မနက်ဖြန် ၁၃၇၃ ခုနှစ် ၀ါဆိုလပြည့် သောကြာနေ့သည် ဗုဒ္ဓဘာသာဝင်အားလုံးတို၏ နေ့ထူးနေ့မြတ်ရက်တစ်ရက် ဖြစ်ပါပေသည်။ ထိုဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့၌ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သိရှိပြီးဖြစ်သော ၀ါဆိုလပြည့်နေ့အကြောင်းကို အနည်ကျဉ်းမျှ တင်ပြပေးလိုပါသည်။ ၀ါဆိုလပြည့်နေ့ကို ဓမ္မစင်္ကြာအခါတော်နေ့အဖြစ် အထိမ်းအမှတ်ပြုလုပ် ကျင်းပရခြင်းအကြောင်းမှာ ထိုနေ့၌မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကဓမ္မစင်္ကြာတရား ဟောကြားတော်မူခဲ့ခြင်းကိုအကြောင်းပြု၍ ကျင်းပရခြင်းဖြစ်သည်။
ဓမ္မစကြာတရားတော်မြတ်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံဗာရာဏသီမြို့ မိဂဒါဝုန်တော၌ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့်နေ့၊ နေ၀င်လထွက်သောအချိန်၌ ဘုရားအဖြစ်ကိုဝန်ခံသောအားဖြင့် ဟောကြားတော်မူခြင်းဖြစ်သည်။
ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါ ပါဠိတော်၌ ပဉ္စ၀ဂ္ဂိယကထာအမည်ဖြင့်လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန၀ါရအမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တနအမည်ဖြင့် လာရှိပါသည်။ ဓမ္မစက္ကပ၀တ္တနအဓိပ္ပာယ်မှာ တရားတည်းဟူသောအသိစက်ကို လည်စေတော်မူခြင်းဟု အဓိပ္ပာယ်ရပါသည်။ (ဓမ္မစက္က=တရားစက်တော်ကို ၊ပ၀တ္တန=ဖြစ်စေ လည်စေခြင်း) ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွန်းဆိုဟောကြားသော ဒေသနာတော်ဖြစ်၍ ပိဋကတ်သုံးပုံ၏အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစင်္ကြာတရားတော်ကို စီစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာအစွန်းနှစ်ခုကို ရှောင်ကြဉ်ရေး ၊မဇ္ဈိမပဋိပဒါ(အလယ်အလတ်) လမ်းစဉ်မှန်ကျင့်သုံးရေးကို
ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏တိကျခိုင်မာသော သဘောတရားကိုတွေ့မြင်နိုင်ပေသည်။
ဤကဲ့သို့အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့ကဓမ္မစင်္ကြာတရားတော်ကို
အထူးပင်ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပါသည်။
**** ၀ါဆိုလပြည့်နေ့၏ထူးခြားချက်များ****
မြန်မာရိုးရာဆယ့်နှစ်လရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်
၁။ ဂေါတမဗုဒ္ဓဘုရားလောင်းပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်းသည် တောထွက်တော်မူသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်းသည် ဓမ္မစင်္ကြာတရားစတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၎။ ရေး..မီးအစုံအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာစတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း၊
အထက်ဖော်ပြပါ ၀ိသေသနအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့က ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်းများလှူဒါန်းခြင်း၊ ဓမ္မစင်္ကြာတရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ၀ါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ကို ဆင်နွဲပြုလုပ်ကြပါသည်။
****မြတ်ဗုဒ္ဓ၏ဓမ္မစက်တော်ကြီး****
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ခင်ဗျား
လွန်ခဲ့သာ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားက “ဓမ္မစက္က”အမည်ဖြင့်
တရားစက်ရုံတော်ကြီးတစ်ရုံကို တည်ဆောက်ခဲ့ပါသည်။ တည်နေရာကတော့အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဖြစ်ပါသည်။ အဲဒီတရားစက်ရုံကြီးကို လုပ်သားငါးဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ဓမ္မစက်ရုံမှုးကြီးဖြစ်တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခေတ်ကာလအခြေနေနှင့်လျော်ကန်သင့်မြတ်တဲ့ ထွက်ကုန်ပစ္စည်းများကို သစ္စာတံဆိပ်ခပ်နှိပ်လျက် ဒုက္ခ-သမုဒယ-နိရောဓ-မဂ္ဂ..ဟူ၍လေးမျိုးလေးစားခွဲခြားကာ ထုတ်လုပ်ခဲပါသည်။ ပစ္စည်းလေးမျိုးကိုင်တွယ် အသုံးပြုနည်းအညွန်းကိုလည်း အပေါ်မှာရေးကပ်ထားခဲ့ပါသည်။ အဲဒီအညွှန်းကတော့ “မဇ္ဈိမပဋိပဒါ” ဆိုတဲ့ အညွန်းဖြစ်ပါသည်။ အဲဒီလိုအညွှန်းရေးကပ်ပေးခြင်းကတော့ ကာမချမ်းသာ အာရုံခံစားမှု့ လက်ယာအစွန်းနှင့် အတ္တဘောပင်ပန်းစေတဲ့ လက်ဝဲအစွန်းသို့မကျရောက်အောင် တိတိကျကျညွန်ပြပေးခဲ့သော အညွှန်းပင်ဖြစ်ပါသည်။
ဓမ္မလုပ်သားကြီးများဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးအနက်
၁။ ၀ါဆိုလပြည့်နေ့မှာ အရှင်ကောဏ္ဍညမထေရ်
၂။ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ အရှင်ဝပ္ပမထေရ်
၃။ ၀ါဆိုလပြည့်ကျော် နှစ်ရက်နေ့မှာ အရှင်ဘဒ္ဒိယမထေရ်
၎။ ၀ါဆိုလပြည့်ကျော် သုံးရက်နေ့မှာ အရှင်မဟာနာမ်မထေရ်
၅။ ၀ါဆိုလပြည့်ကျော် လေးရက်နေ့မှာ အရှင်အဿဇိမထေရ်
ထိုသို့နေ့ရက်အစဉ် ထေရ်အစဉ်အားဖြင့် သောတာပန်ဘွဲ့ထူး ဂုဏ်ထူးတွေ ဆွတ်ခူးရရှိခဲ့ကြပါသည်။
ဓမ္မမိတ်ဆွေသူတော်စဉ်အပေါင်းတို့ခင်ဗျာ....
ဓမ္မစက်ရုံမှုးကြီးဖြစ်တဲ့ မြတ်စွာဘုရားက ၀ါဆိုလပြည့်ကျော်ငါးရက်နေ့မှာ ပစ္စည်းသစ်တစ်မျိုးကို ပြောင်းလဲထုတ်ဝေခဲ့ပါသည်။ အဲဒီပစ္စည်းအမျိုးစားကတော့ “အနတ္တလက္ခဏ”ဖြစ်ပါသည်။ အနတ္တလက္ခဏနှင့်အတူ ပဋိစ္စသမုပ္ပါဒ်ခေါ်တဲ့စက်ရုံထွက် ပစ္စည်းများကိုထုတ်ဝေပေးချိန်မှစပြီး ၀ါဆိုလပြည့်ကျော်ငါးရက်နေ့မှာ ပဉ္စ၀ဂ္ဂီငါးဦးလုံး ရဟန္တာဖြစ်ခဲ့ကြပါသည်။ ဗုဒ္ဓတီထွင်ထားခဲ့သော ဓမ္မစက်ရုံထွက်ပစ္စည်းများမှာ အမျိုးအစားအားဖြင့် ဓမ္မက္ခန္ဓာပေါင်း(၈၄၀၀၀) အရေတွက်ရှိပါတယ်။
ဗုဒ္ဓဓမ္မတရားတော်များသည် ကာလကြာညောင်းပေမယ့် ယနေ့တိုင်အစဉ်အမြဲ သစ်လွင်လတ်ဆတ်လျက် ရှိနေပါသေးသည်။
ယနေ့ဆိုလျင်ဗုဒ္ဓတည်ဆောက်ခဲ့သော ဓမ္မစက်ရုံကြီမှာလည်ပတ်နေတဲ့ တရားစက်သံများမှာ အရပ်မျက်နှာအားလုံးတို့၌ ပဲ့တင်ထပ်လျက်အရှိန်မပျက် လည်ပတ်လျှက်ရှိနေပါကြောင်း တင်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။
လောကစွမ်းအင်+ဓမ္မစွမ်းအင် တရားချစ်ခင်သူတော်စဉ်အပေါင်းတို့ခင်ဗျာ ဓမ္မစကြာအခါတော်နေ့၌ ကုသိုလ်ပြုကြသူအားလုံး
(က)အစွန်းနှစ်ပါးမှလွတ်ကင်းကြပါစေ၊
(ခ)မဂ္ဂင်ရှစ်ပါးပွားများပြီး သစ္စာတရားကို သိမြင်နိုင်ကြပါစေ၊
(ဂ)ဒုက္ခခပ်သိမ်းမှအေးငြိမ်းကြပါစေ... လို ဆုမွန်တောင်းရင်းအဆုံးသတ်လိုက်ပါသည်။
မာဂဓီ(သာစည်)
ခပ်သိမ်းသောအလှုတို့တွင် တရားအလှုသည်အမွန်မြတ်ဆုံးသာဖြစ်၏။
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းတင်ပြသည်။

0 comments: