twitter


အိပ်မရဘူးကွယ်။
ကယောင်ချောက်ခြားနဲ့
အတွေးထဲကိုဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ပိုးနာမည်က
အလွမ်းတဲ့ ......

  ပထမဆုံး မဖြစ်ခဲ့ရင်တောင်
နောက်ဆုံးဖြစ်ချင်ပါတယ်ဆိုတဲ့ စကားသံက
ကောင်းကင်မှာ ရိုက်ခတ်
ငါ့ညတွေ အနားသတ်မလှခဲ့ပြီ။
သေရဲလား ရှင်ရဲလား ဘ၀မှာလဲ ရှင်သန်ခဲ့ဖူးရဲ့
မိတ်ဆွေ ဆိုတာတွေက
နောက်ကျောကို ဓါးနဲ့ထိုးတာလဲ ခံခဲ့ဖူးရဲ့
မမြင်ရတဲ့ မိုးကုပ်စက်ဝိုင်းကို
မျော်ကြည့်ဖူးတာလဲအကြိမ်ကြိမ်
ပြန်တွေးကြည်တော့
လာရာလမ်းက
ကောက်ကွေ့နေလို့ပဲလား......
ကံကြမ္မာကပဲ 
မတူညီတဲ့ ဘ၀နှစ်ခုကိုဖန်ဆင်းပေးခဲ့လေရော့သလား....

  ဆက်ဆက် မဆုံပါရစေနဲ့
နာကျင်မှုရယ်
ငါ့နှလုံးသားမှာ
နာကျင်မှုတွေများလှပါပြီ

  ဒီတစ်ခါ နာကျင်မှုက
ရှည်လျားလှသော သံသရာထဲ
အမြင့်မားဆုံးကို အလံထူရသလိုပါပဲကွယ်.. 
ငါ့အတွေးတွေချာချာလည်နေတယ်
ငါသိတာတစ်ခုက အလွမ်းပဲရှိတယ်

လွမ်းတယ်
လွမ်းတယ်
လွမ်းတယ်

ရန်သူစစ်စစ်ကိုလည်းလွမ်းတယ်
မိတ်ဆွေစစ်စစ်ကိုလည်းလွမ်းတယ်
ချစ်သူစစ်စစ်ကိုတော့ ပိုလွမ်းတာပေါ့။

တကယ်တမ်း 
တိုင်တည်ပြောကြစတမ်းဆိုရင် 
ကြယ်စင်တွေ သက်သေရှိတယ်
လေလှိုင်းကြားက သံစဉ်တွေ သိကြတယ်
တကယ်ကို အလွမ်းညတွေက
ကိုယ့်အတွက် အဖော်မွန်ကောင်းတွေ ဖြစ်ခဲ့မယ်ဆိုရင်
ဟိုး...အဝေးက မလေးကို ဆက်ပြီးလွမ်းနေဦးမှာပါကွယ် 
တကယ်ကိုလွမ်းခဲ့ရတာပါ မလေးရယ် မောင်မောင်မညာပါဘူး
အသေချာဆုံးတစ်ခုကတော့
မောင်မောင်
 အိပ်မရဘူးကွယ် မလေးရယ်.....







သတိရစွာဖြင့် 
စလင်းဇင်ယော် 
စုစည်းခံစားတင်ပြသည်။ 
Saturday, September 10, 2011 | 0 comments | Labels:

0 comments:

Post a Comment