twitter


                                        ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လိုချီ၊
                                                  နေခြည်မှာ ရွှေရည်လောင်း  ငါတို့ စာသင်ကျောင်း။
       
အသံကလေးတွေ တီတာတာနဲ့ ဆိုလိုက်တဲ့ ကလေးများရဲ့ ကဗျာရွတ်သံလေး ကြားရတော့ ရင်ထဲမှာ လှိုက်ကနဲ သိမ့်ခနဲ ပီတိလှိုင်းဂယက်လေးတွေ ဖြစ်ပေါ်လာမိတယ်။ ကျောင်းဖွင့်စရာသီ အမိမြန်မာပြည် စာသင်ကျောင်းတွေ ဆီက လွင့်မျောလာတဲ့အသံလေလားလို့တောင် ထင်မိတယ်၊ တကယ်တော့ မဟုတ်ပါလေ။ အမိမြန်မာပြည်နဲ့ မိုင်ပေါင်း ၆၀၀၀ ကျော်ဝေးတဲ့ အပရဂေါယာကျွန်းဆီက ထွက်ပေါ်လာတဲ့ အသံလေးတွေပါ။ မမျှော်လင့်တဲ့နေရာက ထွက်ပေါ်လာတဲ့အသံမို့ ရင်ထဲမှာ ဖေါ်မပြနိုင်လောက်အောင် တုန်ခါပီတိ ဖြစ်မိတယ်ဆိုပါတော့။

  ကမ္ဘာကျော် ဆန်ဖရန်ဆစ္စကိုမြို့ရဲ့ ဗေးဧရိယာ ဖရီးမောင့်မြို့မှာရှိတဲ့ ဆရာတော် ဒေါက်တာအရှင်ဓမ္မပိယ တည်ထောငထားတဲ့ မေတ္တာနန္ဒ၀ိဟာရဓမ္မရိပ်သာရဲ့ နွေရာသီ ယဉ်ကျေးလိမ္မာကလေးသင်တန်းဆီက လွင့်ထွက် လာတဲ့ အသံလေးတွေပါ။ ဒီသင်တန်းကို နှစ်စဉ်နှစ်တိုင်း နွေရာသီ သြဂုတ်လ ပထမပတ်မှာ ပြုလုပ်နေကြပါ၊ ဒီနှစ်မှာတော့ ဇူလိုင်လ ၃၁ ရက် တနင်္ဂနွေနေ့ကနေ သြဂုတ်လ ၇ ရက် တနင်္ဂနွေနေ့အထိ ၈ ရက်တိုင်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဗေးဧရိယာမှာရှိတဲ့ မြန်မာကလေး ၉၈ ယောက် လာရောက်သင်တန်းတက်ခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်ကနေ ၁၈ နှစ် အရွယ်အထိ အရွယ်ပေါင်းစုံ မြန်မာမျိုးဆက်သစ် မြန်မာ့ရင်သွေးလေးတွေပါ။ အတန်းကိုတော့ မူကြိုတန်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ၄ ဆင့်ခွဲပြီး သင်ပေးပါတယ်။
သင်တန်းကို မနက် ၈ နာရီကနေ စတင်ပါတယ်၊ ၈ နာရီမှ ၈း၄၅ အထိ  စုပေါင်းဘုရားရှိခိုး မေတ္တာပို့ တရားထိုင်၊ ၉ နာရီမှ ၉း ၄၅ အထိ ဓမ္မသင်တန်း၊ ၁၀ နာရီမှ ၁၀း ၄၅ အထိ ဓမ္မသင်တန်းဆိုပြီး မနက်ပိုင်း အချိန်စာရင်း သုံးခု ရှိပါတယ်။ နေ့လည် ၁၁ နာရီမှာတော့ အလှူရှင်များက နေ့လည်စာ ကျွေးမွေးလှူဒါန်းပါတယ်။ ကလေးများ ကိုယ်တိုင်ယူ စနစ်နဲ့ အလှူရှင်များထံမှ ထမင်း၊ ဟင်း၊ မုန့် အဖျော်ရည်များ တန်းစီယူရပြီး  ထမင်းစားခုံမှာ ကျောင်းသားအားလုံး ထိုင်ပြီးပြီဆိုမှ ဆရာတော်တစ်ပါးက အလှူရှင်နဲ့ ကုသိုလ်လုပ်အား ပေးသူများ အား မေတ္တာပို့သည့် စာပိုဒ်ကို တိုင်ပေးပြီး ကလေး အားလုံးက နောက်ကလိုက်ဆို မေတ္တာပို့ပြီးမှ စားကြရပါတယ်။ အလှူရှင်တွေရဲ့ မျက်နှာတွေမှာလည်း ကုသိုလ်ပီတိတွေ ဝေဖြာနေပြီး မမောနိုင် မပန်းနိုင် ပျော်တပြုံးပြုံးနဲ့ပါ။ ထမင်းစားပြီးချိန်ကနေ ၁ နာရီအထိတော့ ကလေးငယ်များ ဟိုတစ်စု ဒီတစ်စု ပြေးလွှားဆော့ကစားနေကြပြီး လူရွယ်မောင်မယ်များကတော့ တစ်ချို့လဲ မြန်မာလို၊ တစ်ချို့လဲ ဒေသခံစကားတွေနဲ့ အပြန်အလှန်ပြောဆို မိတ်ဖွဲ့ နေကြရင်း အပြုံးပန်းတွေ တလွင်လွင် ဖြစ်နေကြတယ်ပေါ့။
ဒီကမြန်မာကလေးအများစုဟာ ကျောင်းတွေတက်နေရ၊  မိဘတွေကလည်း အချိန်ပြည့်နီးပါလို အလုပ်ကိုယ်စီ လုပ်နေကြရတဲ့အတွက် ကလေးများနဲ့ အချိန်ကြာကြာဆုံခွင့်မရကြတော့ မြန်မာစကား သိပ်မပြော ဖြစ်ကြတော့ပါဘူး၊ သူတို့လေးတွေ ဒီသင်တန်းရောက်မှဘဲ မေ့နေတဲ့ မြန်မာစကားလေးတွေနဲ့ ကြိုးစားပြီး ပြောကြ ရရှာတယ်၊ ဗေးဧရိယာမှာ ရှိတဲ့ မြို့တွေမှာ ပြန့်ကျဲနေတဲ့မြန်မာကလေးတွေ ဒီသင်တန်းကျမှ ဆုံဆည်းခွင့်၊ ရင်းနှီးခွင့် ရကြတာပါ။ ဒါ့ကြောင့် ဒီသင်တန်းက ဗုဒ္ဓယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှုတွေကို ဒီမှာရှိနေတဲ့ မျိုးဆက်သစ်လေးတွေ ရဲ့ ရင်ထဲမှာ သန္ဓေတည် ပေးတဲ့သင်တန်း၊ ဘာသာတံဆိပ် ခံနှိပ်ပေးတဲ့သင်တန်းလို့ ဆိုရမှာပါ။
အထက်တန်းအဆင့်ကိုတော့ ဆရာတော်ကိုယ်တိုင်သင်ကြားပေးပါတယ်၊ ဆရာတော်က မြန်မာကလေးတွေ ကို မြန်မာ့ယဉ်ကျေးမှုအကြောင်းနဲ့ ဗုဒ္ဓအဘိဓမ္မာအကြောင်းအရာတွေကို ဦးစားပေးသင်ပါတယ်။ မိမိတို့ရဲ့ မိဘတွေအပေါ် တန်ဖိုးထားဘို့၊ ကလေးအများစုက ဒီကကျောင်းပညာကို ငယ်ရွယ်စဉ်ကထဲက သင်ရတော့ ဒီကယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊  ဒီမှာ သုံးတဲ့ပစ္စည်းကိရိယာတွေအကြောင်း နားလည်ကြတယ်၊ ဒီကို ကြီးမှ ပြောင်းရွှေ့လာကြတဲ့ မိဘတွေကတော့ ဘာသာစကား အခက်အခဲ၊ ဒီက ဓလေ့ထုံးစံ နဲ့ ဥပဒေနဲ့ သုံးစွဲရတဲ့ ပစ္စည်းကိရိယာတွေရဲ့အကြောင်းကို သိပ်မသိကြပါဘူး။
 မြန်မာမိဘအများစုဟာ ရောက်ကထဲက မိသားစုစားဝတ်နေရေးအတွက် ပုံမှန်အလုပ် ၀င်လုပ်နေကြရတော့ ပညာလဲဆက်မသင်ဖြစ်တာများပါတယ်။ ဒီအခါမှာ ဒီမှာကြီးပြင်းတဲ့ကလေးတွေက သူတို့လောက် နားမလည်တဲ့ မိဘတွေအပေါ် အထင်အမြင်သေးတတ်လို့ မိဘတွေနဲ့ သားသမီးတွေကြားမှာ စိတ်ကသိကအောင်ဖြစ်စရာ အခြေအနေတွေ ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ဆရာတော်က မိမိတို့ မိဘတွေရဲ့  သားသမီးကောင်းစားရေးအတွက် အနစ်နာခံပေးဆပ်ရတာတွေကို တန်ဖိုးထားဖို့၊ နားလည်ပေးဖို့ စတဲ့ လူမှုကျင့်ဝတ်တွေကို အဓိကထား သင်ပေးပါတယ်။
ဒီသင်တန်းကို အဓိကကူညီပေးနေတဲ့ အသက် ၇၀ အရွယ် စေတနာရှင်ဆရာမကြီးတစ်ယောက်လဲရှိပါတယ်၊ သူ့အမည်က ဆာရာပါ၊ ဒီက အဖြူဆရာမ အပျိုကြီးပါ။ သူဟာ ၁၄ နှစ်အရွယ်မှာ သူ့အဒေါ်တစ်ယောက် ဆုံးသွားလို့ ဗုဒ္ဓဘာသာစာပေများ ဖတ်မိရာက ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာသူလို့ ဆိုပါတယ်၊ ဓမ္မပဒ၀တ္ထုထဲက ကိသာဂေါတမီ ၀တ္ထုကို ဖတ်လိုက်ရမှ သေခြင်းတရားကို လက်ခံလာနိုင်ပြီး အဲဒီကနေ ဆက်တိုက်ဗုဒ္ဓဘာသာစာပေတွေကို အခွင့်သာသလို ဖတ်ရှုလေ့လာခဲ့တယ်လို့ ပြောပါတယ်။ ရွှေတောင်ကုန်းဆရာတော်နဲ့ ဟတ်မွန်းဘေး ဓမ္မာနန္ဒကျောင်းဆရာတော်ဦးသီလာနန္ဒတို့ဆီမှာ တရားထိုင် တရားမှတ်ရင်းနဲ့ ဗုဒ္ဓအဘိဓမ္မာတွေကို စံနစ်တကျ သင်ယူ ရာကနေ ခုဆိုရင် အမြဲတမ်းယောဂီဝတ်နဲ့ အမြဲတမ်း ရှစ်ပါးသီလနဲ့ နေနေတဲ့ သူတော်စင်တစ်ယောက်ဖြစ်ပါတယ်၊ သူဟာ ဆရာတော် ဒေါက်တာ အရှင်ဓမ္မပိယနဲ့ ဆန်ဟိုဆေး တထာဂတာရိပ်သာမှာ ဆုံခဲ့ပြီး ဆရာတော့်အဆုံးအမနဲ့လဲ တရားအားထုတ်ဖူးသူမို့ ဆရာတော်ကို ကြည်ညိုရင်းစွဲ ရှိပါတယ်။ ဒါ့ကြောင့် ဆရာတော် မေတ္တာနန္ဒ၀ိဟာရဓမ္မရိပ်သာ ထူထောင်ချိန်ကစပြီး ခုအချိန်အထိ နှစ်စဉ်ဖွင့်တဲ့ ယဉ်ကျေးလိမ္မာသင်တန်းမှာ ကူညီသင်ပေးခဲ့သူပါ၊ ခု ဆိုရင် ၁၁ နှစ် ရှိပါပြီ။
သူက မူလတန်းအဆင့်ကို တာဝန်ယူသင်ပါတယ်။ မူလတန်းအဆင့်ကလေးတွေကို  ထိခြင်းငါးပါးနဲ့ ဦးချ တတ်အောင်၊ သရဏဂုံ နဲ့ ငါးပါးသီလ ဆောက်တည်တတ်အောင် အခြေခံကျကျနန သင်ပါတယ်။ နောက်ရက်များမှာတော့ ဓမ္မပဒနဲ့  ဓမ္မစကြာတရားတော်တွေကို ကလေးတွေ နားလည်အောင် သင်ပေးနေတာကို တွေ့ရပါတယ်။ တစ်နေ့ ကလေးများကို သစ္စာလေးပါးအကြောင်းသင်ပြီးချိန်မှာ သင်တန်းတစ်ချိန်ပြီးလို့ ကလေးတွေ စာသင်ခန်းက ထွက်ခါနီး သူက တံခါးဝမှာ ရပ်လိုက်ပါတယ်၊ ပြီးမှ သူက အပြင်ထွက်ဖို့ တာစူနေတဲ့ သူ့ရဲ့သင်တန်းသားကလေးတွေကို ဒုက္ခသစ္စာ အကြောင်းထဲက တစ်ခုကို ပြောပြနိုင်မှ အခန်းအပြင်ကို ထွက်ခွင့်ပေးတာကိုလဲ တွေ့မြင်လိုက်မိတယ်။ ကလေးတွေက ဗမာစကားသိပ်မတတ်တာမို့ အင်္ဂလိပ်လို သင်ပေးရတဲ့အတန်းပါ၊ အိုတာ ဒုက္ခပါ၊ နာတာ ဒုက္ခပါ၊ သေတာ ဒုက္ခပါ၊ လိုချင်တာ မရတာ ဒုက္ခပါ၊ မလိုချင်တာ ရတာ ဒုက္ခပါ စသည်ဖြင့် တစ်ခုခုကို မှတ်မိပြီး ပြောနိုင်မှ အတန်းဆင်းခွင့်ပေး တာပါ၊ သူ့ကလေးတွေကို တရားသိပ်နားလည်စေချင်တဲ့ တကယ့်ကရုဏာရှင်ဆရာမကြီးပါ။ သူ့ကလေးတွေလဲ ကြိုးစားကြတာ တွေ့ရတယ်၊ တစ်ချိန်မှာတော့ မေတ္တာအကျိုး ၁၁ မျိုးကို အုပ်စု နှစ်စုဖွဲ့ပြီး  အပြိုင်ပြောခိုင်းနေတာ တွေ့ရပါတယ်၊ အဲဒီမှာတော့ ယောက်ျာလေးအုပ်စုက နိုင်သွားတာ တွေ့လိုက်ရတယ်။
နေ့လည်ပိုင်းမှာတော့ ၁ နာရီကနေ ၁း ၄၅ အထိ တစ်ချိန်၊ ၂ နာရီကနေ ၂း ၄၅ အထိ တစ်ချိန် ဗုဒ္ဓ၀င်နဲ့ အဘိဓမ္မာသဘောတရားများကို သင်ပေးပါတယ်။ ၃ နာရီမှာ မုန့်စားချိန် ခဏနားပြီး၊ ၄ နာရီကနေ ၄း ၄၅ အထိ တစ်နေ့တာ သင်ထားတာတွေကို အုပ်စုလိုက်ဖွဲ့ပြီးဆွေးနွေးတဲ့သင်တန်းချိန်ပါ။
ဒီအချိန်မှာ အတန်းတိုင်းရှိ ကလေးများဟာ ၅ ယောက်တစ်အုပ်စုလောက်ဖွဲ့ပြီး အုပ်စုတိုင်းကို သင်တန်းဆရာများက မေးခွန်းတစ်ခုစီ မေးပြီး ဆွေးနွေးခိုင်းတာ၊ မေးခွန်းတစ်ခုကို အုပ်စုတိုင်း တိုင်ပင်ဆွေးနွေးခိုင်းပြီး အရင်ဆုံးဖြေနိုင်တဲ့ အုပ်စုကို အမှတ်ပေးတာ စတဲ့ ပုံစံတွေနဲ့  ပျော်ရွှင်စွာသင်နေကြတာကိုလဲ တွေ့ရပါတယ်။ ဒီအချိန်မှာ ကလေးတွေဟာ ကိုယ်ပိုင်ဉာဏ်ရည်လေးတွေ ထွက်လာတယ်၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေ ပိုရတယ်၊ မြင်ထောင့်မျိုးစုံကနေ ခြုံကြည့်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အမှီသဟဲပြု့ပီး  ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့်ကောင်းတွေ ရလာတယ်။
သူတို့ထဲက အုပ်စုလိုက် ထဆွေးနွေးနိုင်စွမ်းရှိသူတစ်ယောက်ကို ခေါင်းဆောင် တင်ပြီး အုပ်စုခေါင်းဆောင်တွေအလိုက် အပြန်အလှန် ဆွေးနွေးကြတဲ့အတွက် စွမ်းနိုင်သူကို နေရာပေးရမယ်ဆိုတဲ့ အလေ့ အကျင့်တွေကို ငယ်ငယ်ထဲက ရရှိစေတာကိုလဲ တွေ့ရတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပြိုင်တဲ့အခါ နိုင်တဲ့အဖွဲ့ကို ကျန်တဲ့အဖွဲ့တွေက လက်ခုပ်သြဘာပေးပြီး မနိုင်တဲ့အုပ်စုတွေကလဲ ကိုယ့်အားနဲချက်ကို ကျေကျေနပ်နပ် လက်ခံကြတဲ့ အတွက် မုဒိတာစိတ်ဓာတ်တွေကို ငယ်စဉ်ကထဲက ရရှိစေနိုင်တာလဲ တွေ့ရပါတယ်။
ဒီက ၁၁ တန်းကျောင်းသူ နှစ်ယောက်က အလယ်တန်းအဆင့်မှာ ကျောင်းခံ ဦးဇင်းတစ်ပါးနဲ့အတူ ကလေးတွေကို အဲဒီလို ကုသိုလ်ဖြစ် သင်နေတာကို တွေ့ရတာပါ၊ သူတို့ဆီက စာသင်ကျောင်းတွေမှာ ဒီလိုပုံစံနဲ့ ပညာရပ်တွေ သင်နေကြတာလို့ ဆိုပါတယ်။
ညနေ ၅ နာရီ ကနေ  ၆ နာရီအထိကတော့ ဓမ္မပုံပြင်ပြောတဲ့အချိန်ပါ၊ ရှေ့ပိုင်း  ၂ ရက် ၃ ရက်လောက်မှာတော့ အင်္ဂလိပ်ဆရာမကြီး ဆာရာကပဲ ဓမ္မပဒထဲက ၀တ္ထုဇာတ်လမ်းလေးတွေကို အသံအေးအေးနဲ့ အင်္ဂလိပ်လို ပြောပါတယ်၊ ဒီအခါမှာ တစ်ချို့ကလေးတွေက စိတ်ဝင်တစား နားထောင်ကြပေမဲ့ တစ်ချို့ကလေးတွေကြတော့ တစ်နေကုန် ပင်ပန်းထားတာရယ်၊ အကြောင်းအရာက လောကအကြောင်းအရာတွေ မဟုတ်တာရယ်ကြောင့် ငိုက်မျဉ်းနေတာကို တွေ့ရပါတယ်။
 လေးရက်မြောက်တဲ့နေ့မှာတော့ ဆရာမကြီးက သူ့အတန်းထဲက ကလေးတွေကို သင်တန်းချိန်မှာ ပုံပြင်သင်ထားပေးပြီး အဲဒီကလေးတွေကိုပဲ ပုံပြောချိန်မှာ တဆင့်ပြန်ပြောစေပါတယ်၊ ကလေးချင်းပြောကြတာဆိုတော့ အဲဒီမှာ ကလေးတွေ ရွှင်မြူးကုန်တာ တွေ့လိုက်ရတယ်၊ ပုံပြင်ဆုံးသွားရင် လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့  ၀မ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ အားပေးကြတော့ ပုံပြောချိန်လေးက ပိုစိတ်ဝင်စားစရာ ဖြစ်သွားတယ်။
ငါးရက်မြောက်နေ့မှာတော့ အလယ်တန်းအဆင့် ဆရာမလေးနှစ်ယောက်နဲ့ သူ့တို့ရဲ့တပည့်ကျောင်းသူ ကျောင်းသားလေးတွေက ကိသာဂေါတမီဇာတ်လမ်းကို သရုပ်ဆောင်ပြကြပါတယ်။ ချစ်မ၀နိုင်တဲ့ နှစ်နှစ်အရွယ် သားကလေး ရုတ်တရက်သေသွားလို့ ပူဆွေးသောကရောက်နေတဲ့ ကိသာဂေါတမီ၊ ကလေးသေလေးကို ရင်ဝယ်ပိုက်ပြီး သူ့ကလေး အသက်ပြန်ရှင်လာအောင် ကုပေးဖို့ တွေ့ကရာလူကို အရူးတစ်ယောက်ပမာ လိုက်ပြောနေတဲ့ ကိသာဂေါတမီ၊ ဟိုလူက မောင်းထုတ် ဒီလူက မောင်းထုတ်၊ အကျိုးလိုလားသူတစ်ယောက်နဲ့တွေ့လို့ ဗုဒ္ဓရှင်တော်ဆီ ရောက်သွားပုံ၊ ဘုရားဆီ ရောက်တဲ့အခါ သူ့သားလေး အသက်ပြန်ရှင်အောင် လုပ်ပေးပါ လျှောက်တော့ ဘုရားက လုပ်ပေးမယ်၊ ဒါပေမဲ့ လူမသေ ဘူးတဲ့ အိမ်က ဆေးတစ်မျိုး သွားတောင်းခိုင်းပုံ၊ သာဝတ္ထိမြို့ထဲ သူ့သားအသက်ပြန်ရှင်နိုင်ရေးအတွက် ဆေးလိုက် တောင်းပုံ ၊ အိမ်တိုင်းက လူသေဘူးကြတာမို့ သူလိုချင်တဲ့ ဆေးမရဘဲ သေခြင်းတရားဆိုတာ သူသားတစ်ယောက်၊ သူတစ်ယောက်ထဲနဲ့သာ ဆိုင်တာမဟုတ် အိမ်တိုင်းလူတိုင်းနဲ့ ဆိုင်တဲ့အရာပါလားဆိုတဲ့ သေခြင်းရဲ့အမှန်သဘောတရားကို လက်ခံနိုင်ပြီး သားသေလေးကို သင်းချိုင်းမှာမြှုပ်ကာ ဘုရားထံ ပြန်သွားပြီး ရဟန်းဝတ်ပုံကို သရုပ်ဆောင် ပြကြတာပါ။ တော်တော်လေး ပီပြင်အောင် သရုပ်ဆောင်နိုင်ကြလို့ ပြီးသွားတဲ့အခါ လက်ခုပ်သြဘာသံ တဖြောင်းဖြောင်းနဲ့ ပျော်ရွှင် စိတ်ဝင်စားဖွယ်ရာ ပုံပြောချိန်လေးဖြစ်သွားပါတယ်။
နောက်ရက်ပုံပြောချိန်မှာတော့  အလယ်တန်းအဆင့်က ဆရာမလေးနှစ်ယောက် ဦးဆောင်တဲ့ ကလေး ၁၀ ယောက်ကပဲ အဇာတသတ်ဝတ္ထုကို သရုပ်ဆောင်ပြကြတယ်။ ရှင်ဒေ၀ဒတ်က အဇာတသတ်မင်းသားလေးကို တန်းခိုးနဲ့ အထင်ကြီးအောင် လုပ်ခဲ့တဲ့အခန်းနဲ့ စထွက်လာပါတယ်၊ နောက်ပြီး ရှင်ဒေ၀ဒတ်က မင်းသားလေးကို ဖခင် ဘုရင်ဗိမ္ဗိသာရ ကို သတ်ပြီး ရှင်ဘုရင်လုပ်ဖို့ခိုင်းပုံနဲ့ သူက ဘုရားကိုသတ်ပြီး ဘုရားလုပ်မယ်ဆိုတာပြောတဲ့အခန်း ထွက်လာတယ်။
ဒီအခါမှာ ဇာတ်နောက်ခံ စကားပြောပေးတဲ့ ဆရာမလေးက ဒေ၀ဒတ်ဟာ သူရတဲ့တရားအနည်းငယ်ကို ဘုရားရတဲ့တရား လောက်အများကြီးထင်ပြီး ကိုယ့်ပမာဏကိုမသိပဲ ဘုရားဖြစ်ချင်တဲ့အထိ မတော်လောဘတွေကြီးထွားလာပုံ၊ အဇာတသတ်မင်းသားလေးဟာလဲ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ်နဲပါးတဲ့အတွက် အရှင်ဒေ၀ဒတ်ရဲ့ အထင်ကြီးအောင် စည်းရုံးခံရပြီး ကျေးဇူးရှင် ကိုယ့်အဖေဘုရင်ကြီးကို သတ်ရဲတဲ့အထိ မိုက်တွင်းနက်ပုံ၊ ဒါ့ကြောင့် ကိုယ့်ပမာဏကို အမှန်တိုင်းသိဖို့၊ လောဘမကြီးဖို့၊ စဉ်းစားဆင်ခြင်ဉာဏ်ရှိဖို့ ဘ၀မှာ အရေးကြီးတဲ့အကြောင်းရှင်းပြပါတယ်။
ပြီးတဲ့အခါ အဇာတသတ် ဖခင်ကို ဖမ်းပြီး ထောင်ချပုံ၊ အခြေဖ၀ါးဓားခွဲ ဆားသိပ် မီးကင်ပုံ၊ နောက်မကြာခင် အဇာတသတ်ဟာ သူ့သားလေးမွေးလာလို့ သူ့သားကို အရမ်းချစ်တဲ့စိတ်တွေပေါ်လာပြီး မိခင်ထံသွားကာ သူ့ဖခင်က သူ့ကို ချစ် မချစ် မေးမြန်းခဲ့ပုံ၊ ဒီအခါမှာ သူ့အမေက သူ့အဖေဘုရင်ကြီးက အဇာတသတ်ငယ်စဉ်မှာ လက်မှာပြည်တည်တဲ့ ခူနာပေါက်လို့ ကိုက်ခဲနေတဲ့အတွက် အငိုမတိတ်ဖြစ်နေရာ ဖအေဘုရင်ကြီးက အဲဒီလက်ချောင်းလေးကို ပါးစပ်နဲ့ငုံပြီး အာပူငွေ့ပေးလိုက်မှ အငိုတိတ်ကာ အိပ်ပျော်သွားတဲ့အကြောင်း၊ အိပ်ရာကနိုးမှာစိုးလို့ ဖခင်ကြီးက အဇာတသတ်ရဲ့လက်ချောင်းခူနာက ပေါက်ထွက်လာတဲ့ ပြည်တွေကိုတောင် အပြင်မထွေးပဲ ဗိုက်ထဲမျိုချတဲ့အထိ အဇာတသတ်ကို ချစ်တဲ့အကြောင်း ပြောလိုက်တော့ အဇာတသတ် အမိုက်နောင်တ ရရှိခဲ့ပုံ၊  အဲဒီအခါမှ ဖခင်ကြီးကို အချုပ်ထောင်ထဲက ပြန်ထုတ်ခိုင်းတော့ ဖခင်ကြီးက ခြေဖ၀ါးဓားခွဲခံထားတဲ့ ဒဏ်ရာကြောင့် ကံတော်ကုန် နတ်ရွာစံသွားပြီဖြစ်ကြောင်း သိရပုံ၊ အဲဒီအခါမှ ယူကြုံးမရ ပူဆွေးသောကရောက်ရပုံတွေကို တင်ဆက်ကြပါတယ်။  ဒါ့ကြောင့် မိခင်မေတ္တာ၊ ဖခင်မေတ္တာတွေ တန်ဖိုးထားနားလည်ကြဖို့ နဲ့ အသိဉာဏ်ဆင်ခြင်တုံတရားနည်းပါးရင် အဇာတသတ်လို မိုက်တွင်းနက်သူတစ်ယောက် ဖြစ်တတ်တယ်ဆိုတဲ့အကြောင်း၊ နောင်မှ နောင်တရပူပန်နေရတယ်ဆိုတာ ဘာမှအသုံးမ၀င်တာကြောင့် မိဘမေတ္တာတွေကို သက်ရှိထင်ရှားရှိစဉ်မှာဘဲ နားလည်သဘောပေါက် နိုင်ကြပါစေလို့ ခေါင်းဆောင် ဆရာမလေး နှစ်ယောက်က တလှည့်စီပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
အဲဒီအခါမှာ ကျောင်းသူကျောင်းသား အားလုံးက လက်ခုပ်သံတမြိုင်မြိုင်နဲ့ သြဘာပေးကြတယ်။ မိဘမေတ္တာတွေကို အပြည့်အ၀နားမလည်တောင် နားလည်ပေးရမယ်၊ ကျေးဇူးတရားသိတတ်ရမယ်ဆိုတာလောက်တော့ သူတို့လေးတွေရဲ့ ခေါင်းထဲ ၀င်သွားပုံပါပဲ။ ပုံပြင်ချိန်ပြီးခါနီးမှာ ဘုရားရှိခိုး၊ တရားထိုင်၊ မေတ္တာပို့ကာ တစ်နေ့တာသင်တန်းကို အမျှဝေသံနဲ့ အဆုံးသတ်ပါတယ်။ သင်တန်းပြီးချိန်မှာတော့ အလှူရှင်များက ကလေးများအား ညနေစာကျွေးမွေးလှူဒါန်းကြပါတယ်။
ဆောင်းပါးအစမှာ နိဒါန်းချီခဲ့တဲ့ ကဗျာသံလေးတွေရဲ့ အသံရှင်လေးတွေကတော့ အခြေခံမူကြို ကျောင်းသူ ကျောင်းသားလေးတွေဆီကနေ ထွက်လာတဲ့ အသံပါ၊ အခြေခံမူကြိုတန်းလေးတွေကိုလည်း အထင်မသေး လိုက်ပါနဲ့ဦး၊ သူတို့လေးတွေကိုလဲ ဦးဇင်းတစ်ပါး ဦးဆောင်ပြီး ဗမာပြည်က ဆရာဝန်မကြီး ဒေါက်တာဒေါ်စိန်ရီ၊  ဒီအမေရိကမှာကျောင်းပြီးဘွဲ့ရထားတဲ့ စေတနာရှင် မြန်မာဆရာမလေးနဲ့ အထက်တန်းမြန်မာကျောင်းသူ နှစ်ဦးတို့က  အခြေခံဦးချနည်း၊ သြကာသ၊ ငါးပါးသီလဆောက်တည်ပုံ၊ သရဏဂုံဆောက်တည်ပုံ၊ ငါးပါးသီလ၊ မေတ္တာပို့စာပိုဒ်တွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါ နှုတ်တိုက်ချပြီး သင်ပေးတာ  သင်တန်းပြီးတဲ့နေ့မှာ အောင်အောင်မြင်မြင်ရွတ်ဆိုပြနိုင်ခဲ့လို့ မျက်ရည်လည်မိအောင်အထိ ကြည်နူး ၀မ်းသာဖြစ်ရပါတယ်၊
ဆရာမလေးတွေက တစ်ချို့အချိန်တွေမှာ သူတို့ကို မြန်မာဖတ်စာအုပ်ထဲက ကဗျာလေးတွေ ရွတ်ပြပြီး ဗမာစာ၊ ဗမာစကားလဲ သင်ပေးကြပါတယ်၊ ရွှေစွန်ညိုကဗျာလေး သင်ပေးထားတဲ့အတွက် သင်တန်းနားချိန်မှာ ဆရာမလေး ဦးဆောင်ပြီး ရွှေစွန်ညို ကစားနည်း ကစားကြရလို့ ပျော်မဆုံးတဲ့မြင်ကွင်းလေးတွေကလည်း ကြည်နူးစရာအတိပါ။ ကလေးတွေ ဆိုပေမဲ့ သင်တန်း သင်တဲ့ဦးဇင်းနဲ့ ဆရာမတွေက ဆရာဝန်တွေ အင်ဂျင်နီယာကြီးတွေဖြစ်ချင်ရင် ဉာဏ်ကောင်းဖို့လိုတယ်၊ ဉာဏ်ကောင်းချင်ရင် စိတ်ကြည်နေရမယ်၊ စိတ်ကြည်အောင်ဆိုရင် ၀င်လေ ထွက်လေရှုမှတ်ရမယ်လို့ ကြောင်းကျိုးပြသင်ပေးလို့ ၅ နှစ် အရွယ်ကလေးတွေတောင် ၁၅ မိနစ် ၊ မိနစ် ၂၀ တရားမှတ်ကြပါတယ်၊ တော်တော်လေးကို အံ့သြချီးကျူးစရာပါ။
ယခုလို ဖရီးမောင့်က ကလေးလိမ္မာသင်တန်းမှာ ဆရာတော် ဒေါက်တာအရှင်ဓမ္မပိယဦးဆောင်တဲ့ ဆရာတော်များ ၊ ဆရာ၊ ဆရာမများ၊ အကျွေးအမွေးအလှူရှင်များ ၊ ရတနာ့ဂုဏ်ရည်ဓမ္မစာပေသင်တန်းမှ လူငယ်များ၊ ကျောင်းဒကာ၊ ကျောင်းအမများ အားလုံးက တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြတဲ့အတွက်ကြောင့် ဆန်ဖရန်ဆစ္စကို ဗေးဧရိယာမှာ ရှိတဲ့ မြန်မာနွယ်ဖွား မျိုးဆက်သစ်ကလေးများဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓယဉ်ကျေးမှုတွေ၊ ဘိုးဘွာတွေရဲ့ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေကို ရရှိခဲ့ကြတယ်။
  သင်တန်းဦးဆောင်ဆရာတော်က ပညာတတ်ကြီးတွေ ဖြစ်လို့ လူလားမြောက်ကြီးပွားအောင်မြင်ခဲ့ကြရင် အမိမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် မိမိတို့တတ်နိုင်တဲ့နေရာကနေ ကူညီကျေးဇူးဆပ်ကြဖို့ တိုက်ထွန်းထားတာမို့ ဒီကလေးတွေ လူလားမြောက်တဲ့အခါ အမိမြန်မာနိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပြန်လည်ကျေးဇူးပြုနိုင်ခဲ့ရင်ဖြင့် သင်တန်းဖွင့်ရတဲ့အကျိုးဟာ အတိုင်းအထက်အလွန် တန်ခွန်နဲ့ကုက္ကားလို ဖြစ်မှာပါ။
 ဘာပဲပြောပြော အမိမြေနဲ့ ဝေးကွာလွန်းလှတဲ့ ရေခြားမြေခြားမှာရောက်နေတဲ့ မြန်မာနွယ်ဖွား ပန်းကလေးများကို အဖိုးတန်တဲ့ ဗုဒ္ဓယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး လောကအလယ်မှာ ထယ်ထယ်ဝါ၀ါ ပွင့်နိုင်ဖို့ အတွက် ဖူးတံလေးတွေ ၀င့်နေအောင် ပြုလုပ်ပေးနိုင်ခဲ့တာကတော့ ဘယ်အရာနဲ့မှ  တိုင်းတာပြီး တန်ဖိုးဖြတ်လို့ ရနိုင်မယ်မထင်ပါ။ ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း မွှေးရနံ့ကြိုင် သင်းပျံ့နိုင်ကြပါစေ။

ကမ္ဘာ့ရိုးရာ ကိုးတာ မှားသည်၊ ဓမ္မမျိုးသာ ကိုးတာ မှန်သည်၊ 
အမှန်ကိုးကွယ် ရန်မျိုး ပြယ်သည်၊ အမှားကိုးသွားရိုး အပါယ်ဆီ၊

ကမ္ဗောဇကြယ်စင်   (ဖရီးမောင့်)
 
 
မေတ္တာ ကရုဏာ စေတနာဖြင့် 
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Tuesday, August 16, 2011 | 0 comments |

မေမေ....
ဒီနေ့ ကျောင်းမှာ
သမီး ကိုယ့်နာမည်ကို
ပေါင်းတတ်သွားပြီ.....
ဆရာမက မေမေ့နာမည်ရေးပါတဲ့
စာရွက်ဗလာကို ငေးကြည့်ရင်း
မျက်ရည်ကျလာတယ်
မေမေ့ နာမည်မှ
သမီးမသိဘဲ မေမေရယ်.......

ဖေဖေ......
လမ်းထိပ်က သူငယ်ချင်းကို
သူ့ အဖေက
စက်ဘီးစီး သင်ပေးနေတယ်
သမီးလေ အရမ်းစီးချင်လို့
သူငယ်ချင်းကို ပူဆာမိပါတယ်
သူက နင့်အဖေကို ဝယ်ခိုင်းပါလားတဲ့
သမီးလည်း ဘယ်ရမလည်း
ပြန်ပြောခဲ့တာပေါ့
သမီးဖေဖေက ဟိုး....အဝေးကြီးမှာ
အလုပ်သွားလုပ်တာလို့
ပြန်လာရင် ကားကြီးပါလာမှာ
နင့်ကို ပေးမစီးဘူးလို့
ဖေဖေ လာခေါ်မယ်မှတ်လားဟင်
မြန်မြန်လာပါနော် ဖေဖေနော်

မေမေ.......
ဒီနေ့ ကျောင်းမှာ
သမီးကို လူရည်ချွန်ရွေးတယ်
ဒါပေမဲ့ အုပ်ထိန်းသူပါမှ
ခရီးထွက်ရမယ်တဲ့
သူငယ်ချင်းတွေနဲ့ ထွက်သွားတဲ့
ကျောင်းကားကြီးကို ကြည့်ပြီး
သမီး ပြုံးလိုက်တယ်
သမီးမငိုပါဘူး မေမေရယ်
မေမေ မပါဘဲလည်း သမီးမသွားချင်ပါဘူး
သမီးကို မေမေပြန်လာခေါ်တဲ့အခါကြမှ
တူတူခရီးသွားကြမယ်နော်...

ဖေဖေ......
ဒီနေ့ ဆရာမက
အာဇာနည်တွေအကြောင်း ပြောပြတယ်
စစ်သားဝတ်စုံနဲ့
ခန့်ခန့်ညားညား ဖေဖေ့ကို
သမီးမြင်ယောင်ကြည့်တယ်
ဖေဖေကဘယ်လိုလူမျိုးလည်းဟင်
အို ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို
ချစ်မှာပါပဲ......

မေမေ.........
သမီး ဒီနေ့
နေမကောင်းဘူး အားရော့ပြီး
နားထဲက လေတွေထွက်နေတယ်
ဆရာမကတော့ သိပ်စိတ်မပူပါနဲ့တဲ့
အရင်က ရောဂါပြန်ထတာတဲ့
ခုခံအားကျဆင်းမှုရောဂါဆိုလား ဘာလား
ပြန်မကောင်းခင် အထိ
သမီး ကျောင်းမတက်ရဘူးတဲ့
သမီးစာမေးပွဲတွေကျမှာ ကြောက်တယ်မေမေရယ်
သမီးပညာတတ်ကြီးဖြစ်မှ
မေမေနဲ့ ဖေဖေတို့ကို
လိုက်ရှာနိုင်မှာလေ....

ဖေဖေရေ....
လူတွေအများကြီးပဲ
ဆရာဝန်မလေးတွေနဲ့ သမီးဆရာမနဲ့
ကျောင်းကသူငယ်ချင်းအချို့လည်းပါတယ်
သူတို့က သမီးကိုလာကြည့်ပြီး
သမီးကို ပန်းချီပုံလှလှလေး လာပေးတယ်လေ
သမီးရယ် မေမေရယ် ဖေဖေရယ်
အတူတူ လက်တွဲထားတဲ့ပုံလေး
သမီးဝမ်းသာလွန်းလို့
မျက်ရည်တောင်ကျတယ်
ဖေဖေ မြင်ရင်အရမ်းသဘောကျမှာသိလား

မေမေ....
သမီးသူငယ်ချင်းက
တိုးတိုးလေး ကပ်ပြောတယ်
သမီးက သေတော့မှာတဲ့
သမီးကဘာလို့ သေရမှာလဲ
ငယ်ငယ်လေး ရှိသေးတာ
မေမေ သူပြောတာမယုံနဲ့နော်
သမီးနေကောင်းသွားရင် မြန်မာပြည်အနှံ့
မေမေ့ကို လိုက်ရှာမယ်နော်...

ဖေဖေ......
ဒီနေ့ ထူးဆန်းတယ်
ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့
သမီးကို ကြည့်နေကြတယ်
ဆရာမက သမီးလက်ထဲကို
သမီး မွေးစာရင်းလာထည့်ပေးသွားတယ်
မအားတဲ့ကြားက သမီးဇာတိကို သွားစုံစမ်းပေးခဲ့တယ်တဲ့
ကျေးဇူးတင်လိုက်တာ ဆရာမရယ်....

ဟင်..... ခေါင်းထဲမှာ မိုက်ခနဲ
နားထဲမှာလည်း အသံတွေ ဝူးတူးဝါးတားနဲ့
အားအရမ်းပျော့လာသလိုပဲ
မဖြစ်ဘူး ဖေဖေ့နာမည်ရအောင်ဖတ်မှ
သမီးမအောင့်နိုင်တော့ဘူး
……..
…………
……………
သမီးအရမ်းမောတယ်
အသက်ရှူရတာအရမ်းခက်… တယ်
မေမေ ဖေဖေ…
သမီးနေကောင်း…သွားရင်
လာရှာမယ်နော်… နော်
စောင့်…စောင့် နေနော်
……………….
………….
…….


မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့ AIDS ရောဂါသည် ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတဲ့ကဗျာလေးပါ။
Sunday, August 14, 2011 | 0 comments |


မြစ်ဆုံစီမံကိန်း တနေရာ

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ဧရာဝတီမြစ် ဆက်လက်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်မည်ဟု ပညာရှင်များ အတည်ပြု ။



မြန်မာနိုင်ငံ၏ အသက်သွေးကြောမကြီး တစ်ခုဖြစ်သည့် ဧရာဝတီမြစ်ကြီး စတင်ဖြစ်တည်ရာကချင်ပြည်နယ်၊ မေခနှင့် မလိမြစ် ပေါင်းဆုံရာ မြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကြီး တစ်ခုကို မြန်မာအစိုးရနှင့် တရုတ် ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း အကောင်အထည်ဖော်လျက် ရှိရာ အဆိုပါ စီမံကိန်းကြောင့် ဧရာဝတီမြစ် ဆက်လက် တည်တံ့ ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်မည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာ ရှင်များက ပြောကြားသည်။

သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ အသက် ၈ဝကျော်အရွယ် ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက " ဒီ မြစ်ဆုံစီမံကိန်းကို လုံးဝ မကြိုက်ပါဘူး။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု အများကြီး ရှိပါတယ်။ မြစ်ဆုံစီမံကိန်းအတွက် အဲဒီနားက ကျေးရွာတွေကို ပြောင်းရွှေ့တာလည်း စနစ်တကျ မရှိဘူး" ဟု The Voice Weekly သို့ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ၎င်းအမြင်ကို ပြောဆိုသည်။

ယခု လောလောဆယ်အထိ စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး/ အောင်ဂျာယန်၊ ဒေါင်ပန် စသည့် ရွာငါးရွာမှ အိမ်ထောင်စု ၄၁၀၊ လူဦးရေ ၂၁၄၆ ဦးသာ ပြောင်းရွှေ့ ခဲ့ကြောင်း၊ မြင့်မား ကောင်းမွန်သော အဆောက်အအုံများနှင့် စံပြကျေးရွာ၏ အင်္ဂါရပ်နှင့်အဘက်ဘက်မှ ပြည့်စုံအောင် တည်ဆောက်ရွှေ့ပြောင်း ပေးထားကြောင်း ကျော်မင်းလူ (ရွှေပြည်သာ) က ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် သတင်းစာတွင် ရေးသားထားသည်။

"ဧရာဝတီမြစ်ဆုံ စီမံကိန်းက အရင်တုန်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးရေးရာကိစ္စ အဖြစ်ပဲ ပြောကြ ဆွေးနွေးကြတယ်။ အခုက နိုင်ငံရေး Issue ဖြစ်လာတယ်။ တရုတ်က လုပ်တဲ့ EIA (Environmental Impact Assessment) ထဲမှာလည်း မဆောက်သင့်ဘူးလို့ ရေးထားတာကို ဆရာတို့ ဖတ်ရတယ်။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အချက်သုံးချက် ရှိတယ်။ ပထအချက်က ဒီဆည်ဆောက်တဲ့အတွက် ဘယ်လို အကျိုးစီးပွား ရမလဲဆိုတာ တိတိကျကျ သိပြီးသွားပြီလား။ ဆိုလိုချင်တာက စီးပွားရေးအတွက် အမှန်တကယ် အကျိုးရမှာလား။ လျှပ်စစ်ကော တကယ်ခန့်မှန်းသလောက် ရမှာတဲ့လား။ မှန်းထားသလောက် ဖြစ်မလာရင် ဘယ်လိုလုပ်မလဲ။ ဒုတိယအချက်ကတော့ ပတ်ဝန်းကျင်ရေးရာပဲ။ ဆည်ဆောက်မယ့် နေရာက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါတဲ့နေရာ ဖြစ်နေတယ်။ ဆုံးရှုံးမှု က မြန်မာနိုင်ငံ အနေနဲ့တင် မဟုတ်ဘူး။ Globally Endanger ဖြစ်နေတယ်။ မြန်မာအတွက်တင် မကဘူး ကမ္ဘာအတွက်ပါ အရေးပါနေတယ်။ ဒါကိုရော ဆန်းစစ်ပြီးပြီလား။ တတိယအချက်ကတော့ မှီတင်းနေထိုင်တဲ့ လူမျိုးတွေ အတွက် လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုပေါ့။ ဒီမြစ်ဆုံ စီမံကိန်းကနေပြီး တစ်နှစ်ကို ဒေါ်လာသန်း ၅၀ဝ ဝင်မယ် ပြောတယ်။ အဲလိုဆိုရင် ဝင်တာနဲ့ ထွက်တာကို တွက်ပြီးပြီလား။ အဝင်နဲ့အထွက် မမျှရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချက် သုံးချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိ တရုတ် EIA Report အရကတော့ ဒီနေရာမှာ ဆည် မဆောက်သင့်ဘူးလို့ သုံးသပ် ထားတယ်။ အထက်ဘက်မှာ နေရာပြောင်းဆောက်ဖို့ လိုတယ်လို့ ရေးထားတယ်။ အဲဒီအချက်တွေကို တိတိ ကျကျ လိုက်နာဖို့ လိုတယ်" ဟု စီးပွားရေးနှင့် ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (ECODEV) အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ဩဂုတ်လ ၁ဝရက်နေ့ ညနေ ၃နာရီတွင် ပြောသည်။

"ဆည်ဆောက်တိုင်းလည်း ထင်သလောက် အကျိုးအမြတ် မရဘူး။ ပထမဆုံးဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး ဆည်ကြီးလည်း ထင်သလောက် အကျိုးအမြတ် မရခဲ့ဘူး။ အဲဒါကြောင့် စီးပွားရေး အကျိုးအမြတ်ကို တွက်ဆ ရမယ်။ ကိန်းဂဏန်းတွေကို သက်ဆိုင်တဲ့သူတွေ သိသင့်တယ်။ လုပ်ချင်တဲ့သူတွေကတော့ ကောင်းတဲ့ အချက်တွေပဲ ကွက်ပြီး ပြောမှာပဲ။ ကိုယ်မှန်၊ သူမှား ဖြစ်နေမှာပဲ" ဟု ၎င်းက ဆိုသည်။

မြစ်ဆုံတမံတွင် သိုလှောင်ထားသော ရေများအားလုံးမှာ လျှပ်စစ်ဓာတ်အားပေးစက်များ မောင်းနှင် လည်ပတ်ချိန်တွင် စက်ရုံရေထုတ်မြောင်း မှတစ်ဆင့် ဧရာဝတီမြစ်ထဲသို့ ပြန်စီးဝင်မည်ဖြစ်သဖြင့် မြစ်ဆုံတမံကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကောသွားစရာ အကြောင်းမရှိကြောင်း 'ကျွန်တော်တို့လည်း ဧရာဝတီကိုချစ်ပါတယ်' သတင်းစာ ဆောင်းပါးတွင် ရေးသားထားသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီ မြစ်ကြီးအတွင်း ရေစီးဆင်းမှု နှေးကွေးလျော့နည်း သွားမည့် အတွက် ငါးစားကျက်များ ပျက်သွားနိုင်ကြောင်း၊ ဧရာဝတီ မြစ်ကြီးအတွင်း နေထိုင်ကျက်စားသော ဧရာဝတီ လင်းပိုင်များ၊ ရေချိုငါး မျိုးစိတ်များ၏ အလေ့အထ အမူအကျင့်များမှာလည်း တစ်နည်းမဟုတ် တစ်နည်း အကျိုးသက်မှု ရှိကြောင်း ဒီရေတောဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ အသေးစား ငါးလုပ်ငန်း ပညာပေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး တိုးချဲ့ပညာပေးရေး ဆောင်ရွက်နေသူ ဦးဝင်းစိန်နိုင်က The Voice Weekly သို့ ပြောကြားသည်။

ဧရာဝတီ မြစ်ကြီးအတွင်း လင်းပိုင် ထိန်းသိမ်းရေးကို ရှစ်နှစ်ကျော်ကြာ လုပ်ကိုင်လျက် ရှိသူတစ်ဦးက ' " မဲခေါင်မြစ်ထဲမှာဆို လင်းပိုင်တွေက ဒယ်အိုးလို နက်နေတဲ့ နေရာကြီး တစ်ခုရှိတယ်။ လင်းပိုင်တွေက အဲဒီမှာပဲ နေကြတယ်။ ဧရာဝတီ မြစ်တစ်လျှောက်မှာဆိုရင် ဧရာဝတီ လင်းပိုင်တွေက မင်းကွန်း၊ ဗန်းမော်၊ ကျောက်မြောင်းကြီး ရွာနားတွေမှာ အများအပြား တွေ့ရတယ်။ ဒီ မြစ်ဆုံးစီမံကိန်းကြီးကြောင့် ဧရာဝတီမြစ်ကြီး ရေနည်းသွားရင် ဧရာဝတီလင်းပိုင်တွေက မဲခေါင်က လင်းပိုင်တွေလိုပဲ ရေများများရှိတဲ့ နေရာမှာပဲ သွားနေနိုင်တယ်။ ဒါမှမဟုတ် တခြားနေရာတွေကို ရွှေ့ပြောင်းနိုင်တယ်" ဟု ပြောကြားသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ကာ တရုတ်များလုပ်သော Report ၏ အဖြေကိုလည်း မည်သူမျှ မသိကြောင်း၊ နိုင်ငံတကာ မီဒီယာများတွင် ကြားသိမှုအရ စက္ကန့် ၂ဝ အတွင်း မြစ်ကြီးနားမြို့ မြှပ်နိုင်သည် ဟုဆိုကြောင်း၊ ဧရာဝတီမြစ်ကြီးမှာ မြန်မာ့ယဉ်ကျေးမှု နှင့်အတူ မွေးဖွားလာသော အမျိုးသားရေး လက္ခဏာတစ်ခု ဖြစ်ကြောင်း၊ အဆိုပါ မြစ်ဆုံစီမံကိန်းကြောင့် ယင်းအနီး နေထိုင်သူများမှာ အကြောက်တရားနှင့် နေထိုင် နေရကြောင်း၊ ဧရာဝတီမြစ်ကြီး ရေစီးနှုန်း နည်းသွားပါက ဆားငန်ရေများ လွှမ်းလာနိုင်ကြောင်း၊ ငလျင်ကြောနှင့်လည်း လွန်စွာ နီးကပ်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာနေသူ တစ်ဦးက ပြောဆိုသည်။

ဧရာဝတီ မြစ်ရေမှာလည်း ယခင်ပုံမှန်ထက် ၁ ဒသမ ၅ ပေခန့် ပိုမို မြင့်တက်နိုင်ကြောင်း၊ မြစ်ကြီးကို အမှီသဟဲ ပြုနေကြသူများကိုလည်း လုံးဝ ထိခိုက်မှု မရှိကြောင်း၊ မြစ်ဆုံစီမံကိန်း၏ တမံအမျိုးအစားမှာ ကွန်ကရစ်မျက်နှာပြင် ကျောက်ဖြည့်တမံ အမျိုးအစား ဖြစ်ပြီး ယင်းမှာ ငလျင်ဒဏ်ကို ပိုမို ခံနိုင်ကြောင်း၊ မြစ်ဆုံတမံအတွင်း နုန်းပို့ချမှု မြင့်မားပြီး ရေသိုလှောင်မှု နည်းချိန်တွင် ယင်းနုန်းကို ပြန်ထုတ်နိုင်ရန် တမံဒီဇိုင်းမှာ သဲနုန်းထုတ်ပေါက်များ ပါကြောင်း၊နောင်တွင် ဒီရေတောများမှာ ယခုထက်ပိုပြီး တိုးပွား ရှင်သန်လာရန်သာ ရှိကြောင်း၊ ယင်းစီမံကိန်းကို နိုင်ငံတော်အတွက် လုံးဝ အကျိုးအမြတ် မရှိဘဲ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက်သာ ဖြစ်သယောင်ယောင် ပြောဆိုစွပ်စွဲမှုများမှာ လုံးဝ မှားယွင်းကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း၂၆၀ဝ ကျော်ကိုလည်း ဖော်ထုတ်ရရှိနေပြီ ဖြစ်ကြောင်း ကျော်မင်းလူ (ရွှေပြည်သာ) က ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် သတင်းစာတွင် ရေးသားထားသည်။

" တခြားနိုင်ငံ ကောင်းစားဖို့ အရေး ကိုယ့်နိုင်ငံ ပျက်စီးအောင်တော့ မလုပ်သင့်ဘူးပေါ့ဗျာ။ ဒီလောက် ပြည်တွင်းပြည်ပက အော်နေပြီဆိုရင် ပြသနာတစ်ခုခု ရှိလို့ပေါ့။ မရှိဘဲနဲ့တော့ ဘယ်သူမှ လေကုန်ခံ မပြောဘူး။ ကိုယ့်မြန်မာလူမျိုးကို ချစ်လို့၊ မြစ်ကြီးကို ချစ်လို့ ပြောနေကြတာပဲ။ အခုနောက်ပိုင်း ပြည်တွင်း နိုင်ငံရေးသမားတွေပါ ဒါကို အလေးထား ပြောလာကြတယ်။ ပြောချင်တာက ဒီလောက်ဆိုးဝါးတဲ့ အကျိုး သက်ရောက်မှုတွေ ရှိနေတာကြီးကို ရပ်တန့်ပစ်ဖို့ လာမယ့် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးသင့် နေပါပြီ။ အရင် အစိုးရ လုပ်ခဲ့တာ မှန်ပေမယ့် ဒါကို ဘယ်လို လုပ်ရမလဲ ဆိုတာဆွေးနွေးသင့်ဖို့ အချိန် ရောက်နေပါပြီ " ဟု မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် နေသူ အသက် ၆ဝ ကျော်အရွယ် ပတ်ဝန်းကျင်ပညာရှင်တစ်ဦးကဆိုသည်

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ကာ ဖြစ်ပေါ်လာနိုင်သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြန်လည် နေရာချထားရေး ဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားရေး တာဝန်တစ်ရပ်သဖွယ် အထူး အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းမြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ဆိုးကျိုး သက်ရောက်မှု လွန်စွာ နည်းပါးကြောင်းကို အသေးစိတ် အချက်အလက်များနှင့်တကွ ဩဂုတ်လ ၉ ရက်နေ့တွင် 'ထာဝရအမွေအနှစ် မွန်မြတ်သည့် စေတနာ' ခေါင်းစဉ်ဖြင့် လျှပ်စစ်ဝန်ထမ်း တစ်ဦးက လည်းကောင်း၊ ဩဂုတ်လ ၁ဝ ရက်နေ့တွင် ' ကျွန်တော်တို့လည်း ဧရာဝတီကို ချစ်ပါတယ်' ခေါင်းစဉ်ဖြင့် ကျော်မင်းလူ (ရွှေပြည်သာ) ကလည်းကောင်း နိုင်ငံပိုင် သတင်းစာများတွင် ရေးသားခဲ့သည်။

       

The Voice သတင်းဂျာနယ်



မေတ္တာ ကရုဏာ စေတနာဖြင့်   
စလင်းဇင်ယော် 
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |
 


(ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ နွေရာသီဗုဒ္ဓဘာသာသင်တန်းအကြောင်းကို အခြားသူများ သိရှိဝမ်းမြောက်နိုင်စေဖို့ မိမိအမြင်များကိုသာ တင်ပြရေးသားခဲ့ပေသည်။ ဒီနှစ်တော့ ဒကာတယောက်က သူခံစားတွေ့မြင်ရမှုလေးများကို စာရေးသူအား လာပြောပြသွား၏။ မှတ်သား ထိုက်ပါသဖြင့် သူ့ခံစားမှုလေးများကို သူပြောပြချင်သည့်အတိုင်း ၂၀၁၁ ခုနှစ် ကလေးများအတွက် နွေရာသီဗုဒ္ဓသင်တန်းအကြောင်း တင်ပြအပ်ပေသည်။)

နွေရာသီရောက်လာပြီဆိုရင် ကျနော်တို့မိဘများ ကလေးတွေအတွက် အလုပ်ရှုပ်ကြတာ ဓမ္မတာပါ။ ကျုရှင်၊ ရေကူး၊ ဘောလုံး၊ ဘတ်စ ကတ်ဘော၊ တင်းနစ်၊ မြူးဇစ်၊ အက၊ အပန်းဖြေခရီးထွက်၊ အို- စုံနေတာဘဲ။ ဒါပေမဲ့ အခု ၁၀ နှစ် ပတ်ဝန်းကျင်လောက်မှာတော့ ကျနော်တို့ ဆန်ဖရန်ဆစ္စကို၊ ဘေးဧရိယာတဝိုက်နေ သူများ နောက်ထပ်တခုတိုး လာပါတယ်။ အဲဒါကတော့ မိဘတော်တော်များများ သူတို့သားသမီးတွေကို နွေရာသီဗုဒ္ဓဘာသာသင်တန်းတွေ ပို့ကြတာပါ။ ကျနော်တို့မှာလည်း ၁၀ နှစ်အရွယ် တစ်ဦးတည်းသော သမီး လေးတစ်ယောက် ရှိပါတယ်။ ကျနော့်မိန်းမက သူ့သမီး နွေရာသီရေကူးသင်တန်းပြီးတာနဲ့ ဗုဒ္ဓဘာသာသင်တန်းကို ပို့ချင်ကြောင်း၊ အခု ငယ်ငယ်ကတည်းက ဘာသာရေးနားလည်အောင် သင်ထားရမည်ဖြစ်ကြောင်း၊ ကြီးခါမှဆို သင်လို့ရတော့မည် မဟုတ်ကြောင်း၊ သူက သိချင်လို့မေးလာရင်တောင် ကိုယ်က ဘာမှဂဃနဏ မသိကြောင်း၊ ပို့မဲ့ကျောင်းကတော့ ကျနော်တို့သွားနေကျ ဟပ်မွန်းဘေးက ဆရာ တော်ကြီး ဦးသီလာနန္ဒရဲ့ကျောင်းဖြစ်ကြောင်း လာပြောပါတယ်။ ဒါနဲ့ ကျနော်က “ဘယ်လောက် ကြာမှာလဲ”လို့ မေးကြည့်တော့ “၇ ရက်”လို့ သူက ပြောပါတယ်။

သူပြောတာတွေ အားလုံးမှန်ပါတယ်။ ဒါပေမဲ့ ခက်တာက ကျနော်ပါ။ သမီးနဲ့ တခါမှမခွဲဖူးတော့ စိတ်ထဲမှာ တမျိုးဖြစ်နေပါတယ်။ အမှန အတိုင်းပြောရရင် အိမ်ထောင်ကျတာစောပေမဲ့ သမီးလေးကို အိမ်ထောင်သက် တော်တော်လေးကြာမှ ယူကြတာပါ။ သမီးလေးကလဲ လိမ္မာ၊ တစ်ဦးတည်းလည်းဖြစ်ဆိုတော့ သမီးနဲ့ပတ်သက်ရင် ကျနော်က ပိုကဲတယ်လို့ဘဲ ဆိုရမှာပါ။ ဒါကြောင့် ကျနော်က ...

“ဖြစ်ပါ့မလားကွာ မင်းဟာ”

“ရှင် ဘာတွေများ ဒီလောက်ပူနေတာလဲ။ သူများကလေးတွေလဲ ဒီလိုဘဲ ပို့နေကြတာ။ ကျမ အကုန်လုံး စုံစမ်းကြည့်ပြီးပြီ။ ဆရာတော်တွေ၊ အမှုဆောင် လူကြီးတွေ၊ ဆရာ-ဆရာမတွေ၊ လုပ်အားပေးတွေ၊ အားလုံး ဝိုင်းစောင့်ရှောက်ကြတာ။ ကျန်းမာရေးအတွက်လည်း မပူရဘူး။ အရေးပေါ်ဆို ညအိပ်လုပ်အားပေးနေတဲ့ ဆရာဝန်တွေလဲ ရှိတယ်။ ရှင်သာ နီးနီးနားနားနေပြီး စိတ်ပူနေတာ။ မိုင် ၂၀၀ ကျော်လောက်ဝေးတဲ့ Visalia တို့၊ Fresno တို့ကတောင် သူ့သားသမီးတွေ လာထားကြတယ်။ ရှင်ဒီလောက်ဖြစ်နေရင်လဲ ခွင့်ကြိုယူပြီး လုပ်အားပေးရင်း သမီးနဲ့လိုက်နေ။ ကျမက ခွင့်မရလို့၊ ရရင် လုပ်အားပေးသွားချင်တာ။ သူများမိဘတွေဆို အားတက်သရော သွားကြတယ်”

မိန်းမပြောလိုက်တာနဲ့ဘဲ ကျနော်လည်း အကြံရပြီး ရလိုရငြား ခွင့်တင်ကြည့်လိုက်တော့ ကံကောင်းထောက်မလို့ ရလာပါတယ်။ ဒါ ကြောင့် ကျနော်ကိုယ်တိုင် လုပ်အားပေးခွင့်ရတဲ့အတွက် ဒီသင်တန်းရဲ့လှုပ်ရှားမှုအားလုံးကို ကိုယ်တိုင်သိရှိခွင့် ရခဲ့ပါတယ်။ ကိုယ်သိချင် တာလေးတွေကိုလည်း ဆရာတော်တွေကို မေးမြန်းခွင့်ရတဲ့အတွက် နောက်ခံသမိုင်းနဲ့ ရည်ရွယ်ချက်တွေကိုလည်း ပြည့်ပြည့်စုံစုံ သိရှိခွင့် ရရှိခဲ့ပါတယ်။



သင်တန်းဖွင့်ရက်မှာဘဲ ကျနော်ကိုယ်တိုင် လိုက်အပ်ပေးပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ Stanley Khoo ကိုယ်တိုင် စားပွဲမှာ ထိုင်ကြိုဆိုကာ ကျောင်းသားများ လက်ခံနေတာ စတွေ့ရပါတယ်။ လေးစားစရာပါ။ ဆရာတော်ဦးသြသဓကလည်း ရောက်လာတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာအတန်းအလိုက် သင်ရမည့်ဖိုင်များကို ပေးနေပါတယ်။ ကျန်လုပ်အားပေးများလည်း အလှုငွေလက် ခံသူနဲ့၊ ကျောင်းသားများအတွက် တီရှပ်ဝေသူနဲ့၊ နေရာလိုက်ပြသူနဲ့ အားရစရာ လုပ်နေကြတာကို တွေ့ရပါတယ်။ ကျနော့်သမီးလည်း သူ့အတွက်နေရာရပြီး မကြာခင်ဘဲ သူ့အခန်းဖော်နဲ့ သူငယ်ချင်းဖြစ်သွားကြပါတယ်။ ညနေ ၅ နာရီမှာတော့ သင်တန်းဖွင့်ပွဲလုပ်ပြီး၊ ဆရာတော်များနှင့် သက်ဆိုင်ရာ သင်တန်းကော်မတီလူကြီးများက စည်းကမ်းပိုင်းဆိုင်ရာများကို ရှင်းပြပါတယ်။ ဖွင့်ပွဲပြီးတာနဲ့ ဆွမ်းစား ကျောင်းမှာ ကလေးတွေ ညနေစာကျွေးဖို့ အသင့်ဖြစ်နေပါပြီ။ ကျနော်လည်း ကျန်တဲ့လုပ်အားပေးတွေနဲ့ စတင်ပြီး ကူညီလုပ်ကိုင်ခဲ့ပါတယ်။

ကျနော်လည်း ကလေးတွေ ဘယ်အချိန်မှာ ဘာလုပ်တယ်ဆိုတာသိရအောင် အချိန်ဇယားကို ကြည့်လိုက်ပါတယ်။ သူတို့အချိန်ဇယားက လည်း မသက်သာလှဘူး။ အချိန်ကို စေ့နေတာဘဲ။ မနက် ၆ နာရီ ထ၊ ၆ နာရီခွဲမှာ ဘုရားရှိခိုး တရားထိုင်၊ ၇ နာရီမှာ မနက်စာစား၊ ၈ နာရီကနေ ၉-၁၅ အထိ စာသင်၊ ပြီးတော့ ၁၅မိနစ် ခဏနား၊ ၉-၃၀ ကနေ ၁၀-၄၅ ထိ စာသင်၊ ၁၅မိနစ် နားပြီးတော့ ၁၁ နာရီကနေ ၁၁ နာခွဲအထိ တရားထိုင်နည်းသင်ပေးပြီး လက်တွေ့ထိုင်၊ ၁၁ နာရီ ၅၀ မှာတော့ နေ့လည်စာ ကျွေးပါတယ်။

နေ့လည်ပိုင်း ပြန်စတဲ့အခါမှာတော့ ၁ နာရီ ၁၀ မိနစ်ကနေ ၂ နာရီ ၁၅ အထိ တချိန်သင်၊ ပြီးတော့ ၁၅ မိနစ်နား၊ ၂ နာရီခွဲကနေ ၃ နာခွဲ။ နောက်ဆုံးချိန်မှာတော့ ဒီနေ့သင်တာတွေအားလုံး ပြန်ပြီး သူတို့ဆရာနဲ့ ရီဗျူးပြန်လုပ်ရပါတယ်။ ၃ ခွဲကနေ ၄ နာရီအထိ အဆာပြေ သရေ စာစားရင်း ခဏကစားချိန်ရပါတယ်။ ညနေ ၄ နာရီကနေ ၄-နာရီခွဲအထိ ဘုရားရှိခိုးစာ ရွတ်ဖတ်နည်းကို ဆရာတော် ဦးသြသဓက သင်ကြားပေးပါတယ်။ ပြီးတော့ နားချိန် ကစားချိန် ရေချိုးချိန် ပေးပါတယ်။ ၆ နာရီမှာ ညနေစာကျွေးပြီး၊ ည ၇ နာရီကနေ ၈ နာရီအထိ ပြင်ပ guest speaker များထံမှာ ဟောပြောချက်များကို နားထောင်ကြရပါတယ်။ မိနစ်၃၀ နားပြီး ၈း ၃၀ ကနေ ၉-နာရီအထိ တရားထိုင် နည်းသင်ပြပေးပြီး လက်တွေ့ အားထုတ်ကြရပြန်ပါတယ်။ ည ၁၀ နာရီမှာတော့ အားလုံးအိပ်ကြရပါတယ်။ ဒီနှစ် ကျောင်းသားက ၉၂ ယောက်၊ ဆရာနဲ့အကူဆရာက ၁၇ ယောက်၊ ချက်ပြုတ်ရေးနဲ့ စောင့်ရှောက်ရေး လုပ်အားပေး ၁၃ ယောက်၊ ပြင်ပ guest speakerက ၆ ယောက်ရှိတယ်လို့ စာရင်းအရ သိရပါတယ်။ အားရစရာ ကောင်းလှပါတယ်။



ကျနော်လည်း အားတဲ့အချိန်မှာ ဘာတွေဘယ်လိုသင်တယ်ဆိုတာ သိရအောင် အတန်းစုံ လိုက်နားထောင်ကြည့်ပါတယ်။ စာမရေးတတ် သေးတဲ့ ၈ နှစ်အောက်ကလေးတွေ ကိုတော့ သြကာသတန်းဆိုပြီးတော့ တွေ့ရပါတယ်။ အဲဒီအတန်းမှာသင်တဲ့ ဆရာမလေးတွေက ငယ် ငယ်ဘဲ ရှိပါသေးတယ်။ စိတ်ရှည်လက်ရှည် ဘုရားရှိခိုးနည်းကအစ သင်ပေးကြတာ တွေ့ရပါတယ်။ ကလေးတွေက ငယ်တော့ မပျင်းရ အောင် စာသင်လိုက်၊ ပုံပြောလိုက်၊ အရုပ်ဆွဲလိုက်နဲ့ တကယ့်ဆရာမကြီးတွေလို သင်ပေးနေတာတွေ့ရေ တာ့ ကျနော်အံ့သြမိပါတယ်။ သိချင်တာနဲ့မေးကြည့်လိုက်တော့ သူတို့တွေက အတန်းတွေပြီးသွားလို့ ပြန်ပြီးလုပ်အားပေးဆရာ လာလုပ်တာတဲ့။ ဒါကို ကျနော်ကြား လိုက်ရချိန်မှာ ကျနော့်ကိုကျနော် ရှက်သလို ခံစားမိသွားတယ်။ ကျနော်ဆို သူတို့အရွယ်တုန်းက အခုလို စာသင်ဖို့ မပြောနဲ့ အပျော်အပါးနဲ့ ကစားတာကလွဲရင် ဘာမှမသိခဲ့ဘူး။ ငါးပါးသီလတောင် ကောင်းကောင်းမှန်အောင် မရဘူး။

ပြီးတော့ ဟိုဘက်နားက Basic Level 1 တဲ့။ ကျောင်းသား ၂၀ ရှိတယ်။ ပြေးလွှားဆော့ကစားရာကနေ ဝင်လာကြလို့ စိတ်ငြိမ်အောင်ဆိုပြီး အတန်းစ,စချင်း ၃ မိနစ် တရားထိုင်ရသေးတယ်။ သိပ်နားမလည်တဲ့ကလေးတွေကို assistant နှစ်ယောက်က ကူသင်ပေးနေတာလည်း တွေ့ရတယ်။ ဒီအကူဆရာတွေလည်း ကျောင်းသားဟောင်းတွေ ဘဲတဲ့။ သာဓုခေါ်မိပါတယ်။


နောက်တတန်းကတော့ Basic Level 2 တဲ့။ နေရာက ကျောင်းဆောင်ကြီးအပေါ်ထပ်မှာပါ။ အဲဒိအတန်းက ကျောင်းသား ၁၅ ယောက်ရှိ တယ်။ ဆရာမလေး ၂-ယောက် စားပွဲဟိုဘက်ထိပ် ဒီဘက်ထိပ် ထိုင်သင်ပေးနေတာ တွေ့ရပါတယ်။ လိုအပ်ရင်ကူဖို့ အကူဆရာလေး နှစ်ယောက်လည်း ထိုင်လျက်ဘဲ။ သူတို့လဲ အသက် ၁ရ-၁၈ အရွယ်တွေဘဲ။ နားထောင်ကြည့်ရတာ အတန်းမြင့် သွားတော့ သူတို့စာတွေလဲ မြင့်တဲ့ပုံပါဘဲ။ ဒါပေမဲ့ သူတို့သင်ကြားနည်းစနစ်က စိတ်ဝင်စားစရာဘဲ။ ကလေးတွေ မပြင်းအောင် မေးလိုက် ဖြေလိုက် ဖတ်လိုက်နဲ့ သင်နေကြတာ။ quiz လည်း လုပ်နေတာ တွေ့ရတယ်။ အော်-သူတို့လေးတွေ သင်တတ်လိုက်တာ။ ဆရာတော် ဒီလိုအရွယ်လေးတွေကို ဘယ်လိုများ သင်ပေးထားပါလိမ့်လို့ ဝမ်းမြောက်မိပါတယ်။

ကျောင်းဆောင်ကြီးအနောက်ဖက်က trailer မှာတော့ အတန်းနှစ်ခု သင်နေတာ တွေ့ရပါတယ်။ တစ်ခန်းက Basic Level 3 ပါ။ ကျောင်း သား ၁၈-ယောက်ရှိပါတယ်။ သင်တဲ့ဆရာမ တစ်ယောက်၊ အကူဆရာတစ်ယောက်။ အဲဒီမှာလည်း သင်တဲ့ဆရာမက ၁၉-နှစ်လောက်ဘဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားတွေက လေးလေးစားစား နားထောင်ကြပါတယ်။ သူကလည်း သူ့အတန်းပြီး ကတည်းက စာပြနေတာ တဲ့။ အခုဆို ၅ နှစ်တောင် ရှိပြီဆိုဘဲ။ တော်ပါပေတယ်။ ပျော်ပါးရမဲ့အရွယ်မှာ အခုလို ကုသိုလ်ယူရင်း ဘာသာရေးစာတွေ သင်နေလိုက်တာ။

အခြားတခန်းမှာတော့ Advanced Level 1 အတန်းလို့ ဆိုပါတယ်။ အတန်းကြီးလာလို့လားတော့ မသိဘူး။ ကျောင်းသား ၁၀-ယောက်ပဲ တွေ့ပါတယ်။ ဆရာမတစ်ယောက်နဲ့ အကူဆရာတစ်ယောက် ရှိပါတယ်။ ဆရာမက စာပြတာ တော်တော်ရင့်ကျက်ပုံဘဲ။ ကလေးတွေကို ခက်ခဲတဲ့ ကံအကြောင်း၊ ဘဝအကြောင်း၊ နိဗ္ဗာန်အကြောင်းတွေကို နားလည်လွယ်အောင် ပြောတတ်လိုက်တာ။ မကောင်းတဲ့ ကိလေသာ တွေကို မကောင်းတဲ့ဇာတ်ကောင်တွေအဖြစ် ဖန်တီးပြီး မိမိတို့က အသိ၊ သတိတရားတွေနဲ့ ပြန်လည်တွန်းလှန်ရမည်ဖြစ်ကြောင်း၊ သို့မ ဟုတ်ရင် သူတို့မာယာနှင့်လှည့်စားခံရပြီး ထောင်ချောက်ထဲကိုရောက်သွားတတ်ကြောင်း ရှင်းပြနေတာ တွေ့ရပါတယ်။ ကျနော်တောင် နားထောင်ကောင်းလွန်းလို့ အတန်းဆုံးအောင် ဆက်နားထောင်နေမိတယ်။

Advanced Level 2 ကိုတော့ ဦးသီလာနန္ဒခန်းမထဲမှာ သင်နေတာ တွေ့ရပါတယ်။ ဆရာလုပ်သူက တကယ့်တက္ကသိုလ်မှာ စာပြခဲ့တဲ့ ဆရာလို့ ဆိုပါတယ်။ အခုလည်း လူငယ်ထောင်တွေမှာ စာရိတ္တပြန်လည်ကောင်းမွန်ရေးအတွက် ဗုဒ္ဓဘာသာတရားနဲ့ တရား ထိုင်နည်းကို သင်ပေးနေတယ်လို့ ဆိုပါတယ်။ သူ့သင်ပြပုံက တက္ကသိုလ်ကောလိပ်တွေမှာလို စလိုက်ရှိုးတွေနဲ့ကို အဆင်မြင့်မြင့်သင်နေတာ တွေ့ရပါ တယ်။ ကောလိပ်အဆင့်ဖြစ်တဲ့အတွက် အကြောင်းအရာတွေကလည်း မြင့်ပါတယ်။ တွေးခေါ်စဉ်းစားစရာ၊ နှိုင်းယှဉ်စရာတွေကို သူတို့ လက်တွေ့ဘဝထဲမှာ စဉ်းစားတတ်အောင် သင်ပေးနေတာပါ။ လက်တွေ့လဲ အတန်းထဲမှာ အားထုတ်ခိုင်းပါတယ်။ တော်တော်လေးကို ကောင်းတဲ့အတန်းလို့ ဆိုရမှာပါ။ ဒီအဆင့်လောက်ကို သေသေချာချာနားလည်သွားရင် ဗုဒ္ဓဘာသာအတွက် အခြေခံကောင်းကောင်း ရနိုင် တယ်လို့ ဆိုရမှာပါ။


ပြီးတော့ ညပိုင်းမှာလာကြတဲ့ ပြင်ပ guest speakerတွေ ပြောတာလည်း တော်တော်ကို ကောင်းပါတယ်။ ကလေးတွေအတွက်ဆိုပေမဲ့လဲ လူကြီးတွေတောင် မသိတာတွေ အများကြီးပါ။ ခေါင်းစဉ်လေးတွေကိုမှ စိတ်ဝင်စားစရာ၊ “ထင်ရှားသည့် ဘာသာကြီး ၅ ခုအကြောင်း”၊ “မိသားစုနှင့် မိတ်ဆွေ”၊ “သတိပဌာန်နဲ့ နေ့စဉ်ဘဝ”၊ “ကိုယ်ကျင့်သီလနှင့် ဘဝနေထိုင်နည်း” စတဲ့ခေါင်းစဉ်တွေပါ။ ကလေးတွေက မေးခွန်းတွေ ပြန်မေးတာကလည်း စိတ်ဝင်စားစရာပါ။ အမှတ်တမဲ့ မေးလိုက်တဲ့မေးခွန်းတွေဟာ တော်တော်လေး စဉ်းစားဖြေရတာ တွေ့ပါ တယ်။

ဒါတင် မကသေးပါဘူး။ တပါတ်သင်တန်းအတွင်း ကျောင်းသားတိုင်း essay တစ်ပုဒ်ရေးရပါတယ်။ ဒီနှစ်ခေါင်းစဉ်ကတော့ “Morality” တဲ့။ ငွေနောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း ကိုယ်ကျင့်သီလတွေ ပျောက်ကွယ်နေတဲ့ ဒီနေ့ခေတ်မှာ ဒီခေါင်းစဉ် လေးဟာ ကလေး တွေအတွက် အင်မတန်သင့်တော်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တညနေမှာတော့ သမီးက “ဖေဖေ၊ သီလလုံအောင် ဘယ်လိုထိန်းလဲ”၊ “သတိနဲ့ ထိန်းရတာပေါ့ သမီးရဲ့”၊ “ဒါဆို ဖေဖေ ငါးပါးသီလလုံလား”ဆိုတော့၊ “အဲ ... အဲ ...အဲ” နဲ့ ကျနော့်မှာ ဘယ်လိုဖြေရမှန်းမသိလို့ ဝေလည်ကြောင်ပတ် လုပ်နေလိုက်ရပါတယ်။ လူကြီးများ သီလမလုံဘူးလို့ ဝန်ခံရမလို ဖြစ်နေပါတယ်။

နောက်ပြီး ညနေကစားချိန်တချိန်မှာ တီထွင်စရာအဖြစ် ကလေးများကိုယ်တိုင် Tie-die T-shirt လုပ်ပုံကိုလည်း သင်ပေးပါသေးတယ်။ ကိုယ့်တီရှပ် ကိုယ်ကြိုက်တဲ့ဒီဇိုင်းကို ကိုယ်တိုင်လုပ်ရတာပါ။ ကလေးများ အင်မတန် သဘောကျကြပါတယ်။ သင်တန်းမပြီးခင် တရက် အလိုမှာတော့ ကလေးများ စိတ်အပြောင်းအလဲဖြစ်အောင် ကျောင်းရှေ့နားက beachကို သူတို့လုပ်ထားတဲ့ တီရှပ်လေးတွေဝတ်ပြီး သွားကြပါတယ်။ စောင့်ရှောက်ရအောင် ဆရာတွေရော၊ မိဘတွေပါ လိုက်သွားကြတာပါ။ သဲသောင်ပြင်မှာ ကလေးတွေ အော်ဟစ်ဆော့ လိုက်ကြတဲ့ဖြစ်ခြင်း၊ ကိုယ်တောင် အသက်ပြန်ငယ်သွားသလား အောင့်မေ့ရတယ်။

ချက်ပြုတ်ရေးဘက်ကိုလည်း လေ့လာကြည့်ပါတယ်။ တပါတ်လုံးခွင့်ယူပြီး လုပ်အားပေးသူ ၁၁ ယောက်ရှိပါတယ်။ နေ့ပိုင်း လုပ်အား ပေးတွေလဲ သူ့နေ့နဲသူ လာပြီးလုပ်အားပေးကြပါတယ်။ သူတို့မှာ မိုးမလင်းခင်ကတယ်လို့ မိုးချုပ်အထိ နားရတယ်မရှိပါဘူး။ မနက်စာ၊ နေ့လည်စာ၊ အဆာပြေ သရေစာ၊ ညနေစာ၊ ဒီလေးနပ်ကို မမောနိုင်မပန်းနိုင် တဟားဟား ရီလိုက်မောလိုက်နဲ့ လုပ်နေကြတာ တွေ့ ရပါတယ်။ ကျနော်လည်း သူတို့ကြည့်ကာ ကိုယ်တိုင်လည်း ပျော်ပြီး လုပ်အားပေးအဖွဲ့မှာ ပျော်ပျော်ပါးပါး လုပ်ဖြစ်သွားပါတယ်။ ဘဏ္ဍာ ရေးတာဝန်ခံ နှစ်ယောက်ကလည်း အလှုရှင်များ စိတ်ချမ်းချမ်းသာသာနဲ့ လှုနိုင်ဖို့ ရှင်းပြ၊ အလှုငွေလက်ခံနေတာ တွေ့ရလို့ ဝမ်းမြောက်စရာ ပါ။

ဒီလိုနဲ့ နောက်ဆုံးနေ့ ရောက်လာပါပြီ။ ကလေးတွေ မနက်ပိုင်းမှာ သူတို့ လေ့လာထားသမျှကို ဘုရားရှိခိုးစာများ အလွတ် ဆိုပြရပါတယ်။ နေ့လည် ၁ နာရီမှာတော့ ရေးဖြေ ဖြေရပါတယ်။ ၃ နာရီမှာတော့ ပိတ်ပွဲအခန်းအနား လုပ်ပါတယ်။ အခန်းအနားမှာ ကျနော် စိတ် အဝင်စားဆုံးကတော့ စာစီစာကုံးဆုပေးတာနဲ့ အကောင်းဆုံးကျောင်းသားဆုပေးတဲ့အစီအစဉ်ပါ။ essay ကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းလို့ အဆင့်သုံးဆင့်ခွဲထားပါတယ်။ ပထမဆုရ essay တွေကို ဘာကြောင့် ပထမ ပေးရသလဲဆိုတာ စာစစ်တဲ့ဆရာတွေကိုယ်တိုင် ဝေဖန်ချက်ပေးရပါတယ်။ အကောင်းဆုံးကျောင်းသားဆုကိုတော့ မိန်းကလေးတယောက်၊ ယောက်ျားလေးတယောက် ရွေးပါတယ်။ ပြီး တော့ သူတို့ကို ဘာေ့ကြာင့်ရွေးရတယ်ဆိုတာကိုလည်း ဆရာလုပ်သူတွေကဘဲ ဝေဖန်ချက်ပေးပါတယ်။ သူတို့ဟာ teenager တွေဆိုပေ မဲ့လဲ တကယ့်လူကြီးတွေလို အကွက်စေ့နေအောင် လုပ်သွားကြတာကို ကျနော် မချီးကျူးဘဲ မနေနိုင်ပါဘူး။



နောက်ဆုံးပြောရရင်တော့ ဒီသင်တန်းကြီးကို ဆရာတော်တွေ၊ အမှုဆောင်လူကြီးတွေ၊ သင်တန်းဆရာတွေတင် မဟုတ်ဘဲ ကျနော်တို့လို မိဘတွေပါ တက်တက်ကြွကြွပါဝင်သင့်ပါတယ်။ ကျနော်တို့ မိဘတွေဟာ ကလေးကျောင်းပို့ပြီး အလှုငွေထည့်လိုက်ရုံနဲ့ တာဝန်ကျေပြီလို့ မယူဆသင့်ပါဘူး။ အခု ကျောင်းမှာစာလာသင်ပေးနေတဲ့ ကလေးတွေဟာ စီနီယာဟိုက်စကူးအရွယ်၊ ကောလိပ် ကျောင်းသားအရွယ်တွေပါ။ သူတို့လည်း အလုပ်ရှုပ်တဲ့ကြားက မရ,ရအောင် လာပြီး လုပ်အားပေးကြတာပါ။ သူတို့စိတ်ဓာတ်၊ သူတို့ စေတနာလေးတွေဟာ အင်မတန် အားကျဖို့ ကောင်းပါတယ်။ ဒါကြောင့် ကျနော်တို့ မိဘတွေဘက်ကလည်း ကလေးပို့ရုံတင်မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် လာရောက် လုပ်အား ပေးသင့်ပါတယ်။ လေ့လာသင့်ပါတယ်။ နားထောင်သင့်ပါတယ်။ ဒါမှ ဒီသင်တန်းကြီးဟာလည်း ကျနော်တို့ရင်သွေး နောက်မျိုးဆက် ကလေးတွေအတွက် အစဉ်သဖြင့် တည်ရှိသွားနိုင်မှာဖြစ်ကြောင်း စဉ်းစားမိပါတယ်။ ကျနော် ကိုယ်နှိုက်ကလည်း ဒါတွေဟာ အရေးကြီး တယ်ဆိုတာ အခုမှ သေသေချာချာ သိလာရပါကြောင်း ဖွင့်ဟဝန်ခံအပ်ပါတယ်ခင်ဗျား။

အရှင်သြသဓ (ဟပ်မွန်းဘေး)
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Thursday, August 11, 2011 | 0 comments |
နွေရာသီကျောင်းပိတ်ရက်မှာ ဖေဖေက ကျနော့်ကို ရေကူးသင်တန်း တက်ခိုင်းပါတယ်။ သင်တန်းမှာ ယောင်္ကျားလေးရော  မိန်းခလေးရော  အတူတူ ရေကူးသင်ရတယ်လေ..။  ရေကူးဘောင်းဘီက သိပ်ကပ် လွန်းတော့ အတူသင်နေတဲ့ မိန်းခလေးတွေ အပေါ် မသင့်တော်ဘူးထင်လို့ ဖေဖေကို ကျနော်က အပေါ်က တစ်ထပ်ဝတ်လိုကြောင်း ပြောပြပြီး တစ်နေ့ ဖေဖေနဲ့ ကျနော်မြို့ ထဲ ထွက်လာခဲ့ ပါတယ်..။            ဖေဖေကို ကျွန်တော် နားမလည်ချင်တော့ဘူး…၊ကားစပယ်ယာလို လူဗလန်လေး တစ်ယောက်က အော်ဟောက်ပြီး ပြောနေတာ ဖေဖေကလုံးဝ ဒေါ်သထွက်ခြင်း အလျှင်းမရှိဘဲနေလို့ပါ။ ၊ ကျွန်တော့်ရဲ့ ဖေဖေ က  စိတ်ဆိုး ဒေါ်သထွက်တတ်တဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လေဖေဖေက ဗန်တိုဗန်ရှည် တတ်ထားတဲ့ မြန်မာ့သိုင်းပညာရှင်တစ်ယောက်ပါ။
            နောက်ပြီးတော့ ဘောင်းဘီဆိုင်ရှေ့ မှာလည်း ဆိုင်ရှေ့မှာ ခဏရပ်ပြီး ဘာဝယ်ရင် ကောင်းမလဲလို့  ဖေဖေနဲ့ ကျွန်တော် ကြည့်နေတာ ကျွန်တော်လည်း ကိုယ့်ကြိုက်တဲ့ အမျိုးစား ရွေးနေတာကိုး….။ ဒါပေမဲ့ ဘောင်းဘီ ရောင်းသော အဒေါ်ကြီးရဲ့ မျက်နှာထားကို ကျွန်တော် မကြိုက်ပါ.။ ကိုယ့်ဆီကို ဈေးလာဝယ်သူကို သူကြည့်နေသော အကြည့်က ဘာခိုးမလို့လဲ ဆိုသော အကြည့်မျိုး….။
           ကျွန်တော်လည်း နောက်ဆုံးသိပ်မရွေးတော့ပဲ တစ်ထည်ဝယ်လိုက်ပါတယ်၊ ဖေဖေက ကျသင့်ငွေကို သူ့လက်ထဲ ရိုသေတဲ့ပုံစံနဲ့ ထည့်ပေးပါတယ်၊ ဒါကို အဲဒီ အဒေါ်ကြီးက ပြန်အမ်းငွေကို ဖေဖေလက်ထဲတောင် မှ ပြန်မထည့်ပဲ ကောင်တာပေါ်ကို ချပေးတယ်.။ ဒါကို ကျွန်တော့် ဖေဖေက ဘာမှမဖြစ်သလို ကောက်ယူ လိုက်ပြီး “ ကျေးဇူးပါပဲ ..။ ” လို့ ပြောပြီး ထွက်လာတယ်.။
            လမ်းမှာတော့ ခုနကကိစ္စတွေနဲ့ ပတ်သတ်ပြီး ဖေဖေကို ပြောချင်လာတာနဲ့ ပြောကြည့်မိလိုက်တယ်။  “ဖေဖေ ကားပေါ်ကစပယ်ယာကလည်းရိုင်းတယ်နော်…၊”
“အင်း…အများနဲ့ ဆက်ဆံရတော့သူလည်းဒီလိုပုံဖြစ်သွားတယ်နဲ့ တူပါရဲ့ ”                                                       “ ဘောင်းဘီဆိုင် အဒေါ်ကြီးက ဘယ်လိုမှန်းလဲ မသိဘူးနော်..ဖေဖေ။ ”
 ''ဟုတ်တယ် သား... ဒီလိုပဲ ပေါင်းသင်းဆက်ဆံ ရတာတော့ ခက်မယ့်ပုံပဲ ၊ ဒါပေမယ့် သူ့ဆိုင်က ဈေးမှန်တယ် လေ.။ ”        “ ဒါကိုများဖေဖေက ကျေးဇူးတင်ပါတယ်တွေ ၊ ဘာတွေ လုပ်နေသေးတယ်.။”
   “ ဒီလိုတော့ မဟုတ်သေးဘူးလေ သားရဲ့ .။ သူ့ဘာသာ ဘယ်လိုပုံစံ ဖြစ်ဖြစ်ပေါ့.။ ကိုယ်ကတော့ ကိုယ့်ပုံစံ ဆိုတာ ရှိနေရမှာပဲလေ.။ သူက ကိုယ့်ကို ဒီလို ဆက်ဆံလို့ ကိုယ်ကလည်း သူ့လို ဆက်ဆံမယ် ဆိုရင် ကိုယ်မှာ ကိုယ့်ပုံစံဆိုတာ ဘယ်ရှိတော့မလဲ သားရဲ့ ။ 
ဒါဟာ ကျွန်တော့်ဖေဖေရဲ့ လူမှုဆက်ဆံရေးလို့ ပြောလို့ရသလို သူ့ရဲ့စိတ်ဓာတ်လို့လည်း ပြောလို့ရပါတယ်။ သားမှာလည်း သားပုံစံ သားစတိုင် ရှိတယ်လေ၊.ကဲ..သားကော အတူရေကူးနေတဲ့ မိန်းခလေးတွေ အမြင် မသင့်တော်မှာစိုးလို့ ထပ်ဝတ်ဖို့ သားအခုဝယ်တယ် မဟုတ်ဘူးလား။ ဖေဖေက သားအခုလို စိတ်ဓာတ်လေး ရှိတာသိရတော့ ဒါဟာ ဖေဖေသားရဲ့ လူမှုဆက်ဆံရေးလို့ ပြောလို့ရသလို သားရဲ့စိတ်ဓာတ်လို့လည်း ပြောလို့ ရပါတယ်.။  ဟုတ်တယ်မလား..သား.။ လူတွေမှာ လှုမှုပေါင်းသင်းဆက်ဆံတဲ့ ပုံစံ နှစ်မျိုး ရှိတယ်သား.။
 သား....သေချာမှတ်ထားနော်...........
 (၁)   မှန် နှင့်တူသော လှုမှုဆက်ဆံရေး
 (၂)  ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး


                  (၁)  မှန် နှင့်တူသော လှုမှုဆက်ဆံရေး
            
              ဒီဆက်ဆံရေးကတော့ လူတိုင်းလောက် နီးနီးမှာ တွေ့နိုင်ကြပါတယ်.။ ကိုယ့်ကို ဘယ်လို လာပြီး ဆက်ဆံရင် ကိုယ်ကလည်း ဘယ်လို ပြန်ဆက်ဆံလိုက်မယ် ဆိုတာတွေ ကတော့ ပိုများပါတယ်..။ လူတိုင်းနီးပါး ကျင့်သုံးတတ်ကြတယ်။ လူတိုင်း ပြောကြတဲ့ စကားတစ်ခွန်းရှိတယ်လေ...ငါတို့ ကတော့ မှန်လို ကျင့်တယ် ဆိုပြီးတော့.။ သူများက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်ရင် ကိုယ်ကလဲ လိုက်ပြီး စိတ်ဆိုးတတ် တယ်..။ သူများက ကိုယ့်အကြိုက်မြှောက်ပြီး ပြောရင်တော့ ကျေနပ်ပြီးပြုံနေ တတ်ကြတယ်လေ...
ငါ့သား အဲဒါနံပါတ် တစ်ချက်။

                   (၂) ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး

             ဒီလို လူတွေကတော့ တကယ်ရှားပါတယ်.။ တစ်ဖက်သားက ကိုယ့် ကို ဘယ်လိုပုံစံနဲ့ ဆက်ဆံ နေပါစေ..။ ကိုယ်ကတော့ကိုယ့် လှုမှုဆက်ဆံရေး ကိုယ်ပိုင် ပုံစံနဲ့ပဲ ဆက်ဆံတတ်ကြပါတယ်.။ သူများက
ရိုင်းလို့ ကိုယ်က လိုက်ရိုင်းနေမယ် ဆိုတာမျိုး သူတို့မှာ မရှိကြပါဘူး.။ ကိုယ်ကတော့ကိုယ့်ရဲ့ တည်ငြိမ်သော လှုမှုဆက်ဆံရေးနဲ့သာ ဆက်ဆံတတ်ကြပါတယ်.။ အဲဒါက ကျောက်ရုပ်တွေလိုပေါ့ သား ။ ဘယ်သူဘာ ပြောပြော သူတို့ မျက်နှာ ပျက်ခြင်း ၊ ဆက်ဆံရေး ပြောင်းလဲ သွားခြင်း မရှိပါဘူးလေ ..
ငါ့သား အဲဒါနံပါတ်နှစ်အချက် ။
             တကယ်တော့ လူတွေ အားလုံးက မှန်လိုပဲ ကျင့်တတ်ကြပါတယ်.။ သူပြုံးရင် ကိုယ်ပြုံးမယ် ..။ သူမဲ့ရင် ကိုယ်လည်း မဲ့မယ်.။ သူဆဲရင် ကိုယ်ဆဲမယ် ဆိုတာ မျိုးတွေပေါ့.။ ဒါကတော့လွယ်ပါတယ်.။ အဲဒီလွယ်တဲ့ အကျင့်ဆိုးကိုတော့ ငါ့သား မကျင့်သုံးမိစေနဲ့နော်။ နောက်ပြီးတော့  ကျောက်ရုပ်လိုမျိုး ဘယ်သူက ဘာတွေပဲ ပြောပြော ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ကိုယ်ကတော့ ကိုယ်ပိုင် ဆက်ဆံရေး၊ ကိုယ်ပိုင်စိတ်ဓာတ်နဲ့ ပြန်လည် ကျင့်သုံးဖို့ ဆိုတာကတော့ မလွယ်ပါဘူး။ အဲဒါကိုမျိုးကို ငါ့သားရအောင် ကျင့်သုံးပါ။
            ကဲ...နားလည်ပြီလား သား...၊ သားလည်းသားရဲ့ စိတ်ဓာတ်လို့ ပြောလို့ ရတဲ့ ဆက်ဆံရေးမျိုးကိုဘဲ
သားတစ်သက်လုံး လူတွေ အပေါ်ဆက်ဆံစေခြင်တယ်....
            အင်း........ဖေဖေပြောတာဟုတ်ပါတယ်လေ။  ဖေဖေပြောသလိုပဲ ...အမှန်တရားတွေရဲ့ ထုံးစံအတိုင်း မှန်ကန် သင့်မြတ်တဲ့ နည်းလမ်းတွေ၊ ကောင်းမွန် သင့်တော်တယ် ဆိုတာ တွေ ဟာလူသားတွေရဲ့ ကြားထဲမှာ လိုက်နာကျင့်သုံးဖို့ ခက်ခဲနေပါလိမ့်မယ်.။


မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |

   မိမိနဲ့ သိကျွမ်းရင်းနှီးတဲ့ ဒကာ ဒကာမတွေ၊ မိမိနေခဲ့တဲ့ အရပ်က တပည့် တော်တွေခဲ့ဖူးတဲ့ ဒကာဒကာမတွေထဲက တစ်ချို့တစ်လေဟာ ကမ္ဘာကြီး က ပြာသွားလို့လား၊ သူတို့ရဲ့နား၊ မျက်စေ့တွေကပဲ အကြောင်းကြောင်း ကြောင့် ကျယ်ကုန်ကြလို့လားတော့ မသိဘူး ရေခြား မြေခြားဆိုတဲ့ တိုင်း တစ်ပါးကို ရောက်သွားကြတာ ကမ္ဘာအနှံ့လောက်နီးပါး အတော်လေး ပြန့်နေကြပြီ။ အင်း ........သူတို့လိုလူတွေ ကမ္ဘာအနှံ့ ခြေဆန့်ကြလို့လဲ ကမ္ဘာကြီး ပြားသွားသလားတော့ မပြောတတ်ပါဘူး။ ဒီဖြစ်ရပ်ရဲ့ အကျိုး ဆက် အနေနဲ့ သိသာလာတာ တစ်ချက်ကတော့ ကမ္ဘာပြန့်သွား ကြတဲ့ မြန်မာတို့နဲအတူ သူတို့ရဲ့ ဦးထိပ်ထက်မှာ ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓ သာသနာ အငွေ့အသက်ကလေးတွေပါ-ပါသွားကြတဲ့အတွက် မြတ်ဗုဒ္ဓ သာသနာတော်လဲ သူတို့သွားရာ ကမ္ဘာအနှံ့ဆီကို အတော်လေးပြန့်သွား ခဲ့ပါတယ်။ 
ဒီလိုနဲ့ပဲ ကိုးကွယ်အားထားရာအစစ်ဖြစ်တဲ့ မြတ်ဗုဒ္ဓသာသနာတော်နဲ့ အကင်းကွာမခံနိုင်ကြတဲ့ သူတို့တွေရဲ့ ပင့်လျှောက်ချက်အရ မိမိအပါအဝင်ဆရာတော် သံဃာတော်များလဲ ရေခြား မြေခြား အထိ ရောက်ဖြစ်သွားပါတယ်။ အရင်ကကြားရုံသာ ကြားဖူးတဲ့ နိုင်ငံကြီးတွေကို ကိုယ်တိုင် ရောက်ရှိထိတွေ့လေ့လာခွင့် ရခဲ့တာကို သေချာစဉ်းစား ကြည့်ရင်တော့ ဒါဟာ တကယ်ကိုမှ မြတ်ဗုဒ္ဓရဲ့ကျေးဇူးအစစ်ပါပဲ။
လောကဓံ အပူလှိုင်းကြားမှာ ဆောက်တည်ရာ  မရသူတို့အတွက် ပုန်းအောင်း မှီခိုရာ အစစ်ဖြစ် တဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မအရိပ်ကြောင့်သာ အခုလို တရားဓမ္မဟောညွှန်ပြသနိုင်ကြတဲ့ ဆရာတော် သံဃာ တော်တွေကို ကမ္ဘာပြန့်ဒကာ ဒကာမတွေက ပင့်လျှောက်ခဲ့ကြတာ မဟုတ်လား။
          ပင့်လျှောက်သူတွေရဲ့ အဓိကရည်ရွယ်ချက်က အလည်အပတ်ရောက်စေလိုလို့ သက်သက်မဟုတ်ဘဲ တရားဓမ္မနာယူ မေးမြန်းလိုကြတဲ့ ဆန္ဒရှိကြတဲ့အတိုင်း မိမိတို့ကလဲ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တော်များ ကို စွမ်းနိုင်သမျှ ဖြန့်ဝေပေးခဲ့ဖြစ်ပါတယ်။
ကမ္ဘာပြန့်မြန်မာတို့နဲ့ အနီးကပ်ထိတွေ့ရတဲ့အခါမှာ သူတို့တွေဟာ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်တိုင်းပြည် ကိုယ့်ဒေသကို မချစ်ရှာလို့ စွန့်ခွာလာကြ သူတွေမဟုတ်ဘူး၊ မဖြစ်သာလို့ ခွဲခွာ နေကြရသူတွေ ဖြစ်တယ်ဆိုတာလဲ သိရှိလာပါတယ်။
အမိမြေနဲ့ ဝေးကွာ နေကြရသူတွေရဲ့ အဓိကချို့တဲ့ချက်ကတော့ မိမိတို့ရဲ့ ကိုးကွယ်ရာ ဘာသာတရား နဲ့ ပတ်သက်လို့ အမိမြေမှာလို အတုမြင် အတတ် သင်စရာ ကျောင်းကန်ဘုရား သွားလာ ခွင့်တို့၊ တရားဓမ္မနာယူခွင့်တို့ မကြုံကြရတဲ့ ကိစ္စပါပဲ။
ဘယ်အရာ ဘယ်ကိစ္စမဆို  “ကြုံကြိုက်ဖို့”ဆိုတာကလဲ ကြုံပါများမှ ကြိုက်ရကောင်းမှန်း သိတတ်ကြ တာဆိုတော့ ရေခြားမြေခြားရောက်မှ လူလားမြောက်ကြရတဲ့ သားစဉ်မြေးဆက်တွေရဲ့ အခြေအနေက ကိုယ်ဘာသာ တရားနဲ့ ပတ်သက်ပြီး ကြုံလဲကြုံရခဲသလို စွဲစွဲမြဲမြဲ ကြိုက်လဲ မကြိုက် တတ်ကြသေး တဲ့ကိစ္စပါပဲ။
ပြီးတော့ မိဘများ ကိုယ်တိုင်ကလဲ ကိုယ့်မြေ ကိုယ်ဒေသမှာတုန်းက အကြုံများလို့သာ ကြိုက်ပြီ ကိုးကွယ်ဆည်းကပ်ခဲ့ကြပေမယ့် ခြေခြေ မြစ်မြစ်    လေ့လာ ဆည်းပူးခဲ့ကြတာ မဟုတ်လေတော့ အရာရာကို ခြေခြေမြစ်မြစ်လေ့လာ ဆန်းစစ် မေးမြန်းတတ် တဲ့ ခေတ် လူငယ်တွေရဲ့ စေ့ငု စပ်စုတဲ့ မေးခွန်းမျိုးနဲ့ကြုံရတဲ့အခါ ခေါင်းခဲကြရပါသတဲ့။
ဒီလိုကိစ္စများနဲ့ ပတ်သက်လို့ မေးလာ  မြန်းလာတာမျိုး ကြုံရတဲ့အခါမှာတော့ သူတို့ကိစ္စကို ကိုယ့်ကိစ္စလို သဘောထားပြီး စိတ်ရှည်လက်ရှည်ပဲ ဖြေကြားပေးခဲ့ပါတယ်။ အဲဒီလိုတွေ့ကြုံ ဖြကြား ပေးခဲ့ရတဲ့ ပြဿနာများထဲက လော့စ်အိန်ဂျလီမှာ တွေ့ရတဲ့ ပြဿနာတစ်ခု ကတော့ ရေခြား   မြေခြားရောက် မိဘများအတွက်သာမက ကိုယ့်မြေကိုယ့်ရေမှာ နေကြတဲ့မိဘများပါ ကြုံတွေ့နိုင်တဲ့ ပြဿနာမျိုးဖြစ်လို့ အားလုံးသိရအောင် ပြန်ပြောပြချင်ပါတယ်။
          အဲဒီဒကာက သူတို့မိသားစု အမိမြေနဲ့ ခွဲခွာလာခဲ့ကြတာ ဆယ့်ငါးနှစ်ကျော်သွားပြီ၊ နို့ညှာသားက ခုနှစ်နှစ်သားအရွယ် နို့စို့သမီးက ရင်ခွင်လွတ်အရွယ်မှာ အမိမြေနဲ့ ခွဲခွာခဲ့ကြရတာပါ။ အခုဆို သူတို့ရဲ့သားက တက္ကသိုလ်မှာ ပညာသင်နေပြီ၊
          သမီးငယ်ကလဲ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေကြပါသတဲ့။ ငယ်စဉ်ကစပြီး မြန်မာစကားကိုတော့ မိသားစုအချင်းချင်း ပြောဆိုတဲ့ အလေ့အထ လုပ်ပေးလို့ မြန်မာစကား ပြောတတ်ကြသလို မိရိုးဖလာဘုရားကို လက်အုပ်ချီ ဦးချရတာတို့၊ ရဟန်းသံဃာကို အရိုအသေ ပြုရတာ၊ လှူဒါန်းရတာတို့လောက်တော့ အလေ့အကျင့်ရှိခဲ့ပေမယ့် “ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဘယ်လိုလဲ” စတဲ့ ခြေခြေမြစ်မြစ်ကိုတော့ မိဘများကိုယ် တိုင်ကလဲ ဘာမျှ တိတိကျကျ ရေရေရာရာ မသိခဲ့ကြလို့ သားသမီးများကိုလဲ ပြောမပြနိုင်ခဲ့တဲ့အကြောင်း နိဒါန်းရှည်ကြီးကို ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းတစ်ဝက် ညည်းချင်းတစ်ဝက်နဲ့ပြောပြနေပါတယ်။
သူ့ရဲ့စကားကြောက ပြောရင်းပြောရင်း အကြောရှည်ပြီး ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာတောင် မသိတော့သလို လုံးခြာလိုက်နေတာကို အကဲခပ်မိတဲ့အတွက် မိမိကပဲ ကြားဖြတ်ပြီး
“ကဲ-ဒကာကြီး၊ အချိန်ကလေးရတုန်း ဒကာကြီးရဲ့ ညည်းချင်းရှည်ကြီးကို လက်စသတ်ပြီး အဓိက မေးလို တာကိုသာ လိုရင်း တိုရှင်းပြောပြပါ” လို့ ဆိုတော့မှ ဒကာကြီးက
“အို .. ဆောရီးပါဘုရား၊ အဲ ကန်တော့ပါဘုရား၊ အခု တပည့်တော်ရဲ့သားနဲ့သမီးက ကျောင်းမှာ ဘာသာချင်းမတူတဲ့ ဆရာဆရာမတွေ သူငယ်ချင်း တွေနဲ့ စပ်မိစပ်ရာ ပြောကြရင်း ကိုးကွယ်တဲ့ ဘာသာတရား ချင်း နိုင်းယှဉ်ပြောကြတဲ့အခါမှာ တခြားဘာသာဝင်များက “သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်၊ ပြီးတော့ သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှအပြစ်တွေလဲ ဆေးကြောဖယ်ရှားပေးမယ်၊ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်၊ ချမ်းသာ သုခတွေနဲ့ ပြည့်စုံအောင်လဲ အစစတာဝန်ယူတယ် “ ဆိုတဲ့ အာမခံချက်အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က ရွှန်းရွှန်းဝေ အောင် ပြောပြကြပါသတဲ့။
          ပြီးတော့ သူတို့က “မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားဆိုတာ လူကဖြစ်လာတဲ့ ဘုရားဖြစ်လို့ လူတွေလိုပဲသေသွားခဲ့ပြီ၊အခုမရှိတော့ဘူး။အဲဒီတော့မင်းတို့ဟာမရှိတဲ့ဘုရားကိုကိုးကွယ်နေကြသူတွေဖြစ်မနေဘူးလား။
     တို့ဘုရားသခင်က တို့အတွက် လုံးဝအပြည့်အစုံတာဝန်ယူပြီး အာမခံချက်ပေးသလို မင်းတို့ဘုရား သခင်ကကော မင်းတို့အတွက် ဘယ်လို တာဝန်ယူသလဲ၊ ဘာတွေ အာမခံချက်ပေး သလဲ” ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ တပည့်တော် သားနဲ့သမီးတို့က ဘာမှ ရေရေ ရာရာ ပြန်မပြော နိုင်ခဲ့ကြဘူးတဲ့ဘုရား။ ဒါနဲ့ သူတို့စိတ်ထဲမှာလဲ ဇဝေဇဝါနဲ့ ယောင်ဝါးယိမ်းယိုင်တွေ ဖြစ်ကုန်ပုံ ရပါတယ်ဘုရား။
တစ်နေ့ကတော့ တပည့်တော်တို့ကို သားက ကွန်ပလိန်းတက်လာတယ်။ “ဗုဒ္ဓဘာသာတွေဟာ မရှိတဲ့ဘုရားကို ကိုးကွယ်နေကြတာလား၊ ဒါမှမဟုတ် ရှိတယ်ဆိုရင် ဗုဒ္ဓဘုရားရှင် အခုဘယ်မှာရှိ သလဲ၊ သူ့ကို ကိုးကွယ်ဆည်းကပ်သူတွေအပေါ်မှာ ဘာတွေ တာဝန်ယူသလဲ၊ ဘယ်လို အာမခံချက်တွေ ပေးသလဲ”  ဆိုတာတွေပေါ့ဘုရား။
          ပြီးတော့ သားဆက်ပြောတဲ့ စကားက တပည့်တော်တို့ မိဘတွေအတွက် အတော့်ကို တုန်လှုပ်စရာကောင်းတဲ့ စကားဘုရား  “ဘာမှ ရေရာမှု မရှိတဲ့ ဘာသာတရားကို ကိုးကွယ်နေတာ ဆိုရင်တော့ သူ့အနေနဲ့ လက်မခံနိုင်ဘူး၊ ရေရာတဲ့ ဘုရားသခင်နဲ့ အာမခံချက်အပြည့် ရှိတဲ့ ဘာသာ ကိုသာ ပြောင်း ပြီး ယူတော့မယ်” တဲ့ဘုရား၊ ဒီစကားကြားရတာ တပည့်တော်ဖြင့် မိုးကြိုးပစ်သလိုကို ခံစားလိုက်ရတယ်။ ကိုယ်ကလဲ ဘာမှ ရေရေ ရာရာ ပြန်မပြောတတ်ဘူး။
ဒီအကြောင်း မိတ်ဆွေသင်္ဂဟတွေကို ပြောပြပြီး အကူအညီတောင်းတော့လဲ အားလုံးလိုလိုက ဝိုးတိုးဝါးတား တွေချည်းပဲဘုရား။ မနေ့ကမှ သူငယ် ချင်းတစ်ယောက်က “အရှင်ဘုရားနဲ့ အတော်လေး မေးမြန်း ပြောဆိုဖူးပါသတဲ့၊ ဒီကိစ္စကိုလဲ အရှင်ဘုရားနဲ့ နည်းနည်းဆွေးနွေးကြည့်သင့်တယ်” ဆိုလို့ ဒီနေ့ အလုပ်ကအပြန် အရှင်ဘုရားရှိရာကို တန်းဝင်ခဲ့တာပဲဘုရား၊ တပည့်တော်တို့ အခက်အခဲ ကို ကူညီဖြေရှင်းပေးပါဦး” ဆိုတဲ့မာရသွန်မေးခွန်းကြီးကို မေးပါတော့တယ်။
          မိမိရှင်းပြခဲ့တာကတော့ - ဒကာကြီးရဲ့မေးခွန်းရှည်ကြီးထဲမှာ ပထမဆုံးက  “ဗုဒ္ဓဘာသာဝင်တွေဟာ မရှိတဲ့ ဘုရားကိုကိုးကွယ်နေကြတာလား” ဆိုတဲ့ အချက်ပါ။
လက်ရှိကိုးကွယ်နေကြတဲ့ ဘာသာတရားတွေကို ချမှတ်တည်ထောင်ခဲ့ကြတဲ့ ဦးစီးခေါင်းဆောင် ဆိုတဲ့ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဘယ်ခေတ်က၊ ဘယ်အရပ်မှာ၊ ဘယ်မိဘယ်ဖက ဖွားမြင်တယ်၊ ငယ်နာမည်က ဘယ်လိုခေါ်တယ်။
          ဘယ်အရွယ်မှာ ဘုရားဖြစ်တယ်၊ ဘယ်လိုတရားတွေကို ဘယ်အရပ်ဘယ်ဒေသမှာ ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးဟောခဲ့တယ်’ စတဲ့ သေချာရေရာတဲ့ မှတ်တမ်းမှတ်ရာ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံရှိတာဆိုလို့ ဦးဇင်းတို့ ဒကာကြီးတို့ ကိုးကွယ်နေတဲ့ “ဂေါတမမြတ်စွာဘုရား” တစ်ဆူ တည်းသာ ရှိတယ်ဆိုတာ။ဒီနေ့သိပ္ပံပညာဖွံ့ဖြိုးတိုးတက်နေတဲ့ကမ္ဘာ့ပညာရှင်တွေအားလုံးကလဲ အလေးထားသိမှတ်ထားကြတာ အားလုံးသိကြမှာပါ။
          ဘုရားပွင့်တော်မူခဲ့တဲ့ မဇ္ဈိမဒေသ(အိန္ဒိယ၊နီပေါနိုင်ငံတွေ)မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က အသောကမင်းကြီး ရေးထိုးစိုက်ထူခဲ့တဲ့ ဒီမှတ်တမ်းကျောက်စာတွေ၊ ကျောက်တိုင်ကြီးတွေကို ကမ္ဘာ့ပညာရှင်တွေ အားလုံးတို့ကလည်း အလေးထား အသိမှတ် ပြုကြတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အရေရာဆုံး၊ အခိုင်မာဆုံး၊ အထောက်အထားပြနိုင်တဲ့ ဘာသာတရား ဖြစ်တယ်ဆိုတာ ဘယ်ပညာရှင်ကမှ မငြင်းဆန်ပါဘူး။
          နောက်တစ်ချက်က “ဗုဒ္ဓမြတ်စွာ အခုဘယ်မှာရှိသလဲ” ဆိုတဲ့ ကိစ္စပါ။ အမှန်ကတော့ ဒီမေးခွန်းက မေးဖို့ လိုအပ်လှတဲ့ မေးခွန်းမျိုးတော့မဟုတ်ပါဘူး၊ ဘာကြောင့် မေးဖို့မ လိုအပ်သလဲ ဆိုတာကို နောက်မှပြောပြပါမယ်။ အခုတော့ အမေးက ရှိနေတဲ့အတွက် အဖြေကိုပဲ အရင်ပြောပြ ပါမယ်။
          ဂေါတမမြတ်စွာဘုရားရှင်ဟာ(၄၅)ဝါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလဲ မရပ်မနားလို့ ဆိုရလောက်အောင် ဟောတော်မူခဲ့တာပါ။ သက်တော်(၈၀)အရွယ်၊ ဝါတော်(၄၅)ဝါ ပြည့်ပြီးချိန်မှာ ပရိနိဗ္ဗာန်စံသွားပါတယ်။
          ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာမထေရ်ကို ဘုရားရှင်မိန့်ကြားခဲ့တဲ့ စကားရှိပါတယ်  “ ငါဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊ ခန္ဓာရုပ်ဒြပ်ကြီး ကွယ်ပျောက်သွားပြီဆိုတာနဲ့ ကိုးကွယ်ရာမဲ့သွားပြီ၊ ဘုရားမရှိတော့ဘူးလို့ မမှတ်ယူပါနှင့်၊ ငါဘုရားရှင်(၄၅)ဝါပတ်လုံး ဟောကြားခဲ့ တဲ့ တရားပုဒ်စု (ဓမ္မက္ခန္ဓာ) ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ၊ ဒီတရား ပုဒ်စုတွေ ထင်ရှားရှိနေသမျှ ငါဘုရားထင်ရှား ရှိနေတယ်လို့ ခံယူကြပါ” ဆိုတဲ့ မှာတမ်းစကားပါ။
          ဒါကြောင့်  “ မြတ်စွာဘုရား အခုဘယ်မှာရှိသလဲ” ဆိုရင် ဓမ္မက္ခန္ဓာတရားတော်တွေရှိတဲ့ နေရာမှာ ရှိတယ်လို့ ပြောရမှာပါ။
          ဒါကိုကြည့်လိုက်ရင် ဗုဒ္ဓဘာသာဝင်များဟာ မရှိတော့တဲ့ဘုရားကို ကိုးကွယ်နေကြသူတွေ မဟုတ်ဘူး၊ ထင်ရှားရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ကိုယ်စား တရားတော်တွေကို လိုက်နာကျင့်သုံး ပူဇော် နေကြသူတွေ ဖြစ်တယ်ဆိုတာကို အထူးသိမှတ်သင့်ပါတယ်။ ထပ်ပြီးသတိပေးလိုတာကတော့ 
“ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်ပသရေး ဘာသာတရားမဟုတ်ဘူး၊ လိုက်နာကျင့်သုံး ပူဇော်ရေး ဘာသာတရားသာ ဖြစ်တယ်” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။
          မေးခွန်းရှင် မေးတဲ့အထဲမှာ မပါပေမယ့် ဒီနေရာမှာ သိဖို့လိုအပ်တဲ့အတွက် ဖြည့်စွက်ပြီးပြောချင်တာ တစ်ခုလဲရှိပါတယ်၊ အဲဒါကတော့ 
“ ဗုဒ္ဓမြတ်စွာ အခုဘယ်မှာ၊ ဘယ်သူတွေနဲ့ အတူရှိနေပါသလဲ” ဆိုတဲ့ အချက်ပါ။
          မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုပ်အဆင်းတော်တင့်တယ် သပ္ပါယ်မှုကိုသာ ကြည်ညိုတတ်တဲ့  “ဝက္ကလိ” ဆိုတဲ့ ရဟန်းတစ်ပါးရှိပါတယ်။ ဒီရဟန်းက ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ ကြည့်ပြီးကြည်ညိုကိုးကွယ်နေချင်တယ်၊ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပူဇော်မှုမျိုးတော့ မလုပ်လိုပါဘူး။ အဲဒီရဟန်းကို မြတ်စွာဘုရားရှင်က -
          “ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း လိုက်နာကျင့်သုံးပူဇော်နေသူဟာ ငါဘုရားရှင်ကို မမြင်ရသော်လဲ ငါဘုရားရှင်နဲ့ အမြဲတွေ့နေရသူဖြစ်တယ်။
          ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း မလိုက်နာ မကျင့်သုံးသူဟာ ငါဘုရားရှင်ရဲ့ မျက်နှာတော်ကို မြင်ရုံမက ငါဘုရားရှင်ရဲ့ နောက်က တကောက်ကောက်လိုက်နေသူဖြစ်သော်လဲ ငါဘုရားရှင်နှင့် တွေ့နေသူလို့ မဆိုနိုင်ဘူး” လို့ မိန့်ကြားခဲ့ပါတယ်။
          ဘုရားရှင်ရဲ့ မိန့်ကြားချက်အရ မျက်စွာဘုရားရှင်နဲ့ ခရီးမိုင်တာ ဘယ်လောက်ပဲ ဝေးကွာနေနေ၊ အချိန်ကာလတွေဘယ်လောက်ပဲ ခြားနားနေနေ ဒီနေ့ မြတ်စွာဘုရားရှင်ရဲ့ ဟောညွှန်ချက်ကို လိုက်နာကျင့်သုံးပူဇော်နေသူတို့ ရှိတဲ့နေရာမှာအဲဒီပုဂ္ဂိုလ်တွေနဲ့အတူ ဗုဒ္ဓမြတ်စွာရှိနေတယ်”လို့ ဆိုရပါလိမ့်မယ်။
          ဒါတွေကတော့  “အမေးရှိရင် အဖြေရှိရမယ်” ဆိုတဲ့အတိုင်းသာ ဖြေလိုက်တာပါ။ အမှန်ကတော့  “ ဘုရားရှင် အခုဘယ်မှာလဲ”  ဆိုတဲ့ ပြဿနာဟာ မေးဖို့လိုအပ်တဲ့ ကိစ္စမဟုတ် ပါဘူး။ 
“ စစ်မှန်တဲ့ ကိုးကွယ်အားထားရာ” ဆိုတာ မြတ်ဗုဒ္ဓရဲ့အလိုတော် အရပြောရမယ်ဆိုရင် ပုဂ္ဂလဓိဋ္ဌာန်က အဓိက မဟုတ်ပါဘူး၊ ဓမ္မဓိဋ္ဌာန်ကသာ အဓိကဖြစ်ပါတယ်။
          ဒီကိစ္စနဲ့ပတ်သက်လို့ ဒီ(အမေရိကန်)က လူတွေသဘော အပေါက်လွယ်ဆုံးဖြစ်မယ့် ဥပမာနဲ့ ပြောရမယ်ဆိုရင် ဒီနေ့လွတ်လပ်တဲ့အမေရိကန်ပြည်ထောင်စု ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ ကျော်လောက်ဆီက ဂျော့ဝါရှင်တန်စတဲ့ ခေါင်းဆောင်ကြီးတွေက ရယူပေးခဲ့တာမဟုတ်လား၊ ဒီနေ့အမေရိကန်ပြည်သူတွေဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံသားတွေအဖြစ်နဲ့ ဝမ်းမြောက် ဂုဏ်ယူပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီတို့ရဲ့ အနှစ်သာရကို ခံစားနေကြရတယ် မဟုတ်လား။
          လွတ်လပ်တဲ့ နိုင်ငံသားတွေရဲ့တာဝန်ဟာ “လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ပုဂ္ဂိုလ်တွေ အခု ဘယ်ဘုံဘယ်ဌာနမှာ ရောက်နေသလဲဆိုတာ သိဖို့ အရေးကြီးသလား၊ သူတို့ရယူပေးတဲ့ လွတ်လပ် ရေးကို လေးစားတန်ဖိုးထားပြီး တာဝန်ကျေအောင် လိုက်နာကျင့်သုံးကြဖို့လိုသလား” ဆိုတာကို စဉ်းစားကြည့်ရင် ပုဂ္ဂလဓိဋ္ဌာန်နဲ့ဓမ္မဓိဋ္ဌာန်ဘယ်ဟာက အဓိကကျသလဲဆိုတာ သဘောပေါက် လောက်ပါတယ်။
          ပြီးတော့  “ဒီနေ့ လွတ်လပ်ရေးကို လေးစားမြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်း စောင့်ရှောက်နေ သူတို့နဲ့အတူ လွတ်လပ်ရေးရဲ့ ဗိသုကာများ အတူရှိနေပါတယ်” ဆိုရင်ကော ငြင်းဆန်စရာရှိနိုင် သေးသလားဆိုတာ မေးကြည့်ရင်သိကြမှာပါ။
          ဘယ်အရာမဆို သိပ္ပံနည်းကျမှ လက်ခံနိုင်မယ်ဆိုသူတွေ အနေနဲ့လဲ “ဒီနေ့ရူပဗေဒ သိပ္ပံပညာရပ်တွေ ဆင့်ကဲတိုး တက်ဖွံ့ဖြိုးရေးမှာ ၊ ခေတ်သစ် ရူပဗေဒသိပ္ပံပညာရဲ့ ဘိုးအေကြီးလို့ ဆိုရမယ့်  “အိုင်စတိုင်း” အခု ဘယ်မှာရောက်နေသလဲ  ဆိုတာကို သိဖို့လိုသလား၊ အိုင်စတိုင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ရူပဗေဒပညာရပ်များက ဒီနေ့ခေတ်သစ်သိပ္ပံပညာကိုဘယ်လိုအထောက်အကူပြုနိုင်သလဲဆိုတာကိုအလေးထားဖို့ လိုသလားစဉ်းစားကြည့်ပါ။
အလားတူပဲ လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့ “အယ်ဒီဆင်” ဟာ ဘယ်နိုင်ငံသားလဲ၊ ဘာလူမျိုးလဲ၊ အခု ဘယ်ဘုံဘယ်ဌာန ရောက်နေသလဲဆိုတာ သိဖို့ လိုသလား၊ သူတီထွင်ခဲ့တဲ့ လျှပ်စစ်စွမ်းအားကို အသုံးချတတ်ဖို့လိုသလား ဆိုတာလဲ စဉ်းစားကြည့်ခိုင်းပါ။ မြန်မာပြည်သားတစ်ဦးအနေနဲ့ ရိုးသားစွာ ပြောရမယ်ဆိုရင် ဦးဇင်းဘဝသက်တမ်း ထက်ဝက်ကျော်ကျော်လောက်အထိ လျှပ်စစ်ကို ဘယ်သူက တီထွင်ခဲ့သလဲဆိုတာကို လုံးဝစိတ်မဝင်စားခဲ့ဖူးပါဘူး။
          အယ်ဒီဆင်က တီထွင်ခဲ့တယ် ဆိုတာကို သိလာတဲ့အခါမှာလည်း အဲဒီပုဂ္ဂိုလ်ဟာ ဘာလူမျိုးလဲ၊ ဘယ်ဘုံဘယ်ဌာန ရောက်နေတယ်ဆိုတာ စိတ်မဝင်စားမိပါဘူး။
          ဒီနေ့ လျှပ်စစ်မီးလာမလား၊ မလာဘူးလားဆိုတာကိုသာ စိတ်ဝင်စားပါတယ်။ သူတီထွင်ခဲ့တဲ လျှပ်စစ်က လက်တွေ့အသုံးကျ တယ်ဆိုတာ သိနေပြီကိုး။
ဒီဥပမာ အတိုင်းပဲ တကယ့် လက်ငင်း လက်တွေ့ ဗုဒ္ဓဝါဒကို လေ့လာတဲ့ နေရာမှာလဲ “မြတ်ဗုဒ္ဓ ဘယ်မှာလဲ”  ဆိုတဲ့ ပြဿနာထက်   မြတ်ဗုဒ္ဓ ဘယ်လို ဟောခဲ့သလဲ။ ဘယ်လို အကျိုးတွေ  ဖြစ်ပေါ်နိုင်သလဲ ဆိုတာကိုသာ အလေးအနက် ထားဖို့ အရေးကြီးပါတယ်။ ဒီလောက် ဆိုရင် ပုဂ္ဂလဓိဋ္ဌာန်ထက် ဓမ္မဓိဋ္ဌာန်ကသာ အရေးကြီး တယ် ဆိုတာလဲ သဘောပေါက် လောက်ပါပြီ။


 ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊  ဤခေတ်ထူး၌၊ ဆည်းပူးနိုင်မှ၊ တော်ကာကျလိမ့်။  




ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |
     တပါးသောအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီအနီး၌ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ် အပေါင်းတို့၏ သက်ဆင်းရာ သား သမင် အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန် တောကြီး၌ အရှင်ကောဏ္ဍည အမှူးငါးဦး အစုအဝေးရှိကုန်သော ရဟန်းတို့ကို ခေါ်တော်မူ၍ သာသနာတော်ထမ်း ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် နှစ်ပါးသော အယုတ်တရား တို့ကို မမှီဝဲအပ်ကြောင်းနှင့် အယုတ်တရားနှစ်ပါး၊ မဂ္ဂင်(၈)ပါးတရားတို့အား ဟောကြားလေသည်။
     ထိုသို့ခေါ်တော်မူးပြီးနောက်.....ချစ်သားရဟန်းတို့....
(၁)  ယုတ်မာသော ရွာသူရွာသား မြို့သူမြို့သားတို့၏ လက်ကိုင်ဖြစ်သော ပုထုဇဉ် သတ္တ၀ါတို့၏  အလေ့ အမူအရာ ဖြစ်သော အရိယာ ပုဂ္ဂိုလ်တို့နှင့်မဆိုင်သော အကျိုးတစုံတရာနှင့်မျှ မစပ်ယှဉ်သော လောကီအာရုံ ကာမဂုဏ်တို့၌ ကာမချမ်းသာကို သာယာတုံငြား လိုက်စား အားထုတ်မှု ဟု ဆိုအပ်သော အကြင်အစွန်း သမုတ် အယုတ်တရားမျိုး သည်လည်း ရှိလေ၏။ 
(၂) ကိုယ်ချမ်းသာမဖက် ဆင်းရဲမှုသက်သက်မျှသာ ဖြစ်သော အရိယာ ပုဂ္ဂိုလ်တို့နှင့်မဆိုင်သော အကျိုးတစုံ တရာနှင့် မစပ်ယှဉ်သော ရေချိုးမီးလှုံ ဆူးပုံ၌အိပ်ခြင်း အစရှိသည့် မိမိကိုယ်ပင်ပန်းအောင်သာ လွန်စွားကြိုးပမ်းလေ့ရှိသော အကြင်အစွန်းသမုတ် အယုတ်တရားမျိုးသည်လည်း ရှိလေ၏။


ချစ်သားရဟန်းတို့ ........စင်စစ် နှစ်ပါးကုန်သော ထို အစွန်းသမုတ် အယုတ်တရားတို့ကို မကပ်မရောက်မူ၍ ငါဘုရားသည် အကြင်အလယ်လမ်းဟု ဆိုအပ်သော အကျင့်မြတ်ကို သဗ္ဗညုတဥာဏ်တော်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူအပ်လေပြီ ဟု အစချီကာ ဓမ္မစင်္ကြာတရားတော်အား ဟောကြားခဲ့လေသည်။
      မဂ္ဂင်(၈)ပါးတရားတို့မှာ-
   သမ္မာ ဒိဋ္ဌိ ....................... ကောင်းစွာယုံကြည်ခြင်း၊ ကောင်းသောအယူကို ယူခြင်း
  သမ္မာ သင်္ကပ္ပေါ ...............ကောင်းစွာကြံစည်ခြင်း၊ ကောင်းသောအကြံကို  ကြံစည်ခြင်း
  သမ္မာ ၀ါစာ......................ကောင်းစွာပြောဆိုခြင်း၊ ကောင်းသောစကားကို ပြောဆိုခြင်း
  သမ္မာ ကမ္မန္တော ...............ကောင်းစွာပြုမူခြင်း၊ ကောင်းသော အမှုကို ပြုလုပ်ခြင်း         
  သမ္မာ အာဇီဝေါ...............ကောင်းစွာအသက်မွေးခြင်း၊ ကောင်းသော အလုပ်ဖြင့် အသက်မွေးခြင်း
  သမ္မာ ၀ါယါမော..............ကောင်းစွာအားထုတ်ခြင်း၊ ကောင်းသောလုံးလ ၀ီရိယရှိခြင်း
  သမ္မာ သတိ ...................ကောင်းစွာသိရှိခြင်း၊ ကောင်းသော သတိရှိခြင်း
သမ္မာ သမာဓိ ..................ကောင်းစွာတည်ကြည်ခြင်း၊ မှန်ကန်တည်ကြည် ဖြောင့်မှန်ခြင်း  တို့ဖြစ်ပါသည်။
 
 
  မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော မဂ္ဂင်(၈)ပါးတရားတော်တို့အား ကြည်ညိုနိုင်ရန် မြန်မာမှုပြု၍ ပြန်လည် ပူဇော်ဖော်ပြ အပ်ပါသည်-
  
၁။  သမ္မာ ဒိဋ္ဌိ......ကောင်းစွာယူခြင်း၊ ကောင်းသောအယူ
 
(က) အလုပ်နှင့် အလုပ်၏အကျိုးပေးကို လက်ခံယုံကြည်ရန်။
(ခ) မနာလို၊ မကျေနပ်မဖြစ်ရန်၊ မုဒိတာပွားရန်။
(ဂ) ၀န်တို၊ ကပ်စေးနဲမလုပ်ရန်၊ ၀န်မတို၊ စေတနာထားရန်။
(ဃ) ဆိုဆုံးမ ခက်ခြင်းမလုပ်ရန်၊ ဆိုဆုံးမ လွယ်ခြင်းလုပ်ရန်။
(င) အယူသည်းခြင်း မလုပ်ရန်၊ အယူမသည်း အမှန်ကိုလက်ခံရန်၊ ဒုက္ခ၊ သမုဒယ၊ နိရောဓ။ မဂ္ဂသစ္စာ တရာများကို သိမြင်အောင် လုပ်ရန်။

၂။ သမ္မာ သင်္ကပ္ပ.........မှန်စွာကြံခြင်း၊ မှန်သောအကြံ
(က)သူပျက်ရန်ကြံ၊ ကိုယ်ပျက်ရန်ကြံ မလုပ်ရန်၊ သူကောင်းရန်ကြံ၊ ကိုယ်ကောင်းရန်ကြံရန်။
(ခ) ဒေါသထွက်ခြင်း မလုပ်ရန်၊ သနားခြင်းလုပ်ရန်။
(ဂ) ရန်ငြိုးဖွဲ့ခြင်းမလုပ်ရန် (ခွင့်လွှတ်)မေတ္တာထားခြင်းလုပ်ရန်။
(ဃ) သူကျေးဇူးကို ချေဖျက်ခြင်း မလုပ်ရန်၊ ကိုယ့်ကျေးဇူးကို ချေဖျက်ခြင်း လုပ်ရန်။

၃။ သမ္မာ ၀ါစာ.......မှန်စွာပြောခြင်း၊ မှန်သောစကား
(က) ဆဲဆို မပြောရန်၊ သာသာ လေးပြော၊ ကောင်းကောင်း ပြောရန်။
(ခ) ကုန်းတိုက် မပြောရန်၊ ချီးမွမ်း ပြောရန်။
(ဂ) အနှစ်မဲ့စကား မပြောရန်၊ အနှစ်ရှိ စကားပြောရန်။
(ဃ) လိမ်လည် မပြောရန်၊ အမှန် ပြောရန်။
(င) မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ် မပြောရန်၊ သူ့အပြစ်ကို တတ်နိုင်သရွေ့ ဖုံးကွယ်ပေးပြီး ပြောရန်။

၎။ သမ္မာ ကမ္မန္တ...............မှန်စွာပြုခြင်း၊ မှန်ကန်သောအလုပ်
(က) ညှင်းဆဲခြင်း မပြုရန်၊ ကြင်နာခြင်း၊ ယုယခြင်း ပြုရန်။
(ခ) သတ်ခြင်း မပြုရန်၊ ကယ်တင် ခြင်းပြုရန်။
(ဂ) မေထုန်မှုပြုခြင်း (မူးယစ်သာယာခြင်း) မပြုရန်၊ ချမ်းသာမှုပြုခြင်း (မမူးမရစ်သာယာခြင်း)ပြုရန်။
(ဃ) ဂုဏ်ကြီးသူနှင့် ဖက်ပြိုင် (အရိုအသေမပြု) ခြင်းမပြုရန်၊ ဂုဏ်ကြီးသူနှင့် မဖက်ပြိုင် (အရိုအသေပြု) ခြင်းပြုရန်။
(င) သူတစ်ပါးကို အထင်သေးခြင်း၊ နှိမ့်ချခြင်း မပြုရန်၊ သူတစ်ပါးကို ဂုဏ်ဖော်ပေးခြင်း ပြုရန်။
(စ) မိတ်ဆွေတုနှင့် ပေါင်းသင်းခြင်း မပြုရန်၊ မိတ်ဆွေစစ်နှင့် ပေါင်းသင်းခြင်း ပြုရန်။

၅။ သမ္မာ အာဇီဝ..........မှန်စွာအသက်မွေးခြင်း၊ ကောင်းသော အသက်မွေးခြင်း
(က) ခိုးယူခြင်း မပြုရန်၊ ပေးကမ်းခြင်း ပြုရန်။
(ခ) သူ့ဥစ္စာကို ရရန်ကြံခြင်း မလုပ်ရန်၊ ကိုယ့်ဥစ္စာကို ရရန်ကြံရန်။
(ဂ) မှားစွာအလုပ်လုပ် (စီးပွားရှာ)ခြင်း မလုပ်ရန်၊ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခု၌ ကျွမ်းကျင်ခြင်း ပြုရန်။
(ဃ) အလုပ်တာဝန် မကျေခြင်းကို မလုပ်ရန်၊ အလုပ်တာဝန် ကျေခြင်းကို လုပ်ရန်။

၆။ သမ္မာ ၀ါယာမ....... မှန်စွာအားထုတ်ခြင်း၊ ကောင်းစွာ အားထုတ်ခြင်း
(က) အကြားအမြင်နည်းအောင် အားမထုတ်ရန်၊ အကြားအမြင်များအောင် အားထုတ်ရန်။
(ခ) ၀ိပဿနာပညာမဲ့ (အကျိုးအကြောင်းမသိ) အောင် အားမထုတ်ရန်၊ ၀ိပဿနာပညာရှိ (အကျိုးအကြောင်းသိ) အောင် အားထုတ်ရန်။
(ဂ) ကုသိုလ်ပြု၍ရသည်ကို မပြုအောင် အားမထုတ်ရန်၊ အကုသိုလ်ပြု၍ ရသည်ကို မပြုအောင် အားထုတ်ရန်။
(ဃ) ဘ၀တာဝန် မကျေခြင်းကို မလုပ်ရန်၊ ဘ၀တာဝန် ကျေခြင်းကို လုပ်ရန်။

၇။သမ္မာ သတိ............. မှန်စွာ သတိရှိခြင်း၊ ကောင်းသော သတိရှိခြင်း
(က) ပျင်းရိခြင်း မလုပ်ရန်၊ တက်တက်ကြွကြွ နေရန်။
(ခ) စိတ်ပျံ့လွင့် သတိနည်းပြီး ထိုင်းမှိုင်းခြင်း မလုပ်ရန်၊ စိတ်ကိုစုစည်း သတိကြီးကြီး လန်းဆန်းအောင် လုပ်ရန်။
(ဂ) သတိမေ့လွယ်ခြင်း မလုပ်ရန်၊ ရုပ်၊ စိတ်၊ ဝေဒနာ ၊သဘောတရား လေးမျိုးကို သတိရှိနေအောင် လုပ်ရန်။
(ဃ) မှားစွာသိခြင်း (အသိမှားခြင်း) မလုပ်ရန်၊ အဖြစ်မှန်သိအောင် လုပ်ရန်။
(င) မှားစွာ စားခြင်း မလုပ်ရန်၊ မှန်စွာစားခြင်းပြုရန်။
(စ) မှားစွာအိပ်ခြင်း မပြုရန်၊ မှန်စွာအိပ်ခြင်း ပြုရန်။

၈။သမ္မာ သမာဓိ............. မှန်စွာစိတ်တည်ခြင်း၊ ကောင်းစွာစိတ်တည်ကြည်ခြင်း
(က) ဟန်ဆောင်ပလွှား(အလွန်အထင်ကြီး) ခြင်း မပြုရန်၊ အရှိအတိုင်း ရိုးရိုးသားသား (နှိမ့်ချပုံမှန်)နေရန်။
(ခ) တင်းကြပ်လွန်းခြင်း မလုပ်ရန်၊ တင်းသင့်သည်ကိုသာ တင်းခြင်းလုပ်ရန်။
(ဂ) လျော့လွန်းခြင်း မလုပ်ရန်၊ လျော့သင့်သည်ကိုသာ လျော့ခြင်းလုပ်ရန်။
(ဃ) ကြံစည်ခြင်း၊ သုံးသပ် ဆင်ခြင်ခြင်းမရှိ မပြုရန်၊ ကြံစည်ခြင်း၊ သုံးသပ်ဆင်ခြင်ခြင်း ရှိအောင် ပြုရန်။ 

မဂ္ဂရှစ်ပါးတရားတော်ကို မိမိတို့ သိသမျှ ၊မိမိတို့ သဘောပေါက်စွမ်းနိုင်သမျှ လက်တွေ့ကျင့်သုံးနိုင်ကြပါစေ....


မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
                                       မ်း ပူဇော်ပါသည်)
Tuesday, August 2, 2011 | 0 comments |