twitter




တစ်နေ့ထက် တစ်နေ့ ဘန်ကောက်မြို့ကြီး ရေအောက် ရောက်ဖို့ ရှိလာသည်။ အဆိုးမြင်ပညာရှင် အများစုက ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံရဲ့ မြို့တော် အစိတ်အပိုင်းအချို့ ပင်လယ်ရေအောက် နစ်မြှုပ်သွားဖွယ် ရှိသည်ဟု အပြတ်ဟောကိန်းထုတ်နေကြသည်။ ကျွမ်းကျင်သူများက ဖြစ်လာမယ့် ဘေးအန္တရာယ်ဆိုးကို ကာကွယ်ဖို့ မည်သည့်ပေါ်လစီမှ ပြင်ဆင်မှုမရှိသေးသည့်အတွက် အစိုးရကို အပြစ်တင်နေကြသည်။
ကျရောက်မည့် သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးက၊ ပြည်ပြေး သက်ဆင်ရဲ့ နှမလေး၊  ဇူလိုင် ၃ ရက်နေ့မှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ခွန်ယင်လပ် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမည်။ ကလေးတစ်ယောက် လက်ပ်တော့ ကွန်ပျူတာတစ်လုံး ပေးမယ့် ခွန်ယင်လပ် အတွက်၊ ဘန်ကောက် ရေအောက်မရောက်အောင်  ကြိုတင်လုပ်ဖို့က အဓိက အရေးပေါ်တာဝန် ဖြစ်လာမည်။ ရာသီဥတု ပြောင်းလဲမှု၊ ပင်လယ်ရေ မြင့်တက်မှု၊ ပင်လယ်ကမ်းရိုးတမ်းများ တိုက်စားပြိုကျမှု စတဲ့ ပေါင်းစု ပျက်စီးမှုများကြောင့် ကျောက်ဖရား မြစ်ဝကျွန်းပေါ်ရှိ ဘန်ကောက်မြို့ကြီးရဲ့ နိဂုံးကံကြမ္မာမှာ မတွေးဝံ့စရာ ဖြစ်သည်။
အယုဒ္ဓယမြို့တော် မြန်မာများရဲ့ ဖျက်ဆီးခံရပြီးနောက်၊ ၁၇၈၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့တွင် ချာကရီမင်းဆက်က ဘန်ကောက်မြို့တော်ကို စတင်တည်ထောင်အုပ်စိုးခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
မိုးမျှော်တိုက်ကြီးများ ထိုးထိုးထောင်ထာင် ၀ိုင်းပတ်ထားသည့် ဘန်ကောက်မြို့တွင် လက်ရှိ လူ ၁၀ သန်းကျော် နေထိုင်လျက်ရှိသည်။ တစ်နှစ်ထက်တစ်နှစ် အပေါ်ယံမြေဆီလွှာ ၁.၅ မှ ၅.၃ စင်တီမီတာ လျော့ပါးကျဆင်းလျက် ရှိပြီး၊ လူအများအပြားနေထိုင်သည့် နေရာများကို ပင်လယ်ရေ လွှမ်းသွားဖို့ ရှိနေသည်။
တက်လာမည့် ပင်လယ်ရေက အဆောက်အဦ အိမ်ခြေ ၁ သန်းကျော်ကို အနှေးနှင့် အမြန် အန္တရာယ်ပေးမည့် အနေအထား ရှိသည်။ ဘန်ကောက်မှ ၁၅ ကီလိုမီတာဝေးသော ဆာမောင့် ဖရာခန် ဆိပ်ကမ်း ရပ်ကွက်ကြီးရှိ လူနေအိမ်များမှာ နှစ်စဉ် မြစ်ရေလွှမ်းမှုခံနေရသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့မှ ထုတ်တဲ့ ရီပို့များတွင် ရာသီဥတု အပြောင်းအလဲကြောင့် ဘေးအန္တရာယ်ကျရောက်မည့် ကမ္ဘာ့မြို့ကြီးများ စာရင်းမှာ ဘန်ကောက်က ထိပ်ဆုံးက ပြေးနေသည်။ ဘန်ကောက်မှ ကမ္ဘာ့ဘဏ်အရာရှိ Jan Bojo က ‘ဘန်ကောက် ရေနစ်တော့မည့် အဓိကအကြောင်း တစ်ခုမှာ မြေအောက်ရေများကို အလွဲသုံး စုတ်ထုတ် ခြင်းကြောင့် ဖြစ်သည်’ ဟု ဆိုသည်။ လာမယ့် နှစ်အနည်းငယ်အတွင်း အခြေအနေဆိုးဆိုက်ဖွယ် ရှိမရှိဆိုသည်ကို ပညာရှင်များကြား အငြင်းအခုန် ဖြစ်နေကြသည်။ သို့သော် သေချာတာက ‘၂၁၀၀ ခုနှစ်တွင် ဘန်ကောက်သည် အတ္တလန်တစ် အသစ် ဖြစ်သွားတော့မည်’ ဟု ပညာရှင်အားလုံးက သဘောတူ သလောက် ရှိသည်။ အကယ်၍ မည်သည့် တင်ကြိုပြင်ဆင် ဆောင်ရွက်မှုမှ မလုပ်ခဲ့ရင်တော့၊ ၂၀၃၀ ခုနှစ် မှာတင် ဘန်ကောက် ကိစ္စတုံးသွားနိုင်သည်ဟု ထိုင်းနိုင်ငံ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာန အကြီးအကဲ Smith Dharmasaroja ခန့်မှန်းထားသည်။
တစ်ခုထဲသော ဖြေရှင်းနည်းမှာ ကြီးမားသော ပင်လယ်ရေကာ တံတိုင်းကြီးများ ကမ်းခြေတလျှောက် တည်ဆောက်ဖို့ ဖြစ်သည်။ ၄င်း ပရော့ဂျက်အတွက် ယူရို ၂ ဘီလီယံခန့် ကုန်ကျမည်ဟု ဆိုသည်။
သို့သော် အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းပညာရှင် Anond Snidyongs က ‘ပင်လယ်ရေကာ တံတိုင်းကြီးများ တည်ဆောက်မှုကလည်း အသုံးမ၀င်နိုင်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပင်လယ် ကမ်းရိုးတမ်း တိုက်စားခံရမှု များလာတာကြောင့် ကာကွယ်ဖို့ ကြိုစားလည်း မရတော့ကြောင်း၊ စကတည်းက ဘန်ကောက်ကို ရွှံ့မြေပေါ်တည်ထားတာဖြစ်ပြီး၊ မြို့က ပင်လယ်ရေ အထက် ၁.၅ မီတာအမြင့်သာရှိကြောင်း’ မျှော်လင့်ချက်မဲ့ စကားကို ပြောဆိုသည်။
ဘန်ကောက်၏ အနာဂတ်မှာ အနှေးနှင့် အမြန် အတ္တလန်တစ်ပင်လယ်သစ် ဖြစ်ဖို့သာရှိကြောင်း ပညာရှင်များ ရင်ထိတ်နေကြသည်။


မောက္ခ နိုင်ငံတကာသတင်း




မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Saturday, July 23, 2011 | 0 comments |
အတိုင်းအဆမဲ့  လွမ်းရပါသော
အနှိုင်းမဲ့ အမေ.....
အထာလေးတွေနဲ့ စာရေးကာ
သားအမေ့ဆီသို့ သတိရစွာဖြင့်..
ပေးပို့လိုက်ပါတယ် အမေ.......

သားလေ မကြာသေးမှီအချိန်ကဘဲ
လိုတာလေးတွေ မရသေးလို့
မလေးရှားမှာ သား
အိုဗာစတေးလိုက်တယ်.....အမေ
ဒါမှလည်း   သားအတွက်
အတိုအထွာလေးတွေ ဆွဲပြီး
ပိုတာလေးတွေ ထုခွဲရောင်းချ
အခြေမလှတဲ့ ဘ၀ကို
ဆွဲတင်ပေးခဲ့တဲ့ အမေ့ဆီသို့
လုံလောက်ငှစွာ ပေးပို့နိုင်မှာမိုလို့ပါ... အမေ


တစ်ခါတစ်လေကျတော့
ငွေမက်တဲ့လူတွေရဲ့   နောက်မှာ
သားလို  အနှိမ်ခံလူတစ်ယောက်  အနေနဲ့
အမေရှိတဲ့  အိမ်ကိုပဲ  ပြန်လာချင်မိတယ်....အမေ
ခွဲခြားတဲ့ လူတန်းစားတွေကြားမှာ
ဆွဲစားတဲ့ ပွဲစားတွေကလည်း ပေါလိုက်တာ....အမေရယ်

ဒီကြားထဲ ရေတွက်ထားတဲ့ ငွေလေးတွေစုပြီး
မမျှော်လင့်ဘဲ ရဲကားနဲ့ တွေ့လို့ကတော့
ကျွန်တော်ဖြင့် လွဲမှားတဲ့ ညတစ်ခုလိုဘဲ..အမေ
ပါတာလေးတွေ ပေးပြီ အသာအယာလေး
ပြန်ခဲ့ရတယ်....အမေ
ဒါဟာ ကိုယ့်တိုင်းပြည်မှ မဟုတ်တာ....

အရိပ်မတူတဲ့ တစ်နေရာမှာ ရောက်နေပေမဲ့
အမေ သားအတွက် ဘာမှစိတ်မပူပါနဲ့ .....အမေ
အနေဝေးနေပေမဲ့
အမေ မွေးလိုက်တဲ့သားရဲ့  ကိုယ်ထဲမှာ
အမေပေးလိုက်တဲ့ သတ္တိသွေးတွေ လည်ပတ်နေတယ် အမေ

အထာအပိုတွေ  မမြင်နိုင်ဘဲ
မနာလိုသူတွေ အထက်မှာ
သား ဘာမဆို ရင်ဆိုင်ပြီး အမေရှိမဲ့
အညာမြေကိုပဲ ပြန်ခဲ့တော့မယ်....အမေ

စာလည်းရှည်နေပြီမိုလို့..
ဒါဘဲနော်အမေ........


အနာဂတ်လမ်းမှာ အမေစိတ်ချမ်းသာဖို့
ငွေအိတ်ထမ်း ပြန်မလာနိုင်သေးတဲ့
အမေ့ရဲ့ အဝေးရောက်သား.....
Wednesday, July 20, 2011 | 0 comments | Labels:




လွတ်လပ်ရေးဆိုလို့ ခင်းဗျားတို့ကို ကျွန်တော်ပြောပြမယ် လွတ်လပ်ရေးဆိုတိုင်း ပဒေသာမြေက မပေါက်နိုင်ဘူးဆိုတာ ခင်းဗျားတို့ကို ကျွန်တော်ရှင်းပြ ခဲ့ပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ခင်းဗျားတို့ စိတ်ထဲမယ် လွတ်းလပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို ဖြစ်သလဲဆိုရင်၊ စိတ်ကူးက ဘယ့်နှယ် စိတ်ကူး ကြသလဲဆိုလို့ ရှိရင် ပဒေသာပင်ကြီး ချက်ချင်ပေါက်လာတော့ မလိုလို၊ နေချင်းညချင်းပဲ ပေါက်လာတော့မလိုလို ခင်းဗျားတို့ ထင်ကြတဲ့ သူတွေက များတယ် တစ်ချို့ကလဲပဲ ငါ လွတ်လတ်ရေး ရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ကား ကျွန်တော်တို့ အရင် တစ်ခါတုန်းက တွေခဲ့တယ်။ ဂျပန်ခေတ် တုန်းက ဂျပန်ခေတ်ဗမာ့ လွတ်လတ်ရေးပေါ့လေ၊                                အဲဒီတုန်းက ဆိုလို့ရှိရင်လွတ်လတ်ရေးရပြီ ဆိုပြီးတော့ ဟင်္သာတနယ်ဘက်မှာ ကွန်တော်တွေ့ ခဲ့ရတယ်တယ်။ ဘာတွေလဲ ဆိုရင် လူတစ်ယောက်က လမ်းမပေါ်မယ် ထွက်ပြီးတော့ ဆေးဖျန်းတယ် "ငါ လွတ်လတ်ရေးရပြီိကွ" ဆိုပြီးတော့ လူတကာသွားတဲ့ လမ်းမပေါ်ထွက်ပြီး ဆေးဖြန်းတယ်ဗျ။  အဲတော့ကား လမ်းသွား လမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတာပေါ့။ အဲဒါဟာ လွတ်လတ်ရေးမဟုတ်ဘူး လွတ်လတ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ လွတ်လတ်ရေးဆို တာဟာ ကိုယ်တစ်ဦး တစ်ယောက် ကောင်းစားဖို့ဖြစ်စေ တစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမယ် တစ်ခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို မထိခိုက်ပဲနဲ့ လွတ်လွတ် လပ်လပ် ကိုယ့် တိုးတက်မှု့အတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။ ဥပမာ ခင်းဗျား စီးပွားရေး စီးပွား ဖြစ်ထွန်းအောင် လုပ်တဲ့နေရာမယ် အနှောက်အယှက် မရှိစေရဘူး။ တခြားလူတွေရဲ့ အကျိုးကို မထိပါးရဘူး။ တိုင်းပြည်တပြည်လုံးရဲ့ အကျိုးကိုမထိခိုက်ဘူး၊ တခြားသူတွေရဲ့ အကျိုးကို မထိ ခိုက်ဘူးဆိုရင် ခင်းဗျားလွတ်လွတ် လတ်လတ် လုပ်နိုင်တဲ့ အခြေနေရှိရမယ်။ သို့သော်လည်းပဲ သူများနိုင်ငံရဲ့ လွတ်လတ်ရေးကို သွားနှောက်ယှက်တဲ့ လွတ်လတ်ရေးဟာ လွတ်လတ်ရေး မဟုတ်ဘူး။ အဲဒီဟာက ဘာလဲဆိုလို့ရှိရင် ရမ်းကားမှု့မျှသာ ဖြစ်တယ်။ ဒီတော့  လွတ်လတ် ရေး ဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့ သဘေားမျိုးမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုး သာလျှင် ဖြစ်တယ်။ စည်းနဲကမ်းနဲ့ ရှိမှသာလျှင် လွတ်လတ်ရေးဆိုတာလဲပဲ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လတ်ရေးဆိုတာကို ကျွန်တော်တို့ရတဲ့အခါမှာ နားလည်းရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီးစည်းကမ်းရှိဖို့လိုတယ်။ လွတ်လတ်ရေးရအောင်လည်းပဲ ငါတို့ တိုင်းပြည် ဟာ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလိုအားဖြင့်စည်းကမ်းသဘောကို နားလည်ပြီး စည်းနဲကမ်းနဲ့ အလုပ်လုပ်ကျမှ လွတ်လတ်ရေးဆိုတာကို ခင်းဗျားတို့ တကယ်ရမယ်။ နောက်ပြီးတော့တစ်ခါ လွတ်လတ်ရေးရတဲ့ အခါမယ် လွတ်လတ်ရေးရတဲ့ အခွင့်ရေးတွေ ရမယ်။ လွတ်လတ်ရေးရတဲ့ အခါမယ် ခင်းဗျားတို့ အခွင့်ရေးတွေ ပိုရတာတွေလဲရှိမယ်။ အခွင့်ရေးတွေပိုရသလိုပဲ တာဝန်တွေမှာလဲ ပိုလာလိမ့်မယ်။ ဘယ်လိုတာဝန်တွေ ပိုလာလိမ့် မလဲဆိုရင် ဒီတိုင်းပြည်ကို အင်္ဂလိပ်အုပ်ချုပ်နေတုန်း အခါက ဒီဗမာပြည်ကို ကာကွယ်ဖို့တာဝန် ဟာ အင်္ဂလိပ်အစိုးရရဲ့ တာဝန်သာဖြစ်တယ်။ သို့သော်လည်ပဲ ဒီဗမာပြည်ကို လွတ်လတ်ရေး  ရတဲ့အခါမယ် ဗမာတွေက သာပင် ဗမာပြည်ကို ကာကွယ်ရမဲ့ တာဝန်ဟာ အဓိကဖြစ်တယ်။ အဲဒီတော့ အရင်တုန်းကလို ခင်းဗျားတို့ အေးအေးဆေးဆေး နေလို့ မဖြစ်နိုင်တော့ဘူး။ ကျုပ်တို့ တိုင်းပြည်အစိုးရလုပ်တဲ့ သူက တိုင်းပြည်ကာကွယ်ဖို့ အတွက် ဗမာပြည်မယ် စစ်သားတွေနည်းနေတယ် ဆိုလို့ရှိရင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့ သူမှန်သမျှ၊ ကျန်းမာတဲ့သူတွေ မှန်သမျှ စစ်မှု့ မထမ်းမနေရ ဆိုပြီးတော့ အတင်းဥပဒေနဲ့အနေနဲ့ စစ်ထဲမယ် ထည့်သင့်ရင် ထည့်ရလိမ့်မယ်။ အဲဒါမျိုးတွေ လုပ်တန် လုပ်ရလိမ့်မယ်။ တစ်နှစ်တန်စေ သုံးနှစ်တန်စေ ၀င်ပြီးတော့ စစ်ထဲမယ် လုပ်ရလိမ့်မယ်။ အဲဒီလို လုပ်ပြီးတဲ့နောက် စစ်ဖြစ်တဲ့ အခါမယ် ဆိုရင်တော့၊ ၀င်တိုက်ရမယ့်အချိန်မှာတော့၊ ခင်ဗျားတိုက်ချင်ချင် မတိုက်ချင်ချင် အဲဒါ ၀င်တိုက်ကို တိုက်ရမှာပဲ။ အဲဒါက ခင်ဗျားတို့တာဝန်ပဲ။ ဒါဟာ လွတ်လတ်ရေးရတဲ့ အခါ ဖြစ်လာမယ့် တာဝန်မျိုးပဲ။ ပဒေသာပင် ပေါက်အောင်ဆိုရင် ခင်ဗျားတို့ ကျွန်တော်တို့ အလုပ် လုပ်မှ ပေါက်မယ်ဆိုတာ ခင်းဗျားတို့နားလည် စေချင်တယ်။ အဲတော့ လွတ်လတ်ရေးရပင် ရငြားသော်လည်း လွတ်လတ်ရေးရတဲ့ အခါမယ် ကျရောက်လာမယ့် တိုင်းသူ ပြည်သား အားလုံးရဲ့ တာဝန်တွေကို ခင်းဗျားတို့ ကျုပ်တို့က မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်းဗျားတို့ရတဲ့ လွတ်လတ်ရေးဟာ ကနေ့ရပြီးတော့ နက်ဖြန် ဂျပန်လက်ထဲ ပြန်ပါသွားမယ်ဆိုတာကို ခင်းဗျားတို့ သိစေချင်တယ်။
 ဒီတော့ ကျွန်တော်တို့က တစ်ခါတည်း သုညကစပြီး အကုန်လုံး ပြန်ပြီးတော့ကား အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ ကျွန်တော်တို့ဟာ တခြား လွတ်လတ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျုပ်တို့က ခြေလှမ်း လေး ငါး ဆယ်လှမ်း လိုက်နိုင်မှ တော်ရုံကျမယ်။ အဲဒီလို့ လိုက်နိုင်တဲ့အခါကျမှ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ် တန်သည်အားဖြင့် အဲလို တန်းတူညီတူ ဖြစ်သွားနိုင်တယ်။ တန်းတူးညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လတ်တယ် ဆိုပေမယ့် ဟိုလူလည်းပဲ မြင်ရတဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူလည်းပဲ မြင်ရတဲ့အခါ မျက်နှာချိုသွေးရ၊ ဖာသည်လို နိုင်ငံမျိုးဖြစ်နေမှာပဲ ဆိုတာခင်ဗျားတို့ အသိအလင်းကြားနိုင်ပါတယ်၊ ဘာမှမရှိသေးတော့ အဲသလိုပဲ ဖြစ်နေမှာပဲဗျ။ အဲဒီတော့ကား အင်မတန် ကျွန်တော်တို့ တကယ့်ကို ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူတွေ စည်းစည်လုံးလုံးနဲ့ ရှိပါမှ ဖာသည်သဘောမျိုး နိုင်ငံမျိုးမဖြစ်ပဲ နေမယ်။ ကျွန်တော်တို့ တစ်ခါ ခြင်္သေ့မင်း ဥပမာ လို ပြောရမယ်ဆိုရင်လဲပဲ ခြင်္သေ့မင်းများဟာ သားကောင်ကို လိုက်တဲ့အခါမယ် ကြီးတာငယ်တာကို ပဓာနမထားပဲနဲ့ ကြီးကြီးငယ်ငယ် လုံးလစိုက်တဲ့ နေရာမယ် တသမက်ထဲပဲ လုံးလစိုက်သွားတယ်။   အဲဒီလို ထုံးအတိုင်းပဲ ကျွန်တော်တို့ဟာ ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်သည် ထင်သည့်တိုင်အောင် ကျွန်တော် တို့ဟာ ကြိုးစားမှု အားထုတ်မှုကို လျှော့လိုမဖြစ်နိုင်ဘူး။ လုံးလ၀ီရီယကို လျှော့လို့မဖြစ် နိုင်ဘူး။ ဆထက်တပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ်။  အဲတော့ ကျွန်တော်တို့ ဗမာတွေမယ် စောက်ကျင့်တစ်ခုရှိတယ်။ ဒါဟာလည်ပဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်၊ ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကိုသွားတဲ့ အခါမယ် လှေပြိုင်ပွဲ ကြည့်ခဲ့တယ်။ လှေပြိုင်ပွဲ လုပ်တဲ့အခါမယ် ဘာဖြစ်သလဲဆိုတော့ လှေတွေပြိုင် လိုက်ကြတာ။ နှစ်စင်းပြိုင်လိုက်တဲ့ အခါမယ် နိုင်တဲ့အစင်းက ပန်းတိုင်မရောက် သေးဘူး။ ရှေ့ကိုနဲနဲရောက် တယ် ဆိုရင်ပဲ တက်ထောင်တယ်။ အဲဒါ ကြွားတာ ကြွားတာ။ တက်ထောင်ပြတာဟာ ကြွားပြတာပဲ။ တစ်ခါ နောက်ကျနေတဲ့ လှေကလဲပဲ ပန်းတိုင်မရောက်သေးဘူး ကြိုးစားးမယ် ဆိုရင် ကြိုးစား နိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး ရူံးမှာပဲကွာလို့ ခြေပစ်လက်ပစ်လို့ တက် မခတ်ချင် တော့တယ်။ ဒါဟာ ဘာလဲဆိုလို့ရှိရင် တကယ် တိုင်းပြည်ပြန်လည် ထူထောင်မယ့် နေရာမယ် လွတ်လတ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်မျိုး မဟုတ်ဘူး။အဲဒီစိတ်ဓာတ်မျိုးဟာ ကျွန်ဖြစ်တဲ့ စိတ်ဓာတ်မျိုး၊ ကျွန်ဖြစ်မယ့်စိတ်ဓာတ်မျိုးပဲ။ ဒီစိတ်ဓာတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေနေမှာပဲ။ လွတ်လတ်ရေး ရရင်လဲပဲ မြန်မြန်ပြန်ကျွန် ဖြစ်မှာပဲ။ လွတ်လတ်ရေး နောက်ဆုံးတစ်နေ့ မဆုံးသည့်တိုင်အောင် ကျွန်- မဖြစ်သည့်တိုင်အောင် ခုနကလို ဖာသည်လွတ်လတ်ရေး ဖြစ်နေမှာပဲ။ အဲဒီတော့ကား ဘယ်လိုလဲ ဆိုလို့ရှိရင် ဒီကအကျင့်က မကောင်းတဲ့အကျင့်ဖြစ်တယ်။ အဲဒီလို နဲနဲလေ နိုင်လာ လိုက်တယ်၊ ရှေ့က သွားလာလိုက်တယ် ဆိုလို့ရှိရင် တက်ထောင်ချင်တဲ့ အကျင့်ရှိတယ်။ လှေတစ်စင်ကတော့ အဲလိုရှေးက သွားလာလို့ ရှေ့ကတက်ထောင်မိတာနဲ့ ပွဲတစ်ပွဲမယ် ရူံးကို သွားတယ်။ အဲဒီအထိဆိုးကျိုးတွေ ဖြစ်တယ်။ ဒီတော့ ဘောလုံးပွဲကိုကြည့် ကျွန်တော်တို့ ဗမာတွေဘောလုံးပွဲမယ် ကန်ကြတဲ့ အခါမယ်ဆိုလို့ရှိရင် ကိုယ်ပထမ စ ဂိုးသွင်းရရင် အတော်လေး ဟုတ်နေပြီ၊ တစ်ခါတည်း အားတက်လာတယ်၊ အားတက်လာတာ ခဏထားဦး၊ နောက်တစ်ခါ အဲလိုနဲ့ တော်တော်လေး ဂိုးလေးများရပြီဆိုရင် လျော့လျော့ပေါ့ပေါ့နဲ့ ကန်ချင်လာကြပြီ။ ငါနိုင်ပါပဲဆိုပြီးတော့ နေကြတဲ့ အကျင့်ရှိတယ်။ အဲဒါနဲ့  တစ်ဖက်ကနေ နောက်ဆုံး အပြီးသတ်ခါနီးကျမှ ကပ်ပြီးတော့ တစ်ခါတည်း ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ် ရူံတာဖြစ်ဖြစ် ဖြစ်သွားတာမျိုးလဲ ကျွန်တော်တို့  ဘောလုံးပွဲရာဇ၀င်မယ် ခင်းဗျားတို့ ပြန်စဉ်းစာကြည့်ရင် တွေမှာပါ။  တို့ဗမာဘောလုံးပွဲတွေ ဘောလုံးကန်တဲ့ အကျင့်၊ အဲဒါဟာ ဇွဲလုံးလ မရှိတာ၊ စိတ်ဓာတ်ညံ့ဖျင်းတာ၊ အဲဒါကို ဗမာတွေ စိတ်ထဲမှာတော့ ထင်လိမ့်မယ် ပေါ့။  ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာပေါ့။ ဒါဟာ တစ်လွဲတစ်ပင် ကောက်နေတယ်ဆိုတာနဲ့ အတူတူပဲ။  ဒီစကားဟာ ဒီနေရာမယ်သုံးဖို့ ဟာတွေပဲ။  ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာ တွေမှာ သွားပြီးတော်နေကြတာ၊ တကယ့်နေရာတွေ ကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လတ်ရေး ရအောင်ဆိုတာမျိုးမှာလဲ အသုံးမကျချင် ဘူး ။ ဗမာပြည် ပြန်လည် ထူထောင်ရေးလုပ်တဲ့ နေရာမှာလဲ အသုံးမကျချင်ဘူး။ ဗမာ ဗမာချင်း ချဖို့ပဲ လုပ်ချင်တြတယ်။ အဲဒါမျိုးတွေပဲ လုပ်ချင်ကြတယ်။ ဒါမျိုတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်ပြည် ဘယ်တော့ ပြန်လည် မထူထောင်နိုင်ဘူ။း ဒီတိုင်းပြည်ဘယ်တော့မှ မလွတ်လတ်နိုင်ဘူး။ လွတ်လတ်ရေးလဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေးမဖြစ်နိုင်ဘူး။ အဲဒီတော့ကား ကျွန်တော်တို့ အဲဒီစိတ်ဓာတ်မျိုးကို လုံးဝဖျောက်ပစ်ဖို့ လိုတယ်။ ကျွန်တော်တို့ဟာ ဘယ် အလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့  ပြီးတဲ့အထိ ရူံးမယ်ထင်သည် ဖြစ်စေ၊ နိုင်မယ်ထင်သည် ဖြစ်စေ၊ မလျှော့တမ်းဇွဲနဲ့  ကျွန်တော်တို့ သွားရမယ်။ စစ်တိုက်တဲ့ နေရာမှာလည်းပဲ အဲဒီ အတိုင်းပဲ သွားရမယ်။ အခုတိုင်းပြည် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီးတော့ကား အခု ကျွန်တော်တို့ ဖြစ်နေရတဲ့ အခြေနေမယ် အင်မတန်ပဲ ဆိုးနေတယ်။ ကျွန်တော်တို့ ဗမာပြည် ဟာ ဒီစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာပေါ်မယ်ရှိတဲ့ နိုင်ငံတွေထဲမယ် ကျွန်တော်တို့ ဗမာပြည်လို မိအေးနှစ်ခါနာ ဖြစ်တဲ့ နိုင်ငံမရှိသေးပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ဟာ ဂျပန်ဝင် လာတုန်းက လဲ စစ်မြေပြင်ဖြစ်တယ်။ အင်္ဂလိပ်ပြန်ဝင်လာတော့လဲ စစ်မြေပြင် ဖြစ်တယ်။ အဲလို မိအေး နှစ်ခါနာဖြစ်တဲ့ ဗမာပြည်ဟာ အင်းမတန်ပဲ စီးပွားရေးမယ် ပျက်စီးနေတယ်။ အင်္ဂလိပ်တွင် မယ်လဲ စီးပွားရေး ပျက်တယ်၊ အင်္ဂလိပ်လူမျိုးကတော့ စီးပွားရေးမယ် စီမံကိန်းတွေ ဘာတွေနဲလုပ်တယ် ။ သိပ်တော့ကျကျန မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်နဲ့ စာရင်တော့ နဲနဲ ပိုဖောင်းတယ်။ အဲဒီလိုလုပ်ပြီး နောက်လေး ငါး ဆယ်ခု နှစ်ကြာတဲ့ အခါကျလို့ရှိရင် တကယ်ချောင်လည် လာကြအောင်ဆိုပြီး ကြိုးစားနေ ကြတယ်။ အဆင့်တန်းမြင့်သထက် မြင့်အောင်ဆိုပြီးတော့ ကြိုးစားနေကြတယ်။ အခု ဒီစစ်ကြီးပြီးတော့ ကျွန်တော်လိုက်ကြည့်တယ်။ စာထဲမယ်လဲ ဖတ်ရတယ်။ ကိုယ်တိုင်လဲ မြင်လာတဲ့ နိုင်ငံတွေရှိတယ်။ အခုနေခါမယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်နေ ကြတယ်။ ကျွန်တော်တို့ တိုင်းပြည်က ကျပ်တယ်ကျပ်တယ် ပြောနေကြတဲ့ အထဲက လူတွေဟာ ဘုံးပေါလအော သုံးကြတုန်း စွဲကြတုန်းပဲ။ အဲဒီတော့ ကျွန်တော်တို့ ဗမာတွေက ဆီမရှိလို့ မစားနိုင်ဘူးလို့ ပြောနေကြတာကတော့ မှန်ပါတယ်။ သို့သော် ဒီဆီတွေဟာ ဘာအတွက် သုံးနေကြတာလဲ။ ဘုံးပေါလအော သုံးသလား မသုံးဘူးးလားဆိုတာ ဟင်းတွေ သွားကြည့်ပါ။ အိမ်တွေသွားကြည့်ပါ။ အများကြီးတွေ့ရလိမ့်မယ်။ တခြားတိုင်းပြည်မှာ အဲဒီလိုဆီကို ဘုံးပေါလအော သုံးနိုင်သလား မသုံးနိုင်ဘူးလားဆိုတာ ကြည့်ပါ။ ခင်ဗျားတို့ ဆီတွေကို ဘုံးပေါလအော သုံးနေတော့ ခင်ဗျားတို့ စိတ်ထဲမယ်တော့ကား ဘာမှ အရေးမကြီးဘူးလို့ ထင်လိမ့်မယ်။ အဲဒီလို ဘုံပေါလအော သုံးတဲ့အတွက် ကုလားပြည်ကနေပြီး ကျွန်တော်တို့ နှစ်စဉ်နှစ်တိုင်း ဆီတွေအမြောက်အများသွင်းပြီး တော့ နေရတယ်။ အဲဒါကြောင့် ခင်းဗျားတို့ ခု ဈေကြီးတယ် ကြီးတယ်ဆိုတာ အကြောင်းတရပ်ပဲ။ ခင်ဗျားတို့ ဘုံပေါလအော သုံးနေလို့ ဆီတွေကို တခြားနိုင်ငံက အပိုသွင်းနေရတဲ့အတွက် ခင်ဗျားတို့ ဒီလိုဖြစ်နေရတဲ့ ဈေးကြီးတဲ့ နေရာမယ် အကြောင်းတစ်ရပ်ပါပဲ။  ဥပမာ တစ်ခုအနေနဲ့ ပြောတာပါ။ အများကြီးတော့ ရှိတယ်ပေါ့ဗျာ။ အကြောင်းတစ်ရပ်ကို ကျွန်တော်ပြောပြတာပါ။ အဲဒါမျိုးတွေဖြစ်နေတယ်။ ငရုတ် ကြက်သွန် ကိုကြည့်။ ဗမာပြည်မယ် ငရုတ် ကြက်သွန်တွေ ကိုယ့်ဘာသာကို စိုက်လို့ မရနိုင်ဘူးလားလို့။ ကျွန်တော်ဆိုရင် ကိုယ့်အိမ်မှာကို စိုက်ထားတယ်။ အဲလို ကိုယ့်ဘာသာကို အိမ်ခြံ ကွက်လပ် ရှိကြတဲ့သူက စိုက်ကြပါလားလို့။ မစိုက်ကြဘူး ကိုယ်တော်ချောတွေက ၀ယ်စားနေကြတယ်။ ဈေးဝယ်စားတော့ အဲဒီ ငရုတ် ကြက်သွန် ဘယ်ကလာတယ် မှတ်လဲ။ အိန္ဒိယပြည်ကလာတယ်။ အိန္ဒိယပြည်ကလာတော့ ခင်ဗျားတို့ အိန္ဒိယပြည်ကို ပိုက်ဆံပေး နေရတယ်။ အဲလို ပေးနေရတဲ့ အတွက် ဒီတိုင်ပြည်မယ် ရနိုင်တဲ့ပစ္စည်းကို တခြားနိုင်ငံက ၀ယ်ရတာဟာ  ခင်ဗျားတို့ အခု ဈေးကြီးတယ် ကြီးးတယ် ဖြစ်နေတယ်ဆိုတာ ဒါတွေဖြစ်တာပဲ။ အကြောင်းတစ်ရပ်က အဲဒီအတိုင်းပဲ။ ခု ဆန်စားတဲ့ နေရာမယ် ဆရာဝန်တွေနဲ့၊ အာဟာဓာတ် ကျမ်းတွေနဲ့၊ နာလည်တဲ့သူတွေနဲ့၊ သေသေချာချာ တွက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မယ် စားရတဲ့အာဟာရတွေက အကုန်ပျမ်းမျှ ချကြည့်လိုက်မယ်ဆိုရင် တခြားနိုင်ငံ တွေထက် ပိုနေမယ်။ အခု ကျွန်တော်တို့တိုင်းပြည်မယ် ဆန်းက လုံးလောက်တယ်။ လုံလောက်ရုံတင်မကဘူး ပိုနေတယ်။ နိုင်ငံခြားကို တင်ရောင်းရတယ်။ နိုင်ငံခြားတင် ရောင်းရပေမယ့် စစ်မဖြစ်ခင်ကလောက် ပိုပိုဆန်ဆန် မရှိဘူး။ အဲဒီမယ် ကျွန်တော်တို့ လူမျိုးတွေ စားတာကလဲ ရှေးကထက်လျှော့မစားဘူး၊ အရင်ကလိုပဲ ဘုံပေါလအော လအောစားတုန်းပဲ အပိုတွေအများကြီး ရှိတုန်းပဲ။ အဲဒီတော့ ခင်ဗျားတို့ဟာ လွတ်လတ်ရေးကို လိုချင်ရင် လွတ်လတ်ရေးရနိုင်လောက်တဲ့ စည်းကမ်း ရှိကြပါ။ လွတ်လတ်ရေးကို လိုချင်ရင် လွတ်လတ်ရေးကို ရနိုင်တဲ့ညီညွတ်မှု့ကို ထိန်းသိမ်း ထားပါ။  လွတ်လပ်ရေးကို လိုချင်ရင် လွတ်လတ်ရေးကို ရနိုင်တဲ့ ထူထောင်မှု့မျိုးကို လုပ်ကြပါ။  အဲဒီလိုလုပ်ပြီးတဲ့ နောက်လဲပဲ ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားချင်တယ်၊ စံစားချင်တယ် ဆိုရင်လဲပဲ အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ အခုနေကတည်း ခင်ဗျားတို့ ကိုယ် ခင်ဗျားတို့ အကျင့်ဆိုတွေ အကျင့်ဟောင်း တွေ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော်ဒီကနေပြောခဲ့ချင်ပါတယ်။    စာကြွင်း။   ။ ဗိုလ်ချုပ်ပြောသော '' ဗမာ ဗမာ''  ဟူသော အသုံးနှုန်းမှာ အရင်တုန်းက   တိုင်းရင်သားလူမျိုး အားလုံးကို စုပေါင်း၍ ဗမာနိုင်ငံဟု ခေါ်ဝေါကြပါသည်။   ပြည်ပမှာ ရှိကြသော လူမျိုးကိုသာ မြန်မာ ဟုခေါ်ပါသည်။(မြန်မာလူမျိုးတိုင်း သိသင့်တဲ့ ဗမာဆိုတဲ့ အသုံးနှုန်းကို ပြန်လည်၍ ဖတ်ကြည့်ကြပါလေ)    မေတ္တာ ကရုဏာ စေတနာဖြင့်စလင်းဇင်ယော်စုစည်းရှာဖွေတင်ပြသည်။ 
Tuesday, July 19, 2011 | 0 comments |


တမ်းတမိသော လူတယောက်


‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည့် အမည်နာမကိုကြားလျှင် ကျနော် ရင်ခုန်သည်။ စိတ်လှုပ်ရှားသည်။ ကျနော့် အဖို့ ဒဏ္ဍာရီပုံပြင်တွေထဲက ခေါင်းဆောင်ကောင်းပီသသည့် မြန်မာသူရဲကောင်းတဦးကို အမှတ်ရနေသလို ခံ စားမိသည်။ တခါတရံ သူအမှန်တကယ် သက်ရှိထင်ရှားရှိခဲ့သည်လား မရှိခဲ့ဘူးလားဟု ထင်မိလောက်အောင် ကိုပင် စိတ်ထဲတွင် မပီဝိုးတ၀ါး ဖြစ်နေတတ်သည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို စဉ်းစားကြည့်သည့် အခါ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် အဆိုပါ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ကျနော့်အနေနှင့် မျက်ဝါးထင်ထင် မမြင် ဖူး မတွေ့ဖူးခဲ့ခြင်းသည် အဓိကအကြောင်းအချက်တခု ဖြစ်မည်ထင်သည်။ ထို့အပြင် လူ့ဘ၀တွင် နေထိုင်အ သက်ရှင်သွားခဲ့သည့် အခိုက်အတန့်အတွင်း သူ၏ စွမ်းဆောင်ခဲ့မှုများက အသက်အရွယ်နှင့်မမျှအောင် အဆမ တန် ကြီးမားလွန်းခဲ့၍လည်း တကယ့်လူမှ ဟုတ်ပါရဲ့လားဟု ကျနော် ထင်မိခဲ့ခြင်းဖြစ်မည်ထင်သည်။ ကွယ် လွန်သည့်အချိန်တွင် သူသည် အသက်အရွယ်အားဖြင့် (၃၂) နှစ် စွန်းစွန်းသာ ရှိသေးသည်။ သို့သော် ထိုမျှအ သက်အရွယ်နှင့် အလွန်တရာ ကြီးလေးသည့် တာဝန်ဝတ္တရားများကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဌ၊ ဗမာ့တပ်မတော် စစ်သေနာပတိ၊ အစိုးရနန်းရင်းဝန် ... စသည့်တာဝန်များကို အံ့အားသင့်စဖွယ် ထမ်းရွက်ခဲ့ပြီးဖြစ်သည်။

ထိုသို့သော ဂုဏ်ပုဒ်များ၊ တာဝန်ယူမှုများနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အသက်ထက်ဆုံး ပေးဆပ်သွားခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်းဆိုသော ပုထုဇဉ်လူသားတဦးအား မမြင်ဖူး မတွေ့ဖူး လိုက်လင့်ကစား သူ၏ ပင် ကိုယ်စရိုက်၊ စိတ်နေစိတ်ထားတို့ကို ကျနော် ချစ်ခင်မိသည်။ သူ၏ ကိုယ်ကျင့်သီလ၊ ယုံကြည်ချက် ရပ်တည် ချက်၊ သူရသတ္တိနှင့် တိုင်းချစ်ပြည်ချစ်စိတ်တို့ကို ကြည်ညိုလေးစားမိသည်။ သူ၏ ခေါင်းဆောင်ကောင်း ပီသ သည့်၊ နိုင်ငံရေးသမားကောင်း ပီသသည့် အရည်အချင်းများကို အားကျမိသည်။


• • •

လူမှန်းသိတတ်စ အရွယ်မှစ၍ ကျနော် အမှတ်ထင်ထင် ရှိခဲ့သည့် ဓာတ်ပုံနှစ်ပုံ ရှိသည်။ အိမ်ဦးခန်းရှိ ဘုရားစင် ၏ ဘေးတဘက်တချက်တွင် အဖေ ချိတ်ဆွဲထားသော မှန်ဘောင်သွင်းထားသည့် ဓာတ်ပုံနှစ်ပုံဖြစ်သည်။ ဘု ရားစင်၏ ဘယ်ဘက်၌ ချိတ်ဆွဲထားသည့် ပုံတွင် ခေါင်းပေါင်းအဖြူ ပေါင်းထားသည့် အဖိုးအိုတဦး၏ ကိုယ်တ ပိုင်းပုံကို တွေ့ရပြီး ညာဘက်၌ ချိတ်ဆွဲထားသည့် ပုံတွင် စစ်ဝတ်စုံဝတ်ထားသည့် အမျိုးသားတဦး၏ ကိုယ်တ ပိုင်းပုံကို တွေ့ရသည်။ သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးအား မည်သူမည်ဝါမှန်း ထိုစဉ်က ကျနော်မသိခဲ့။ ကလေးသဘာ ၀ အဖေ့အား စပ်စပ်စုစုနှင့် မေးကြည့်သည့်အခါတွင်မှ အဖေက ဘယ်ဘက်က ပုဂ္ဂိုလ်ကို သခင်ကိုယ်တော် မှိုင်း၊ ညာဘက်က ပုဂ္ဂိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းဟု ပြောပြခဲ့သည်ကို အမှတ်ရမိသည်။

သို့သော် ကျောင်းနေသည့်အရွယ် မဟုတ်သေးသည့်အတွက် သူတို့၏ နာမည်တွေကိုသာ ကျက်မိနေပြီး မည် သို့သော ပုဂ္ဂိုလ်တွေ ဆိုသည်ကို ကျနော်မသိခဲ့။ အရွယ်ရောက်လာသည့်အခါ သမိုင်းစာမျက်နှာများကို တစ်စတစ်စ ဖတ်ရှုလေ့လာခဲ့ရာမှ တဦးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စာဆိုကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း ဟူ၍လည်းကောင်း၊ တဦးကို ဗမာ့တပ်မတော်၏ ဖခင်ကြီး၊ အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟူ၍လည်းကောင်း လေ့လာသိရှိခဲ့ရခြင်း  ဖြစ်သည်။ ထိုသို့ ထဲထဲ ၀င်ဝင် သိလာရသည့် အချိန်တွင်မူ ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအား လေးစားကြည်ညိုသည့် စိတ်များက ကျနော့်ရင်ထဲ တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။

ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးအနက်မှ ‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည်ကို မူလတန်းဖတ်စာတွင် ရွတ်ဆိုခဲ့ရသော ‘ဖေ ဖော်ဝါရီ (၁၃) မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅ ရှေ့နေ ဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား မိခင်ဒေါ်စုသား၊ ၁၉၄၇ ပြောင်းကြွ တမလွန်၊ မျက် ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တဆယ့်ကိုး’ ဟူသည့် ကဗျာလေးတပုဒ်မှတဆင့် ကျနော် စတင်ရင်းနှီးခဲ့ရ ခြင်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့ရောက်တိုင်း တောင်ငူမြို့ အားက စားကွင်း (မိုင်ဒါကွင်း) တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားသို့ ကျောင်းသားအားလုံး တန်းစီ ချီတက်ပြီး မိုးဖွဲဖွဲအောက်တွင် အလေးပြုကြရသည်ကို အမှတ်ရနေမိသည်။

ယခုအခါတွင်မူ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲသံကို မကြားရသည်မှာ ကာလအတန် ကြာညောင်းခဲ့ပြီ ဖြစ်သည်။ တိုင်းပြည်ကို လက်နက်အားကိုးနှင့် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေသည့် နအဖစစ်အုပ်စု တသက်ဟု ပင် ပြောရပေမည်။ ထို့အပြင် ကျောင်းများတွင် ပြဌာန်းထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သ မိုင်းစာမျက်နှာများကိုလည်း နအဖစစ်အုပ်စုက မှေးမှိန်ဖျောက်ဖျက်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ဂုဏ်ပြုထုတ်ဝေထားသည့် နိုင်ငံတော် ငွေစက္ကူများတွင်လည်း ခြင်္သေ့ရုပ်ပုံများကို အစားထိုးကာ အသစ်ထုတ် ဝေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းစာမျက်နှာများ၊ တခမ်းတနား ဂုဏ်ပြုမှုများကို စစ် အုပ်စုက အငြိုးတကြီးနှင့် ဖျောက်ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်မျိုးဆက်များ၊ ကျောင်းသားလူငယ်များ အကြားတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မဟုတ်မခံစိတ်ဓာတ်များ ဖြစ်တည်လာပြီး အမှန်တရားအတွက် တော် လှန်တိုက်ပွဲဝင်လိုသည့် သူရဲကောင်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် နအဖစစ်အုပ်စုက အကြောက်အ လန့်ကြီးစွာ သမိုင်းကွင်းဆက်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့စစ်အုပ်စုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူလူထုအကြား ကွင်းဆက်ပြတ် အောင် နည်းအမျိုးမျိုးနှင့် ကြိုးပမ်းသော်လည်း ယနေ့တိုင် မြန်မာပြည်သူလူထု၏ ရင်ထဲအသည်းထဲတွင် ‘ဗိုလ် ချုပ်’ ဟူသော အမည်နာမက ကိန်းအောင်မြဲ ကိန်းအောင်လျက်ပင်။ ပြည်သူလူထုက ကိုယ့်နည်းကိုယ့်ဟန်နှင့် သမိုင်းအစစ်အမှန်တွေကို တိတ်တဆိတ် လက်ဆင့်ကမ်း သယ်ဆောင်လျက်ပင်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ် ဓာတ်၊ အတွေးအခေါ်၊ နိုင်ငံရေးကြိုးပမ်းချက်၊ ဟောပြောချက်များ၊ အဆိုအမိန့်များက သူကွယ်လွန်ပြီး နှစ် ပေါင်း (၆၀) နီးပါး ကြာသည့်တိုင် သစ်လွင်လတ်ဆတ်နေဆဲ၊ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့ အားထုတ်ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုအတွက် ယနေ့တိုင် လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်။ ထိုသို့ သစ်လွင်နေဆဲ၊ လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်ကို သူ၏ရေးသားချက်များ၊ အဆိုအမိန့်များ၊ ဟောပြောချက် များ၊ လုပ်ဆောင်ချက်များ၌ အထင်းအရှား တွေ့ရလေသည်။

ဗုဒ္ဓဘာသာနှင့် ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သားအများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက် ပြီး ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္ဓလောကမဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်း ပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါး ထဲတွင် ဗိုလ်ချုပ်က “ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်းဖြစ်သည်။ ထို နည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြားချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစား သော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ် ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္ဇ၀ါဒ) ကိုသာ လက်ခံရမည် ဆိုသည့်အချက်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္ဇ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေး အတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန်ဖြစ်သည်” ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မ ဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ရုပ်ပုံလွှာ အဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေးအကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့် အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတိ ဂွကျ နိုင် လှပုံ၊ သူယုံကြည်ရာကို တစိုက်မိုက်မိုက်နှင့် တဇွတ်ထိုးလုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိ ပုံ .. စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင် ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်း လှကို ရယ်မောကာပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မ ငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့ အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့ မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ် ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနု ပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိ တယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍ လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တ စားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ်တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထု ပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ်ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ် များထဲ၌သာရှိသည်မဟုတ်။ စာအုပ်များကိုကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာ သည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကို လည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာမဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ် ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ လောကအကြောင်းကို နား လည်စေရုံသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ လှေနံဓားထစ် ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင် ကျယ်စွာ ရှင်းပြခဲ့လေသည်။ ယခုအခါ စစ်အုပ်စု၏အုပ်ချုပ်မှုအောက်၌ မေးခွန်းပေါက်၊ အလွတ်ကျက်၊ အမှတ် အရောင်းအ၀ယ်လုပ်၊ ခိုးချပညာရေးစနစ်နှင့် အလုံးစုံ ပျက်စီးနေသော ပညာရေးစနစ်ကို ဗိုလ်ချုပ်အောင်ဆန်း သာ မြင်တွေ့လျှင် ရင်ကျိုးဖွယ်အတိပင်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ဦးစားပေးလိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀) ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အ စည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေးလုပ်ရအုံးမှာပဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ် ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာ ကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေး အိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်းပြည့်ဝသည့် နိုင်ငံ ရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင် ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည်ကောင်း စားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေး သားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေအရေး အသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူ ဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူ သော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အ ရှားတွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီးဖြစ် တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီး ကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင်ကြိုးစားကြစို့။ ကျွန်တော် တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတ မျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်းအလုပ်ကို တူပြိုင်ပြိုင်လုပ်ကိုင်ကြပါစို့’ ဟု ပြောကြား ခဲ့သည်။ ယနေ့ခေတ်လို ဂလိုဘယ်လိုက်ဇ် ဖြစ်လာမည့် အချိန်ကာလကို ကြိုမြင်၍ ဗိုလ်ချုပ်က ထိုသို့တိုက် တွန်းခဲ့ခြင်းဖြစ်မည်ဟု ထင်မြင်မိရင်း စစ်အာဏာရှင်တို့ ဖျက်ဆီးခဲ့သည့် တိုင်းပြည်အကြောင်း စဉ်းစားကာ ရင် နင့်ရင်နာ ဖြစ်ရလေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံ ရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက် ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ် ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါး တွင် အရိပ်အမြွက် ထည့်သွင်းရေးသားခဲ့သည်။

ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ဖြစ်၏။ လူ တွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင်ရှိ၏။ လူ တွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီး တို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်း မောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင် ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီ ရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့် နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီ နိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထိုကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ် ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေးလုပ်ဆောင်မှုနှင့်ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ် ၀အောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ် ၏’ ဟု ဗိုလ်ချုပ်က သတိပေးရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင် မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကား ကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နား လည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိ သည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အ တွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချ ရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့် ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အ နစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူ့ ဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ထူးအား ကျနော် တမ်းတမိသည်မှာ အဆန်းမဟုတ်ဟု ထင် သည်။ ကျနော်တို့ တိုင်းပြည်အား စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရန် အားထုတ်ကြိုးပမ်းနေရ ဆဲဖြစ်သည့် ယခုလိုအချိန်ကာလမျိုးတွင် သူ့ကိုပို၍ပင် တမ်းတမိသည်။ သူသာ သက်ရှိထင်ရှားရှိနေခဲ့လျှင် …၊ သူသာ ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့လျှင် … ၊ သူသာ တော်လှန်ရေး နယ်ပယ်ထဲတွင် ရှိနေခဲ့လျှင် …။ မည်သို့သော ခေါင်းဆောင်မှု ပေးမည်နည်း၊ ပစ္စက္ခ နိုင်ငံရေးအခြေနေတွေ အားလုံးကို မည်သို့ ဝေဖန်သုံးသပ် မည်နည်း၊ စစ်အာဏာရှင်တွေကို ဘယ်နည်းဘယ်ပုံ ရင်ဆိုင်အနိုင်ယူမည်နည်း … စသည်ဖြင့် ဗိုလ်ချုပ်အောင် ဆန်းတည်းဟူသော နိုင်ငံရေးသမားကောင်းတယောက်၊ စစ်ရေးခေါင်းဆောင်ကောင်းတယောက်ကို တမ်းတ ကာ အတွေးနယ်ချဲ့နေမိလေသည်။



ဒေါက်တာလွဏ်းဆွေ
ဤဆောင်းပါဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပါ၏

မေတ္တာ ကရုဏာ စေတနာဖြင့် 
စလင်းဇင်ယော် 
စုစည်းရှာဖွေတင်ပြသည်။

Monday, July 18, 2011 | 0 comments |
ထိုနေ့နံနက်ကား ဆောင်းအကူး လေရူးမှုံကြွ တပေါင်းလတည်းဟူသော ဗမာ့ပြက္ခဒိန် အရ နောက်ဆုံးလ၏ ဆန်းစ တရက်နေ့ နံနက် စောစောအာရုဏ်တက် အချိန်ပင်ဖြစ်၏။

ဘုန်းကြီးကျောင်းအနီး အရှေ့အနောက်ပြေး၍ အိမ်တတန်းနှင့် ဘေးတဘက်တချက် ကုက္ကိုပင်များ စီတန်း ပေါက်ရောက်နေသော လမ်းတလမ်း ခြားလျက်ကား၊ တရွာလုံးအနက် အကျယ်ဝန်းဆုံး ဟုဆိုအပ်သော ခြံကြီးတခြံရှိ၏။ ထိုခြံကြီး၏ ပတ်လည်လေးမျက်နှာကို လမ်းကြီးလေးသွယ်တို့က ညာဘယ်ရှေ့နောက် ၀န်းရံကာဆီးလျက် ရှိနေ၏။ ရှေးအခါက ဤခြံကြီးသည် ဤမြေဤလမ်းများအပြင် သည်ထက်ပင်ပို၍ ကျယ်ဝန်းသည် ဟု ဆိုကြ၏။
ဤမျှ ကြီးမားကျယ်ဝန်းလှသော နယ်အတွင်းတွင် အကိုင်းအလက်ဝေဆာလှသော မန်ကျည်းပင်ကြီး နှစ်ပင်သည် အရှေ့ဘက်တပင်၊ အနောက်ဘက်တပင်၊ အပေါက်စောင့်များ အသွင် မတ်မတ်မားမား ပေါက်ရောက်လျက် တဘက်တချက်တွင် မျဉ်းပြိုင်ပြေးလျက် ရှိသော လမ်းများကို ပင်ရိပ်မိုး၍ နေလေ၏။ ပြာရီညိုမှောင် လရောင်မဲ့သော ကောင်းကင်တွင် ထင်ပေါ်ပြီးလျှင်၊ ရွာတရွာလုံးတွင် ရှေးအဆန်ဆုံး အကြီးဆုံး ဖြစ်သော အဆောက်အဦးကြီး တခုကို ထိုသစ်ပင်ကြီး နှစ်ပင်သည် မျက်နှာမူလျက် ရှိလေ၏။
ဤကြီးမားသော အဆောက်အဦကြီး၏ အိမ်တိုင်များမှာ အနှစ်နှစ်၊ အလလ ဖို့တက်နေသော ဖုံထုကြီးဖြင့်ပိ၍ မြေအောက်သို့ မြုပ်လျက်ရှိလေပြီ။
မြို့စားရွာစား တို့ကောင်းစားကြသည့် မဝေးသေးသော ရှေးခေတ်၏ လက်ငုတ်ဖြစ်သော ဤမျှခန်းနား ကြီးကျယ်သော အဆောက်အဦးကို မြင်ရသူ ဟူသမျှသည် ထိုအိမ်ကြီး၏ မူလပိုင်ရှင်၏ အခြေအနေ၊ အတန်းအစား မြင့်ပုံ၊ ကြွယ်ဝ ချမ်းသာပုံကို တွေးချင့်နိုင်ပေမည်။ ယခုအခါမူကား ထိုကြီးကျယ်သော အဆောက်အဦးကြီး၏ နောက်ဖေးဆောင် အခန်းတခန်းမှ မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်နေသော ရေနံချေး မီးခွက်ကလေးမှ မီးရောင်ခြည် တန်းကလေးသည်၊ အပြင်သို့ ထရံကြားမှ ထိုးထွက်နေသည်ကို တွေ့မြင်ရပေမည်။ ထိုသို့တွေ့မြင်ရခြင်းမှာ ထိုမျှ အချိန်မတော်သည့် ညအခါ ၌ အိမ်တွင်းရှိ ယောင်္ကျား၊ မိန်းမ အားလုံးပင် ခါတိုင်းနှင့်မတူ တမူထူးခြားလျက် အလုပ်များ နေကြသည့် အခြင်းအရာကြောင့်ပင် ဖြစ်ပေသည်။ ရံဖန်ရံခါ အိမ်တွင်းမှ မိန်းမတယောက်၏ ညည်းသံကို ကြားရမည် ဖြစ်၏။

အချိန်ကား စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ စသည်ဖြင့် ကုန်လွန်ခဲ့လေပြီ။ နောက်ဆုံး၌ ကလေးတယောက်၏ ညံစာစာ ငိုသံများသည်၊ ထိုအချိန်အထိ ဆိတ်ငြိမ်စွာ အိပ်မောကျလျက် ရှိနေသော အိမ်နီးနားချင်းများဆီသို့ ပဲ့တင်ရိုက်သွားလေ၏။ ထိုနှစ်ကား ကောဇာသက္ကရာဇ် ၁၂ရ၆ ခုနှစ်ဖြစ်၏။ အင်္ဂလိပ် သက္ကရာဇ် နှင့်တွက်မည် ဆိုလျှင် ၁၉၁၅ ခုဖြစ်၏။

ပိုပြီးသေချာ စေလိုလျှင် ၁၉၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက် နေ့ပင်ဖြစ်၏။ ဝေးမြေနယ်ခြား တိုင်းတပါး ဥရောပ၏ ဆီးနှင်းဖြိုက်ဖြိုက် ရေခဲပြင်တို့ ဖုံးအုပ်လွှမ်းတင်လျက် ရှိသော လွင်ပြင် တလင်းတို့၌ ကား၊ လူလူချင်း သတ်ဖြတ်နေကြသည့် တိုက်ပွဲခိုက်ပွဲများ၏ တိုက်သံခိုက်သံ ပစ်ခတ်သံဖြင့် တုန်ဟီးလျက် ရှိ၏။ သို့သော် ဤ ဌာန ဤဒေသတွင် ကား၊ ဘေးဘယာရန်မခဘဲ၊ ငြိမ်းချမ်းဧမြ သကဲ့သို့ရှိ၏။ "ငြိမ်းချမ်းဧမြ သည် ဆိုခြင်းမှာ အဟုတ်လော။ ထိုစဉ်အခါက ကောင်းကင်တွင် သွားနေသော နက္ခတ်တာရာ ဂြိုလ်နေဂြိုလ်ထား တို့သည် ယခုပင် ဘွားမြင်သော ကလေးသူငယ်အား၊ ဧခြိမ်းချမ်းသာခြင်း ကိုအကယ်ပေးမည် ဟု အဟောထုတ်နိုင်ရန် ညွှန်ပြကြပါ၏လော" ကျွန်ုပ်တို့ စောင့်ကြည့်ကြစို့။

"မောင်ရင် ဖာရေ...ယောင်္ကျားကလေးတော့ .... နက္ခတ် ကြည့်ပြီး အချိန်တွက်လိုက်စမ်းပါ" ဟုခိုင်းသော အသံတသံသည် အိမ်ခန်းတွင်းမှ ထွက်ပေါ်လာလေသည်။ ထိုအသံမှာ ဧကန်မုချ ရွာကလက်သည် အဒေါ်ကြီး၏ အသံနှင့်တူ၏။ အပြင်၌ စောင့်နေသော ကိုရင်ဖာ သည် ကပြာကရာထတဲ့၍ ကောင်းကင်သို့ ပတ်ချာလှည့် မော့ကြည့်တော့ကာ ထွန်းတောက်နေသော နက္ခတ်တာရာ တို့၏ အနေအထားကို မှတ်သားလျက် အနီးဆုံး အချိန်ကို တွက်ချက်လေတော့ သည်။

သို့ဖြင့် ကိုရင်ဖာသည် သူ၏သား မွေးနေ့၊မွေးရက် အချိန်နာရီတို့ကို ပေရွက်တစ်ရွက်တွင် ကညစ်နှင့် ရေးသား၍ မှတ်သားလိုက်လေ၏။ ထိုအတောအတွင်း တဘက်ခန်းမှ အဘိုးဖြစ်သူသည်၊ ကလေး၏ ငိုသံများကြောင့် အိပ်ရာမှ လန့်နိုးပြီးသော်၊ လက်သည် အဒေါ်ကြီး၏ ပြောသံကြားသည့် အတိုင်း ၎င်း၏ အိပ်ရာထဲမှ တဦးတယောက် ကိုမျှ တိုက်ရိုက်ရည်ရွယ်ခြင်း မရှိသော အမေးမျိုးဖြင့် "အေး-အေး- ဒီကနေ့ဘာလဲဟေ့.၊စနေနေ့ မဟုတ်လား" ဟုအော်၍ မေးလိုက်လေ၏။

အဘိုးဖြစ်သူ မေးလိုက်သည့် အခါ၊ သမီး မီးနေသယ်ကို စောင့်ကြည့်ရင်း သမီးအခန်းတွင်းမှာ ရှိနေသည့် အဖွားဖြစ်သူက စနေနေ့ ဖြစ်ကြောင်း ပြောပြလိုက်လေ၏။ အဘိုးဖြစ်သူမှာ တခဏမျှ ငြိမ်သက်လျက် ရှိနေ၏။ ၎င်းသည် တခုခုကို စိတ်တွက် တွက်လျက် ရှိ၏။ တွက်ပြီးသော အခါ "ကောင်းတယ်ဟေ့၊ စနေကလည်း စနေသား၊ ရာဇာကလဲ ရာဇာ့ဘွား၊ ဘယ်လောက်ထက်ပြီး ကြောက်စရာကောင်းမဲ့ ကလေးလဲတော့ မပြောတတ်ဘူး" ဟုပြောလေ၏။

ဤမွေးစ ကလေးကား ဦးဖာ-ဒေါ်စု တို့၏ နောက်ဆုံးဘွားသည့် သားထွေးကျွန်တော် ပင်တည်း။


စာကြွင်း။      ။ဗိုလ်ချုပ်ကိုယ်တိုင် အင်္ဂလိပ်လို ရေးသည့် အတ္ထုပ္ပတ္တိ ဖြစ်ပါသည်။
ဒုတိယ ဗိုလ်မှုးကြီး ဘို က ဘာသာပြန်ဆို ပေးပြီး ဒီးဒုတ်ဦးဘချိုမှ ပြင်ဆင်သည် ဟုမှတ်သားရပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သဘောတူ လက်ခံသည်။
"ကဗျာဆန်လိုက်တာ"ဟု ဗိုလ်ချုပ် မှ ဘာသာပြန်သူ ဗိုလ်မှုးကြီးဘို အား မှတ်ချက်ချ ပြောခဲ့သည် ဟု ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်မှ ဖတ်ရှုရပါသည်။



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments |
ရဲဘော် အောင်ဆန်း
အဖေ့ကို ဒီလိုခေါ်ရင် ဖြင့်
VIP ဘ၀ ကိုမုန်းတဲ့ အဖေက
ဘာလဲ ရဲဘော် လို့ ထူးလိမ့်မယ်။

အမှန်တကယ်တော့

အပြောသာရှိ အဖြစ်မရှိကြတဲ့
သားမိုက်များ အဖေနဲ့တော့တခြားစီပေါ့
VIP ဘ၀ ရောက်ကြစေဖို့
အကွဲကွဲ အပြားပြားပါဘဲ အဖေ...။

စီးပွားကြပ်တယ်ကြပ်တယ် လို့အော်ပြီး
မချိုးခြံ နိုင်သေးတဲ့ ကျွန်တော်တို့ကို
အဖေသာ ရှိနေသေးရင်ဖြင့်
ကိုယ်တိုင် စိုက်ပျိုးထွန်ယက်လို့
ဘယ်လိုချိုးခြံ ဖြေရှင်းရမယ်ဆိုတာ
ကိုယ်တိုင် သင်ပြလို့ ချောင်လည်စေအုန်းမယ်။

မအောင်မြင်ဘူး မအောင်ဘူး လို့ အော် ပြီး
ပန်းတိုင်မရောက်ခင် တက်ထောင်တဲ့ ကျွန်တော်တို့ကို
အဖေသာ ရှိနေသေးရင်ဖြင့်
အောင်မြင်မှု နည်းလမ်းကို ရှာကြံလို့
ဘယ်လိုလုပ်ဆောင် ရယူရမယ်ဆိုတာ
ကိုယ်တိုင်ဦးဆောင် အောင်မြင်စေအုန်းမယ်။

မတိုးတက်ဘူး မတိုးတက်ဘူး လို့အော်ပြီး
စည်းကမ်းမရှိ နေတတ်ကြတဲ့ ကျွန်တော်တို့ကို
အဖေသာ ရှိနေသေးရင်ဖြင့်
စည်းကမ်း တွေချမှတ်လို့
တိုးတက်အောင် ဘယ်လို နေထိုင်ရမယ်ဆိုတာ
နည်းပေးလို့ တိုးတက်စေအုန်းမယ်။

ရယူတယ်ဆိုတာ ကိုယ်တိုင် ရရှိမှ ရယူတယ် လို့ မည်မှာ
ဘယ်သူက တားဆီးလို့ မရနိုင်ဘူး
လုပ်ပိုင်ခွင့်မရ လို့ မလုပ်ရဘူးဆိုတာကို
အဖေသာရှိနေသေးရင်ဖြင့် ဒီလိုကွလို့
အိုကြီးအိုမ နဲ့ လက်ခမောင်းခတ်ပြပြီး
ရယူပေးအုန်းမယ် ဆိုတာ ယုံကြည်နေတယ် အဖေ။

အဖေ့လို နိုင်ငံတစ်ခု ခေါင်းဆောင်မူပြုလို့
အပြောကို အလုပ်နဲ့ သက်သေမပြနိုင်ပေမယ့်
ကျွန်တော်နေတဲ့ ပတ်ဝန်းကျင်သေးသေးလေးမှာဖြင့်
အမှန်ကို အမှန်အတိုင်း
မတရားမှုကို မတရားမှု အတိုင်း
ဝံ့ရဲပြောဆို အလုပ်နဲ့ သက်သေပြနိုင်အောင်
အဖေ့ရဲ့ သွေး မြူတမုံစာလောက်
ကျွန်တော် ကိုယ်ထဲ စီးစင်းခွင့်ပေးပါ။



ဒီးဒိုး
Sunday, July 17, 2011 | 0 comments |
 မည်သို့ပင်ဖြစ်ပါစေ…….

လူတွေသည်
အကျိုးအကြောင်းလဲ မသိ
ကျိုးကြောင်းဆင်ခြင်ခြင်းလဲ မရှိ
အတ္တစိတ်လဲ များလှသည်။
မည်သို့ပင်ဖြစ်စေ မေတ္တာထား လိုက်ပါ။

-

လူတွေသည်
ကောင်းသောအမှု့ကို
သင်မည်မျှပြုသော်လည်း
မရိုးမသား
ကိုယ်ကျိုးစီးပွားရေးအတွက်ပါဟု
စွပ်စွဲကြလိမ့်ဦးမည်။
မည်သို့ပင်ဖြစ်စေ
ကောင်းသောအမှု့ကို ပြုမြဲပြုပါ။

-
သင်အောင်မြင်ပြီဆိုလျှင်
သင်၌ မိတ်ဆွေအတုအယောင်များရော
ရန်သူစစ်စစ်များရော
ရရှိလာလိမ့်မည်။
မည်သို့ပင်ဖြစ်စေ
အောင်မြင်ရန်သာ အားထုတ်ပါ။

-
ရိုးဖြောင့်ခြင်း၊ပွင့်လင်းစွာ
စကားပြောဆိုခြင်းကြောင့်
သင့်မှာ ထိခိုက်စရာတွေ
ကြုံကောင်းကြုံရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ
ရိုးဖြောင့်ပွင့်လင်းစွာသာ
ပြောဆိုဆက်ဆံပါ။

-
ယနေ့ သင်ပြုသော
ကောင်းသောအမှု့ကို
မနက်ဖြန်
သူတို့ မေ့ကောင်းမေ့လျော့ကြလိမ့်မည်။
မည်သို့ပင်ဖြစ်စေ
ကောင်းသောအမှု့ကို ပြုမြဲပြုပါ။

-
အကြီးကျယ်ဆုံး
စိတ်ကူးဉာဏ်ရှိသည့်
အမြင့်မားဆုံးပုဂ္ဂိုလ်သည်လည်း
အနုံချာဆုံး စိတ်ထားရှိသည့်
အသေးမွှားဆုံးပုဂ္ဂိုလ်ထံမှ
ဝေဖန်ခြင်း၊
ကဲ့ရဲ့အပုပ်ချခြင်း ခံချင်ခံရနိုင်သည်။
မည်သို့ပင်ဖြစ်စေ
ကြီးကျယ်မြင့်မြတ်စွာသာ
စဉ်းစားကြံစည်ပါ။

-
လူတွေသည်
နိမ့်ပါးသူ အောက်လူများကို
စေတနာပိုတတ်ကြသည်ဆိုလဲ
လက်တွေ့၌
အပေါ်စီးရသူ၊ ထိပ်ဆုံးလူများ
နောက်သို့သာ လိုက်ပါကြသည်။
မည်သို့ပင်ဖြစ်စေ
နိမ့်ပါးသူ အောက်လူတို့အတွက်သာ
ရပ်တည်တိုက်ပွဲဝင်ပေးပါ။

-
နှစ်ပေါင်းများစွာ
သင်တည်ဆောက်ခဲ့သောအရာသည်
နေချင်းညချင်းပြိုလဲ
ဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ
တည်ဆောက်စရာရှိတာကို
ဆက်၍သာတည်ဆောက်ပါ။



'' အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှ ကိစ္စတိုင်းသည်
  သင်၏ ကိုယ်ကျင့်တရားပင် ဖြစ်သည် ''။ 



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments | Labels: