***စလင်းမြို့ မှ တကောင်းမျိုးတို့ဧ။် သမိုင်းအမွေအနှစ်များ*** စလင်းရုပ်စုံကျောင်းခေါ် မြောက်လေးစဉ်ကျောင်း
w61716
စလင်းရုပ်စုံကျောင်းခေါ် မြောက်လေးစဉ်ကျောင်း
w61717
ဖိုးသူတော်နှစ်ဦးပုံ သစ်သားပန်းပု
မြန်မာနိုင်ငံတွင် ပုဂံကဲ့သို့ စေတီပုထိုး ပေါများ၍ ရှေးဟောင်း အမွေအနှစ် ကြွယ်ဝသော မြို့များကို ပြပါဆိုလျှင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ စလင်း၊ စကုနှင့်စလေမြို့တို့ကို ဖော်ပြရမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုမြို့များတွင် ပုဂံခေတ် လက်ရာများအတိုင်း စေတီပုထိုး အမြောက်အမြား တည်ရှိ၍ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများလည်း တည်ရှိသောကြောင့် ဖြစ်သည်။
ပထ၀ီ အနေအထားအရ ကြည့်ပါက မြန်မာနိုင်ငံ၏ အဓိကပင်မရေစီး ဖြစ်သော ဧရာဝတီမြစ်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တည်ရှိကြပြီး ထိုမြို့သုံးမြို့၏ အစအက္ခရာမှာ စလုံးအက္ခရာ ဖြစ်နေသည်မှာလည်း ထူးခြားသည့် ၀ိသေသတစ်ခု ဖြစ်သည်။ ပို၍ ထူးခြားသည်မှာ လူသိများ ထင်ရှားသော စလေရုပ်စုံ ကျောင်းကဲ့သို့ ပန်းပုရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားသော ရှေးဟောင်းဘုန်းကြီးကျောင်းများမှာ စကုမြို့နှင့် စလင်းမြို့တို့တွင်လည်း တည်ရှိနေခြင်း ဖြစ်သည်။
မကွေးတိုင်း ဒေသကြီးအတွင်းတွင် ထိုသို့ ရုပ်စုံကျောင်းများမှာ ပခုက္ကူနယ်မှ ပခမ်းကြီးနှင့်စလေ၊ စကု၊ စလင်းမြို့တို့ အပါအ၀င် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ဘုရားလမ်းခွဲမှ လယ်ကိုင်းနယ်တို့တွင် တည်ရှိကြောင်း သိရသည်။ ထိုကျောင်းများအနက် ပခမ်းကြီး ရုပ်စုံကျောင်းမှာ အကြီးဆုံး ဖြစ်၍ စလင်းရုပ်စုံကျောင်းမှာ ဒုတိယ အကြီးဆုံး ဖြစ်ကြောင်း သိရသည်။
စလင်းမြို့သည် မကွေးမြို့မှ ၄၅ မိုင် အကွာတွင် တည်ရှိ၍ ဧရာဝတီမြစ်၏ အနောက်ဘက်လမ်းအတိုင်း သွားမည်ဆိုပါက ဧရာဝတီတံတား (မကွေး)မှတစ်ဆင့် မင်းဘူး၊ မန်းရေနံ၊ စကု၊ လယ်ကိုင်း၊ ပွင့်ဖြူ၊ ရှောက်တော စသည့်မြို့၊ ရွာများကို ဖြတ်၍ သွားရသည်။
အနောက်ဘက်ဆီမှ ထောင်သီးတောင်၊ နတ်မတောင်တို့က တံတိုင်းများသဖွယ် ရံလျက်၊ ၀က်သည်းကန်ကလည်း ကျုံးတစ်ခုသဖွယ် ၀န်းရံလျက် ရှိသော စလင်းမြို့သည် ရှေးဟောင်းစေတီ၊ ပုထိုးများစွာကို ရင်ခွင်ထဲတွင် ဌာပနာ၍ တကောင်းလူမျိုးတို့၏ အမွေလောက မှန်ကင်းတိုက်ကျောင်းနှင့် မြောက်လေးစဉ် ရုပ်စုံကျောင်း တို့ကို ထွေးပွေ့လျက်ရှိသည်။
စကုမြို့မှအထွက် စကုချောင်းကူးတံတားကို ကူးဖြတ်ပြီးသည်နှင့် စပါးခင်း ပင်လယ်ပြင်ကြီးကို ငေးမ၀မီတွင် ရှေးဟောင်းရွာကြီးတစ်ရွာ ဖြစ်သော လယ်ကိုင်းရွာသို့ ရောက်သည်။ ထိုလယ်ကိုင်းရွာမှာ ငါးများကို အစာကျွေးရင်း ဘုရားဖူးများလာ လေ့ရှိသော စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားသို့ သွားရာလမ်းနှင့် စလင်းမြို့သို့ သွားရာလမ်းတို့ ဆုံသောနေရာ ဖြစ်သည်။ လယ်ကိုင်းရွာ၏ အရှေ့မြောက် ဧရာဝတီမြစ်ဘက်ဆီတွင် ကျောင်းတော်ရာဘုရား တည်ရှိပြီး စလင်းမြို့သို့ သွားသောလမ်းမှာ လယ်ကိုင်းရွာ၏ အနောက်မြောက်သို့ လိုက်ရသည်။
လယ်ကိုင်းရွာမှ ထွက်သည်နှင့်လည်း စပါးခင်းများကို မြင်တွေ့ရပြီး ရှစ်မိုင်ခရီးခန့် သွားမိသော ပွင့်ဖြူမြို့သို့ ရောက်သည်။ ပွင့်ဖြူမြို့မှ ထွက်သည်နှင့် ''မုန်းချောင်းကို ကျော်တဲ့အခါ ရောက်ပါတော့မယ်။ ကျွန်မတို့ ကုန်းဇောင်းရွာ''ဟူသော သီချင်းစာသားထဲကအတိုင်း မုန်းချောင်းတံတားကို ဖြတ်ကူး၍ ရှောက်တော၊ ကုန်းဇောင်း ရွာများအနီးမှ ဖြတ်သွားရသည်။
ထိုရွာကို ကျော်ဖြတ်လာမိသော် အနောက်ဘက်တွင် နတ်တောင်တန်းများ ၀န်းရံ၍ အရှေ့ဘက်တွင် စပါးခင်းများ ကာစည်းထားသည့် သစ်ပင်ကြီးများက ထီးလိုမိုးအုပ်ထားသော စလင်းမြို့သို့ ရောက်ပါသည်။ စလင်းမြို့သို့ ၀င်လျှင်ဝင်ချင်း လမ်းအရှေ့ဘက်ခြမ်းရှိ ရှေးဟောင်းစေတီ ပုထိုးများနှင့် ဘုန်းကြီးကျောင်းများ၏ မြင်ကွင်းနှင့် မြို့၏အလယ်မှ ရွှေတန်ဆာ စေတီတော်အား ဖူးတွေ့လိုက်ရသောအခါ ကြည်နူးပီတိသည်သာ စိတ်အစဉ်မှာ ကျန်ရှိတော့သည်။
စလင်းမြို့သည် အနောက်ဘက် တောင်တန်းများဆီမှ ဆင်းလာသော ချင်းလူမျိုးများနှင့် မြေပြန့်ဒေသမှ လူမျိုးများအား ကုန်စည်ဖလှယ်ပေးရာ မြို့တစ်မြို့လည်း ဖြစ်သည်။ စလင်းမြို့ထွက် ဆန်ကို ချောက်၊ ရေနံချောင်းနှင့် မန္တလေးမြို့တို့အထိ တင်ပို့လေ့ ရှိကြသည်။
စလင်းမြို့မှ အရှေ့ဘက်သို့ ထွက်ပါက ဆင်ဖြူကျွန်းမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် တညောင်၊ ဆိပ်ဖြူမှ အနော်ရထာ မြစ်ကူးတံတားကို ဖြတ်၍ ချောက်မြို့သို့ ရောက်သည်။ ချောက်မှ အရှေ့မြောက်အရပ်သို့ ထွက်လျှင် ပုဂံ၊ ညောင်ဦးမြို့များသို့ ရောက်၍ အရှေ့တောင်ဘက်သို့ ထွက်ပါက ကျောက်ပန်းတောင်း၊ မိတ္ထီလာမှ မန္တလေးမြို့သို့ ရောက်နိုင်သည်။
စလင်း၊ ဆင်ဖြူကျွန်းလမ်းဘေး တစ်ဖက်တစ်ချက်တွင် ရှေးဟောင်း စေတီပုထိုးများနှင့် ပြည့်နေပြီး ညောင်နှစ်ပင်ကျောင်းနှင့် လောကမှန်ကင်း ကျောက်တိုက်တို့မှာ စလင်းမြို့၏ အထင်ကရ ဘုန်းကြီးကျောင်းများ ဖြစ်ကြသည်။ ထို လောကမှန်ကင်း ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း ကျောင်းတိုက်ကြီးတစ်ခုမှာ မင်းတုန်းမင်း လက်ထက်တွင် တကောင်းလူမျိုးများမှ ကျွဲထိရွာ ဆရာတော် ဦးဇောကအား ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
စလင်းမြို့၏ အနောက်ဘက် စေတုတ္တရာသို့ သွားရာလမ်းဘေးတွင် ၀က်သည်းကန်ဟု ခေါ်သော ကန်ကြီးတစ်ကန် ရှိကြောင်း သိရသည်။
ထိုဝက်သည်းကန်မှာ မြို့၏အနောက်ဘက်မှနေ၍ ကျုံးသဏ္ဌာန်ဖြင့် စလင်းမြို့ကို ၀န်းရံလျက်ရှိသည်။ ကန်ပြင်တစ်ခုလုံး၏ ဧရိယာမှာ ၁၀ ဒသမ ၈၈ ဧက ကျယ်ဝန်းပြီး ကန်ပတ်လယ် အလျားမှာ ၄ ဒသမ ၇၃ မိုင် ရှိကြောင်း သိရသည်။ သက္ကရာဇ် ၅၅၆ ခုနှစ်က စတင် တူးဖော်ခဲ့သော ထိုဝက်သည်းကန်ပြင်တစ်ခွင်လုံးတွင် ကြာရွက်၊ ကြာပန်းတို့က အလှဆင် ထားသည်။ ယခုအခါ ထိုဝက်သည်းကန်ကြီးကို သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ထားရှိသည်။
ထိုဝက်သည်းကန်၏ တောင်ဘက် မလှမ်းမကမ်း၊ စေတုတ္တရာလမ်း၏ အရှေ့ဘက်တွင် စလင်းရုပ်စုံကျောင်းခေါ် မြောက်လေးစဉ်ကျောင်း တည်ရှိသည်။ ထိုကျောင်းကြီးမှာ ဘုံခုနစ်ဆင့်နှင့် ပြဿဒ် အဆောက်အအုံ ဖြစ်ပြီး အရှေ့အနောက် အနေအထားဖြင့် တည်ရှိသည်။ ကျောင်းကြီးတွင် ဘုရားဝန်းခေါ် ပြဿဒ်ဆောင်၊ အလယ်ဝန်းခေါ် ဓနုဆောင်နှင့် ကျောင်းမကြီးခေါ် ဇေတ၀န်ဆောင် ဟူ၍ အဆောင်သုံးမျိုးဖြင့် ဖွဲ့စည်း တည်ဆောက်ထား ပြီး ကျောင်းတစ်ကျောင်းလုံး၏ အရှေ့အနောက် အလျားမှာ ၁၇၈ ပေ ၈ လက်မရှိ၍ တောင်မြောက် ၇၅ ပေ ရှိသည်။ ကျောင်း၏ လေးဘက်လေးတန် နံရံများကို သစ်သားမှန်ခံကွက်များဖြင့် ကာရံထားပြီး သစ်သားမှန်ခံကွက် တစ်ခုချင်းစီတွင်လည်း ပန်းပွင့် ဖောင်းကြွများဖြင့် အလှခြယ်ထားသည်။ ဘုံခုနစ်ဆင့် ပါရှိသော ပြဿာဒ်တစ်ခုလုံးတွင်လည်း ရုပ်လုံး၊ ရုပ်ကြွ၊ ကနုတ်ပန်းများဖြင့် ထွင်းထုထားပြီး ကျောင်းလက်ရန်းတိုင်များနှင့် အကာများတွင် ဗုဒ္ဓ၀င် ဇာတ်တော်လာ ဇာတ်လမ်းဇာတ်ကွက် တစ်ခုချင်းအလိုက် ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားသည်။
ထိုရုပ်စုံကျောင်းကြီးကို မြန်မာနှစ် ၁၂၃၀ ခုနှစ် ခရစ်နှစ် ၁၈၆၈ ခုနှစ်က တည်ဆောက်ခဲ့သောကြောင့် ယခုဆိုလျှင် နှစ်ပေါင်း ၁၄၀ ကျော် သက်တမ်းရှိပြီ ဖြစ်သည်။ ထိုရုပ်စုံကျောင်းကြီးကို မြောက်လေးစဉ်ကျောင်းဟု ခေါ်ဆိုရခြင်းမှာ ထိုကျောင်းကြီး နှင့် ပုံစံတူ တောင်လေးစဉ်ကျောင်း ဟူ၍လည်း တည်ရှိခဲ့သောကြောင့် ဖြစ်သည်။
ထိုကျောင်းကြီး နှစ်ကျောင်းကို တကောင်းမျိုးနွယ် ညီအစ်မများ ဖြစ်ကြသော ကျောင်းဒကာမကြီး ဒေါ်နုနှင့်ဒေါ်ယုတို့က ပုံစံတူ တည် ဆောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဂျပန်တပ်များအပြေး အင်္ဂလိပ်တပ်များမှ ကျွဲညီနောင် လေယာဉ်များဖြင့် ဗုံးကြဲစဉ်က တောင်လေးစဉ်ကျောင်းမှာ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုစဉ်က ဂျပန်တပ်များမှာ ယခု ကျန်ရှိနေသော မြောက်လေးစဉ်ကျောင်းတွင် ပုန်းခိုနေခဲ့ပြီး အင်္ဂလိပ်တပ်များက တောင်လေးစဉ်ကျောင်းဟု သတင်းမှားရ၍ ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ စစ်၏ဆိုးကျိုးက ရှေးဟောင်း အမွေအနှစ် တောင်လေးစဉ် ရုပ်စုံကျောင်းကြီးကို အုတ်ခုံများသာ ကျန်ရစ်စေခဲ့သည်။
မြောက်လေးစဉ် ရုပ်စုံကျောင်းကြီး၏ ပြဿာဒ်ဆောင်ခေါ် ဘုရားခန်းကို ၈ ပေ ၆ လက်မ အကျယ်ရှိသော အခန်းများဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး အမြင့်မှာ စိန်ဖူးတော်အထိ ပေ ၁၀၀ ရှိသည်။ ထိုပြဿာဒ်ဆောင်ထဲတွင် နှစ်ထပ်ပန်းကနုတ် များဖြင့် အလှဆင်ထားသော ပလ္လင်နှင့် ရှေးဟောင်း ဘုရားဆင်းတုများ တည်ရှိသည်။
ပြဿာဒ်ဆောင်၏ မျက်နှာကျက်ကို မှန်စီရွှေချ၍ အလှဆင်ထားသည်။ ပြဿာဒ်ဆောင်၏ တောင်ဘက်နှင့် မြောက်ဘက်တွင် အင်္ဂတေပန်း ကနုတ်များ၊ နတ်ရုပ်များ ထွင်းထုထားသော မုခ်ဦးပါ အုတ်တံတားတစ်စင်းစီ ပါရှိသည်။ ယခုအခါ ထိုအုတ်လှေကား တံတားများ၏ လက်ရန်းအကာများမှ အင်္ဂတေသားများ ကွာကျပြီး အုတ်ကွက်များသာ ကျန်ရှိတော့သည်။
ရုပ်စုံကျောင်းကြီး၏ အလယ်ဆောင်ခေါ် ဓနုဆောင်ထဲတွင် လက်ရှိ ကျောင်းထိုင်ဆရာတော် ဦးဉာဏ သီတင်းသုံး နေထိုင်လျက် ရှိပြီး ရှေးဟောင်း တရုတ်ဖန်မီးဆိုင်းများ၊ ရှေးဟောင်း တိုင်ကပ်နာရီနှင့် နာရီကို ထမ်းထားသည့်ဟန် သူငယ်တော် သစ်သားပန်းပုရုပ်လည်း တည်ရှိသည်။ ဓနုဆောင်၏ အနောက်ဘက် နံရံအခြေတွင် တရားဟောပလ္လင်သဏ္ဌာန် ခုံမြင့်တစ်ခုလည်း တည်ရှိသည်။
ထိုဓနုဆောင်၏ တောင်ဘက်နှင့်မြောက်ဘက်တွင်လည်း အုတ်လှေကား တံတားတစ်စင်းစီပါရှိပြီး ထိုအုတ်လှေတံတားများ၏ ဘေးလက်ရန်း အကာများတွင် မီးကျောင်းမှ မီးနှင့်မှုတ်နေဟန် ပန်းကနုတ် အင်္ဂတေများဖြင့် အလှဆင်ထားသည်။ ကျောင်းမကြီးခေါ် ဇေတ၀န်ဆောင်မှာ အမြင့်ပေ ၆၀ ရှိပြီး အခန်းတစ်ခန်းလျှင် ၁၀ ပေ ကျယ်ဝန်းသည်။
ရုပ်စုံကျောင်းကြီး တစ်ကျောင်းလုံးတွင် စုစုပေါင်း တိုင်လုံးအကြီး၊ အသေး ၂၄၅ တိုင် ပါရှိသည်။ ပြဿာဒ်ဆောင်တွင် တိုင်လုံး ၂၅ လုံး၊ ဓနုဆောင်တွင် တိုင်လုံး ၁၄ လုံး၊ ကျောင်းမကြီးဆောင်တွင် တိုင်လုံး ၈၀ နှင့် ကြမ်းပြင်လက်ရန်းတိုင်ပေါင်း ၁၂၆ တိုင် ဖြစ်သည်။ ထိုတိုင်လုံးများတွင် တိုင်လုံးအကြီးမှာ လုံးပတ် ၄ ပေ၊ ၄ လက်မရှိ၍ တိုင်လုံးအသေးမှာ လုံးပတ်၂ ပေ၊၂ လက်မ ရှိကြသည်။
ထိုစလင်းရုပ်စုံကျောင်းခေါ် မြောက်လေးစဉ်ကျောင်းမှာ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ရုပ်စုံကျောင်းများအနက် ဒုတိယအကြီးဆုံး ကျောင်းကြီး ဖြစ်ပြီး လူသိများ ထင်ရှားသည့် စလေရုပ်စုံကျောင်းထက် ပို၍ ကြီးမားသည်။ စလင်းရုပ်စုံကျောင်း၏ တိုင် လုံးများနှင့် လက်ရန်းများတွင် ထွင်းထုထားသော ရုပ်လုံးကြွနှင့် ပန်းကနုတ် အချို့မှာ လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးလျက်ရှိပြီး ပြုတ်ကျနေသော ရုပ်တုများကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။ ကျောင်းမကြီးဆောင်နှင့် ဇေတ၀န်ဆောင်တို့၏ တောင်ဘက်ဝရံတာများတွင် ကြမ်းခင်းများလုံးဝမရှိတော့ဘဲ လက်ရန်းတိုင်များသာ ကျန်ရှိတော့သည်။
ထိုစလင်းရုပ်စုံ ကျောင်းကြီးမှာ ဒုတိယကမ္ဘာစစ် အတွင်းက ဗုံးမှား၍ အချခံရသောကြောင့် မပျက်စီးခဲ့သော်လည်း လေဒဏ်မိုးဒဏ် ပြဿဒ်ဆောင်မှာ လုံးဝပြိုကျလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ၂၀၀၃ ခုနှစ်က အစိုးရ၏ အစီအစဉ်ဖြင့် မန္တလေးမြို့မှ ဆရာကံချွန်နှင့် သားတပည့်များ နန်းမြို့မြန်မာ့ပန်းပုလုပ်ငန်းမှ တာဝန်ယူ ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အနောက်ဘက်ဆီမှ ထောင်သီးတောင်၊ နတ်မတောင်တို့က တံတိုင်းများသဖွယ် ရံလျက် ၀က်သည်းကန်ကလည်း ကျုံးတစ်ခုသဖွယ် ၀န်းရံလျက်ရှိသော စလင်းမြို့သည် ရှေးဟောင်းစေတီ၊ ပုထိုးများစွာကို ရင်ခွင်ထဲတွင် ဌာပနာ၍ တကောင်း လူမျိုးတို့၏ အမွေလောက မှန်ကင်းတိုက်ကျောင်းနှင့် မြောက်လေးစဉ် ရုပ်စုံကျောင်းတို့ကို ထွေးပွေ့လျက် ရှိပေတော့သည်။
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ဆက်သည်။

0 comments: