twitter



ဘုရားဂုဏ်တော် (၉) ပါး
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရောပုရိသ ဓမ္မသာရထိ
၇။ သတ္ထာဒေ၀မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ

အရဟံလူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။                  အရ-ဟံတစ်ထောင့်ငါးရာ ကိလေသာအညစ်ကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။      အ-ရဟံ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူတတ်သော မြတ်စွာဘုရား။                 သမ္မာသမ္ဗုဒ္ဓေါသစ္စာလေးပါး မြတ်တရားကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့် သိမြင်တော် မူသော မြတ်စွာဘုရား။  
ဝိဇ္ဇာစရဏသမ္ပန္နေ  ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား။
သုဂတောကောင်းသောစကားကိုသာ ဆိုတော်မူတတ်သော မြတ်စွားဘုရား။   
လောက၀ိဒူသတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
အနုတ္တရောပုရိသ ဒမ္မသာရထိ  ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။  
သတ္ထာဒေ၀မနုဿာနံ  ဗြဟ္မာ၊ နတ်၊ လူ သုံးဖော်သူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။               ဗုဒ္ဓေါသစ္စာလေးရပ် တရားမြတ်ကို ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။ ဘဂ၀ါဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တ ဟုဆိုအပ်သော ဘုန်းခြောက်ပါးနှင့် ပြည့်စုံတော်မူသော  မြတ်စွာဘုရား။

ဘုန်း(၆)ပါး
(က)   ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော် ၊
(ခ)    မဂ်-ဖိုလ် နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတည်းဟူသော ဓမ္မ ဘုန်းတော် ၊
(ဂ)    ဟုတ်တိုင်းမှန်စွာ သုံးဖြာသောလောကတွင် ပျံနှံ့ကျော်စောရခြင်း တည်းဟူသော ယသ ဘုန်းတော်၊
(ဃ)   အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပါယ်တော်မူလှခြင်း တည်းဟူသော သိရီ  ဘုန်းတော်၊
(င)    အလိုရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမ ဘုန်းတော် ၊
(စ)    အရဟတ္တမဂ်ဥာဏ် ၊ သဗ္ဗညုတဥာဏ်တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင်ကြီးမားသော ဝီရိယတော် တည်းဟူသော  ပယတ္တ ဘုန်းတော် ၊
လောကသုံးပါး
ကျမ်းဂန်လာ စာစကားအားဖြင့်
သက်ရှိ ရုပ်နာမ်ခန္ဓာ အစဉ်သည် သတ္တလောက။
သက်မဲ့ ရုပ်ဝတ္ထုများသည် သြကာသလောက။
သက်ရှိ သက်မဲ့နှစ်မျိုး၌ တည်ရှိသော ရုပ်နာမ်သဘောတရားများသည် သင်္ခါရလောက။

အရပ်စကားအားဖြင့်
လူနတ်တိရစ္ဆာန်စသော သက်ရှိသတ္တ၀ါအပေါင်းသည် သတ္တလောက။
ထိုသတ္တ၀ါတို့၏ တည်ရာဘုံဌာနများနှင့်တကွ သစ်ပင်၊ တော၊ တောင်၊ သမုဒ္ဒရာ စသည့် သက်မဲ့အရာ ၀တ္ထုများသည် သြကာသလောက။
ထိုသက်ရှိ သက်မဲ့ နှစ်မျိုးလုံး၌ ဖြစ်ပျက်နေသော သဘောတရားများသည် သင်္ခါရလောက။
ဝိဇ္ဇာ (၃)ပါး

ဝိဇ္ဇာ (၃)ပါး ဆိုတာ ပု-ဒိ- အာ ဆိုပြီး အလွယ်မှတ်နိုင်ပါတယ်၊
ပု- ဆိုတာက ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။
ပုဗ္ဗေနိဝါသ၊ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို။ အနုဿတိ၊ ပြန်လည်မြင်ယောင် မှတ်မိနိုင်သော။ အဘိဥာဏ၊ တန်ခိုး အဘိဥာဉ်။
ပုဗ္ဗေနိဝါသာနုဿတိဥာဏ်    ရှေးအတိတ်ဘ၀က ဘယ်လိုဘ၀တွေမှာ ဖြစ်ခဲ့တယ်၊ ဘယ်လိုနေရာ ဘုံဌာန တွေမှာ ခံစား စံစားခဲ့ရတယ် စသည်ဖြင့် အသေးစိတ် သိမြင်နိုင်သော တန်ခိုးအဘိဥာဉ်။

ဒိ- ဆိုတာက ဒိဗ္ဗစက္ခုဥာဏ်။
ဒိဗ္ဗစက္ခု၊ နတ်မျက်စိကဲ့သို့ မြင်နိုင်စွမ်းသော။ အဘိဥာဏ၊ အဘိဥာဉ်။
ဒိဗ္ဗစက္ခုဥာဏ်  ဘယ်လောက်ပင် တောတွေ၊ တောင်တွေ၊ နံရံတွေ ကာရံထားသည်ဖြစ်စေ နတ်မျက်စိကဲ့သို့  ထုတ်ချင်းပေါက် မြင်နိုင်စွမ်းသော တန်ခိုးအဘိဥာဉ်။

အာ -ဆိုတာကတော့ အာသ၀က္ခယဥာဏ်။
အာသ၀-ကိလေသာများ၊ ခယ-ကုန်ခမ်းသွားခြင်း
အာသ၀က္ခယဥာဏ်    ကိလေသာကုန်ခန်းကာ အရိယာဖြစ်သွားသူများမှာ ရရှိတတ်တဲ့ အာသ၀က္ခယအဘိဥာဉ်။

ဝိဇ္ဇာ ဆိုတာ ဥာဏ်အလင်းရခြင်း လို့ အဓိပ္ပါယ်ရပါတယ်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ မရောက်ခင် ညဥ့်ဦးယံအချိန်အခါမှာ ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်တော်ကို ရတော်မူပြီး၊ ညသန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်၊ မနက်လင်းအားကြီးအချိန်၊ အာရုံတက်ခါနီးမှာ အာသ၀က္ခယဥာဏ်တော်ကို ရတော်မူပြီး ဘုရားစင်စစ် ဧကန်ဖြစ်တော်မူပါတယ်၊

ဝိဇ္ဇာ ( ၈ ) ပါး

ဆောင်ပုဒ်။  ။ သုံးပါး ၀ိဇ္ဇာ၊ ပု-ဒိ-အာနှင့်၊ ၀ိဇ္ဇာရှစ်ရပ်၊ ၀ိပဿ်၊ စေတော၊ မနောမယိဒ်၊ ဒိနှင့် ဣဒ် ၊ ထည့်သိပ်                                          ရေတွက်လေ။
ဆိုလိုတာက အထက်ပါ သုံးပါးထဲကို နောက်ထပ် (၅)မျိုး ထပ်ပေါင်းလိုက်ခြင်းပဲ။

၁။  ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်
၂။ ဒိဗ္ဗစက္ခု အဘိညာဉ်
၃။ အာသ၀က္ခယ အဘိညာဉ် 
၎။ ၀ိပဿနာအဘိညာဉ် 
၅။ စေတောပရိယ အဘိညာဉ် 
၆။ မနောမယိဒ္ဓိ အဘိညာဉ်
၇။ ဒိဗ္ဗသောတ အဘိညာဉ် 
၈။ ဣဒ္ဓိ၀ိဓ အဘိညာဉ် 

၁။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဆိုတာက အတိတ်က ခန္ဓာအစဉ်ကို သိခြင်းပါပဲ။
၂။ ဒိဗ္ဗစက္ခု အဘိဥာဉ် ဆိုတာကတော့ နတ်မျက်စိကဲ့သို့ သိမြင်နိုင်ခြင်းပါ။
၃။ အာသ၀က္ခယ အဘိဥာဉ် ဆိုတာကတော့ အာသဝေါ ကုန်ခမ်းခြင်းပါ။
၎။  ၀ိပဿနာဥာဏ်ဆိုတာ တေဘူမက သင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တစသည့်ဖြင့် ရူတဲ့ဥာဏ်ကို ခေါ်ပါတယ်။
၅။ စေတောပရိယအဘိဥာဉ် ဆိုတာ သူတစ်ပါးရဲ့  စိတ်အကြံအစည်တွေကို သိနိုင်တာ။
၆။ မနောမယိဒ္ဓိ ဆိုတာ ကတော့ ခန္ဓာကိုယ် တစ်ခုပြီး တစ်ခု ဖန်ဆင်းခြင်း၊ အလိုရှိသလောက်ကြီးမားတဲ့ ခန္ဓာကိုယ်၊ သေးငယ်တဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်ခြင်းကို ဆိုလိုပါတယ်။
၇။ ဒိဗ္ဗသောတ အဘိဥာဉ် ဆိုတာ နတ်တို့ရဲ့  နားပမာ ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ  ကြားနိုင်ခြင်းပါ။
၈။  ဣဒ္ဓိ၀ိဓ အဘိဥာဉ် ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်ခြင်းပါ။

ဒီအထိက ၀ိဇ္ဇာ သုံးပါး၊ ၀ိဇ္ဇာရှစ်ပါး အကျယ် ဖြစ်ပါတယ်။

နောက်ထပ် စရဏ (၁၅)ပါး ဆိုတာကတော့ --

အကျဉ်းချုပ် မှတ်လိုရင်-
ဘော- ဇာ - သီ- ဣံ- ဈာန်လေးကြိမ်နှင့်၊  သူတော်ဥစ္စာ၊ ခုနှစ်ဖြာ၊ မှတ်ပါ စရဏ။
ဆိုပြီး ဆောင်ပုဒ်လေးနဲ့ ကပ်မှတ်နိုင်ပါတယ်။

သီ ဣံ ဘော ဇာ၊  သဒ္ဓမ္မာ၊ သတ္တရူပ၊  ဈာန်စတုက္က-  လို့လဲ ဆောင်ပုဒ် ရှိပါသေးတယ်။

အဓိပ္ပါယ်များကတော့ -
၁။       ဘော-ဆိုတာ ဘောဇန မတ္တညူ။
မဂ်ပေါက်ဖိုလ်ပေါက် အရိယာစခန်းကို တက်လှမ်းလိုတဲ့ ယောဂီသူတော်ကောင်းများဟာ အစာစားရာမှာ အတိုင်းအတာ ပမာဏကို သိရပါမယ်၊ ဒီအစားအစာက ကိုယ်နဲ့သင့်တော်ရဲ့လား၊ မသင့်တော်ဘူးလား၊ အများကြီးစားရင် ဗိုက်လေးပြီး ထိန မိဒ္ဓဖြစ်လာမယ်၊ အတက်စာတွေစားလိုက်ရင် ခေါင်းကိုက်နေပြီး ၀ိပဿနာ တရားမရူမှတ်နိုင်ပဲ ဖြစ်တတ်တာမို့ အစာစားရာမှာ ကိုယ့်ကိုယ်ကို အတိုင်းအတာ ပမာဏသိရပါမယ်။

၂။       ဇာ- ဆိုတာ ဇာဂရိယ အနုယုတ္တ။
ကမ္မဋ္ဌာန်းအားထုတ်နေချိန်မှာ အမြဲတမ်း နိုးနိုးကြားကြား သတိရှေ့ဆောင်နေရပါမယ်၊ လျော့တိလျော့ရဲ၊ ပျင်းရိစွာ မနေရပါဘူး၊ ၀တ်ကျေတန်းကျေ အားထုတ်နေတာမျိုး မဖြစ်ရပါဘူး လို့ ဆိုလိုပါတယ်။


 ၃။       သီ- ဆိုတာက သီလသံဝရ။
လူဖြစ်လျင် ငါးပါးသီလ၊ ရှစ်းပါးသီလ စတာတွေကို လုံခြုံအောင် ထိန်းသိမ်းရပါမယ်၊ ရဟန်းတော်များမှာလဲ သိက္ခာပုဒ်အသေးလေးတွေကအစ အာပတ်အကြီးစား ပါရာဇိကအာပတ်များအထိ စောင့်ထိန်းရပါမယ်၊ အဲလို စောင့်ထိန်းပြီးမှသာ တရားအားထုတ်သင့်ပါတယ်၊ ဘုရားသာသနာတော်မှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို အစဉ်အလိုက်ဖြည့်ကျင့်သင့်ပါတယ်၊ အစဉ်လိုက် ဖြည့်ကျင့်မှလဲ ထိရောက်သော အကျိုးရလဒ်ကို ရရှိစေမှာပါ။ ကိုယ်ကျင့်သီလ လုံပါမှ သမာဓိအားကောင်းထက်သန်လာပြီး ပညာဥာဏ်ရင့်သန်ကာ မဂ်ဖိုလ်စခန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်၊ အခြေခံ ကိုယ်ကျင့်သီလတောင်မှ မလုံခြုံပါဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို မမျှော်မှန်းနိင်ပါဘူး။

၎။       ဣံ- ဆိုတာ ဣန္ဒြိယေသု ဂုတ္တဒွါရ၊
မျက်စိအာရုံ၊ နားအာရုံ၊ နားခေါင်းအာရုံ၊ လျာအာရုံ၊ ကိုယ်ခန္ဓာအထိအတွေ့အာရုံ၊ စိတ်အာရုံဆိုတဲ့ အာရုံ(၆) ပါးကို ဣနြေ္ဒကြီးကြီး ၊ သတိကြီးကြီးထားပြီး စောင့်ထိန်းရပါမယ် တဲ့၊ စိတ်အလိုမလိုက်ရဘူး လို့ ဆိုလိုပါတယ်။
မျက်စိက မြင်ချင်တာမြင်၊ ကြည့်ချင်တာ ကြည့်ပြီး တဏှာရာဂစိတ်၊ အကုသိုလ်စိတ်ဖြစ်နေတာမျိုး၊ အကြားအာရုံ၊ အနံ့ အာရုံ၊  အရသာကောင်းကောင်းနဲ့ ဆုံလို့ လောဘရမ္မက် တက်မက်စိတ်ဖြစ်နေတာမျိုး၊ အထူးသဖြင့် ကိုယ့်စိတ်ကိုလဲ အလိုလိုက်ပြီး   ဖြစ်ချင်တာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထားတာမျိုးမဖြစ်စေပဲထိန်းချုပ်ခြင်းကို ဣန္ဒြိယေသု ဂုတ္တဒွါရ- ဣနြေ္ဒတွေ ကို စောင့်ထိန်းတယ် လို့ ခေါ်ပါတယ်။

ဈာန်လေးကြိမ်ဆိုတာ
၅။ ပထမဈာန်၊
၆။ ဒုတိယဈာန်၊
၇။ တတိယဈာန်၊
၈။ စတုတ္ထဈာန် စတဲ့ ဈာန်များကို ရရှိခြင်း၊ ရရှိအောင် ကျင့်ကြံအားထုတ်ခြင်းကို ဆိုလိုပါတယ်။

သူတော်ဥစ္စာ ခုနှစ်ဖြာဆိုတာ
၉။       နံပါတ် (၁) ရတနာသုံးပါးအပေါ်မှာ ယုံကြည်သက်ဝင်တဲ့ သဒ္ဓါ။
သဒ္ဓါဆိုတာ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ် လို့ ကံနဲ့ ကံရဲ့ အကျိုးတရားကို ယုံကြည်တာကို သဒ္ဓါလို့ ခေါ်ပါတယ်။

 ၁၀။     နံပါတ် (၂) သီလ။
သီလ- ဆိုတာ အထက်က ပြောခဲ့တဲ့ ငါးပါး၊ ရှစ်ပါးစတဲ့ သီလကိုပဲ ရည်ရွယ်ပါတယ်၊ ဒီနေရာမှာတော့ သာသနာပအခါမှာ စောင့်ထိန်းနိုင်တဲ့ သီလတွေလဲ အကျုံးဝင်ပါတယ်။ နံပါတ် ၃ မှာဖော်ပြခဲ့တဲ့ သီလတွေက ရဟန်းတော်တွေမှာ သာသနာပအခါ စောင့်ထိန်းရမယ့် သီလ မရှိပါဘူး၊  သာသနာပအခါမှာ သံဃာဆိုတာ မရှိနိုင်တဲ့ အတွက်ကြောင့်ပါ။ လူတို့စောင့်ထိန်းအပ်တဲ့ ငါးပါးရှစ်ပါးသီလတွေသာ သာသနာပ၊ သာသနာတွင်းရှိနိုင်ပါတယ်။

 ၁၁။     နံပါတ် (၃) ဟိရီ။
ဟိရီ- မကောင်းမှုမှန်သမျှကို လူရှေ့မှာဖြစ်စေ၊ မမြင်ကွယ်ရာ မှာဖြစ်စေ ကိုယ့်လိပ်ပြာ ကိုယ်လုံပြီး ပြုလုပ်ရမှာ ရှက်ရွံ့တတ်တဲ့တရားကို ဟိရီလို့ခေါ်ပါတယ်၊ အထူးသဖြင့် ဘယ်သူမှ မသိဘူး ဆိုသော်လည်း ကိုယ်စောင့်နတ်များ၊ သာသနာကို ကြည်ညိုကြတဲ့နတ်ဗြဟ္မာများ၊ တန်ခိုးကြီးတဲ့ နတ်များက ကိုယ်မကောင်းမှုလုပ်တာကို သိနေမြင်နေကြရ တာမို့ မလုပ်မိအောင် ရှောင်ရပါမယ်။

၁၂။     နံပါတ် (၄) သြတပ္ပ။
သြတပ္ပ- မကောင်းမှုမှန်သမျှကို လုပ်ရမှာ ကြောက်လန့်တတ်တဲ့စိတ်ကို ခေါ်ပါတယ်။

၁၃။     နံပါတ် (၅) သုတ။
သုတ-  ဘာသာရေး အသိပညာစသော သံသရာမှ ထွက်မြောက်ကြောင်း သူတော်ကောင်းတရားမှန်သမျှကို တတ်သိ နားလည်နိုင်ခြင်းပါ။

၁၄။     နံပါတ် (၆) စာဂ။
စာဂ- သူတပါးအပေါ် ပေးကမ်းစွန့်ကျဲခြင်း၊ သာသနာတွင်းဖြစ်လျင် စေတနာထက်သန်စွာဖြင့် လှူဒါန်းခြင်း ဖြစ်ပါတယ်။

၁၃။     နံပါတ် (၇) ပညာ။
ပညာ- ဆိုတာ သံသရာမှထွက်မြောက်စေနိုင်သော သူတော်ကောင်း တရားမှန်သမျှကို တတ်သိနားလည်ခြင်း၊ နားလည်ရုံမျှ မကပဲ ကျင့်ကြံအားထုတ်ခြင်း၊ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ များကို လေ့လာဆည်းပူး အားထုတ်ခြင်း စတဲ့  မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့ ပညာများအားလုံးကို ရည်ရွယ်ပါတယ်။

အကျဉ်းချုပ် ကတော့--
ဘော- ဇာ - သီ- ဣံ လေးပါးနှင့်၊ ဈာန် လေးပါး၊ ပေါင်း (၈) ပါးကို
နောက်ထပ် သူတော်ကောင်းတရား (၇) ပါးပေါင်းထည့်လျင် စရဏ (၁၅) ပါးပြည့်သွားပါတယ်။
ဒါလောက်ဆိုလျင် စရဏ (၁၅)ပါး အားလုံးပြည့်စုံသွားပါပြီ။

အထက်မှာ ဆိုခဲ့သော ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးကို ဘုရားဂုဏ်တော်ကိုးပါးတွင် ပါဝင်သော ၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်မှာ ထည့်သွင်းထားတာမို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဂုဏ်တော်အားလုံးနှင့် ပြည့်စုံတော် မူပါတယ်၊ အဲဒီလို ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြု ရည်မှန်းကာ ဖြည့်ကျင့် ပွားများနိုင်ပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။


မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းတင်ပြသည်။














Sunday, June 8, 2014 | 0 comments | Labels: ,

0 comments:

Post a Comment