားခြင်းနဲ့ အန္တရာယ်ကြီးမားခြင်းတို့ဟာ ရေရှည်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အားကြီးထွားမှုကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တဲ့ အချက်ဖြစ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ အနာဂတ် လောင်စာသယ်ယူရေးကို အဓိကခြိမ်းခြောက်လာနိုင်တဲ့အချက်ကတော့ တောင်တရုတ်ပင်လယ် အတွင်းရှိတဲ့( စပရယ်တလီ) ကျွန်းစု အငြင်းပွားမှုပဲ ဖြစ်ပါတယ်။ အဲဒီကျွန်းစုတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိနေတော့ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ ဗီယက်နာမ်နိုင်ငံတွေက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေ ကြခြင်း ဖြစ်ပါတယ်။
ဒီကျွန်းစုပိုင်ဆိုင်မှုအငြင်းပွားတွေကြောင့် တခါတလေမှာ စစ်ရိပ်စစ်ငွေ့တွေ တောင်သန်းခဲ့ဘူးပါတယ်။ အငြင်းပွားမှုထဲမှာပါတဲ့ နိုင်ငံတွေကလည်းလျော့ပေးမယ့် နိုင်ငံတွေရယ်လို့ မရှိပါဘူး။
ဒါကြောင့်တရုတ်ဟာ အနာဂတ်မှာ သူရဲ့လောင်စာ သယ်ယူရာလမ်းကြောင်း လုံခြုံရေးအာမခံချက် ရှိရေးဟာ အဓိကအချက် ဖြစ်လာခဲ့ပါတယ်။ မလက္ကာရေလက်ကြား ကိုအစားထိုးမယ့် လမ်းကြောင်းသစ်များကို စတင် ရှာဖွေလာခဲ့တယ်။
ရှေးခေတ် တရုတ်နိုင်ငံထွက် ပိုးထည်းနဲ့ ကြွေထည် ပစ္စည်းတွေကို အရှေ့အလယ်ပိုင်းနဲ့ အနောက်နိုင်ငံ တွေမှာ ရောင်းချရေးအတွက် ပိုလမ်းမ (Silk Road)- မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ အာဖဂန်ကို အသုံးပြုခဲ့ ပါတယ်။
၂၁ ရာစု တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး ကအဓိက ကျသလို တရုတ်နိုင်ငံရဲ့ ကုန်တွင်းပိုင်းပြည်နယ်တွေဟာ ဆင်းရဲချမ်းသာ ကွဟမှုဒဏ်ကို အဓိကခံနေရတဲ့ ပြည်နယ်တွေဖြစ်နေတယ်။ ဒီပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှုက လည်း တရုတ်ပြည်ရဲ့ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်တယ်။ဒါကြောင်းဒီပြည်နယ် ထွက်ကုန် ပစ္စည်းတွေကို အာဖရိကနဲ့ဆင်းရဲတဲ့အနောက်အာရှ၊ အိန္ဒိသမုဒ္ဒရာ တွင်းရှိနိုင်ငံ တွေဆီ မြန်မာနိုင်ငံကိုဖြတ်ပြီး အနောက်ဖက် ရခိုင်ပြည်၊ ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် ဖြန့်ဖြူးလိုတယ်။
ရခိုင်ပြည်ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံ ယူနနပြည်နယ်ထိ တည် ဆောက်နေတဲ့ရေနံပိုက်လိုင်း စီမံကိန်းဟာ တရုတ်အစိုးရရဲ့ သားရွေအိုးထမ်းလာတဲ့အစီအစဉ်ဘဲ ဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ စွမ်းအင် လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း၊ အာဖရိကနိုင်ငံ တွေဆီက ရေနံတင် သင်္ဘေကြီးတွေနဲ့ အိန္ဒိယသမုဒ္ဒရာ ကိုဖြတ်ပြီး မလက္ကာရေလက်ကြားကတဆင့် တောင် တရုတ် ပင်လယ် ဆိပ်ကမ်းမြို့တွေဆီကို သယ်ယူရပါတယ်။
အဲဒီခရီးရဲ့ အကွာအဝေးဟာ မိုင်ပေါင်း ၃၀၀၀ ကျော် ခရီးရှိပါတယ်။ မိုင်ပေါင်းသုံးထောင်ခရီး အန္တရာယ် ရောပြွန်းနေတဲ့ မလက္ကာရေလက်ကြား ကိုရှောင်ရှားပြီး လမ်းခရီးတိုတို အချိန်တိုတိုနဲ့ စရိတ်သက်သာစွာနဲ့ ခေတ်သစ်ပိုးလမ်းမကို ဖောက်လုပ်လိုက်တာဟာ တရုတ်နိုင်ရဲ့ အနာဂတ်စွမ်းအင် ဖူလုံမှုအတွက် အောင်မြင်မှုကြီးတခု ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆင်းရဲတဲ့ပြည်နယ်ရှိ စက်မှုလုပ်ငန်းတွေရဲ့ လောင်စာလိုအပ်ချက်ကို ရခိုင်ပြည်က ထွက်လာမယ့် ရေနံနဲ့သဘာဝ ဓာတ်ငွေ့တွေက နှစ်ပေါင်းသုံးဆယ် အထိ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်။
တရုတ်အစိုးဟာ သူ့နိုင်ငံရဲ့ လောင်စာဖူလုံရေးအတွက် ခေတ်သစ်ပိုးလမ်းမနှစ်ခုကို စဉ်းစာခဲ့တယ်။ ရခိုင်ပြည် ကျောက်ဖြုရေနက်ဆိပ်ကမ်းနဲ့ ယူနန် ပြည်နယ်ထိ သွယ်ယူမယ့် ရေနံပိုက်လိုင်း။ နောက်တစ်ခုက ပါကစ္စတန် အာရေဘီးယားပင်လယ် ကမ်းခြေရှိ ဂွန်ဒါ ရေနက်ဆိပ်ကမ်းနဲ့ ပါကစ္စတန်ကို ဖြတ်ပြီး ဖောက်လုပ် မည့် ရေနံပိုက်လိုင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဂွန်ဒါရေနက်ဆိပ်ကမ်းဟာ မူဆလင် စစ်သွေးကြွ တိုင်းရင်းသားတွေ ကြီးစိုးတဲ့နယ်မြေ ဖြစ်တာကြောင့် ရေနံပိုက်လိုင်းတည် ဆောက်မှုကို စွန့်လွှတ်ခဲ့ပါတယ်။တရုတ်အစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုက မဟာဗျူဟာမြောက် အရေးပါနေတယ်။ ဒီနှစ်အတွင်းတက်လာတဲ့ သတင်းတွေအရ တရုတ်လူမျိုးတွေ ကျောက်ဖြူမြို့နယ်အတွင်းမှာ မြေဧကပေါင်း မြောက်မြားစွာဝယ်ယူပြီး ရင်းနှီး မြုတ်နှံနေပါတယ်။ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် မဟာစီမံကိန်းတွေပဲ ဖြစ်ပါတယ်။သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းအရ ဆိုရင် တရုတ်အစိုးရဟာ မူဆယ်ကနေ ကျောက်ဖြူရေနက် ဆိပ်ကမ်းအထိ မိုင် ၅၀၀ ကျော် ရှည်လျားမယ့် လျပ်စစ်မီးရထားလမ်းကို ဒီနှစ် အကုန်မှာ စတင်ဖေါက်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမယ့် စီမံကိန်းဟာ ဧရာဝတီ မြစ်ပေါ်မှာ ဆောက်လုပ်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းထက် အဆ ၁၀ ပိုကြီးပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြုတ်နှံတဲ့ အထဲမှာ အကြီးမား ဆုံးစီမံကိန်းအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စီမံကိန်းတခုထဲမှာ အဲဒီလောက်ငွေကြေး အမြောက်အမြားရင်းနှီးမြှုတ်နှံတာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရင်းနှီးမြှုတ်နှံမှု ဖြစ်ပါတယ်။ အဲဒီလောက်ပမာဏ များပြားတဲ့ ရင်းနှီးမှုကို ကြည့်ရင် တရုတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ မဟာဗျူဟာ ရေးဆွဲသူတွေက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဘယ်အထိမျှော်မှန်းချက် ဆိုတာ သိသာလှပါတယ်။ ဒီလိုရင်းနှီးမြှုတ်နှံတာ အချက်အများအပြား ရှိနိုင်ပါတယ်။ အချက်နှစ်ချက်က ပထ၀ီအနေအထားအရ အချက်အခြာကျမှုနဲ့ လာမယ့်နှစ် ၂၀ အတွင်းမှာ မြန်မာနိုင်ငံရေး အပြောင်းအလဲ မရှိနိုင်ဘူးဆိုတာ တရုတ်ခေါင်းဆောင်တွေ သုံးသတ်ထားပုံရတယ်။ တနည်း အားဖြင့် နှစ်၂၀ အတွင်းမှာ တရုတ်သြဇာလွမ်းမိုးမှုကို အံတုမယ့် ခေါင်းဆောင်မရှိနိုင်ဘူးဆိုတဲ့ သဘောပါ။ ဘယ် ကော်ပေါ်ရိတ်ကြီးမဆို ကြီးမားတဲ့ ရင်းနှီး မြှုတ်နှံမှုလုပ်တော့မယ် ဆိုရင် အဲဒီ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်လေ့ ရှိပါတယ်။ တနည်းအားဖြင့် ဒီနေ့ စစ်ခေါင်းဆောင်တွေ နောက်နှစ် ၂၀ ထိ အာဏာကို ဆက်ထိမ်းထားနိုင်တယ်ဆိုတဲ့ သဘောလည်းပါတယ်။
တရုတ်သမိုင်းထဲမှာ အရေးပါဆုံးဖြစ်တဲ့ မဟာတံတိုင်းတည်ဆောက်မှုကို ဘီစီ ၅ ရာစုမှာ စတင်ခဲ့ပါတယ်။ မဟာတံတိုင်း ဆောက်ရတဲ့ အဓိကအကြောင်းရင်က အနောက်ဘက်ဒေသက တရုတ်ပြည်ထဲကို မကြာခဏ ကျူးကျော်နေတဲ့ နော်မက် ( Nomad) လူမျိုးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ဒီတံတိုင်းရဲ့ ရည်ရွယ်ချက်က တရုတ်ပြည်ကြီး လုံခြုံရေးဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အဲဒီလောက် ကြီးမားတဲ့ အဆောက်အဦကို ဘယ်လူမျိုးမှ တည်ဆောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
မြန်မာ့နယ်မြေကို ဖြတ်ပြီးဖောက်လုပ်မယ့် ရေနံပိုက်လိုင်း၊ လျပ်စစ်ရထားလမ်းနဲ့ ကျောက်ဖြူရေနယ် ဆိပ်ကမ်းတွေကတော့ မော်စီတုန်းတည်ထောင်ခဲ့တဲ့ တရုတ်အင်ပါယာကြီးအတွက် ၂၁ ရာစု စွမ်းအင် လုံခြုံ ရေး၊ တရုတ်ထွက်ကုန်ပစ္စည်းတွေ အာဖရိက၊ အာရှဒေသတွေမှာ အင်အားကြီးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်တဲ့ အခါ အသာစီးရရေးနဲ့ တရုတ်ရေတပ် အနေနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်အင်အားကို ထိမ်းထားရေးတို့ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လှရွေ
စာရေးသူသည် ရခိုင်သတင်းစဉ် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရခိုင်ပြည် အမျိုးသားကောင်စီ နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရုံးတွင် လက်ထောက် ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မဲဆောက်မြို့ CDC အထက်တန်းကျောင်း Post Ten တွင် သမိုင်းသာသာရပ် သင်ကြားလျက် ရှိသည်။
Thursday, September 29, 2011 | 1 comments |
ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အခြာဒေသမှာ ချင်းတွင်းမြစ်ဖျား နှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတ၀ိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃ံ ၃၇' နှင့် ၂၈ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၆ံ နှင့် ၉၈ံ ၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကချင်လူမျိုး ဦးရေမှာ ၁၅၃၀၀၀ ကျော် ရှိသည်။ ထိုအရေအတွက်တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သော ဒေသများလည်း ရှိခဲ့သည်။ ကချင်ပြည်နယ်တွင် မူလ အရင်းခံ နေထိုင်ခဲ့ကြသော စုစုပေါင်းလူမျိုး ၆ မျိုးပေါင်းကာ ကချင်လူမျိုး ဟုခေါ်ဆိုသည်။ ၄င်းလူမျိုး ၆မျိုးမှာ ဂျိမ်းဖော၊ လီဆူး၊ ဇိုင်ဝါ၊ လောေ်ဝါ်၊ လချိပ် နှင့် ရဝမ် လူမျိုးတို့ ဖြစ်ကြသည်။

ကချင်တို့၏ မူလဇစ်မြစ်

ကချင်လူမျိုးတို့မှာ တိဗက် - မြန်မာ အနွယ်ဝင်များ ဖြစ်ကြ၍ မြန်မာလူမျိုးတို့နှင့် ဘိုးစဉ် ဘောင်ဆက်မှစ၍ မျိုးရိုး တစ်ခုတည်း ဆင်းသက်လာခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ဂရဘုံ ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပါယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ်(မကြာမှီက ငလျင်အပြင်းအထန်လှုပ်ခဲ့သည့်ဒေသ) အကြားရှိ ကုန်းမြင့်ဒေသပင် ဖြစ်ဟန်တူပေသည်။

ရွှေ့ပြောင်းနေထိုင်လာပုံ

ကချင်မျိုးနွယ်တို့သည် တိဗက်တိုဘားမန်း(တိဗက်မြန်မာ)အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းသို့ နောက်အကျဆုံး ၀င်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာအများစုကဲ့သို့ အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဖက် စစ်ကိုင်းတိုင်း အနောက်ဖက် ဒေသများမှ ၀င်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဖက်စူစူးမှ ၀င်ရောက် လာသည်ဟုဆိုကြပါသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများဆိုသလိုကွဲပြားခဲ့ကြရပါသည်။ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ် ၊ မြန်မာ ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတ၀ိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင် သာသည့်အလျှောက် တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း  မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ ပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့ ၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၎င်း ၊ အနောက်တောင်ဘက် ဒရုချက်သို့၎င်း ၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ် ၊ တြိဂံနယ် အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။

အမည်

ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျင်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ လူတစ်ယောက် ဟု အဓိပ္ပါယ် ရှိသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ယေဂျင် ” ဟု ခေါ်ကြသည်။ အဓိပ္ပါယ်မှာ “ လူရိုင်း ” ဟု ရရှိသည်။ ယဉ်ကျေးသော နောက်ထပ် တရုတ်တို့၏ အခေါ်အဝေါ်တစ်ခုမှာ “ ရှန်ထို ” ဟု ဖြစ်သည်။ တောင်ထိပ်သား ဟု အဓိပ္ပါယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံန၀ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။

ကချင် အုပ်စုကွဲများ

ဂျင်းဖောဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို ဂျင်းဖောဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခု ” ဟု ခေါ်ကြသည်။ ခခု ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပါယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ၀ချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ၀ချက်ဝမှာ သားငါးဦး ရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆို ရှိသည်။ 
ထိုသူတို့မှာ မရစ် လထော လဖိုင် အင်ခုမ် နှင့် မရမ် တို့ ဖြစ်ကြသည်။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကြသော မရစ်အုပ်စုမှာ ၄င်းတို့ လူမျိုးစုထဲတွင် ၀ါအရင့်ဆုံး ဖြစ်၍ လဖိုင်အုပ်စုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု (၅) စုတို့သည် ရှေးယခင်အခါက လူမျိုးချင်း ရောယှက်ကာ အတူတကွ နေထိုင်လေ့ ရှိခဲ့ကြသည်။ အဆိုပါ အုပ်စုကြီး (၅) ခုအပြင် ဖခင်ကြီး ၀ချက်ဝ၏ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဆိုသော အခြား လူမျိုးအုပ်စု (၁၅) လည်း ရှိသေးသော်လည်း ထင်ရှားခြင်း မရှိကြချေ။

ဓလေ့ထုံးစံများ

ကချင်လူမျိုးတို့သည် အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သော လူမျိုးများ ဖြစ်ကြသည်။ ကျေးရွာများတွင် ဒုမ်ခဆိုသော နတ်ဆရာမှာ အထူးအရေးပါ အရာရောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ မင်္ဂလာဆောင်သော အခါတွင်၎င်း ၊ တစ်စုံတစ်ယောက် သေဆုံး၍ သဂြိုံဟ်မည့်အခါတွင်၎င်း ဒုမ်ခ နတ်ဆရာက ညွှန်ပြ ရှေ့ဆောင်ရသည်။ ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလိုင်း ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလိုင်းကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း ၊ သာရေးနာရေး ကိစ္စများ၌ ဦးဆောင်ကြလေသည်။ ဒူးဝါးဟုခေါ်သော အကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကြသည်။ ကိုလိုနီခေတ်တွင် တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလိုင်း နှင့် ဒူးဝါးတို့ ကြားတွင် ရှိလေသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူးဝါးတို့ကို ဆက်သွယ်ပေးရသူ ဖြစ်သည်။ ကချင်လူမျိုးတို့တွင် မူရင်းစာပေ မရှိကြချေ။ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များက ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့ကြသည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍ မဖြစ်သောအခေါ်အဝေါ်များကို မြန်မာစကားဖြင့်၎င်း ၊ ရှမ်းစကားဖြင့်၎င်း ခေါ်ဝေါ်ကြသည်။

အဆိုအကနှင့် တူရိယာများ

ကချင်လူမျိုးများသည် ကခုတ်ခြင်း ၊ သီဆိုခြင်းများတွင် အထူး ၀ါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာ ပွဲများတွင်၎င်း ၊ အသုဘကြုံသည့် အခါတွင်၎င်း ၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့် မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေး ယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီး တစ်ခုမှာ “ မနောပွဲ” ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း ၊ လင်းကွင်း ၊ ဗုံရှည် နှင့် ပလွေတို့ကို တီးမှုတ်လေ့ရှိသည်။

မနောပွဲ

မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ ပွဲတော်ကျင်းထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို ဇန်န၀ါရီလ တွင် ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများဝတ်ဆင်ထားသော ကချင်အမျိုးသား အမျိုးသမီး တို့သည် မတ်တပ်ရပ်၍ လှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။

ဘာသာ

ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀၀ကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြ သည့်တိုင် မနောတိုင် မှာထင်ရှားသည့်ရိုးရာအမှတ်အသားအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။

အယူဝါဒ

ကချင်လူမျိုးများ သေလျှင် သူတို့ သချိုံင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သချိုံင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ၀ိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ၀ိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး ၊ လှံ ၊ သေနတ်နှင့် အ၀တ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။

စာပေ

ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြု ရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် အင်္ဂလိပ်အက္ခရာများအသုံး ပြုပြီး တီထွင်ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင် စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုရမ်ဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့် ပုံနှိုပ်တိုက်လည်းတည်ရှိသည်။
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။

| 0 comments | Labels:

မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်ကဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာ ကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကျွက်ကျွက် ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာ ပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ် ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ် နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန် ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊ အခုအချိန်ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲ တခုဆီ ရွေ့လျားရမည့် အချိန်ပါပဲ၊ သူတို့ဘယ်လို ရပ်တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကို လက်ခံပြီး ဒီမကောင်းဆိုးဝါးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား? ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုး  စီးပွါးကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက်ဆောက်စေ မှာလား? ပြည်သူလူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ပို၍သိချင်နေချိန်မှာ တွေ့ နေရတာကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များရဲ့ မစားရ ဝခမန်း ပြောနေတဲ့ ဆည်ကြီးကြောင့် ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊ သမ္မတကြီး ဦးသိန်းစိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့လက်အောက် ခံ ဖြစ်စေတော့မှာလား?

(၁) အစော်ကားခံရတဲ့ ကချင်ပြည်သူများ
ကချင်ပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်းထန်လှတာ လွန်ခဲ့တဲ့ နှစ်များကထဲကနေ အခုအချိန်အထိပါ၊ ဒါပေမည့် တရုတ်အာဏာပိုင်တွေက ကချင်ပြည်သူများက မြစ်ဆုံဆည် နဲ့ အခြားဆည်ကြီးများ ကချင်ပြည်နယ်တွင်းမှာ တည်ဆောက်တာကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုထောက်ခံကြတယ်လို့ လိမ်ညာကြွေးကြော်ကြပါတယ်။ ဟိုးဝါးဒူးဝါး ဇော်ဂမ် ဆိုတာ မြစ်ကြီးနားမှာနေတဲ့ အများကြည်ညိုလေးစားတဲ့ ကချင်ခေါင်းဆောင် တယောက် ပါ။ သူက တရုတ်အစိုးရက ဒီဆည်ကြီးတွေ ဆောက်တာမှာ ရယ်ရွယ်ချက်နှစ်ခုရှိတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်၊ သူက ဒီလိုပြော ပါတယ်၊ “ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က ရေအားလျှပ် စစ် ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာ ကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့
ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီ သေဖို့ ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တ သီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးကများနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါ တယ်။” ဒူးဝါးဇော်ဂမ်ဟာ သူ့ဘဝ သက်တမ်းမှာ ဆည်တွေကျိုးပေါက်လို့ မြစ်ကြီးနားမြို့ကြီး ရေလွှမ်းခံရတာ အကြိမ်ကြိမ် ကြုံဖူးခဲ့သူပါ၊ သူအတွက်တော့ မြစ်ကြီးနားမြို့နဲ့ ၁၈ မိုင်လောက်အကွာမှာ တည်ရှိမည့် အထပ် ၅၀ အဆောက်အအုံ တခု လောက်မြင့်မားမည့် မြစ်ဆုံဆည်ကြီးဟာ အချိန်မရွေးပေါက်ကွဲမည့် ဗုံးအကြီးကြီးတခုပါပဲ၊ ကချင်ပြည်သူတွေ ဟာ ဒီဆည် ကြီးတွေ ငလျင်နဲ့ မိုးသည်းထန်ခြင်း စတဲ့သဘာဝဘေးရန်ကြောင့်ဖြစ်စေ၊ လူသားရဲ့အမှား ချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ ပြိုကျပျက်ဆီးပြီး သူတို့ရဲ့ မြို့၊ ရွာတွေ ရေလွှမ်းဖျက်ဆီးခံရမှာကို ကြောက်ရွံ့ စိတ်နဲ့ ရှင်သန်နေကြရမှာပါ၊ ဒါကြောင့်လဲ ၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရတို့ ကချင်ပြည်နယ်အတွင်းမှာ ဆည်ကြီး ၇ ခုဆောက်ဖို့ သဘော တူလိုက်ကြတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း ဒူးဝါးဇော်ဂမ်နဲ့ ကခြားကချင်ခေါင်းဆောင် ၁၁ ဦးဟာ မြန်မာစစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာတစောင် လက်မှတ်ရေးထိုးပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ သူတို့ချည်းပဲ လားဆိုတော့ မဟုတ်ပါဘူး။ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေ၊ မြန်မာနိုင်ငံ တဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ တရုတ် နဲ့မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့၊ တောင်းဆိုနေကြတာ ၂၀၀၇ ခုနှစ်ကတဲကပါ၊ ဒါပေမည့် တရုတ်အစိုးရကတော့ ဒီအသံတွေကို လုံးလုံးလျားလျား မျက် ကွယ်ပြုပြီး ဆည်တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားပုံရပါတယ်။
စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၁ မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့ ပါတ်သက်ပြီးအလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၁) ကို  နေပြည်တော်မှာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ပြီး ဒီစီမံကိန်းနဲ့ပါတ်သက်နေတဲ့ ဝန်ကြီး ဌာနများ၊ ပညာရှင်များ၊ တရုတ်အစိုးရ ကုမ္ပဏီကိုယ်စားလှယ်များက မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ပါတ်သက်ပြီး စာ တမ်းတွေ တင်သွင်းခဲ့ကြပါတယ်၊ အဲဒီဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်က CPI Yunnan International Power Investment Co., Ltd (CPIYN) ရဲ့  ဥက္ကဌ မစ္စတာ လီ (Mr. Li Guanghua) တက်ရောက်ပြီး “ဧရာဝတီမြစ်ဝှမ်းဒေသ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခြင်း သည် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားလုပ်ငန်းများအတွက် မဟာဗျူဟာကျ သော ရွေးချယ်မှုဖြစ်သည်” (Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry) လို့ ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၃၀ ရှိတဲ့ စာတမ်းတစောင်ကို တင်သွင်းခဲ့ပါတယ်။
အဲဒီစာတမ်းမှာ မစ္စတာလီ က “ကချင်လူမျိုးများသည် မြစ်ဆုံဆည်ဆောက်လုပ်ရေးလုပ်ငန်းကို ထောက်ခံကြ သည်” လို့ တင်ပြသွားပါတယ်၊ သူက ဒီလိုပြောပါတယ်၊ စီမံကိန်းနဲ့ပါတ်သက်ပြီး လေ့လာသုံးသပ်တဲ့ အဖွဲ့ အစည်းတွေဟာ မတူညီတဲ့ ဘာသာတရား၊ ဘဝ၊ လူမျိုးစု၊ ပညာရေး နောက်ခံအသီးသီးက ဒေသခံပြည်သူ တွေကိုသူတို့ရဲ့ သဘောထားစစ်တမ်းတွေ ကို ကောက်ခံခဲ့ပါတယ် တဲ့၊ အဲဒီစစ်တမ်းတွေအရ သဘောထား ပေးသူပေါင်းရဲ့ ၈၀ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ် စီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဝင်ငွေမြင့်မားမှုတွေ ဖန်တီးပေးလိမ့်မယ် လို့ ယုံကြည်ကြပါသတဲ့၊ ၆၂ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွါးရေး ကို သိသိ သာသာမြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊ ပြီးတော့ သဘောထားပေးသူအများစုက နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ စီမံကိန်းဆောင်ရွက်မှုများကို ထောက်ခံကြပါသတဲ့၊ မလွဲမရှောင်သာ ၁၄ ရာခိုင်နှုံးလောက်က မထောက်ခံ ကြောင်းပြောရာမှာတောင်မှ မစ္စတာလီ က အဲဒီလူတွေဟာ စီမံကိန်းဒေသ မြစ်ဆုံကနေ ပထမဆုံး ရွှေ့ပြောင်းပေးရမည့် တန်ဖဲကျေးရွာက ဖြစ်ပြီး ဒီစီမံကိန်း ကောင်းကြောင်းကိုအသေအချာ နားမလည်ကြလို့ ဖြစ်တယ်လို့ ဆင်ခြေပေးပါသေးတယ်။
အဲဒီ စစ်တမ်းတွေကို ဘယ်တုံးက၊ ဘယ်သူတွေက၊ ဘယ်သူတွေကို၊ ဘယ်မှာ၊ ဘယ်လိုရှင်းပြပြီး ကောက်ယူ ခဲ့တယ်ဆို တာတော့ သူက ရှင်းမပြပါဘူး၊ ကချင်လူမျိုးများက ဆည်တည်ဆောက်ရေးစီမံကိန်းများကို ထောက်ခံကြတယ်လို့ သူ အရှင်းဆုံးနဲ့ မောက်မောက်မာမာ ကြွေးကြော်လိုက်တာကတော့ ဒီမြစ်ဆုံဆည် ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ နည်းလမ်း ပေါင်းစုံနဲ့ တစိုက်မတ်မတ်တောင်းဆိုနေကြတဲ့ ကချင်ပြည်သူများ ကို အကြီးအကျယ်စော်ကားလိုက်တာပါပဲ။

(၂) မြန်မာပညာရှင်များ၏ကန့်ကွက်ချက်ကို မျက်ကွယ်ပြုခြင်း
မစ္စတာ လီ ကပြောပါသေးတယ်၊ သူတို့ ကုမ္ပဏီဟာ ပါတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရုစိုက်ပါတယ် တဲ့၊ ဒါပေမည့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့၊ သူတို့ရဲ့ ဆည်စီမံကိန်းကို မထောက်ခံ တဲ့၊ မြန်မာပညာရှင်များတင်ပြတဲ့၊ ပါတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာကို လုံးဝလျစ်လျူရှုထားတာ တွေ့ရပါတယ်၊သူ့အဆိုအရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ CPI ကငှါးရမ်းထားတဲ့ တရုတ်၊ မြန်မာပညာရှင် အယောက် ၁၀၀ ကျော်ဟာ ဧရာဝတီမြစ်ဖျားက မြစ်ဆုံ နေရာတဝိုက်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ ၆လ ကျော်ဆောင်ရွက်ခဲ့ပါတယ်တဲ့၊ မြန် မာပညာရှင်တွေက BANCA  လို့ခေါ်တဲ့ Biodiversity And Nature Conservation Association ကဖြစ်ပြီး တရုတ်ပညာရှင်တွေ ကတော့ CISPDR လို့အတိုကောက်ခေါ်တဲ့ Changjiang Institute of Survey, Planning, Design and Research  ကဖြစ်ပါတယ်။ အဲဒီပညာရှင်တွေဟာ ကွင်းဆင်းစစ်ဆေးမှုတွေပြီးတဲ့နောက် အပြန်အလှန်ဆွေးနွေးမှုတွေကို ၂၀၀၉ ခု ဇွန်လ နဲ့ စက်တင်ဘာလအတွင်း မြစ်ကြီးနား၊ ဝူဟန်နဲ့ အခြားနေရာတွေမှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါ တယ်တဲ့၊ အဲ ဒီနောက် ၂၀၁၀ ခုနှစ် မတ်လမှာ CISPDR  က ဧရာဝတီမြစ်ဖျားက ဆည်တည်ဆောက်ရေး လုပ်ငန်းများကြောင့် ပတ်ဝန်း ကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်အစီရင်ခံစာ (Environmental Impact Assessment) (EIA)  ကို CPI ထံ တင်ပြပါ တယ်တဲ့၊ အဲဒီ CISPDR   ကတင်သွင်းတဲ့ EIA က ဆည် တည်ဆောက်ရေးလုပ်ငန်းကို ပါတ်ဝန်းကျင်ထိခိုက်မှု အနည်းအ ကျဉ်းသာရှိလို့ လုပ်သင့်ကြောင်း ထောက်ခံတင်ပြပါသတဲ့၊ ဒါပေမည့် မစ္စတာ လီ က မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့အကြံပြုတဲ့ မြန်မာပညာရှင်များ BANCA ကတင်ပြတဲ့ EIA ကိုတော့ လုံးဝကိုးကားခြင်း မရှိခဲ့ပါ။
အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာပဲ BANCA ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာထင်လှ ကလဲ စာတမ်းတစောင် တင်သွင်း ပါတယ်၊ သူ့ စာတမ်းကနေ မစ္စတာ လီ နဲ့မတူတဲ့၊ ပိုပြီးမှန်တဲ့အချက်အလက်တွေကို သိခွင့်ရလိုက်ပါတယ်၊ ကွင်းဆင်းစစ်ဆေးတဲ့ ပညာရှင် ၁၀၀ ကျော်ဆိုပေမည့် BANCA က မြန်မာပညာရှင်ပေါင်းက ၈၄ ယောက် ပါဝင်တာမို့ တရုတ်ပညာရှင်များရဲ့ အ ရေအတွက်က ၃၀ ကျော် ၄၀ လောက်ပဲရှိမယ်လို့ နားလည်ရပါတယ်၊ မြစ်ကြီးနားတဝိုက်က ဆည်ဆောက်ဖို့ ရည်ရွယ်တဲ့ နေရာများမှာ စုံစမ်းစစ်ဆေးဖို့ အချိန် ၇ လ သတ်မှတ်ထားပေမဲ့ တရုတ်ပညာရှင်များဘက်က အကန့်အသတ်တွေ ကြောင့် ၂၀၀၉ ခု ဇန်နဝါရီ လလယ်ကနေ ဇွန်လအထိ ၅ လပဲ စစ်ဆေးချိန်ရပါသတဲ့၊ ပြီးတော့ BANCA  က မြန်မာပညာ ရှင်များဟာ မြန်မာနဲ့ တရုတ် အစိုးရအကြားချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ၊ နားလည်မှု စာချွန်လွှာများကိုလဲ လေ့လာခွင့် မရရှိခဲ့ပါတဲ့၊ ပူးတွဲကွင်းဆင်းစစ်ဆေးမှု ပြီးတဲ့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ မြန်မာပညာရှင်များက EIA 
အစီရင်ခံစာမူကြမ်းကို CPI ထံ တင်ပြခဲ့ပြီး ၂၀၁၀ ခု၊ မတ်လမှာ အပြီးသတ်အစီရင်ခံစာကို CPI ထံ တင်သွင်း ခဲ့တယ်လို့ သိ ရပါတယ်။
BANCA ရဲ့အစီရင်ခံစာထဲမှာ မြန်မာပညာရှင်များက တရုတ်အာဏာပိုင်များကို “မြစ်ဆုံဟာ ကချင် တိုင်းရင်း သားများအတွက်ရော၊ မြန်မာနိုင်ငံသားများ အားလုံးအတွက်ပါ အင်မတန်ကြီးမားလှတဲ့ ယဉ်ကျေးမှု အမွေ အနှစ်ကြီး ဖြစ်တာမို့ မြစ်ဆုံ ဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့” အကြံပြုထားပါတယ်၊ ပြီးတော့လဲ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့အတွက် က ချင်ပြည်နယ်အတွင်းမှာ  အဆင့်ဆင့်ထပ်ပြီးတည်ဆောက်မည့် အကြီးစားနဲ့ အလတ်စား ဆည်ကြီးများဟာ ဧရာဝတီမြစ် ကြီးရဲ့ ဖွဲ့စည်းမှု၊ ရေနေသတ္တဝါများ၊ ဇီဝဗေဒ နဲ့ စိုက်ပျိုးမြေများအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံသားများအားလုံးရဲ့ ဘဝတွေကို ကြီးမားစွာ ထိခိုက်စေမှာ သေချာသလောက် ရှိပါတယ်” လို့ ရှင်းပြထားပါ တယ်၊ ဒါကြောင့်လဲ BANCA ပညာရှင်များက CPI ကို “မြစ်ဆုံဆည်ဆောက်လုပ်ရေးကို စွန့်လွှတ်ပြီး ယင်းဆည်ကြီးအစား မြစ်ဆုံ ရဲ့ အထက်ဖက် မေခနဲ့ မလိခ မြစ်နှစ်စင်းပေါ်က သင့်တော်မည့် နေရာ ၂ခုမှာ အသေးစား ဆည်နှစ်ခု အစားထိုးဆောက်လုပ်ဖို့” အကြံပြုထားပါတယ်။
မြန်မာပညာရှင်များရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို တရုတ်အာဏာပိုင်များ စိတ်ကြိုက်မတွေ့တာ ထင်ရှားပါတယ်။ BANCA    က အာဏာပိုင်များကို ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများကို အတည်ပြု ကြောင်း မဆုံးဖြတ်ခင် သိပံ္ပနည်းကျ လူမှုဘဝထိခိုက်မှုဆိုင်ရာ လေ့လာသုံးသပ် ချက်တွေကို အရည်အချင်း ပြည့်ဝတဲ့ လူ မှုရေးသိပံ္ပပညာရှင်များနဲ့ ဆောင်ရွက်သင့်ကြောင်း အကြံပြုသလို ဆည်များဆောက်လုပ်ခြင်းကြောင့် ဖြစ် ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး အလားအလာ တွေကို စီမံကိန်းတွေကို အတည်မပြုခင် သေသေချာချာ မျှမျှတတ သုံးသပ်ဖို့ အ လေးအနက်တိုက်တွန်း ထားပါ သေးတယ်၊ ဒါပေမည့်လဲ မြန်မာပညာရှင်များရဲ့ တာဝန်သိသိတင်ပြမှုတွေကို တရုတ်အာဏာပိုင်များက အလွယ်တကူပဲ အမှိုက်ပုံထဲ လွှတ်ပစ်လိုက်ကြပါတယ်၊ အဲဒီနောက် သူတို့ရဲ့ တရုတ်ပညာရှင်များကတင် သွင်းတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို ထောက်ခံတဲ့ EIA အစီရင်ခံစာကိုသာ မြန်မာအာဏာပိုင်များထံ တရုတ်ပညာ ရှင်များနဲ့ မြန်မာပညာရှင်များ ပူးတွဲရေးသားတဲ့ အစီရင်ခံစာအဖြစ်တင်ပြပြီး ဆောက်လုပ်ခွင့် ရယူခဲ့တယ်လို့ ယူဆရပါ တယ်၊ ဒီလိုနဲ့ မြစ်ဆုံဆည်နဲ့တကွ အခြားဆည်ကြီးများကို ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ခုနှစ်ကစပြီး ဆောက်လုပ်နေ ပါပြီ။
အလုပ်ရှင်ဖြစ်တဲ့ CPI နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်အရBANCA ဟာ သူ့ EIA အစီရင်ခံစာကို အများပြည်သူထံ ချပြခွင့်မရှိဘူးလို့ ဒေါက်တာထင်လှ ကပြောပါတယ်၊ ဒါပေမည့်လဲ သူကပဲ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာသုံးသပ်ချက် ဆိုတာ တကြိမ်တခါထဲလုပ်ပြီး ကျေနပ်ရမည့် ကိစ္စမဟုတ်ဘဲ  အကြိမ်များစွာ လုပ်ဖို့၊ ပြည်သူလူထု သိနားလည်မှုနဲ့ ပါဝင် မှု၊ လူထုရဲ့ အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ ဆွေးနွေးသွားပါတယ်၊ သူ့ ရဲ့ အထင်ရှားဆုံး တိုက်တွန်းချက်ကတော့ အာဏာ ပိုင်တွေအနေနဲ့ နောက်ထပ်ကျန်ရှိနေသေးတဲ့  လေ့လာသုံးသပ်မှု တွေကို ဆက်လက်ဆောင်ရွက်ဖို့ပါ။

(၃) မသေချာတဲ့ အကျိုးအမြတ်များနဲ့ သေချာတဲ့ ဆုံးရှုံးမှုများ
တရုတ်၊ မြန်မာ အာဏာပိုင်များက ဆည်ကြီးတွေတည်ဆောက်ပြီးစီးရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ် တွေ အများ ကြီး ရရှိလာလိမ့်မယ်ဆိုပြီး ချဲ့ကားပြောနေကြပါတယ်။ အဲဒီလို မသေချာတဲ့ အကျိုးအမြတ်တွေ ကို ထပ်ခါထပ်ခါပြောပြီး လူထုကို စည်းရုံးနေပေမည့် သေချာလှတဲ့ ဆုံးရှုံးမှုတွေကိုတော့ မသိချင်ယောင် ဆောင်နေကြပါတယ်၊ မစ္စတာ လီ  က ဒီရေအားလျှပ်စစ်စီမံကိန်းကြီးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးဟာ တဟုန်ထိုး ထိုးတက်လာမယ်၊ စီမံကိန်းကြီးတခုလုံးက အမေရိကန်ဒေါ်လာ သန်း နှစ်သောင်းကျော်ကုန်ကျ မှာမို့ ဒီစီမံကိန်းကြီး ပြီးသွားရင် မြန်မာနိုင်ငံရဲ့ ပုံသေပိုင်ဆိုင်မှု(Fixed Assets) ထဲမှာ နောက်ထပ် အမေရိကန် ဒေါ်လာ သန်းနှစ်သောင်း တိုးလာလိမ့်မယ်လို့ ဆိုပါတယ်၊ ဒီစီမံကိန်းကြီးများပြီး ရင် မြန်မာနိုင်ငံက နှစ်စဉ် ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား မီဂါဝတ် ၂၀၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း၊ မီဂါဝတ် ၂၀၀၀ ကို အ လကားရမယ်၊ လုပ်ငန်းလည်ပါတ်နေတဲ့ အနှစ် ၅၀ အတွင်းမှာ မြန်မာအစိုးရအတွက် နိုင်ငံခြားငွေအကျိုးအမြတ် အမေရိ ကန် ဒေါ်လာ သန်းပေါင်း ငါးသောင်းလေးထောင်ရမယ်၊ လမ်းတွေ၊ တံတားတွေ၊ ငလျင်တိုင်းတာရေး စခန်း တွေ အများ ကြီးလဲ တရုတ်အစိုးရက အခမဲ့ ဆောက်ပေးဦးမယ်၊ အလုပ်အကိုင်တွေအများကြီးလဲ ဖန်တီး ပေးမယ်၊ ပြီးတော့ ကန်ထ ရိုက်စာချုပ်ပါ သဘောတူညီချက်အရ ဒီဆည်ကြီးတွေကို ဆောက်လုပ်ပြီး အနှစ် ၅၀ လည်ပါတ်ပြီးရင် မြန်မာအစိုးရကို အခမဲ့ လွှဲပြောင်းပေးမှာဖြစ်လို့ ကျနော်တို့ နိုင်ငံက ဒီဆည်ကြီးတွေကို အခမဲ့ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်၊ သူပြော သမျှ တွေက မြန်မာနိုင်ငံအတွက်အကောင်းတွေချည်းပါပဲ။
ဒါပေမည့် အဲဒီ အကျိုးအမြတ်တွေဟာ တကယ်ဖြစ်လာဖို့ အတော့်ကို အခွင့်အလမ်းနည်းပါတယ်။ လက်တွေ့ဘဝမှာ ဒီ လောက်ကြီးမားတဲ့ ဆည်ကြီးတွေ ဆောက်ရာမှာ ကုန်ကျစားရိတ်က ခန့်မှန်းတာထက် ပိုများတတ်၊ ဆောက်လုပ်ရေးကာ လက ခန့်မှန်းတာထက် ပိုကြာမြင့်တတ်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓာတ် အားကလဲ မျှော်လင့်တာထက် ပိုနည်းတတ်တယ် ဆိုတာ နိုင်ငံတကာ ဆည်များရဲ့ အတွေ့အကြုံအရ သိနေရပါတယ်။ လက်တင်အမေရိကတိုက်က အာဂျင်တီးနား နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံ နှစ်ခုကြားမှာ ဆောက်ထားတဲ့ ရေခရီတာဆည် ကြီး (The Yacyreta Dam) ကို နမူနာပေးချင်ပါတယ်။ အဲ ဒီဆည်ကြီးကို အာဂျင်တီးနားသမ္မတဟောင်း ကာလို့စ်မီနန် (Carlos Menem) က “အလွဲသုံးစားလုပ်မှုများ၏ အထိန်းအ မှတ် မှတ်တိုင်ကြီး” (Monument to Corruption) လို့ အမည်ပေးခဲ့ပါတယ်၊ ဆောက်လုပ်ရေးကုန်ကျစားရိတ်က မူလခန့် မှန်းထားတဲ့ ဒေါ်လာ သန်းပေါင်း နှစ်ထောင့်ခုနှစ်ရာ ထက်အဆများစွာပိုပြီး ဒေါ်လာ သန်းပေါင်း တစ်သောင်းတထောင့် ငါးရာ ကုန်ကျခဲ့ပါတယ်၊ ဆောက်လုပ်ချိန်ကာလကလဲ သတ်မှတ်ထားတာထက် ပိုကြာပြီး ၁၉၈၃ ကစတာ ၁၉၉၄ ကျမှပြီး ပါတယ်၊ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝတ် ၃၁၀၀ ထုတ်ဖို့ ရည်ရွယ်ထားတာမို့ မြစ်ဆုံဆည်ရဲ့ တဝက်လောက်ပဲ ရှိပါ တယ်၊ ဒါပေမည့် လုပ်ငန်းစတင်လည်ပါတ်တဲ့ ၁၉၉၄ ကစပြီး ဒီနှစ် ၂၀၁၁ ခုနှစ်အထိ မျှော်လင့်ထားတဲ့ လျှပ်စစ်ပမာဏရဲ့ ၆၀ ရာခိုင်နှုံးပဲ နှစ်စဉ်ထုတ်လုပ် နိုင်ပါတယ်၊ နောက်လဲ တိုးလာနိုင်စရာမရှိပဲ ဆက်ပြီး လျော့သွားဖို့ပဲ ရှိပါတယ်၊ ဒါဟာဖြင့် မှန်းချေနဲ့ မကိုက် တတ်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကြီးများရဲ့ ထင်ရှားတဲ့ နမူနာတခုပါ။
ဒီဥပမာ နဲ့အခြားသော အတွေ့အကြုံများအရ ဖြစ်နိုင်ခြေပိုများတာက မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ် မှာ ဆောက် နေတဲ့ ဆည်ကြီးများဟာ ခန့်မှန်းတာထက်ပိုပြီး ကုန်ကျနိုင်တယ်၊ဆောက်လုပ်ချိန်ကာလလဲ ပိုကြာနိုင်တယ်၊ ပြီးတော့ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏကလဲ ခန့်မှန်းတာထက် နည်းနိုင်ပါတယ်၊ ဒါကြောင့် မစ္စတာ လီ ပြောနေတဲ့ အကျိုးအ မြတ်တွေဟာ အပြည့်အဝတကယ်ဖြစ်လာဖို့ မသေချာလှပါ၊ နောက်တချက်က ဆည်တွေရဲ့ သက်တမ်းပါ။ ဆည်တွေ အားလုံးမှာ အလုပ်လုပ်နိုင်စွမ်း (လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်း) သက်တမ်းရှိပြီး အဲဒီသက်တမ်းဟာ အနှစ် ၅၀ ထက်မပို နိုင်ပါ၊ မြစ်ရဲ့ အဖျားကနေ စီးလာတဲ့ ရေတွေကို ဆည်ကြီး နဲ့ ပိတ်ဆို့ဟန့်တားပြီး ရေလှောင်ကန်ကြီးထဲမှာ စုစည်းထိန်း သိမ်းလိုက်တဲ့အချိန်မှာ ရေတွေမက ရေနဲ့အတူမျောပါလာတဲ့ နုံးတွေ၊ ရွှံ့တွေပါ ရေလှောင်ကန်ကြီးထဲ ပိတ်မိနေကြတာပါ၊ အဲဒီ နုံးတွေ၊ ရွှံ့တွေက ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်မှာ သွားစုပုံကြပါတယ်၊ ရေလှောင်ကန်ရဲ့ ကြမ်းပြင်က ရေထုတ် တံခါးကြီးများရှိတဲ့ အမြင့်ထက်ထက် အများကြီး ပိုနက်တာမို့ ဒီနုံးတွေဟာ ရေတွေလို ရေထုတ်ပေါက်ကနေ မြစ်အောက် ပိုင်းကို စီးမျောနိုင်စွမ်းမရှိပါ၊ ဒီလိုနဲ့ နှစ်တွေ ကြာလာတာနဲ့ အမျှ ရေလှောင်ကန်ကြမ်းပြင်ဟာ နှစ်ပေါင်းများစွာစုပုံလာတဲ့ နုံးများကြောင့် မြင့်တက်လာပြီး ကန်ထဲမှာ လှောင်ထားနိုင်တဲ့ ရေပမာဏက ပို နည်းလာပါတယ်၊ ရေလှောင်ကန်ထဲ မှာ ရေနည်းတဲ့အတွက် လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ပမာဏ လျော့နည်းလာပြီး လုံးဝ ဒါမှမဟုတ် စီးပွါးရေးအရ အကျိုးအမြတ် ရှိအောင် မထုတ်နိုင်တဲ့အချိန်မှာ အဲဒီဆည်ရဲ့ သက်တမ်းကုန်ပါတယ်၊ ဒီတော့ မစ္စတာလီ ပြောသလို အနှစ် ၅၀ ပြီး လို့ တရုတ်အစိုးရက အဲဒီ ဆည်ကြီးတွေကို မြန်မာနိုင်ငံကို အခမဲ့ လွှဲပေးတဲ့အခါမှာ ကျနော်တို့ ရမှာက နုံးတွေ၊ ခြင်တွေ ပြည့်နေတဲ့ လူလုပ်အမှိုက်ကန်ကြီးတွေပဲ ဖြစ်နေပါလိမ့်မယ်။
မစ္စတာ လီ ကပြောပါသေးတယ်၊ အခုလက်ရှိမှာ ကချင်ပြည်နယ်က ဆည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ အလုပ်သ မားပေါင်း ၄၈၁၉ ယောက် လုပ်ကိုင်နေကြပြီး အဲဒီအထဲက ၁၄၄၀ ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်၊ ဒါ ပေမယ့် ကျနော်တို့မြန်မာနိုင်ငံသားတွေ ဘယ်လိုအလုပ်မျိုးလုပ်ကိုင်နေရတယ် ဆိုတာတော့ သူကမပြောပါ၊ သူမပြောပေ မည့်လဲ အလွယ်တကူမှန်းဆနိုင်ပါတယ်၊ မြေကျင်းတူး၊ ကျောက်ထု၊ အမှိုက်သိမ်း၊ စတဲ့ အခြေခံအလုပ်ကြမ်းတွေပဲ ဖြစ်ပြီး ရမည့်လုပ်အားခကလဲ တရုပ်အလုပ်သမားများထက် အဆမတန်နည်းပါလိမ့်မယ်၊ သူပြောမှပဲသိရတာကအခုအချိန်မှာတရုတ်အလုပ်သမားပေါင်းသုံးထောင်ကျော် ဟာ ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး အဲဒီအရေအ တွက်ဟာ လေးသောင်းအထိ လာမည့်နှစ်များမှာ တိုးလာမယ်လို့ သိရပါတယ်၊ ဒေသခံပြည်သူတွေရဲ့ စကား၊ ယဉ်ကျေးမှု ကို နားမလည်တဲ့ နိုင်ငံခြားသားတွေ သောင်းနဲ့ချီပြီး ကချင်ပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ကချင်လူမျိုးများ ရဲ့ အမြတ်တနိုးထားရာ မြစ်ဆုံ၊ အမြဲစိမ်းသစ်တောကြီးတွေ၊ အဘိုးတန် တောင်မြင့်မားကြီးတွေ၊ လှပတဲ့ လွင်ပြင် ကျယ် ကြီးတွေကို ဖျက်ဆီးနေကြတာဟာဖြင့် ဒေသခံ ကချင်ပြည်သူများအတွက် ကြီးမားတဲ့ သက်ရောက်မှု ကြီးဖြစ်ပါလိမ့်မယ်။

(၄) မတူညီသော စံနှုံးများ
မစ္စတာ လီ ကပြောပါတယ်၊ သူတို့ တရုတ်အစိုးရက ပြဋ္ဌာန်းထားတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေး လုပ်ငန်းများ ဆိုင်ရာ စံချိန်စံညွှန်းတွေဟာ (The Chinese Standards) ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ အဆင့် အတန်းအမြင့်ဆုံး စံ ချိန်စံညွှန်းများ ဖြစ်တယ်လို့ ဝင့်ကြွားပြီး မြန်မာနိုင်ငံတွင်းမှာ တရုတ်အစိုးရ ဆောင်ရွက် နေတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ် လုပ်ရေးလုပ်ငန်းတွေမှာ စီမံကိန်းရေးဆွဲတာ၊ ဒီဇိုင်းရေးဆွဲတာကစလို့ တည်ဆောက်ရေးလုပ်ငန်းများအထိ တရုတ်နိုင်ငံ ရဲ့ (The Chinese Standards) စံချိန်စံညွှန်းများအတိုင်း အတိအကျကျင့်သုံးနေပါတယ်လို့ ပြောပါတယ်၊ ဒီတော့ သူပြော သလို တကယ်ဟုတ်၊ မဟုတ် ဆန်းစစ် ကြည့်ကြရအောင်ပါ။
၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွှတ်တော်ကနေ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ် ရေး ဥပဒေ (The Environmental Impact Assessment Law) ကို ပြဋ္ဌာန်းခဲ့ပါတယ်၊အဲဒီ ဥပဒေ အရ တရုတ်အစိုးရရဲ့ စီးပွါးရေးအဖွဲ့အစည်း အားလုံးဟာ ရည်ရွယ်ထားတဲ့ စီမံကိန်းလုပ်ငန်းကြီးများကို အကောင် ထည်မဖော်မီ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ခြင်း (Environmental Impact Assessment) ကို မဖြစ်မနေပြုလုပ်ရမှာ ဖြစ် ပါတယ်၊ ပြီးရင် အဲဒီ သုံးသပ်ချက်အစီရင်ခံစာ (EIA) ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန (Ministry of Environmental Protection) (MEP) ကိုတင်ပြပြီး ဝန်ကြီးဌာနက လက်ခံအတည်ပြုမှ လုပ်ငန်းများ စတင်အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
တခါ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ MEP ဝန်ကြီးဌာနက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လေ့လာ သုံးသပ်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အတွက်လမ်းညွှန်ချက်များ (Provisional Measures for Public Participation in Environ mental Impact Assessment) ကို ထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်၊ အဲဒီညွှန်ကြားချက်တွေထဲမှာ EIA အတွက် စုံစမ်းစစ် ဆေးမှုများလုပ်ရာမှာ လုပ်ငန်းသဘာဝကို လူထုကို အသိပေးရှင်းပြဖို့၊ လူထုရဲ့ အကြံပြုချက်တွေကို ဖိတ်ခေါ်ဖို့၊ ဘယ်သူ တွေပါဝင်သင့်တယ်၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး လူထုထံရောက်အောင်ဆောင်ရွက်ရမယ် (လူထုကြားနာပွဲများ၊ အကြံ ပြုချက် တောင်းခံခြင်းများ၊ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများပါဝင်တဲ့ စာတမ်းဖတ်ပွဲများ)၊ နဲ့ လူထုရဲ့ အကြံပြုချက်၊ တင်ပြ ချက်၊ စိုးရိမ်မှုတွေကို EIA အစီရင်ခံစာထဲမှာ ဘယ်လိုပေါင်းစပ်ဖော်ပြရမည် ဆိုတာတွေကို အသေးစိတ်ညွှန်ကြားထားပါ တယ်။
ဆိုတော့ ဒီစံချိန်စံညွှန်း (The Chinese Standards) တွေဟာ မဆိုးဘူးလို့ ယူဆရမှာပါ၊ ဒါပေမည့် အဲဒီ စံချိန် စံညွှန်းတွေကို မြန်မာနိုင်ငံတွင်းက တရုတ်ဆည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျင့်သုံးခဲ့တယ်ဆိုတဲ့ အထောက်အထား တခုမှမ တွေ့ရပါဘူး၊ မြန်မာပညာရှင်တွေ ရဲ့ EIA ကို တရုတ်အစိုးရက ချောင်ထိုး ထားခဲ့ပြီး မြန်မာပညာရှင်များရဲ့ အကြံပြုချက် တွေကိုလဲ ဥပေက္ခာပြုခဲ့ပါတယ်၊BANCA ရဲ့ EIA အစီရင်ခံစာတင်မက မြန်မာအစိုးရနဲ့ တရုတ်အစိုးရကြားချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ၊ အကျိုးစီးပွား ခွဲဝေရေး သဘောတူညီချက်တွေ၊ စီမံကိန်း အသေးစိတ် တွေကိုလဲ အများပြည်သူ မသိ ရှိအောင် လုပ်ငန်း လျှို့ဝှက်ချက် (Trade Secrets) များအဖြစ်ဖုံးကွယ်ထားကြပါတယ်၊ ဆည်ဆောက်လုပ်ရေး စီမံကိန်း ကြီးများ အကြောင်း လူထုကို ကြိုတင်ရှင်းပြတာ၊ လူထုရဲ့အကြံပြုချက်တွေတောင်းခံတာ၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားအရေး ကျွမ်းကျင်သူပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင် တာတွေအားလုံး လုပ် ငန်းမစခင်မှာ ဆောင်ရွက်ခြင်းမရှိခဲ့ပါ၊ မြန်မာပြည်သူတွေက ကချင်ပြည်နယ်မှာ တရုတ်ဆည်ကြီးတွေ ဆောက်မည့်အ ကြောင်းကို အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာက ၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ တရုတ်၊ မြန်မာ ကိုယ်စား လှယ်များ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးတဲ့ သတင်းကို ဖော်ပြတော့မှပဲ ဝိုးတိုးဝါးတား သိကြရတာပါ။
မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က သတ်မှတ်ထားပါတယ်၊ ပြီးပြည့်စုံတဲ့ Environmental Impact Assessment (EIA) မှာပါတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာသုံးသပ်ချက် ၁၀ ခုရှိရပါမယ်၊ အဲဒါတွေက
(၁) မြစ် ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် (Basin and Catchment Ecosystems and Habitats);
(၂) မြစ်ရေစီးဆင်းမှုနှင့် ရေအနက်တိုင်းတာသုံးသပ်ချက် (River Flows and Water Levels);
(၃) ရေလွှမ်းမိုးမှုသဘာဝ သုံးသပ်ချက်၊(Flooding Patterns) ;
(၄) အနိမ့်ပိုင်း ရေမြုတ်ဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Wetlands Ecosystems and Habitats);
(၅) ဆည်မြောင်းရေသွင်းစနစ် စိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ သုံးသပ်ချက်၊(Irrigated Agriculture); (
(၆) အိမ်နှင့် စက်မှုလုပ်ငန်းများတွင် မြစ်ရေသုံးစွဲမှုနှင့် ဆက်နွယ်သော လူဦးရေ တိုးတက်မှုဆိုင်ရာ  လေ့လာသုံးသပ်ချက်၊(Population Growth in Relation to Domestic and Industrial Water Use);
(၇) ရေ၏အရည်အသွေးဆိုင်ရာ  လေ့လာသုံးသပ်ချက် (နုံးမြေလျော့နည်းမှုအပါအဝင်)၊ (Water Quality, including Suspended Sediments);
(၈) မြစ်ဝကျွန်းပေါ်တွင် ဆားငံရေဝင်ရောက်မှုဆိုင်ရာ  လေ့လာသုံးသပ်ချက်၊ (Saline Intrusion in River Delta);
(၉) မြစ်ကမ်းပါးများပြိုကျခြင်းနှင့် နုံးများပို့ချခြင်းဆိုင်ရာ  လေ့လာသုံးသပ်ချက်၊(Riverbank Erosion and Sedimentation/Channel Erosion); နဲ့
(၁၀) မြစ်ဝှမ်းအနိမ့်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးမှု စီမံခံ့ခွဲခြင်းဆိုင်ရာ  လေ့လာသုံးသပ်ချက်၊ (Flood Management in the Lower Basin and Delta); များဖြစ်ကြပါတယ်၊
BANCA  နဲ့ တရုတ်ပညာရှင်များ စုံစမ်းတင်ပြခဲ့တဲ့ EIA ဟာ အထက်ဖော်ပြပါ အဆင့်တွေထဲက ပထအဆင့် မြစ်ကြီးနား မြို့အထက် မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် သာ ဖြစ်ပါတယ်၊ နောက်ထပ်ဆောင်ရွက်ရမည့် လေ့လာသုံးသပ်မှုတွေ အများကြီး ကျန်နေပါသေးတယ်။
မစ္စတာ လီ ကပြောပါတယ်၊ အခုဆိုရင်CPIYN က ဧရာဝတီ မြစ်အောက်ပိုင်းမှာ အထူးလေ့လာမှုတွေ စတင်ဆောင်ရွက် နေပါပြီ တဲ့၊ သူပြောတဲ့ လေ့လာမှုတွေက မြစ်အောက်ပိုင်းဒေသမှာ မြစ်ရေစီးဆင်းမှု၊ သုံးစွဲမှုအပေါ် သက်ရောက်မှု၊ မြစ်ခွဲ၊ မြစ်လက်တက်များ၏ ဖွဲ့စည်းဖြစ်ပေါ်မှုအပေါ်သက်ရောက်မှု၊ မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ သက်ရှိ၊ သက်မဲ့များရဲ့ တည် ရှိမှုအပေါ်သက်ရောက်မှုနဲ့  မြစ်အောက်ပိုင်း ရေအရင်းအမြစ်ခွဲဝေသုံးစွဲမှုအပေါ် သက်ရောက်မှုတွေ ဖြစ်ပါတယ်။ နောက် ကျနေပါပြီ။ ဒီလေ့လာမှုတွေကို ဆည်ကြီးမဆောက်ခင်ကထဲက လုပ်ရမှာပါ။ ဒီလေ့လာမှုတွေအားလုံးကို ပေါင်းခြုံပြီး၊ လူထုရဲ့ အသံတွေနဲ့ ပေါင်းစပ်၊ မျှမျှတတစဉ်းစားပြီးမှ ဆည်ကြီး ဆောက်သင့်၊ မဆောက်သင့် ဆုံးဖြတ်ရမှာပါ။

(၇) အဆုံးအဖြတ်ပေးရမည့် အချိန်ရောက်ပြီ
မြန်မာပြည်သူတွေဟာ အရင်ကလို အမှောင်ထဲမှာ မဟုတ်တော့ပါဘူး၊ သူတို့ဟာ ကချင်ပြည်နယ်အတွင်းမှာ မြစ်ဆုံဆည် အပါအဝင် တရုတ်ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေကို ကောင်းကောင်း သိမြင် လာကြပါပြီ၊ ဒူးဝါး ဇော်ဂမ်အပါအဝင် ကချင်ပြည်သူတွေဟာလဲ သူတို့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကျူးကျော်သူ နိုင်ငံ ခြားသားတွေ ဖျက်ဆီးမယ့်ရန်က ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြ သူတွေပါ၊ မြန်မာပြည်သူတရပ်လုံးက သူတို့ နိုးနိုး ကြားကြား၊ သတိရှိရှိနဲ့ မကန့်ကွက် မတားဆီးကြရင် သူတို့ချစ်တဲ့ ဧရာဝတီမြစ်ကြီးကို ထာဝရဆုံးရှုံးရလိမ့်မယ်ဆိုတာ သဘောပေါက်နေကြပါပြီ။
ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့၊ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးစလုံးက မြန်မာပြည်သူတွေရဲ့ အသက်သွေး ကြောကြီးပါ။ အမေရိကန်နိုင်ငံက နယူးယောက်မြို့တော်ကြီးလောက် ပမာဏရှိတဲ့ ဆည်ကြီးကို ဧရာဝတီရဲ့ မူလအစမှာ တည်ဆောက်ပြီး ဧရာဝတီမြစ်ရေကို ထိန်းချုပ်ကန့်သတ်ခြင်းဟာ မိုင် ၁၃၀၀ ကျော်ရှည်လျားတဲ့ ဧရာဝတီမြစ်ကြောင်းတ လျှောက် မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး၊ ကုန်းစည်ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ သက်ရှိသက် မဲ့တို့ရဲ့ တည်ရှိမှု၊ ရာသီဥတု၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပါတ်ဝန်းကျင်၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အားလုံးအပေါ်မှာ ဆိုးဝါးပြင်းထန်တဲ့ သက်ရောက်မှုကြီးတွေ ဖြစ်ပေါ်စေမှာပါ၊ ကျနော်တို့ အချိန်မီမတားဆီးနိုင်ခဲ့ရင် နောက်အနှစ် ၂၀ လောက်မှာ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေပုံပေါ်က ပျောက်ကွယ်သွားနိုင်ပါတယ်။ မြန်မာ ပြည်သူအားလုံးက ဧရာဝတီကို ကာကွယ်ရေးဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်ကြီးတရပ်အဖြစ် သ ဘော ပေါက်နေကြပါပြီ၊ သူတို့အားလုံး အစွမ်းကုန်ကြိုးစားပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားအထိန်းအမှတ်၊ အမျိုးသားအမွေ အနှစ်၊ အမျိုးသားရတနာ မိခင် ဧရာဝတီကို ကာကွယ်ကြ၊ ကယ်တင်ကြပါလိမ့်မယ်။
အခုအချိန်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် အဆုံးအဖြတ် တခု ပြတ်ပြတ်သားသားချမှတ်ရမည့် အချိန်ပါ၊ လူထုရဲ့ မြစ်ဆုံဆည်ကြီးဆောက်လုပ်ရေးနဲ့ ပါတ်သက်ပြီး အင်အားပြင်းထန်တဲ့ မကျေနပ်မှု၊ ကန့်ကွက်မှုတွေကို သူတို့ နေ့စဉ်ကြားနေရပါပြီ၊ မြန်မာလူထု ရဲ့ တရုတ်အစိုးရအပေါ်မုန်းတီးမှုတွေ၊ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေက တနေ့ တခြားပိုကြီးမားလာနေတယ်ဆိုတာကိုလဲ သူတို့ သဘောပေါက် နေကြပါပြီ၊ အစိုးရအဖွဲ့ထဲက ဝန်ကြီးအချို့က သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်များဖြစ်တာကြောင့်၊ ပြည်သူတွေရဲ့ ဆန္ဒကို လက်ခံမယ်လို့ အရိပ်အယောင်ပြတာတွေလဲ တွေ့နေရပါပြီ၊ တချိန်ထဲမှာ အစိုးရ ခေါင်းဆောင်အချို့က လူထုအသံကို အရင်ကလိုပဲ မျက်ကွယ်ပြုပြီး ဘယ်သူတွေက ဘယ်လိုပဲ ကန့်ကွက် ပါစေ၊ မြစ်ဆုံဆည်ကြီးကို ပြီးအောင်ဆက်ဆောက်မယ်လို့ ကြုံးဝါးနေတာလဲ ကြားနေရပါတယ်။ အဲဒီ ဝန်ကြီး တွေကတော့ တရုတ်အစိုးရငြိုငြင်မှာကို အကြီးအကျယ်စိုးရိမ်တဲ့၊ ဒီစီမံကိန်းကြီးကနေ သူတို့ခံစားနေရတဲ့ ပုဂ္ဂလိက အကျိုးစီးပွါးတွေကို မစွန့်လွှတ်နိုင်ကြတဲ့ လူတွေဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရ အနေနဲ့ လူထုအကျိုး စီးပွါးကို ငဲ့ပြီး၊ လူထုအသံကို နားထောင်ပြီး မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းကြီး ကို ရပ်တန့်ဖျက်သိမ်းမလား၊ ဒါမှ မဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ဦးထိပ်ပန်ဆင်ပြီး၊ တရုတ်အစိုးရရဲ့ လက်အောက်ခံဘဝမှာ ဆက်လက်ပျော် မွေ့ပြီး မြစ်ဆုံဆည်ကြီးကို ဆက်ဆောက်မှာလား၊ ဆုံးဖြတ်ချက် တခုကို ပြတ်ပြတ်သားသားချရမည့် အချိန်ကို ရောက် နေပါပြီ၊ လူထုရဲ့ အကျိုးစီးပွါးကို ဆန့်ကျင်နေသမျှ၊ လူထုရဲ့ဆန္ဒကို မလေးစားသမျှ၊ လူထုရဲ့ ဒေါသနဲ့ တုန့်ပြန်မှု၊ စိမ်ခေါ် မှုကို သူတို့ရင်ဆိုင်ရမှာပါ။ ဧရာဝတီ တော်လှန်ရေး စနေပါပြီ။


လေးစားစွာဖြင့်

အောင်ဒင်


ဒီဆောင်းပါးအတွက် အောက်ပါစာတမ်း၊ စာအုပ်များကို ကိုးကားပါတယ်၊
(၁) Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry, by Mr. Li Guanghau, CPI Yunnan Intenational Power Investment Co., Ltd (CPIYN), September 2011
(၂) သဘာဝပါတ်ဝန်းကျင်နှင့် လူမှုပါတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု၊ ဒေါက်တာထင်လှ၊ ဥက္ကဋ္ဌ၊ Biodiversity and Nature Conservation Association (BANCA), September 2011
(၃) Environmental Impact Assessment (Special Investigation) On Hydropower Development of Ayeyawady River Basin above Myitkyina, Kachin State, Myanmar, by Biodiversity And Nature Conservation Association (BANCA), October 2009
(၄) The New Great Wall, A Guide to China’s Overseas Dam Industry, by International Rivers Network, July 2008
(၅) ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌကြီး လရော်ဇောင်ဟရာ မှ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ဟူဂျင်တောင် ထံ ပေးသောစာ နှင့် ပူးတွဲပါ အထောက်အထားများ၊ မတ် ၁၆၊ ၂၀၁၁
Friday, September 23, 2011 | 0 comments |


ကျွန်တော်နှင့်ခင်မင်ရင်းနှီးသောစာရေးဆရာမများတွင်စာရေးဆရာမ'''မလေးလုံ’'''လည်းတဦးအပါအဝင်ဖြစ်သည်။ သူ့ဝတ္ထုတိုင်းလိုလိုကျွန်တော့်အားလက်မှတ်ထိုး၍မေတ္တာ လက်ဆာင်ပေးလေ့ရှိပါသည်။ သူပေးသော ဝတ္ထုများအနက် ‘ပွင့်’ ဝတ္ထုလည်းပါသည်။ ‘ပွင့်’ ဝတ္ထုသည် ၁၉၆၃ ခုနှစ်အတွက် အနုပညာဆိုင်ရာ (ဝတ္ထုရှည်) စတုတ္ထဆုရစာအုပ် ဖြစ်သည်။
ကမ္ဘာစစ်ဆန့်ကျင်ရေးနှင့်လူမျိုးစုံချစ်ကြည်ရေးဝတ္ထုဖြစ်သည်။ဒုတိယကမ္ဘာစစ်အတွင်းကအဖြစ်အပျက်များကို နောက်ခံပြုကာခရစ်ယာန်မလေးမမြင့်ပွင့်ကြည်(ပွင့်)နှင့်မေတ္တာတန်ဖိုးထားသောဂျပန်စစ်ဗိုလ်ကလေးတို့၏ဆန်းပြားစွာ ကြုံတွေ့ရသော အချစ်ရေးကိုတင်ပြ ထားလေသည်။ ပွင့်သည် ထူးခြားသော အခြေအနေများကိုအကြောင်းပြု၍ တမျိုးသားလုံး၏ရန်သူဂျပန်ဖက်ဆစ်တို့အကြားမှဂျပန်စစ်ဗိုလ်ကလေးသည် ဖက်ဆစ်စရိုက်လက္ခဏာများ လုံးဝမရှိဘဲ အလွန်ယဉ်ကျေးသိမ်မွေ့သော အပြုအမူတို့ကြောင့် ပြန်လည်ခင်မင်မိကာ မေတ္တာကို လက်ခံလိုက်ပုံကို ဇာတ်လမ်းဆင်ထားသည်။
ဤဝတ္ထုတွင် စာရေးဆရာမ မလေးလုံသည် ဂျပန်စစ်ဗိုလ်ကလေးအပေါ်တွင် စာဖတ်သူများက ဖက်ဆစ်အမြင်ပျောက်ကာ လူသားတဦးအနေဖြင့် ကရုဏာသက်မိသည်အထိ ဆွဲဆောင် ရေးသားသွားသည်။
“ကျွန်မ စာ,စရေးကတည်းက အတိုလေးပုဒ်ရေးပြီးရင် ဝတ္ထုရှည် စ,ရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်က ရှိတယ်။ ‘ပွင့်’ဇာတ်လမ်းက ကျွန်မ စာရေးဆရာ မဖြစ်ခင်ကတည်းက ရင်ထဲမှာ ရှိပြီးသားပဲ။ ကျွန်မတို့မှာ မွေးကတည်းက ကမ္ဘာစစ်နှင့် စပြီးထိတွေ့ရတယ်။ ပြီးတော့ ပြည်တွင်း ဆူပူသောင်းကျန်းမှုနှင့် ဆက်ပြီးတွေ့ရပြန်တော့ ငြိမ်းချမ်းရေးဆိုတာ မထိမတွေ့ရသလောက် ဖြစ်နေတယ်။ ကျွန်မရင်ထဲမှာက ငြိမ်းချမ်းသာယာစေချင်တယ်။ ညီညွတ်စေချင်စေတယ်။ ချစ်ခင်စေချင်တယ်။ ဒီ စေတနာ ရှိတယ်။ တဦးနှင့်တဦး အထင်လွဲတာမျိုး မရှိချင်ဘူး။ ကျွန်မ ရည်ရွယ်ချက်ကတော့ စစ်မုန်းတီးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တယောက်နှင့် တယောက် အထင်အမြင်လွဲမှားမှု ပပျောက်ရေးပေါ့လေ။ ဒီစေတနာနှင့် ‘ပွင့်’ကိုရေးဖို့ ရည်ရွယ်ခဲ့တာပဲ” ဟု ပေဖူးလွှာ မဂ္ဂဇင်းစာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း အခန်း ကဏ္ဍတွင် ပြောကြားသွားခဲ့လေသည်။
ဆရာမ မလေးလုံသည် ‘ပွင့်’ ကို အချိန်အတော်ကြာယူ၍ ရေးသားခဲ့ရသည်။ ထိုစဉ်က သူသည် ညာဘက်ကိုယ်တခြမ်းသေနေ၍ ညာလက်ဖြင့် ရေးနေရာမှ ဘယ်လက်ဖြင့် စာရေးတတ်ရန် အတော်လေ့ကျင့် ယူနေရချိန်ဖြစ်သည်။ ကိုယ်တခြမ်းသေစဉ်က အခြေအနေ တော်တော်ဆိုးခဲ့သည်။ စကားပင်ပြော၍ မရခဲ့ပေ။ စကားပြောနိုင်ဖို့ ကလေးကဲ့သို့ စကားပြန် သင်ရသည်။ ဤသို့ ညာလက်သုံး၍ မရတော့သဖြင့် ဘယ်လက်ဖြင့် စာရေးတတ်ရန် ကြိုးစားရသည်။ ဦးစွာ ကျောက်သင်ပုန်းပေါ်တွင် မြေဖြူဖြင့် အရေးလေ့ကျင့်သည်။ ထို့နောက် စာရွက်ပေါ်တွင် ခဲတံဖြင့် ရေးကျင့်ပြန်သည်။ ထို့နောက် ဖောင်တိန်ဖြင့် အရေးကျင့်ရသည်။ သို့သော် မြန်မာစာကို ရေးနိုင်သော်လည်း အင်္ဂလိပ်စာကိုမူ မရေးတတ်သေး။ မြန်မာစာက တလုံးချင်းရေးရပြီး အင်္ဂလိပ်စာက ဆက်ကာဆက်ကာရေးရ၍အခက်အခဲတွေ့ရသည်။ထိုသို့သူသည်ဘယ်ဘက်ဖြင့် ရေးနိုင်သည့်အခြေအနေသို့ ရောက်မှ ပွင့်ကို ရေးခဲ့ခြင်းဖြစ်သည်။ သူ၏ ဇွဲ သတ္တိ၊ လုံ့လကား ကြီးမားလှပေသည်။ ချီးကျူးစရာပင်။
ပွင့်ဝတ္ထုဖြင့် ဆုရစဉ်က မလေးလုံသည် အသက် ၂၈ နှစ်သာ ရှိသေးသည်။ မလေးလုံသည် စင်မြင့်ပေါ်သို့ ဆုတက်၍ယူရာတွင် သူ့ခြေတဖက် ကောင်းစွာမသန်စွမ်းသောကြောင့် အဖော်တဦး ကဘေးမှလိုက်ပါ၍ ဆုတက်ယူရသည်ဟု ဆိုသည်။ ခင်မင်ရင်းနှီးသော မိတ်ဆွေများက သူ့ကို စင်မြင့်ပေါ်တွင် ကတိမ်းကယိမ်းဖြင့် ချော်လဲမည်လားဟုစိုးရိမ်ကာ ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။ သူသည် ဆုကိုလှမ်းယူသောအခါ အကူအညီ အဖေးအမ, မပါဘဲ သူ့သာသာ စုံရပ်၍ ယူနိုင်သည်။
သူသည် ရုပ်ရည်ချောမော၍ ကျက်သရေရှိကာ ရိုးရိုးယဉ်ယဉ် ယတ်စားတတ်သည်။ ဆံပင်ကို ဘီးစပတ် အမြဲထုံးလေ့ရှိသည်။ သူသည် ထိုခေတ်လူငယ်တို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေတိုင်း လွတ်လပ်ရေးရပြီးစ ပြည်တွင်း မငြိမ်မသက်မှုများကို အကြောင်းပြု၍ မိသားစုနှင့်အတူ မြစ်ဝကျွန်းပေါ်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ မိဘများမှာ ပုသိမ်မြို့ ကျောင်းအုပ်ဆရာကြီး ဦးချစ်ထွန်းနှင့် ဒေါ်စောတင် တို့ဖြစ်ပြီး ပုသိမ်မြို့၌ ၁၉၃၅ခု၊ ဇူလိုင်လ ၁၉ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းခြောက်ယောက်တွင် တတိယမြောက်သမီးဖြစ်ပြီး အစ်ကို နှစ်ယောက်နှင့် ညီမ သုံးယောက်ရှိသည်။ စာရေးဆရာမ မလေးလုံ၏ ငယ်နာမည်မှာ ခင်သိန်းဆွေ ဖြစ်သည်။
ငယ်စဉ်က ပုသိမ်မြို့၊ အေဘီအမ်နှင့် စကောကရင်ကျောင်းတို့တွင် ပညာသင်ကြားခဲ့ သည်။ စာသင်တန်းတိုင်းတွင် စာတော်သည့်အပြင် ကျောင်းအားကစားပြိုင်ပွဲများ၌လည်း အောင်မြင်ထူးချွန်သည့် ဘက်စုံတော်သူ ကျောင်းသူတဦးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း မငြိမ်မသက်မှုများကြောင့် မိဘများနှင့်အတူ ရန်ကုန်မြို့သို့ပြောင်းရွေ့လာပြီး လှိုင်မြို့နယ်၊ သုခလမ်းရှိ ဒေါ်သာထက် အထက်တန်းကျောင်း (ယခု အထက (၂) လှိုင်) တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ကိုးနှစ်အရွယ် ကလေးဘဝကပင် ကျန်းမာရေး စတင်ချူချာခဲ့သည်။ နှလုံးအားနည်းရောဂါရှိ၍ဆော့ကစားရာတွင်မောသည့်ဒဏ်ကိုခံစားရသည်။အဆိုပါကျောင်း၌(၁၀)တန်းပညာသင်ယူနေစဉ် နှလုံးရောဂါဖြစ်ပွားလာသဖြင့် မိဘများက သူ့ကျန်းမာရေးအတွက် အထူးကုသစောင့်ရှောက်ခဲ့ရသည်။ ထိုသို့ ကုသနေသည့်ကြားမှ ကိုယ်ခန္ဓာလက် ယာဘက်တစ်ခြမ်း လေဖြတ်သွားခဲ့သည်။ ထို့နောက် သမားတော် ဆရာဝန်ကြီးများ၏ တိုက်တွန်းညွန်ကြားချက်အရ ကျောင်းမှထွက်လိုက်ရသည်။ ထိုရောဂါကို နှစ်ပေါင်းများစွာ ကုသရင်း မလျော့သော ဇွဲလုံ့လကြောင့် စာရေးဆရာမတဦး ဖြစ်လာခဲ့သည်။
ယင်းနှင့်ပတ်သက်၍ စာရေးဆရာမ မလေးလုံက အောက်ပါအတိုင်း စာညွန်ကလေးတခု ကျွန်တော့်အား ရေးသားပေးခဲ့ဖူးသည်။ ရေးပေးခဲ့သည့်ရက်စွဲမှာ ၁၉၇၈ ခု၊ အောက်တို ဘာလ ၁၂ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ဖြစ်သည်။
ကျေးဇူးပင် တင်မိပါသည်
ကျွန်မဘဝသည် ကျန်းမာရေး မပြည့်စုံပါ။ သို့သော် ကျွန်မ စိတ်မပျက်ပါ။ အားလည်း မငယ်ပါ။
ကျွန်မအဖို့ ကျန်းမာရေး မပြည့်စုံသောကြောင့် စာပေနယ်တွင် အခြေချနိုင်ခဲ့ခြင်း၊ ပြည်သူတို့၏ မေတ္တာကို ခံယူရခြင်း၊ မိတ်သင်္ဂဟ အများစု၏ ချစ်ခင်ကြင်နာမှုကိုရရှိခဲ့ခြင်းတို့ အတွက် ကျန်းမာရေး မပြည့်စုံခြင်းကို ကျေးဇူးတင်ပါသည်။
အကယ်၍ ကျွန်မာသာ ကျန်းမာရေး ပြည့်စုံခဲ့ပါက အခြားသော နေရာဌာနတခု၌ ဉာဏလုပ်သားတဦး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ရာတွင် အထက်ဖော်ပြပါ အချက်အလက် များကို ထိတွေ့ရရှိစေခဲ့သော စာပေလုပ်သားတဦးကား ဖြစ်လာလိမ့်မည် မထင်ပါ။
စာပေလုပ်သား ဖြစ်လာခဲ့ရာ၌ လွယ်ကူစွာ ဖြစ်လာခြင်းကား မဟုတ်။
ငွေပေးဝယ်၍မရသော၊ လုပ်ကြံဖန်တီး၍လည်း မရသော၊ စိတ်ရင်းစိတ်ခံမှ ‘စေတနာ၊ ဝါသနာ၊ ဝေဒနာ၊ အနစ်နာ’ တို့ကို ရင်းနှီးမြှုပ်နှံခဲ့ရပါသည်။
ဇွဲလုံ့လ၊ သတ္တိတို့ကို ဆုပ်ကိုင်ခဲ့ရသည်။
အခက်အခဲမှန်သမျှကို စိတ်ရှည်သည်းခံခြင်းဖြင့် ကျော်လွှားခဲ့ရသည်။
သည်အတွက် နောက်ဆုံး၌ ကျွန်မသည် စာပေနယ်တွင် နေရာကလေးတခု ရရှိပိုင်ဆိုင်ခဲ့ပါတော့သည်။ ထို့ကြောင့် ကျွန်မဘဝ၏ ကျန်းမာရေး မပြည့်စုံမှုကို ကျွန်မ စိတ်မပျက်၊ အားမငယ်သည့်အပြင် ကျေးဇူးတင်မိပါသည်ဆိုခြင်း ဖြစ်ပါသည်။
မလေးလုံ
၁၂ - ၁၀ - ၇၈
ည ၁၀ နာရီ ၁၀ မိနစ်
စာရေးဆရာမ မလေးလုံ၏ဘဝလမ်းမှာ ဘဝမရှုံးအောင် အားထုတ်ခဲ့ရသော ဇာတ်လမ်းဟု ဆိုနိုင်သည်။ စာပေဝါသနာအရင်းခံရှိသည့်အလျှောက် ဆေးရုံပေါ်တွင် အချိန်ယူ၍ ဝတ္ထုတို ကလေးများကို စတင်ရေးသားခဲ့သည်။ ထို့နောက် ငွေတာရီ မဂ္ဂဇင်းသို့ပေးပို့ခဲ့ရာ ငွေတာရီ မဂ္ဂဇင်းတွင် ‘ဘပုနောင်’ နှင့် ဂျန်တားအမည်ဖြင့် မလေးလုံ၏စာမူများ ပါလာခဲ့သည်။ စာရေးဆရာမ မလေးလုံ၏ ပထမဆုံးဝတ္ထုမှာ တိုင်းရင်းမေ ဂျာနယ်တွင်ပါရှိသော ‘အချစ်နှင့်တာဝန်’ ဝတ္ထုတိုကလေး ဖြစ်သည်။ အင်္ဂလိပ်ရုပ်ပြဝတ္ထုကို All in Picture ကို မှီးထားသည့်ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုမှစတင်၍ ‘မလေးလုံ’ဟူသော ကလောင်အမည်ကို ယူခဲ့သည်။
ထို့နောက် ဆရာမသည် တိုင်းရင်းမေ ဂျာနယ်အပြင် ယုဝတီ၊ ချိုတေးသံ၊ ငွေတာရီ၊ မြဝတီ စသော မဂ္ဂဇင်းများတွင် ပါဝင်ရေးသားခဲ့လေသည်။ ဆေးကုသမှုကိုခံယူနေသည့် အတောအတွင်း အင်္ဂလိပ်စာပေ၊ မြန်မာစာပေတို့ကိုလည်း လေ့လာလိုက်စားခွင့်ရခဲ့သည်။ လက်ဝဲလက်ဖြင့် စာရေးရခြင်းမှာ လက်ယာဘက် ကိုယ်တခြမ်း မသန်စွမ်းသောကြောင့် ဖြစ်သည်။ သွားလာရာ၌မူ ဟန်ပျက်သည်ဟု မဆိုနိုင်ပေ။ သူ့ကလောင်အမည် ‘မလေးလုံ’ ယူခြင်းမှာလည်း တောဆန်သလိုလို ရှိလှသည်။ သူ့ရုပ်ရည်နှင့်ပင် လိုက်ဖက်သည်ဟု မထင်မိပေ။ သူက သူ့ ညီမသုံးယောက်၏ ငယ်အမည်သုံးခုကို အဖျားစွတ်ကောက်ယူ၍ မှည့်ထားသည်ဟု ဆိုသည်။ သူ့ကို သူ့ညီမများက ‘မမကြီး’ ဟုပင် ခေါ်ကြသည်။
သူသည် ဝတ္ထုများသာမဟုတ် ဝတ္ထုဟန် ဝတ္ထုပ္ပတ္တိစာအုပ်တအုပ်ကိုလည်း ရေးခဲ့သေးသည်။ စာအုပ်အမည်မှာ ‘ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်’ ဖြစ်သည်။ ပထမဆုံး မြန်မာစာပါမောက္ခနှင့် ဝိသုဒ္ခိမဂ်ကို အင်္ဂလိပ်ဘာသာသို့ အဦးဆုံးပြန်ဆိုခဲ့သူ မြန်မာပညာရှိကြီး ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ အတ္ထုပ္ပတ္တိဆိုသော်လည်း သာမန်ရေးနေကျ ဘဝဖြစ်စဉ် စာအုပ်မျိုးမဟုတ်ဘဲ စာဖတ်သူများစိတ်ဝင်စားဖွယ်ဖြစ်အောင် ဝတ္ထုဟန်ဖြင့် ရေးသားထားသော အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။
သူသည် အချိန်ယူ၍ ဆရာကြီးဦးဖေမောင်တင်နှင့် မကြာခဏ တွေ့ဆုံမေးမြန်းပြီး ရရှိသော အချက်အလက်တို့ကို အခြေခံကာ ဇာတ်လမ်း၊ ကာလနောက်ခံ၊ လူ့သဘာဝ အဖွဲ့သဘောမျိုးဖြင့် ဆင်ယင် ရေးသားထားလေသည်။
အဆိုပါစာအုပ်၌ ဆရာဇော်ဂျီ အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
“ထိုသို့ဖွဲ့ထားခြင်းသည် ဝတ္ထုတွင် လူ့သဘာဝအဖွဲ့ထားပုံနှင့် ဆင်ဆင်တူသည်ဟု ယူဆပါသည်။ ထို့ကြောင့် အတ္ထုပ္ပတ္တိသည် ဆရာကြီး၏ ခေတ်အခြေအနေ၊ ဆရာကြီး၏ အကြောင်းခြင်းရာတို့နှင့် စပ်လျဉ်း၍ သိစရာ၊ မှတ်စရာတို့ကိုသာမက နှစ်သက်ခြင်းနှင့်တကွ ခံစားမှုအသိုကိုလည်း ပေးနိုင်သည်ဟု ဆိုခင်ပါသတည်း”
ဆရာကြီး မောင်ထင်ကလည်း -
“မလေးလုံ၏ စာပေသမိုင်းဝင် အတ္တုပ္ပတ္တိကို ဖတ်ရှုလိုက်သောအခါ ဣနြေ္ဒရှင် အမျိုးသမီးတဦး၏ ပျိုမျစ်သော စာပေဟန်၏အတွင်းသားထဲ၌ ဆရာကြီးဦးဖေမောင်တင်၏ ဇွဲ လုံ့လ သမာဓိတို့သည် ခိုင်ခံ့စွာ အင်အားအပြည့်အ၀နှင့် ပေါ်ပေါက်လာပါသည်။ နူးညံ့သောလက် ကလေးဖြင့် ကျောက်ဆစ်ကျောက်သားကို ခံ့ညားတင့်တယ်သော ပုရိသလက္ခဏာပေါ်အောင် ထုလုပ်သည့် အခြားအရာဖြစ်သည်ဟု ဆိုနိုင်စရာအကြောင်းရှိပါသည်” ဟု ချီးမွမ်းမှတ်ချက်ပေး ထားသည်။
‘ဖေမောင်ထင် သို့မဟုတ် ဘသက်ရှည်’ ဝတ္ထုဟန် အတ္ထုပ္ပတ္တိ ရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာမ မလေးလုံက ဤသို့ပြန်လည်ရှင်းလင်းပြထားသည်။
“အတ္ထုပ္ပတ္တိဟန် ရေးတာနဲ့ပတ်သက်ပြီး တချို့အယူအဆ နည်းနည်းလွဲနေတာရှိတယ်။ ဈတ္ထုဟန်နဲ့ရေးတော့ ဝတ္ထုကိုပဲ ဖန်တီးရေးတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ကျွန်မ ဖန်တီးရေးတာ မပါပါဘူး။ ဦးဖေမောင်တင် ပြောသမျှတွေကိုပဲ ဖတ်ကောင်းအောင် စီပြီး ရေးခဲ့တာပါ။ အတ္ထုပ္ပတ္တိရေးတဲ့သူတိုင်းဟာ ကာယကံရှင်ပြောတာကို ဖတ်ကောင်းအောင် စီပြီး ရေးတာချည်းပါပဲ။ ဘသက်ရှည် ပထမခန်းကလေးကိုပဲ ကျွန်မ စာမျက်နှာ တော်တော်ရအောင် ရေးထားတယ်။ ရိုးရိုးရေးမယ်ဆိုရင်တော့ ဦးဖေမောင်တင် ဘယ်နှခုနှစ်က မွေးတယ်၊ ဘာညာ ဆိုပြီး သုံးလေးငါးကြောင်းနှင့် ပြီးသွားမှာပေါ့။ အခုဟာက ဦးဖေမောင်တင်ကိုယ်တိုင် သူ့အဖေ၊ အဖေတွေအကြောင်းအသေးစိတ် ပြောပြတော့ ကျွန်မမျက်စိထဲမှာ ပေါ်လာတယ်။
“ကျွန်မ ပြောချင်တာကတော့ အကြောင်းအရာတွေက ရိုးရိုးစင်းစင်း လျှောက်ရေးမယ့်အစား အချို့ကို မြှုပ်ကွက်ကလေးလုပ်ထားပြီး ဝတ္ထုဇာတ်လမ်းကို အချိတ်အဆက် အကွက်ပေါ်မှ ပြန်ဖော်ပြတာမျိုးပါ။ ဖတ်သူကို စာပေအရသာ ခံစားစေလိုတဲ့ စေတနာပါ”
‘ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်’ စာအုပ်သည် မလေးလုံ၏ စာပေသမိုင်းတွင် မှတ်တိုင်တခုအဖြစ် ထင်ရှားခဲ့သည်။ သူသည် လုံးချင်းဝတ္ထုများကိုသာမက ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်ပေါင်းများစွာကိုလည်း မဂ္ဂဇင်း၊ ဂျာနယ်များ၌ ရေးသားခဲ့သည်။
မလေးလုံ၏ ပထမဆုံး လုံးချင်းလက်ရာမှာ ၁၉၆၂ ခုထုတ်၊ ‘မေတ္တာအရင်းခံ ဝတ္ထုဖြစ် သည်။ မေတ္တာအရင်းခံဝတ္ထုသည် အင်္ဂလိပ်ဝတ္ထုတပုဒ်ကို အခြေခံပြီး ခရစ်ယာန်မိသားစု အိမ်ထောင်လေးတခုအကြောင်း ရေးဖွဲ့ထားသည့် ဝတ္ထုဖြစ်သည်။ သူရေးထားသော ''သိမ်"့ ၀တ္ထုကို ညွန့်ဝင်း၊ ဝါဝါဝင်းရွှေတို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ဆရာမသည် ကျန်းမာရေး ချူချာသည့်ကြားမှ ကွယ်လွန်ချိန်အထိ မဂ္ဂဇင်းဝတ္ထုတိုများနှင့် လုံးချင်းဝတ္တုတိုများကို ရေးသွားနိုင်ခဲ့သည်။ သူသည် ကွယ်လွန်ချိန် (၁၉၉၁ ခုနှစ်) အထိ စာပေသက်တမ်း နှစ် ၃၀ အတွင်း လုံးချင်းစာအုပ် ပေါင်း ၃၀ အုပ်ခန့် ရေးသွားခဲ့လေသည်။
ဆရာမ မလေးလုံ၏ လုံးချင်းဝတ္ထုများမှာ -
မေတ္တာရင်းခံ (၁၉၆၂)၊ ပိုး (၁၉၆၅)၊ ပိုင် (၁၉၆၆)၊ ကေသာပိတုန်း ငွေမင်ရည်ဖုံးစေတော့ (၁၉၆၇)၊ သိမ့် (၁၉၆၉)၊ ထိပ်ထားလေး (၁၉၆၉)၊ ပင်မြက်မြေဇာ (၁၉၇၀)၊ နေလကြယ်စင် ကွယ်ပင်ငြားလည်း (၁၉၇၀)၊သစ္စာနယ်မြေသူ (၁၉၇၀)၊ ပုံ့ (၁၉၇၀)၊ မုန်းမာန်ရယ်ပြေသလို (၁၉၇၁)၊ မေတ္တာသံသရာ (၁၉၇၁)၊ ငွေကြယ်လှလှ ကြွေသောည (၁၉၇၃)၊ ဘယ်အငြိုးနဲ့ ကံဆိုးမိုးရွာတယ် (၁၉၇၃)၊ မောင့်မေတ္တာ ရစ်ခါနှောင်မှ (၁၉၇၃)၊ အီဖေကိုယ်နှင့် မကြီးဂျမ်း (၁၉၇၃)၊ မေတ္တာသွန်းဖြိုး မြတ်နိုးသူမယ် (၁၉၇၃)၊ အသည်းပန်းတစ်ခက် ပေးဆပ်ချင်လျက် (၁၉၇၃)၊ ထိပ်တန်းဝတ္တုတိုများ (ဒဂုန်ရွှေမျှား၊ ညိုဝင်း၊ အောင်လင်း၊ တင့်ဆန်း၊ မလေးလုံ)၊ (၁၉၇၃)၊ မြတ်လေးနွယ် (၁၉၇၄)၊ ချစ်ခွန်းတိတ်တိတ် ရင်သိမ့်သိမ့် (၁၉၇၄)၊ မော် (၁၉၇၄)၊ ဘဝဆိပ်ကမ်းသာ (၁၉၇၄)၊ ဆောင်းလေဝှေ့တော့ နှင်းငွေ့ပြယ် (၁၉၇၄)၊ ဖေမောင်တင် သို့မဟုတ် ဘသက်ရှည် (၁၉၇၅)၊ ချစ်ပါတယ်မောင့်ကို (၁၉၇၅)၊ မေတ္တာစကားဆိုမယ် (၁၉၇၅)၊ လှေလူးလူး လှိုင်းမူးမူး (၁၉၇၆)၊ ခပ်ပိပိလိမ် (၁၉၇၈)၊ နေရယ် လရယ် ချစ်သူရယ် (၁၉၇၈)၊ ကြေးမုံရိပ်သွင် (မလေးလုံ၊ ရွှေသဉ္စာ၊ ရန်အောင်ပြေ၊ ခင်ညိုထွန်း၊ ယုဝတီင်္သိဂီမြင့်နှင့် အခြားစာရေးဆရာများ) (၁၉၇၈)၊ သီလနှင့် ပြည့်စုံသော မိန်းမနှင့် အခြားဝတ္ထုတိုများ (၁၉၈၃) တို့ဖြစ်သည်။
သူသည် စာပေဝါသနာအလျောက် ‘လုံမလေး’ မဂ္ဂဇင်းကို ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ထောင်သည်။ အဆိုပါမဂ္ဂဇင်း၌ အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်ချိန်အထိ ထမ်းရွက်သွားသည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလထုတ်တွင်ပါရှိသော ‘ပန်းကိုတော့ ပန်လျက်ပါပဲဝတ္ထုတိုမှာ သူ၏ နောက်ဆုံးရေးခဲ့သောလက်ရာ ဖြစ်သည်။
မလေးလုံသည် စာပေဝါသနာဖြင့် မနေမနား ကြိုးပမ်းတတ်သူဖြစ်သည်။ မဂ္ဂဇင်း ထုတ်ဝေခြင်းလုပ်ငန်းမှာ စာပေထုတ်ဝေခြင်းလုပ်ငန်းထက် ကရိကထများပြားရှုပ်ထွေး လှသောကြောင့် သူ့ကျန်းမာရေးကိုပင် တဖြည်းဖြည်း စိုးရိမ်စရာဖြစ်လာသည်။ သို့သော် သူ့ဝါသနာကို အစ်ကိုနှင့် ညီမများက ဝိုင်းဝန်းဖြည့်ဆည်းပေးကြသည်။ သူ့အား ဂျာမန် ဒီမိုကရက်တစ် သမ္မတ နိုင်ငံ (အရှေ့ဂျာမနီ) ဟမ်းဘို့တ်(Humboldt) တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဒေါက်တာအန်နီ မာရီအက်ရှဲလ် (မြန်မာအမည် ဒေါ်နှင်းဆီ) က မိတ်ဆက်ပေးရန်ဟု ပြောလာသဖြင့် တနေ့ သူနှင့် မိတ်ဆက်ပေးခဲ့ရသည်။ မလေးလုံသည် သူ့ဝတ္တုဝေဖန်ချက် တောင်းခံသည်။
မလေးလုံသည် စာပေတာဝန်များကို အားမာန်အပြည့်ဖြင့် ဇွဲနပဲကြီးစွာ ဆောင်ရွက်ရင်း စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းများကိုလည်း အထူးတလည် စိတ်ဝင်စားစွာ ဆောင်ရွက်ခဲ့သည်။ လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်သကဲ့သို့ မိတ်ဆွေအပေါင်းအသင်းများ၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများကို ကူညီဖြေရှင်းပေးလေ့ ရှိသူလည်းဖြစ်သည်။ အထူးသဖြင့် ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး ဘုရားသခင်၏ အဆုံးအမတော်နှင့်အညီ စိတ်နှလုံး ကောင်းမွေးမြူသူဖြစ်သည်။
နောက်ပိုင်းတွင် သူနှင့် ကျွန်တော် မဆုံဖြစ်တော့ချေ။ ထို့နောက် ၁၉၉၁ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သူ ကွယ်လွန်ကြောင်း ကြားသိရသောအခါ ဝမ်းနည်းစိတ်မကောင်းဖြစ်မိသည်။ စာရေးဆရာမ မလေးလုံသည် ၁၉၉၁ ခု၊ ဧပြီလထုတ် လုံမလေး မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြမည့် သန်လျင်ဖေသွင်၏ ‘အခြားသောပညာရှိတစ်ပါး’ (The Other Wise Man) ဘာသာပြန် ဝတ္ထုရှည်ကြီးကို ကွယ်လွန်မည့်နေ့နံနက် အရုဏ်ဦးအထိ ကိုယ်တိုင်တည်းဖြတ် ပြင်ဆင်ခြင်း ပြုသွားလေသည်။
သူကွယ်လွန်သွားသောအခါ အသက် ၈၁ နှစ်အရွယ်ရှိ မိခင်ကြီး ဒေါ်စောတင်နှင့် အစ်ကိုတဦး၊ ညီမသုံးဦး ကျန်ရစ်ခဲ့သည်။ သူ၏ ရုပ်ကလာပ်ကို နာနတ်တော ခရစ်ယာန်သင်္ချိုင်း၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့လေသည်။
မည်သို့ဆိုစေ စိတ်ထားဖြူစင်၍ စာပေတာဝန်ကို အားမာန်အပြည့်ဖြင့် ဇွဲနပဲကြီးစွာ ရွက်ဆောင်ခဲ့သော ဆရာမ မလေးလုံသည် ကောင်းမြတ်သော တမလွန်ဘဝ၌ အေးချမ်းစွာ နားခိုနေမည်မှာ မလွဲဧကန်ပင်တည်း။ 


မေတ္တာ ကရုဏာ စေတနာဖြင့် 
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |

ကမ္ဘာမြေကြီး၏ အပြင်ဘက်တွင် အသက်ဇီဝကို တွေ့ရှိခြင်းသည် ကျနော်တို့၏ သိပံ္ပပညာကိုသာမက ဘာသာတရား၊ ယုံကြည်မှုစနစ်နှင့်တကွ ကျနော်တို့၏ ကမ္ဘာ့အမြင်တစ်ရပ်လုံးကိုပါ အသွင်ပြောင်း သွားစေနိုင်သည်။
အမှန်ပြောရလျှင် ကမ္ဘာမြေ၏ အပြင်ဘက်တွင် အသက်ဇီဝကို လိုက်လံရှာဖွေခြင်းသည် ကျနော်တို့ကိုယ်တိုင် ကျနော်တို့ လိုက်လံရှာဖွေခြင်းပင် ဖြစ်သည်။ ကျနော်တို့သည် မည်သူတွေလဲ၊ စင်္ကြာဝဠာကြီး၏ ကြီးကျယ် ခမ်းနားသော လှုပ်ရှားမှုကြီးထဲတွင် ကျနော်တို့၏နေရာသည် ဘယ်နေရာလဲဆိုသည့် ပြဿနာများကို လိုက်လံရှာဖွေနေခြင်းပင် ဖြစ်သည်။
စင်္ကြာဝဠာကြီးထဲတွင် မှီတင်းနေထိုင်သူသည် ကျနော်တို့ တစ်ဦးတည်းမဟုတ်ဟူသော အယူအဆသည် အများ၏အမြင်နှင့် ဆန့်ကျင်ဖီလာကျလျက် ရှိ၏။ သို့ရာတွင် ထိုအမြင်သည် ယခုမှ ပေါ်လာသည့် အသစ်အဆန်း အယူအဆ တစ်ခုမဟုတ်ပါ။
ဒဿနိကဗေဒပညာရပ်ကဲ့သို့ပင် ဟောင်းနွမ်းအိုမင်းနေသည့် အယူအဆဖြစ်ပါသည် ထိုအယူအဆသည် ရှေးဟောင်းခေါမ ဒဿနပညာရှင် ဒီမိုကရစ်တပ်စ်၏ အဏုမြူသဘောတရားတွင် အခြေခံခြင်း ဖြစ်သည်။ ထိုအယူအဆအရ ပထမအားဖြင့် သဘာဝနိယာမတရားများသည် ဘယ်နေရာမှဖြစ်ဖြစ် အတူတူသာ ဖြစ်သည်။ တစ်နည်းပြောရလျှင် စင်္ကြာဝဠာနှင့်ဆိုင်သော အမှန်တရားဖြစ်သည်။
ဒုတိယအားဖြင့် ကမ္ဘာမြေကြီးနှင့် ပက်သက်၍လည်း သီးခြားတရားမရှိ။ အထူးအခွင့်ရ တရားမရှိ။ တတိယအားဖြင့် တစ်စုံတစ်ရာဖြစ်နိုင်သော အရာမှန်သမျှကို သဘာဝနိယာမ တရားကြီးက ဖြစ်အောင် လုပ်ပေးသော သဘောရှိသည်။ ယင်းတို့မှာ အဏုမြူ သဘောတရား၏ အနှစ်ချုပ်ဖြစ်သည်။
ဒဿနိကဗေဒသည် တစ်ကိစ္စဖြစ်၍ ထိုအယူအဆထဲတွင် ရုပ်ပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို အံဝင်ခွင်ကျဖြစ်အောင် ထည့်ပေးရေးသည် အခြားကိစ္စတစ်ခု ဖြစ်သည်။ နက္ခတ္တဗေဒပညာရှင်များစွာတို့က စင်္ကြာဝဠာထဲတွင် ဇီဝဗေဒသဘောအားဖြင့် မိတ်ဖက်ကျသည့် ဂြိုဟ်နက္ခတ်များ အများအပြားရှိနိုင်သည်ဟု ယူဆ နေကြသည့်တိုင် အသက်ဇီဝကို ဖြစ်ပေါ်စေနိုင်သော ဓာတုဗေဒဆိုင်ရာ အချက်အလက်များမှာ ယခုတိုင် လျှို့ဝှက် နက်နဲသည့် သဘောကို ဆောင်နေကြဆဲ ရှိသေးသည်။
အသက်ဇီဝသည် ဒုလ္လဘတစ်ခုဖြစ်သည်။ ပရမာအဏုမြူများ စုစည်းပေါင်းဆုံကြရာမှကုဋေကုဋာပုံလျှင်တစ်ပုံ မျှသာ ဖြစ်နိုင်ဖွယ်ရှိသော တိုက်ဆိုင်မှုဖြစ်သည်ဟု ဇီဝဗေဒပညာရှင်များက အစဉ်အလာ ယူဆခဲ့ပါ သည်။
ထို့ကြောင့် အလွန်တရာအပြောကျယ်လှသော စင်္ကြာဝဠာကြီးထဲတွင် အလားတူ ပရမာအဏုမြူမှုန်များ စုစည်းတိုက် ဆိုင်ဖို့ဆိုသည်မှာ အလွန့်အလွန်ကို ဖြစ်တောင့်ဖြစ်ခဲသည့် ကိစ္စဟု ဆိုလိုသည့်သဘော ဖြစ်သည်။ ဤအယူအဆ သည် သာမိုဒိုင်းနမစ် ဒုတိယနိယာမပေါ်ထွက်လာခြင်း ဖြစ်သည်။
ယင်းအဆိုအရ စင်္ကြာဝဠာသည် သေဆုံးနေဆဲ ဖြစ်ပြီး ဖရိုဖရဲဖြစ်မှုကြီးဆီသို့ တဖြည်းဖြည်း မရှောင်မလွှဲသာ ပြောင်းသွားနေသည်ဟူသော အယူအဆဖြစ်သည်။ ထိုအဆိုသည် စာရင်းအင်းဆိုင်ရာ တွက်ချက်မှုသာ ဖြစ်သည့်အတွက် ဘဝက ထိုအချက်ကို ငြင်းဆိုသည်။
ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ထိုတွေးခေါ်နည်း အတိုင်းပင်ဖြစ်သည်။ သမားရိုးကျ အမြင် အတိုင်း ဆိုလျှင် ဒါဝင်၏ သဘာဝရွေးချယ်မှု သဘောတရားသည် လုံးဝ မျက်ရမ်းမှန်းဆဖြစ်သည်ဟု ယူဆသည်။ မိုက်ကရုတ်ပိုးမွှား မှသည် လူအထိ ဆင့်ကဲကူးပြောင်းမှု ဖြစ်စဉ်သည် တိုးတက်မှု ဖြစ်သည် ဆိုသည့် အယူ အဆသည် ကျနော်တို့ လူသားဘက်က အသာစီးယူထားသည့် အမြင်ဖြစ်သည်။ အမှန်အားဖြင့် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းသည် ဖြစ်နိုင်ခြေရှိသော နယ်ပယ်ထဲသို့ ခြေဦးတည့်ရာ လျှောက်သွားနေခြင်းသာ ဖြစ်သည်။
ထိုအတိုင်းမှန်လျှင် သဘာဝ၏ ဖြစ်ပေါ်တိုးတက်မှု၌ မည်သည့် ဦးတည်ချက်မျှ မရှိနိုင်။ တိုးတက်မှု အတွက် အတွင်းလှုံ့ဆော်မှုဆို၍ ဘာမျှမရှိနိုင်။ ရှေ့သို့တိုးတက်နေသော အသိစိတ်နှင့် အသိဥာဏ်တရား ဆိုသည် တို့သည် မရှိနိုင်။
အကယ်၍သာ ကမ္ဘာမြေကြီးကို ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက ဝင်တိုက်မိပြီး အဆင့်မြင့် သက်ရှိ သတ္တဝါများ အားလုံး၊ အသိဥာဏ်ရှိသည့် သတ္တဝါများအားလုံး သေဆုံးပျောက်ပျက်သွားခဲ့သည် ဆိုလျှင်နောက် တစ်ချီတွင် အဆင့်နိမ့်သော လူသားမျိုးနွယ် တစ်ခုပင် ပေါ်ပေါက်လာတော့မည် မဟုတ်။
သို့ရာတွင် ဆန့်ကျင်ဘက်အမြင်တစ်ခုရှိသေးသည်။ ထိုအယူအဆသည် အားကောင်းလာလျက်ရှိပြီး သမာရိုးကျ ဇီဝဗေဒပညာရပ်ကို စိန်ခေါ်လျက်ရှိ၏။ ယင်းမှာ မိမိကိုယ်ကိုယ် ပြန်လည်ဖွဲ့စည်းမှု ဖြစ်စဉ်မှ တစ်ဆင့် ရှုပ်ထွေး ဆန်းကြယ်သည့်အဖြစ် တစ်ခုသည် အလိုအလျှောက် ပေါ်ပေါက်လာနိုင်သည် ဆိုသည့် အယူအဆဖြစ်သည်။ ရှုပ်ထွေးဆန်းကြယ်သော ဖွဲ့စည်းမှုထဲတွင် ရုပ်နှင့် စွမ်းအင်တို့ ဒွန်တွဲပါရှိလာခဲ့ပါက အသက်ဇီဝနှင့် အသိ ဥာဏ်တရား ဖြစ်စဉ်ကို ဖျက်ဆီးချေမှုန်းနေကြသည့် အရာများ၏ သက်တမ်းသည် တိုတောင်းသွားမည်ဆိုသည့် အယူအဆဖြစ်သည်။
ဇီဝဗေဒတွင် မိမိကိုယ်ကိုယ်မိမိ ပြန်လည်ဖွဲ့စည်းမှုရှိ မရှိဆိုသည့်အချက်။ ယင်းသည် ဇီဝဗေဒနှင့် သက်ဆိုင် ခြင်း ရှိ မရှိဆိုသည့်အချက်နှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားနေကြသည်။ စင်္ကြာဝဠာကြီးသည် သေဆုံး ကြေပြုန်းနေသည့်တိုင် သဘာဝ၏ အခြေခံဂုဏ်သတ္တိထဲ၌ တိုးတက်ပြောင်းလဲနေသည် ဆိုသည့် ဆန့်ကျင် ဘက်သဘောသည် တည်ရှိကောင်းတည်ရှိနိုင်သည်။
ကမ္ဘာမြေ၏ အပြင်ဘက် အာကာသထဲတွင် အသက်ဇီဝ အထူးသဖြင့် အသိဥာဏ်ရှိသော သတ္တဝါရှိသည် ဆိုသည့် ပြဿနာသည် ထိုဆန့်ကျင်ဘက် အယူအဆများ မှန်မမှန်ကို စမ်းသပ်စစ်ဆေးရာတွင် သော့ချက် ဖြစ်နေသည်။ ထိုပြဿနာများသည် အစဉ်အလာလက်ခံလာခဲ့ကြသည့် ဘာသာတရား အဆုံးအမနှင့် ထိပ်တိုက်လာ၍ တိုးမိနေကြသည်။ အသက်ဇီဝ၏ မူလအစအတွက် ဘုရားသခင်၏ ထူးခြားသည့် လုပ်ဆောင်ချက်လိုသည်ဟု လူတော်တော်များများက လက်ခံထားခဲ့ကြသည်။
သို့ရာတွင် ကမ္ဘာမြေပြင်မှ ဘဝသည် ထူးခြားခြင်းမရှိဟုဆိုလျှင် ထူးခြားဆန်းကြယ်သည့် လူ၏ မူလအစ အတွက် ပြောဆိုနေခြင်းသည်လည်း ဘာမျှအဓိပ္ပာယ်ရှိမည် မဟုတ်။ အင်္ဂါဂြိုဟ်ပေါ်တွင် အနိမ့်ကျဆုံးသော ဘက်တီးရီးယား ပိုးမွှားတစ်မျိုး တွေ့ရှိခဲ့ပြီး ထိုဘက်တီးရီးယားပိုးမွှား သည် ကမ္ဘာမြေမှ ဘဝနှင့် သီးခြား ကင်းလွတ်စွာ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လျှင် အသက်ဇီ ဝသည် သဘာဝအလျှောက် ဖြစ်ပေါ်နိုင်သည် ဆိုသည့်အဆိုကို ထောက်ခံပြီးသား ဖြစ်ပေလိမ့်မည်။
သမိုင်းအရပြောရလျှင် အခြားသော ဂြိုဟ်များပေါ်တွင် သက်ရှိသတ္တဝါရှိသည်ဆိုသည့် အယူသည် တိတ္တိတက္ကတွန်းတို့၏ အယူဖြစ်သည်ဟု ဗရင်ဂျီသာသနာက ယူဆသည်။ ၁၆၀၀ ခုနှစ်က ဒဿနပညာရှင် ဂျီအော် ဒါနို ဘရူနိုကားစင်တင်၍ ဖိုကျင်ထိုး အသတ်ခံရခြင်းမှာ အခြားသော ကမ္ဘာများတွင်လည်း သက်ရှိသတ္တဝါတို့ရှိနိုင် သည် ဆိုသည့်အချက်လည်း တစ်ကြောင်း အပါအဝင်ဖြစ်သည်။
လူမျိုးနွယ်ကြီးသည် ထာဝရဘုရားသခင်နှင့် အထူးဆက်သွယ်မှုတစ်ခု ရှိသည်ဆိုသည့် အယူသည် တစ်ဆူ တည်းသော ဘုရားသခင်ရှိသည်ဆိုသည့် ဘာသာ တရားများ၏ အချက်အချာကျသော အယူအဆဖြစ်သည်။ အခြားသော ဂြိုဟ်များတွင် သက်ရှိသတ္တဝါများရှိသည် ဆိုသော အယူအဆ၊ အထူးသဖြင့် သူတို့သည် လူသားများထက် အသိဥာဏ်တရား အရလည်းကောင်း၊ စိတ်ဓါတ် အရလည်းကောင်း မြင့်မားနိုင်သည် ဆိုသည့် အယူအဆသည် ဘာသာတရားတို့၏ အထက်ပါ လုံခြုံအေးချမ်းသည့် အမြင်ကို ဖြိုဖျက်ပစ်လိုက်ရာ ရောက်သည်။
လူဝင်စား အယူအဆနှင့် ပတ်သက်၍ ခရစ်ယာန်ဘာသာဝင်တို့တွင် ထူးခြားသည့်ပြဿနာ တစ်ရပ်နှင့် ရင်ဆိုင်နေကြရသည်။ သာသနာကဆုံးမသည့်အတိုင်း လူဝင်စားသည် ဤကမ္ဘာမြေပြင် တစ်နေရာတွင်သာရှိ သည့် ထူးခြားချက်လော။
သို့တည်းမဟုတ် ထာဝရဘုရားသခင်သည် အခြားသော ဂြိုဟ်ပေါ်မှ သက်ရှိသတ္တဝါများတွင်လည်း သွား၍ ဝင်စားသလော။ ခရစ်တော်သည် လူသားတို့အတွက်သာ ကယ်တင်ရှင်ဖြစ်သလော။ သို့မဟုတ် အခြားသော နဂါးငွေ့တန်း၊ အခြားသော ဂြိုဟ်များတွင်ရှိသည့် သက်ရှိသတ္တဝါများအတွက်လည်း ကယ်တင်ရှင် ဖြစ်သလော။
ထိုအယူအဆများနှင့် ယှဉ်ပြိုင်နေသော အယူအဆမှာ အခြားသော ဂြိုဟ်များတွင်လည်း သက်ရှိသတ္တဝါဟူ၍ ရှိနိုင်သည်ဆိုသော အယူအဆနှင့် အခြားသော ဂြိုဟ်များတွင်လည်း သိစိတ်ရှိသော သတ္တဝါ၊ အသိဥာဏ် ရှိသော သတ္တဝါဟူ၍ ရှိနိုင်သည်ဆိုသော စင်္ကြာဝဠာကြီး၏ ရုပ်ပုံလွှာသစ်ဖြစ်လေသည်။ စင်္ကြာဝဠာကြီးသည် မူလအစ တုန်းက အသေဖြစ်ပြီး နောက်ကျမှ စွမ်းအင်တွေ ပြည့်တင်းလာကာ ပေါက်ကွဲမှုကြီးဖြစ်ပြီး ပြန့်ကားလာသည်။
ထိုမှတစ်ဆင့် ရှုပ်ထွေးသော ဓာတုဖြစ်စဉ်များအရ အသက်ဇီဝဟူ၍ ရှိလာသည်။ ထိုမှ အသိဥာဏ်၊ ထိုမှ ယဉ်ကျေးမှု စသည်တို့ရှိလာကာ လူသတ္တဝါသည် ထိုအရာအားလုံးတို့၏ အဓိပ္ပါယ်ကို စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိလာသည်ဆိုသည့် အယူအဆသည် လေးနက်စွာ စဉ်းစားတွေးခေါ်စရာတွေ အများကြီးပါသည်။ ထိုဖြစ်ပေါ်တိုးတက်မှုသည် ထာဝရဘုရား၏ စွက်ဖက်မှုမပါဘဲ သဘာဝအတိုင်း အလိုအလျှောက် ပေါ်ပေါက် လာသည် ဆိုသည့်အချက်သည် ပင်လျှင် အံ့ဖွယ်ကြီးတစ်ခု ဖြစ်နေသည်။
သာမိုဒိုင်းနမစ်၏ ဒုတိယနိယာမအရ စင်္ကြာဝဠာကြီးသည် သေဒဏ်စီရင်ချက် ချခံထားရသည်ဆိုလျှင် လူ့ ဘဝကြီးသည်လည်း ဘာမျှ အဓိပ္ပါယ်ရှိတော့မည်မဟုတ်ဟု ဘာထရန်ရပ်ဆဲက ကန့်ကွက်ချေပခဲ့သည်။ ကျနော် တို့၏ အောင်မြင်စွမ်းဆောင်မှုများ၊ ကျနော်တို့၏ တိုက်ပွဲများနှင့် (သူ့အဆို) လူ့ပါရမီဥာဏ်၏ မွန်းတည့်ချိန် တောက်ပ လင်းထိန်မှုတို့သည် နောက်ဆုံးတွင် ဘာမျှ အဓိပ္ပါယ်ရှိတော့မည် မဟုတ်ဟု သူက ပြောခဲ့သည်။
ဘာထရန်ရပ်ဆဲ၏ စိတ်ပျက်လက်ပျက်အသံကို ခေတ်ပြိုင်တွေးခေါ်ရှင်များ အားလုံးလောက်ကလည်း ပဲ့တင်ထပ်ခဲ့ကြသည်။ နိုဘယ်ဆုရ ပြင်သစ်ဇီဝဗေဒပညာရှင် မိုးနော့က နောက်ဆုံး၌ ခံစားချက်ကင်းမဲ့သော စင်္ကြာဝဠာကြီး၌ မိမိတစ်ဦးတည်းသာလျှင် ရှိကြောင်း၊ မိမိသည် ထိုစင်္ကြာဝဠာထုကြီးထဲမှာ မတော်တဆ ပေါ်ပေါက် လာရခြင်း ဖြစ်ကြောင်းကို လူသားသည် သိရှိလာခဲ့ပေသည်ဟု ရေးခဲ့သည်။
သာမိုဒိုင်းနမစ် ဒုတိယနိယာမက မည်သို့ဆိုစေ၊ ပျက်စီးယိုယွင်းမှုနှင့်အတူ တိုးတက်မှုလည်း ရှိသည်ဟု ဆိုလျှင် မည်သို့ရှိမည်နည်း။ ရုပ်ကမ္ဘာမှ အပ အခြားသောနေရာ၌ ရည်ရွယ်ချက်တစ်ခု၊ အဓိပ္ပါယ်တစ်ခု ရှိသည်ဟု မျှော်လင့် ယုံကြည်နေသူများအဖို့ ကမ္ဘာမြေ၏အပြင်၌ သက်ရှိသတ္တဝါများ ရှိနေသည်ဟူသော အယူအဆသည် အားတက်စရာ ဖြစ်ပါသည်။
သဘောမှာ ကျနော်တို့သည် ဆိုး၍ ဆိုး၍လာနေသော စင်္ကြာဝဠာကြီးထဲတွင် အသက် ရှင်နေခြင်းမဟုတ်ဘဲ ကောင်း၍ ကောင်း၍လာနေသော စင်္ကြာဝဠာကြီးထဲတွင် အသက်ရှင်နေကြခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် ဤလူ့ဘုံအပြင် တစ်ခြားဘုံများစွာရှိသေးသည်ဆိုသည့် သဘောသက်ရောက်နေသော ကြောင့်ပင် ဖြစ်သည်။


Time February 5, 1996.
မြသန်းတင့်
(သမိုင်းစကား ပန်စကား-၃ မှ)
Thursday, September 22, 2011 | 0 comments |
      “လူတယောက်ရဲ့တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” ဟူ၍ ဆရာ ဗန်းမော်တင်အောင်က တခါက ဆိုခဲ့ဖူးသည်။
     မှန်ပေသည်။ ယနေ့မြန်မာစာပေသမိုင်း၌ ဝတ္ထုစာအုပ်များနေ့စဉ်ထွက်ရှိနေသော်လည်း အကြောင်းအရာအားဖြင့်လည်းကောင်း၊ အတွေးအခေါ် အမြော်အမြင်အားဖြင့်လည်းကောင်း၊ အရေးအသား အဖွဲ့အနွဲ့အားဖြင့်လည်းကောင်း၊ လေးနက်မှု၊ သိမ်မွေ့မှု၊ အရေးအသားညံ့ဖျင်းမှု စသည့် အားနည်းနေမှုများကြောင့် အရှည်သဖြင့် မတည်တံ့နိုင်ဘဲ ခုမြင်ခုပျောက်ဆိုသလို စာလည်းပျောက် လူလည်းတိမ်မြှုပ်သွားခဲ့ကြရသည်။ သို့သော် မိုးမိုး(အင်းလျား)၏ ဝတ္ထုများသည် ယနေ့တိုင် ဂန္တဝင်မှတ်ကျောက်အတင်ခံနိုင်ခဲ့သည်မှာ သိင်္ဂီရွှေရည်လို အရည်မီအောင် ရေးဖွဲ့သီကုံးနိုင်ခဲ့သောကြောင့်ဟု ဆိုရပေမည်။
     
     သူရေးခဲ့သော “ပျောက်သောလမ်းမှာ စမ်းတဝါး” သည် မြို့နေပညာတတ် အလုပ်လက်မဲ့ အိမ်ထောင်ရေးကိုလည်းကောင်း၊ “ပွင့်တချို့ကြွေတချို့” တွင် မြို့တော်နေ ပညာတတ် အမျိုးသမီးကလေးအချို့၏ ဘဝကိုလည်းကောင်း၊ “ရွက်လှပန်း” တွင် မိသားစုအတွင်းရေး ဖြစ်ရပ်ကိုလည်းကောင်း၊ “ငပလီဇာတ်လမ်း” တွင် မြို့ပေါ် အထက်တန်းလွှာဖြစ်ရပ်ကို လည်းကောင်း၊ “အချစ်ဆိုသောအရာ” တွင် ဂီတလောက နောက်ခံဇာတ်လမ်းကိုလည်းကောင်း၊ “ဘယ်သူလာကူပါ့မယ်” တွင် မလွှဲမရှောင်သာသဖြင့် မှောင်ခိုလုပ်ငန်းလုပ်ရသောဘဝကို လည်းကောင်း၊မှတပါးအခြားမရှိပြီ တွင် မိခင်တဦး၏ မုဆိုးမဘဝတွင် သားသမီးများကို ပြုစုပျိုးထောင်ပုံ၊ သားသမီးများက မိခင်အပေါ် တုံ့ပြန်ပုံနှင့် မိခင်တဦး၏ အနန္တမေတ္တာကို လည်းကောင်း ဖွဲ့ဆိုထားပေသည်။
      

       ထို့ကြောင့်ပင် သူရေးသားခဲ့သော “ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထုသည် ၁၉၇၄ ခုနှစ်အတွက် အမျိုးသားစာပေ(ဝတ္ထုရှည်)ဆုကို ရရှိခဲ့သည်။
          ဆုပေးပွဲ၌ မိုးမိုး(အင်းလျား) က
          “ကျွန်မတို့အနေနဲ့ နေ့စဉ်ရင်ဆိုင် တွေ့ကြုံနေရတဲ့ လူ့ဘဝအကြောင်းအရာလေးတွေဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ အမြဲရှိနေပါတယ်။ ဒီအကြောင်းတွေ အရာလေးတွေဟာ ကျွန်မတို့ အစွမ်းရှိလျှင် ရှိသလောက် ရေးမကုန်နိုင်အောင် များပြားလှပါတယ်။ ဒီအကြောင်းအရာလေးတွေကို အခြေတည်ပြီး ရေးခဲ့လို့၊ ကျွန်မအနေနဲ့ ခုလို ပြည်သူရဲ့ အားပေးချီးမြှင့်မှုကိုရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ရှေ့ကိုလည်း ဆက်လက်ပြီး ကျွန်မတို့ရဲ့လူမှုဝန်းကျင်က အဖြစ်အပျက်ကလေးတွေကို အခြေတည်ပြီး အစွမ်းရှိသမျှ ရေးဖွဲ့သွားဖို့ ကျွန်မမှာ ရည်ရွယ်ချက် ရှိပါတယ်” ဟူ၍ ပြောကြားခဲ့လေသည်။
  

     ထိုရည်ရွက်ချက်အတိုင်းပင်လျှင် မိုးမိုးသည် သူရေးသားသော ဝတ္ထုရှည်၊ ဝတ္ထုတိုတို့၌ လူမှုပတ်ဝန်းကျင်အကြောင်းကို အစဉ်တစိုက် ရေးသားခဲ့သည်။ သူ၏ ပထမဆုံးဝတ္ထုရှည်ဖြစ်သော ဤ “ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထု၏အမှာစာ၌ပင် -
          “ကျွန်မတွင် ရေးစရာ အများအပြား  ရှိပါသည်။ ထိုရေးစရာများမှာလည်း ကျွန်မ၏ နုနယ်သေးသော အတွေ့အကြုံအရ ဖွဲ့နွဲ့သောဇာတ်လမ်းနှင့် မရင့်ကျက်သေးသည့် အတွေးအခေါ် ရည်ရွယ်ချက်များတွင်သာ အကျုံးဝင်နေပါလိမ့်မည်။ ကျွန်မသည် အမျိုးသမီးတယောက်ဖြစ်သည့် အားလျော်စွာ ယနေ့ခေတ်နှင့်အညီ သွားလာလှုပ်ရှားနေကြသော အမျိုးသမီးငယ်တို့၏ ဘဝ အခက်အခဲများကိုလည်း သိရှိခံစားနေရပါသည်။ စာရေးမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကလောင် ကိုင်တိုင်း အဆိုပါအတွေ့အကြုံတို့ပင် အခြေခံသည့် အကြောင်းအရာ အဖြစ်အပျက်တို့ကို ရေးသားခဲ့ရပါသည်။
     စင်စစ် ဤသို့ပင် ဖြစ်ထိုက်သည်ဟု ကျွန်မ ယုံကြည်မိပါသည်။ စားဝတ်နေရေး၊ ခက်ခဲမှုများဖြင့် ပြွမ်းတီးနေသည့် ပတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှဆိုသလို ကျင်လည်နေရသူ တဦး၏ကလောင်မှ ဂိုယာနံ့သင်းသော၊ ပိုးဖဲ ကတ္တီပါဖုံးလွှမ်းသော၊ ချစ်စိတ်ပြည့်လျှံသော၊ ဆွတ်ပျံ့ လွမ်းမောဖွယ်သော အကြောင်းအရာ အဖြစ်အပျက်တို့ ထွက်ပေါ်မလာသည်မှာ သဘာဝကျပါ လိမ့်မည်” ဟူ၍ အမှာရေးထားသည်။
         

      “ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထုရှည်သည် ချစ်ခင်ကြင်နာမှု၊ စေတနာ ဝေဖြာမှုတို့ကို အခြေပြု၍ အိမ်ထောင်တခုကို တည်ဆောက်လျှင် သာယာချမ်းမြေ့ခြင်းနှင့် ပြီးပြည့်စုံမည်ဟု ထင်မြင်မျှော်မှန်း၍ လက်ထပ်ခဲ့ကြသော ချစ်သူနှစ်ဦးမှာ စီးပွားရေးနှင့် နေရေး ထိုင်ရေး၊ ဆွေရေးမျိုးရေး စသော လူမျိုးရေး ပြဿနာများကြောင့် အဆင်မပြေဖြစ်ရပုံကို တင်ပြထားသည်။ မင်္ဂလာဧည့်စရိတ်ကို သတို့သားက ချေးငှားနေရ၍ ဧည့်ခံပွဲတွင် သတို့သမီးခမျာ ရင်မောနေရပုံ၊ မင်္ဂလာဦးညမှာပင် ဘယ်အိမ် အိပ်ရမှန်းမသိဖြစ်ရပုံအစ အိမ်ထောင်ရှင်ဘဝတွင် မိန်းကလေးသည် ယောက္ခမ၊ ယောက်မနှင့် ယောက်ျားလေး၏ မွေးချင်းမိဘအသိုင်းအဝိုင်း၌ စိတ်ညစ်ရပုံများ၊ အိမ်ခွဲနေရန် ကြိုးပမ်းသောအခါ၌လည်း အိမ်စပေါ်ပေးရေးကိစ္စ၊ ရသည့်လစာနှင့် မလုံလောက်သည့်ကိစ္စ၊ ကိုယ်ဝန်ဆောင်စဉ် ခံစားရသောဒုက္ခ၊ ကလေးမွေးဖွားလာသောအခါ ပြုစုစောင့်ရှောက်မည့်သူ မရှိသဖြင့် အိမ်ထောင်ရှင်ဘဝ၌ ဇနီးမောင်နှံ နှစ်ဦးဒုက္ခသံသရာထဲ တဝဲလည်လည်နေရပုံတို့ကို ဇာတ်အိမ်ဖွဲ့ထားသည်။

သူ၏ “ပျေက်သောလမ်းမှာ စမ်းတဝါး” ကို ဆုပေးသော အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ၊ (ဝတ္ထုရှည်ဘာသာရပ်အဖွဲ့ငယ်)က “ဤဝတ္ထုရှည်သည် နေရေး ထိုင်ရေး၊ ဆွေရေး မျိုးရေးကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်ရသော လူငယ်ဇနီးမောင်နှံနှစ်ဦး၏ ဘဝကို ပီပြင်အောင် ဖွဲ့ဆိုနိုင်သည်။ ဘဝအခြေအနေအရ ချို့တဲ့၍ မဖြစ်မနေ ရင်ဆိုင်ရုန်းကန်မည် ဟူသော အပြုသဘောအားနည်းသော်လည်း နဂိုအခြေအနေမှန်ကို သရုပ်ပေါ်အောင် ဖော်ပြနိုင်စွမ်းရှိသည်။ အရေးအသား ပြေပြစ်ကောင်းမွန်၍ ဆွဲဆောင်မှုရှိသည်ဟု ထင်မြင်ယူဆကြပါသည်” ဟူ၍ မှတ်ချက်ပေးထားသည်။
“ပျောက်သောလမ်းမှာ စမ်းတဝါး” ၀တ္ထုဆုရစဉ်က မိုးမိုး(အင်းလျား)သည် လမ်းစဉ်ပါတီ သုတေသနဌာနတွင် သုတေသနလက်ထောက်အဖြစ် အမှုထမ်းလျက်ရှိသည်။ ၁၉၇၇ ခု နိုဝင်ဘာလ၌ သူအား မြန်မာစာပေ သုတေသီ ဂျာမန်အမျိုးသမီး ဒေါက်တာ အင်နီမာရီအက်ရှယ် (မြန်မာအမည် ဒေါ်နှင်းဆီ) နှင့် မိတ်ဆက်ပေးစဉ်က ပိန်ပိန်သွယ်သွယ်ဖြစ်သော်လည်း နောက်ပိုင်းတွင် ဝဖြိုးတုတ်ခိုင်လာသောဟန်ပန်ကို သတိပြုမိသည်။ မိုးမိုးသည် အသားညို၍ မျက်လုံး မျက်ဖန်ကောင်းသည်။ စကားပြောပုံ အေးဆေးသည်။ ယဉ်ကျေးသိမ်မွေ့၍ အေးအေးဆေးဆေး နေလိုဟန်ရှိသည်။ ဂျာမန်အမျိုးသမီးနှင့်မိတ်ဆက်စဉ်က သူနှင့်အတူ ဆရာမ သာယာဝတီ စမ်းစမ်းနွဲ့လည်း လိုက်ပါလာသည်။ ဂျာမန်အမျိုးသမီးကြီးက “သူ့ဝတ္ထုများသည် ခေတ်ပြိုင်လူမှုရေးဘဝ (ဝါ) မျက်မှောက်ခေတ် သာမန်ပြည်သူအများစု၏ဘဝကို ထင်ဟပ် ရေးဖွဲ့နိုင်သည့်အတွက် ခေတ်ပြိုင်ဘဝသရုပ်ဖော် ဝတ္ထုရေးဆရာမ” ဟု ချီးကျူးပြောဆိုခဲ့သည်။
မှန်ပေသည်။ မိုးမိုးသည် သာမန် လူမှုဘဝပတ်ဝန်းကျင်ကိုစာနာ၍ သူတို့ရုန်းကန်ပုံ အမျိုးမျိုး၊ သူတို့ဘဝလှုပ်ရှားဖြတ်သန်းပုံ အဖုံဖုံ၊ သူတို့အလှ အသွယ်သွယ်ကို ထဲထဲဝင်ဝင် လေ့လာကာ ပကတိဖြစ်စဉ်အတိုင်း ရိုးရိုးကလေး တင်ပြလေ့ရှိသည်။ ထို့ကြောင့်ပင် အခြားဝတ္ထုများကဲ့သို့ အဖွဲ့အနွဲ့ အကွန့်အညွန့် မပါသော်လည်း တကယ်ဖြစ်ပျက်နေသည့်အလား အသက်ပါလှပေသည်။ လူ့ဘဝနှင့်နီးစပ်၍ သဘာဝကျနေခြင်း ဖြစ်သည်။
မိုးမိုး(အင်းလျား)သည် သူပြောချင်သောအကြောင်းကို လွယ်လွယ်ပြော၏။ ရှင်းရှင်း ရေး၏။ စာဖတ်သူတို့နားလည်အောင် လိုရင်းအနှစ်ချုပ် တင်ပြတတ်၏။ စင်စစ် သဘာဝအလှကို တင်ပြရန် ခံစားတတ်ရ၏။ ခံစားတတ်သော “ဉာဉ်” မိုးမိုးတွင် ရှိ၏။ ထိုသို့ခံစားရန် အကြောင်းခံတို့သည် မိုးမိုး၏ ပတ်ဝန်းကျင်တွင်ရှိ၏။ ခံစားတတ်ဖို့အတွက် ကြည့်တတ်မြင်တတ် နည်းလည်တတ် နာယူတတ်သော အသိရှိရ၏။ ထိုအသိမျိုး မိုးမိုးတွင် ရှိ၏။ လူတို့ နားလည်နိုင်သောစကားဖြင့် ပြေပြစ်အောင် ရေးသားထားသော စာကို “စကားပြေ” ဟု ခေါ်ပေရာ၊ မိုးမိုးသည် သူ့ခံစားချက်တို့ကို စကားပြေဖြင့် စာဖတ်သူအား အဆင့်တင်ပြရေးဖွဲ့၏။ ဤသို့ဖြင့် မိုးမိုး၏စာတို့သည် စာဖတ်ပရိသတ်ရင်ကို စွဲကိုင်လှုပ်ခတ်လာသည်ဟု ဆိုချင်ပါသည်။
ထိုကြောင့်လည်း ဆရာဇော်ဂျီက …
“လေးစားအပ်သော စာမျိုးဖြစ်မြောက်လာရေးအတွက် ကလောင်စွမ်းရည်ကို လည်းကောင်း၊ ကိုယ်နှုတ်နှလုံး အတွေ့အကြုံကိုလည်းကောင်း လိုအပ်သည်မှာ ထင်ရှားသည်။ တဖန် ထိုအင်္ဂါနှစ်ပါးနှင့် ပြည့်စုံနိုင်စရာအကြောင်းရှိသည်။ ထို့ကြောင့်သာလျှင် လေးစားအပ်သော စာမျိုးဖြစ်မြောက်လာအောင် ရေးသောအခါ ဉာဏ်ထုတ်၍၊ ဝိရိယထုတ်၍ ရေးကြရမည်သာ ဖြစ်သည်” ဟု သူ၏ “ရသစာပေအဖွင့်” စာအုပ်တွင် မိန့်ဆိုဖူး၏။
အနုပညာဆိုသည်မှာ ဆရာဇော်ဂျီပြောသလိုပင် ဘာအကြောင်းပဲ ရေးရေး၊ ကိုယ်တိုင် ပြချင်သော အကြောင်းအရာကို ပရိတ်သတ်ထံသို့ သိမ်မွေ့နူးညံ့စွာ ရောက်လေလေ အနုပညာမြောက်လေလေဖြစ်သည်။
စာရေးဆရာသည် သူမြင်သော အကြောင်းကိုတင်ပြရာတွင် တိုက်ရိုက်တင်ပြ၍လည်း ရေးသည်။ သွယ်ဝိုက်၍လည်း ရေးသည်။ ဘယ်ချောက်ကာ ညာလှမ်းသလိုလည်း ရေးသည်။ မိုးမိုးသည် သွယ်ဝိုက်၍ ရေးတတ်သူဖြစ်သည်။ အစီအစဉ်ချ၍လည်း ရေးတတ်သူဖြစ်သည်။ မည်သို့ပင်ရေးရေး သူ့ကိုယ်စား ပြုရေးသားခဲ့သော ဇာတ်ဆောင်များအပေါ်ထားရှိခဲ့သည့် သူ၏ စေတနာ၊ သူတို့ကိုယ်စား ပြောပြချင်သော ရင်ထဲက အကြောင်းအရာ၊ ဝတ္ထုထဲက ဇာတ်ဆောင်များ၏ဘဝကို စာဖတ်သူကိုယ်တိုင် ခံစားနားလည်စေချင်သည့် သူ၏စေတနာသည် အမြဲထာဝရ ခိုင်မာစွာ တည်ရှိနေခဲ့သည့်အကြောင်းကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလထုတ် စာပေ ဂျာနယ်တွင် “စေတနာ မမှားခဲ့ပါ” ခေါင်းစဉ်ဖြင့် မိုးမိုးက -

“ကျွန်မ၏ မေ့လျော့ပေါ့ဆမှုကြောင့် ကျွန်မ၏စာတွေထဲမှာ အချက်အလက်အချို့ မှားကောင်းမှားခဲ့မိသည် ဖြစ်သော်လည်း ကျွန်မ၏ ထိုစေတနာ အရင်းခံ အကြောင်းအချက်များကတော့ မမှားခဲ့သေးပါဟု စိတ်တွင်သန့်ရှင်းစွာ ယုံကြည်နေဆဲပင် ဖြစ်ပါ၏” ဟူ၍ ရေးသားထားလေသည်။
သို့ကလို ပြည်သူဘက်မှာ ထာဝစဉ်ရပ်တည်၍ ပြည်သူတို့၏ ခံစားမှု ဝေဒနာကို ပီပြင်စွာ ရေးဖွဲ့နိုင်မှုကြောင့် သူ၏ လူမှုပတ်ဝန်းကျင် ဝတ္ထုများသည် စာဖတ်ပရိတ်သတ်များ အားပေး နှစ်သက်မှုကို ရယူနိုင်ခဲ့သည်။
မိုးမိုး(အင်းလျား)သည် ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်တွင် ပညာသင်ကြားရင်း နေထိုင်ခဲ့ဖူးသောကြောင့် မိုးမိုး(အင်းလျား)ဟူသော ကလောင်အမည်ကို ယူခြင်းဖြစ်သည်။ သူ၏ အမည်အရင်းမှာ ဒေါ်စန်းစန်း ဖြစ်သည်။ သူ့ကို ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် အဖ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့မှ ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက် အင်္ဂါနေ့၌ ဖွားမြင်ခဲ့သည်။ မလိခ၏ မြန်မာဝတ္ထုအညွန်း (၆) တွင် ၁၉၄၅ ခုနှစ် သြဂုတ် ၂၁ ဟု ဖော်ပြထားသည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွင် ပညာသင်ရင်း ကဗျာ၊ ဝတ္ထုနှင့် ဆောင်းပါးများကို စတင် ရေးသားခဲ့သည်။
မိုးမိုး(အင်းလျား) ကလောင်အမည်ဖြင့် စ၍ရေးသည်မှာ ၁၉၆၅ ခုနှစ် မတ်လထုတ် တိုင်းရင်းမေ ဂျာနယ်၌ “ရွက်လှပန်းကလေး ကိုယ့်ဘဝ” ကဗျာဖြစ်သည်။ သူ၏ပထမဆုံး ပုံနှိပ်ခဲ့သော ဝတ္ထုတိုမှာ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလထုတ် ငွေတာရီ မဂ္ဂဇင်းပါ “အိမ်နီးချင်း” ဖြစ်ပြီး မကွယ်လွန်မီအထိ နောက်ဆုံးရေးသားဖောပြခဲ့သော ဝတ္ထုမှာ ၁၉၉၀ မတ်လထုတ် စံပယ်ဖြူ မဂ္ဂဇင်းပါ “သိက္ခာရှိတဲ့ မုန့်ဟင်းခါး” ဖြစ်ပါသည်။
သူ၏ ပထမဆုံးလုံချင်းဝတ္ထုရှည်မှာ ၁၉၇၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိခဲ့သည့် “ပျောက်သောလမ်းမှား စမ်းတဝါး” ဖြစ်ပြီး နောက်ဆုံးထုတ်ဝေခဲ့သည့် လုံးချင်းဝတ္ထုရှည်မှာ ၁၉၈၇ ခုနှစ်၊ ဧပြီလ၌ ထုတ်ဝေသည့် “ခံတက်နုလေးတွေ ညှိုးချိန်တန်တော့” စာအုပ်ဖြစ်သည်။
သူသည် အမျိုးသားစာပေဆုကို ၁၉၇၄ ၏ ၁၉၈၀၊ ၁၉၈၂၊ ၁၉၈၆ ခုနှစ်များတွင် ၄ ကြိမ် တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သည်။
ခေတ်ပြိုင်ခံစားမှု ဘဝသရုပ်ဖော်ကို ဖွဲ့ဆိုခဲ့သည့် သူ၏အနုပညာ လက်ရာများမှာ ပြည်တွင်းသာမက ပြည်ပနိုင်ငံများဖြစ်သော ရုရှား၊ ဂျပန်၊ အင်္ဂလန်တို့အထိ စိမ့်ဝင်ထိုးဖောက် နိုင်ခဲ့သည်။
မိုးမိုး(အင်းလျား) သည် ဝတ္ထုအမည်ပေးပုံမှာလည်း တမူထူးခြားသည်။ သူ့ဝတ္ထုများအနက် “သဗ္ဗေသတ္တာ အဝေရာဟောန္တု”(၁၉၇၈)၊ “မှတစ်ပါး အခြားမရှိပြီ” (၁၉၇၈)၊ “ရွှေတိဂုံကို မြင်လျှင်” (၁၉၇၉)၊ “ငြိမ်းကိုရှက်ပါ”(၁၉၈၀)၊ “ဂျိုး” (၁၉၈၀)၊ “သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ် ဆယ့်သုံးသွယ်”(၁၉၈၀)၊ “ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ”(၁၉၈၁)၊ “ပန်းရိုင်းတရာ”(၁၉၈၁)၊ “ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား”(၁၉၈၁)၊ “မသုဓမ္မစာရီ”(၁၉၈၂)၊ နာမကျန်းသည် အိုနှင်းဆီ”နှစ်တွဲ(၁၉၈၃)၊ “မြန်မာပြည်မှာ နေကြသည်”(၁၉၈၃)၊ “ကြွေရင် အတူကြွေမယ်” (၁၉၈၃)၊ “မီးရောင်အောက်ကိုဝင်လျှင်”(၁၉၈၅) တို့မှာ ထင်ရှားသည်။
မသုဓမ္မစာရီ ရေးစဉ်က သူကိုယ်တိုင် ကတုံးရိတ်၍ သီလရှင်ဝတ်သည်ဟု ကြားရသည်။ ရေးစရာအကြောင်းရပ်အတွက် သဘာဝယုတ္တိရှိစေရန် ကွင်းဆင်းလေ့လာခြင်းတမျိုးပင်ဖြစ်သည်။ သူရေးခဲ့သော “မှတစ်ပါး အခြားမရှိပြီ” နှင့် “မသုဓမစာရီ” ဝတ္ထုကို ရိုက်ကူး၍ “ညီမ လေးကအချစ်ကို ကိုးကွယ်သတဲ့လား” ဝတ္ထုကို ဗီဒီယို ရိုက်ကူးခဲ့ပါသည်။
မိုးမိုး(အင်းလျား) သည် ၁၉၈၉ ခုနှစ် သြဂုတ်မှစ၍ ဆရာကြီး မဟာဆွေ၏ သမီး ခင်ဆွေဦး ဦးစီးထုတ်ဝေသော စံပယ်ဖြူ မဂ္ဂဇင်းတွင် တာဝန်ခံ စာတည်းမှူးအဖြစ် ဆောင်ရွက်ခဲ့ရာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ သူသည် ကွယ်လွန်ချိန်အထိ စာပေများကို ဇယ်ဆက်သလို ရေးသားခဲ့ရာ ဝတ္ထုတိုနှင့် မဂ္ဂဇင်း ဝတ္ထုရှည် စုစုပေါင်း ၁၀၁ ပုဒ်၊ လုံးချင်းဝတ္ထု ၂၄ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၅ အုပ် ဆောင်းပါးပေါင်း ၅၅ ပုဒ်ခန့်ရှိသည်ဟု သိရသည်။
ယင်းတို့ စာပေတာဝန်ကို ကျေပွန်စွာထမ်းရွက်ရင်းဖြစ် ၁၉၉၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွန်လွန်သွားခဲ့လေသည်။ ကွန်လွန်ချိန်၌ ခင်ပွန်း ဦးမျိုးညွန့် (စာပေလောက)နှင့် သားနှစ်ယောက် သမီးတယောက် ကျန်ရစ်ခဲ့သည်။ ကွန်လွန်စဉ်က သူသည် အသက် ၄၆ နှစ်သာ ရှိသေးသည်။
သူ၏ ကြွင်းကျန်သောရုပ်ကလပ်ကို ကြံတောသုဿန်၌ မတ်လ ၁၇ ရက်နေ့တွင် ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။ ယခုအခါ ကြံတောသုဿန် ဖြတ်လိုက်သဖြင့် မြောက်ဥက္ကာလာပမြို့နယ်ရှိ ရေဝေးသုဿန်၌ ပြောင်းရွေ့ဂူသွင်းထားသည်။
သူ ဆုံးစဉ်က ဆရာမကြီး လူထုဒေါ်အမာက -
“ဗျာဒိဒုက္ခဆိုတဲ့ သေတွင်းသွားဖို့အတွက် ခံစားရတဲ့ရောဂါတော့ အကြာကြီး မခံစားရရှာပေါ့၊ နို့ပေမယ့် အသက်ကလေးမှ ၄၀ ကျော်ရုံရှိသေးတာမို့ နေမယ်ဆိုရင် အနေနိုင်ကြီးပေါ့။ နှမြောလိုက်တာ မိုးမိုးရယ်။ ဖြေမဆည်နိုင်အောင်ပါပဲ”
“မိုးမိုးဈာပနက သူ့စာကို ချစ်တဲ့ပရိတ်သတ်ကများလေတော့ ဒုတိယ အောင်ဗလဈာပန ဖြစ်နေမှာပေါ့လေ။ အနုပညာ အရည်အသွေးက တက်တုန်းအချိန်မှာ ရှင်သေမင်းနောက် ကောက်ကောက်ပါ လိုက်ရှာရတာကလား”
“မိုးမိုးဟာ စာရေးသက် ၁၈ နှစ်အတွင်း ဝတ္ထုတို ဝတ္ထုရှည် ဆောင်းပါးတွေ အများကြီး ရေးသားခဲ့တယ်”
“အမျိုးသားစာပေဆုကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့တယ်။ သူ့စာကလေးတွေကို အမြဲတမ်းစောင့်ဖတ်လာကြတဲ့ စာဖတ်ပရိတ်သတ်အဖို့ ကလောင်ကလေးက ရေးသက်ရလာတာနဲ့ အမျှ ရင့်ကျက်လာတယ်၊ ဣနြေ္ဒရလာတယ်။ အမြင်တွေ ပိုကောင်းလာတယ်။ တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန် တိုးတက်လာတယ်ဆိုတာကို သတိထားမိကြတာကြီးပါပဲ၊ ဒါကြောင့် ကျွန်မ သမီးကြီးနဲ့မှ ရွယ်တူလောက်ရှိသေးတဲ့ မိန်းကလေးကို “မိုးမိုးရယ် အကြွေစောလို့ အမေ နှမြောလှတယ် င့ါသမီးဟာ တို့ခေတ်မြန်မာစာပေ သရဖူနဲ့ စိန်တပွင့်ပါကွယ်” လို့ သူဆုံးသည့်နေ့ ကရေးမိတဲ့ စာတိုကလေးထဲမှာ ထည့်ရေးမိတယ်။
မိုးမိုးရေ ခေတ်တခေတ်ကို ထင်ဟပ်ပြနေမိ မင်းစာကလေးတွေ အဓွန့်ရှည်လို့ တည်နေမှာပါကွယ်။
ငါ့သမီးဖြစ်လေရာဘဝမှာ ကိုယ်စိတ်ချမ်းမြေ့ပြီး သတ္တဝါတွေအကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ။”ဟူ၍ ၁၉၉၀ ပြည့်နှစ် မေလထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင် မိုးမိုး(အင်းလျား) အတွက် အမေ့လက်ဆောင် ခေါင်းစဉ်ဖြင့် ရေးသားခဲ့လေသည်။
ကဗျာဆရာကြီး မောင်စွမ်းရည်ကလည်း …
“အနေမြင့်မြတ်၊ အသေမြတ်သည့်
မြင့်မြတ်သူမှာ မသေပါတည့်
စာပေလောက မြန်ပြည်လှတွင်
နမအမည် ၊ မော်ကွန်းတည်လိမ့်
သင့်သည် မိုးမိုး(အင်းလျား)”
ဟူ၍ ကဗျာဖြစ် မော်ကွန်းထိုးခဲ့လေသည်။
မည်သို့ဆိုစေ … ယခုအခါ သူကွယ်လွန်ခဲ့သည်မှာ ၂၁ နှစ်ရှိပြီဖြစ်သော်လည်း သူ ရေးဖွဲ့ခဲ့သော ဘဝသရုပ်ဖော် စာပေအစုစုသည် ထာဝရ ထွန်းလင်းတောက်ပြောင်နေမည်မှာ မလွဲဧကန်ပင်တည်း။
“မိုးမိုး(အင်းလျား) ရောက်ရာ ဖြစ်ရာဘဝ၌ အေးချမ်းစွာ နားခိုနိုင်ပါစေ” ဟု ဆန္ဒပြုလျက်။ 
ဓာတ်ပုံများကို သူ့ဖေ့ဘွတ်နဲ့ အင်တာနက်ကနေ ရယူပါတယ်။

 မေတ္တာ ကရုဏာ စေတနာဖြင့် 
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Wednesday, September 14, 2011 | 0 comments | Labels: