စင်္ကာပူတွင် ဘွဲ့အတု၊ လက်မှတ်အတုများအတွက် အရေးယူရသော ကိစ္စများပင် ရှိနေလေပြီ။ Straits Times သတင်းစာတွင် သတင်းများ ဖတ်ရသည်။ ၈-၈-၂၀၀၈ နေ့ထုတ်နှင့် ၃၀-၈-၂၀၀၈ နေ့ထုတ် Strait Times သတင်းစာမှ အလိမ်အညာ ဘွဲ့လက်မှတ်များအကြောင်း သတင်းနှင့်ဆောင်းပါများကို ကျွန်တော် ဖတ်လိုက်ရပါသည်။

မလေးရှားနှင့် အတုအယောင်ဘွဲ့
၂၀၀၈ ခု၊ စက်တင်ဘာလထဲတွင် မလေးရှား၌ အကြိတ်အနယ် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့သည်။ အတိုက်အခံ အန်ဝါအီ ဘရာဟင်နှင့် အာဏာရ ဘာရီဆန်နက်ရှင်နယ်မှ အာရစ်ရှား အိုမာရှား တို့ အဓိက ပြိုင်ဖက် ဖြစ်သည်။ မဲဆွယ်ပွဲကာလတွင် အာရစ်ရှား အိုမာ ရှား အပေါ် စွပ်စွဲချက်တစ်ခု ပေါ်ထွက်လာ၏။ သူသည် အတု အယောင် တက္ကသိုလ်တစ်ခုနှင့် ဆက်သွယ်ပြီး Ph.D ဘွဲ့ယူရန် ကြိုးစားနေသည်ဟု သူ့အပေါ် စွပ်စွဲသည်။ ထိုသတင်းကို သတင်းစာများတွင် ဖတ်ရှုရသည်။ အင်တာနက် သတင်းများတွင်လည်း တွေ့ရသည်။ အာရစ်ရှား အိုမာသည် ဘွဲ့ရသူ မဟုတ်။ ပေါ်လီတက်ကနစ်မှ ဒီပလိုမာ ရရှိထားသူ GTI အဆင့် ဖြစ်သည်။ ဘယ်လိုလုပ်ပြီး Ph.D သင်တန်းသားအဖြစ် မှတ်ပုံတင်ခွင့်ရသလဲဟု မေးခွန်းထုတ်ထား၏။ နောက်ဆုံးတွင် “ကျွန်တော် Ph.D သင်တန်းက ထွက်လိုက်ပါပြီ။ အသိအမှတ်ပြုဘွဲ့ မဟုတ်လို့ပါ” ဟု အာရစ်ရှား အိုမာရှားက ကြေငြာချက် ထုတ်လေသည်။ သူ့အပေါ် စွပ်စွဲသူများက သူ မှတ်ပုံတင်ထားသော တက္ကသိုလ်၏ အမည်ကို Edison University of Technology ဟု ဖော်ထုတ်ထားသည်။
အာရစ်ရှား အိုမာရှားက တက္ကသိုလ်၏ အမည်မှန်မှာ Edision University of Technology ဖြစ်ပြီး British Virgin Islands တွင် မှတ်ပုံတင်ထားသော တက္ကသိုလ် ဖြစ်ပါသည်ဟု ရှင်းပြသည်။ (Virgin Islands သည် ဗြိတိသျှပိုင် ကျွန်းကလေးဖြစ်ပြီး ထိုကျွန်းတွင် မှတ်ပုံတင်သော ကုမ္ပဏီမျး အခွန်အတုတ်ပေးဆောင်မှု အလွန်သက်သာ သည်။ အခွန်တိမ်းရှောင်လိုသော လုပ်ငန်းများ ကုမ္ပဏီ မှတ်ပုံတင်လေ့ရှိသော အရပ်ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးလောကတွင် လူသိများပါသည်။)
******************
စင်္ကာပူတွင် ဘွဲ့လက်မှတ်အတုများ ပြည်ပမှာ ယူလာပြီး ကျောင်းဝင်ခွင့် သို့မဟုတ် အလုပ်လျှောက်သူပါ များစပြနေပြီ။ ၈-၈-၂၀၀၈ ထုတ် Straits Times သတင်းစာတွင် အမေရိကန်နိုင်ငံ၌ တွေ့ရှိသော ဘွဲ့လက်မှတ် အတု သုံးစွဲသူများတွင် စင်္ကာပူမှ ၃၆ ဦး ပါဝင်ကြောင်း ရေးသားထားသည်။ သတင်းစာက နာမည် ဖော်ပြခံရသူ အချို့ကို ဆက်သွယ်မေးမြန်းသောအခါ ၆ ဦးက ဘွဲ့လက်မှတ်ဝယ်ယူခဲ့တာ မှန်ကန်ကြောင်း ၀န်ခံထားသည်။ ထို ၆ ဦးအနက် ၄ ဦးတို့သည် သူတို့၏ ပညာရည်နှင့် အတွေ့အကြုံ မှတ်တမ်းလွှာ (resume) တွင် ဘွဲ့အတုကို ထည့်သွင်းဖော်ပြထားသည်။ နှစ်ယောက်က စာရင်းတွင် ဖော်ပြထားသော ‘တက္ကသိုလ်’ မှ ဘွဲ့ရရှိကြောင်း ထိုတက္ကသိုလ်သည် ‘ဘွဲ့စက်ရုံ’(degree mill) ဖြစ်သည့် အချက်ကို မသိခဲ့ကြောင်း ပြောဆိုသည်။
ဘွဲ့လက်မှတ်အတု သုံးစွဲခဲ့သည်ဟု ယူဆရသော ကျောင်းဆရာတစ်ဦး၏ ကိစ္စကိုစင်္ကာပူ ပညာရေးဝန်ကြီး ဌာနက စုံစမ်းအရေးယူရန် ရှိသည်ဟု သတင်းရရှိသည်။ စီးပွားရေး လုပ်ငန်းရှင် ဒေးဗစ်တန် လင်းဝှပ်က သူသည် St. Regis University မှ ပေးမည့် ဘွဲ့အကြောင်း စုံစမ်းရုံသာ စုံစမ်းခဲ့ကြောင်း၊ မ၀ယ်ခဲ့ကြောင်း ပြောဆိုသည်။ ပုဂ္ဂလိက ကျောင်းဆရာ ဒေးဗစ်နယ်ဆင် ဆင်မျူရယ်က St. Riegis University မှ B.A ဘွဲ့လက်မှတ်ကို စင်္ကာပူ ဒေါ်လာ ၄၀၀၀၀ ပေးပြီး ၀ယ်ခဲ့သည် ဆို၏။ နောက်မှ ၄င်းမှာ အသိအမှတ် ပြုခံရသော တက္ကသိုလ်မဟုတ်ကြောင်း သိရှိရသည်ဟု ဆို၏။
စင်္ကာပူတွင် NorthBridge Road တွင် ဖွင့်လှစ်ထားသော သင်တန်းကျောင်း၌ မစ္စတာ ဂျိုးဇက်ဆာဂူဆင် ဆိုသူ အင်္ဂလိပ်စာ သင်တန်းပေးခဲ့သည်။ သူ့ဘွဲ့လက်မှတ်များမှာ St. Lourders University က ပေးသော BA(Business) နှင့် MA (Education) ဖြစ်သည်။ ၄င်းသည်လည်း ‘ဘွဲ့စက်ရုံ’ တစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်ဟု သတင်းဆောင်းပါးတွင် ရေးထား၏။
စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့အင်အားဝန်ကြားဌာနတို့ကလည်း ၀င်ရောက်လာသူများ ယူလာသည့် လက်မှတ်အတုများကို တွေ့နေသည်။ တွေ့ရှိသည့်အထဲတွင် နိုင်ငံခြားသားက များသော်လည်း စင်္ကာပူနိုင်ငံ သားများလည်း ဘွဲ့လက်မှတ်အတု သုံးစွဲမှု တိုးပွားလျက် ရှိနေသည်ဟု သိရသည်။ အာရှနှင့် အရှေ့အလယ် ပိုင်း နိုင်ငံများတွင် လူဝင်မှုကြီးကြပ်ရေးအတွက် ကန်ထရိုက်ယူပြီး စစ်ဆေးရေးလုပ်ငန်း လုပ်ကိုင်ပေး နေသော Itegra Screen အမည်ရှိ ကုမ္ပဏီက စစ်ဆေသမျှတဓွင် ငါးရာခိုင်နှုန်းခန့်မှာ ဘွဲ့လက်မှတ်အတု ဖြစ်ကြောင်း တွေ့ရှိသည်ဆို၏်။
Integra Screen မှ ဦးဆောင်ညွှန်ကြားရေးမှူး ဂျွန်ဘက်စတာက “ အင်တာနက်ကြောင့် လက်မှတ်အတု ထုတ်ရောင်းသူ တိုးပွားနေကြောင်း။ စင်္ကာပူတွင် အလုပ်ရရှိရန် လက်မှတ်တုဝယ်ယူသူများလည်း တိုးပွားနေကြောင်း” ပြောဆိုသည်။
ဘွဲ့လက်မှတ်စက်ရုံ အများစုက လက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ဈေးနှုန်း အမျိုးမျိုးနှင့် ရောင်းသည်။ အမြင့်စား နည်းပညာကို သုံးပြီး ပြုလုပ်ထားသော ဘွဲ့လက်မှတ်များကလည်း အစစ်မဟုတ်သော်လည်း အလွန်သားနားသည်။
၃၀-၈-၂၀၀၈ နေ့ Straits Times တွ် စန္ဒြာဒေ၀ီက အတုအယောင် ဒီဂရီများအကြောင်း ဆောင်းပါးတစ်စောင် ရေးထားသည်။ Belford University က ထုတ်ပေးသော ဘွဲ့လက်မှတ် ၂စောင်ကို ဓာတ်ပုံမိတ္တူနှင့် ဖော်ပြထား သည်။ စင်္ကာပူဆရာဝန်အသင်းဝင် ‘ဒေါက်တာ’ ဦးရေထက် အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း များတွင် ‘ဒေါက်တာ’ ဦးရေက ပိုမိုများပြားနေကြောင်း ဟာသပြောနေကြသည်ဟု စန္ဒြာက ဆောင်းပါးကို နိဒါန်းပျိုးထားသည်။
စီးပွားရေးလုပ်ငန်းရှင်များက ဂုဏ်ထူးဆောင် Ph.D အတုနှင့် ဒေါက်တာဘွဲ့တပ်ထားကြောင်း။ ၄င်းဘွဲ့များမှာ Preston, Wisconsin International နှင့် Kennedy Western အမည်နှင့် တက္ကသိုလ်အတုများ ဖြစ်ကြောင်း စန္ဒြာက ဖော်ပြထားသည်။ ဘွဲ့အတုဝယ်ယူသူ သုံးမျိုးသုံးစား ရှိသည်။ ပထမအစုမှာ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်၏်။ ဂုဏ်ရှိသည်ထင်ပြီး ဒေါက်တာဘွဲ့တပ်သူများ ဖြစ်သည်။
ဒုတိယလူစုမှာ အတိုင်ပင်ခံပညာရှင်များ၊ ပုဂ္ဂလိကကျောင်းများမှ ကထိကများ၊ နည်းပြများ ဖြစ်သည်။ သူတို့သည် ပထမ ဘွဲ့တစ်ခုရရှိပြီး လုပ်ရည်ကိုင်ရည် အထိုက်အလျောက် ရှိ၏။ သို့သော် Ph.D လက်မှတ်ပြပြီး ဒေါက်တာဘွဲ့အမည် ရှေ့ကတပ်လိုက်လျှင် ပိုပြီး တင့်တယ်သည်ဟု ခံယူသည့်ပြင် ၀င်ငွေလည်း ပိုကောင်းမည် ဖြစ်သောကြောင့် ဘွဲ့ဝယ်ယူခြင်း ဖြစ်သည်။ နောက်ဆုံးလူစုမှာ ဘွဲ့မရသေးသူများ ဖြစ်သည်။ ဘွဲ့လက်မှတ်အတုနှင့် ‘လံကြုပ် အမှတ်စာရင်းများကို သူတို့က ၀ယ်ယူပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်ရာတွင် အသုံးချသည်။ အလုပ်လျှောက်ရာတွင် အသုံးချသည်။ လက်မှတ်အတုနှင့် စင်္ကာပူတွင် ဖမ်းမိသူများမှာ နိုင်ငံခြားသားများ ဖြစ်၏်။

ဒေါက်တာဘွဲ့အမျိုးမျိုး
ယခုအခါတွင် ဒေါက်တာဘွဲ့အမျိုးမျိုး ရှိနေပေသည်။
(၁) ပညာသင်ယူပြီးမှ ရသော ဒေါက်တာဘွဲ့ (Earned doctorate) သည် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်ကြီး တစ်ခုခုတွင် သတ်မှတ်ထားသော စံအတိုင်း သုတေသနကျောင်းသားအဖြစ် အနည်းဆုံး နှစ်နှစ် လေ့လာဆည်းပူးပြီးနောက် အဆင့်မီသော သုတေသန စာတမ်းတင်သွင်းပြီးမှ ရရှိသော ဘွဲ့ဖြစ်သည်။ Earned doctorate ရရှိလျှင် နာမည်ရှေ့တွင် ဒေါက်တာတပ်သေ ထုံးစံသည် ကမ္ဘာအရပ်ရပ်လက်ခံသော ကျင့်ထုံးဖြစ်၏။
(၂)Honorary doctorate ခေါ် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလည်း ဂုဏ်သိက္ခာရှိသော တက္ကသိုလ်ကြီးများက ထိုက်တန်သော ပညာရှင်ပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်လေ့ရှိသည်။ ဤကမ္ဘာတွင် ထိုက်တန်သော ပုဂ္ဂိုလ်အမြောက်အမြားရှိသော်လည်း တက္ကသိုလ်များက လူမရွေး ဂုဏ်ထူးဆောင်ဘွဲ့ မပေးပါ။ ဘွဲ့ချီးမြှင့်ခံရသော ပုဂ္ဂိုလ်သည် တက္ကသိုလ်နှင့် ပတ်သက်သူ။ ဥပမာ တက္ကသိုလ်တွင် လာရောက် ဟောပြောဖူးသော ပညာရှင်ဖြစ်မည်။ တက္ကသိုလ်အသိုင်းအ၀ိုင်းက လေးစားပြီးပုဂ္ဂိုလ် ဖြစ်သည်။
ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ခြင်းမှာ ရရှိသူကို တက္ကသိုလ်က ဂုဏ်ပြုခြင်းဖြစ်သည်ဟု ပြောလေ့ရှိ၏။ သို့သော် တကယ်တမ်းတွင် ထိုပုဂ္ဂိုလ်ကြီနှင့် တက္ကသိုလ်ဆက်ဆံမှုရှိကြောင်း ပေါ်လွင်စေပြီး တက္ကသိုလ်က ဂုဏ်ယူခြင်းလည်း ဖြစ်သည်။ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို နာမည်ရှေ့တပ်သော အစဉ်အလာ ကမ္ဘာနိုင်ငံအများစုတွင် မရှိပါ (မြန်မာတွင်သာ ရှိပါသည်)။
(၃) ပညာရှင်မဟုတ်သူကို ဂုဏ်သိက္ခာရှိ တက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ ရှိပါသည်။ ဥပမာ၊ တက္ကသိုလ်အတွက် ရက်ရက်ရောရော လှူဒါန်းသော ပုဂ္ဂိုလ်ကို အတိုင်းအတာလိုက်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ပေးလေ့ရှိပါသည်။
ကြုံကြိုက်သဖြင့် ဖော်ပြစရာ ရှိပါသည်။ ရန်ကုန်တက္ကသိုလ်က အနုပညာရှင်များကို ဂုဏ်ထူးဆောင် ဘီအေဘွဲ့များ ပေးဖူးပါသည်။ ဥပမာ၊ ၁၉၆၁ ခုနှစ်က အငြိမ့််မင်းသမီး အမာစိန် (ယခု ဒေါ်အမာစိန်) ကို ဘီအေဘွဲ့ ပေးခဲ့သည်။ အမာစိန်က တက္ကသိုလ်နယ်မြေတွင် အငြိမ့်ပွဲပေါင်းများစွာ ကပြအသုံးတော်ခံခဲ့ပြီး တက္ကသိုလ် ကျောင်းသား/သူ၊ ဆရာ/ဆရာမများ၏ အသည်းစွဲမင်းသမီး ဖြစ်သည့်အချက်ကို တက္ကသိုလ်က အသိအမှတ်ပြုခြင်း ဖြစ်၏။
အငြိမ့်မင်းသမီးကို ဘီအေ(ဂုဏ်ထူးဆောင်) ဘွဲ့ပေးစဉ်က မပေးသင့်ပါဟု ဝေဖန်ရေးသားပြောဆိုမှု ရှိခဲ့ပုံမရပါ။ တက္ကသိုလ်များက အကြောင်းအမျိုးမျိုးကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ပေးပါသည်။ ဥပမာ၊ ယေးလ်တက္ကသိုလ်၏ သမိုင်းတွင် တက္ကသိုလ်ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းသော သူဌေး Elihu Yale ကို ဂုဏ်ပြုသောအားဖြင်ပ တက္ကသိုလ်က သူ့အမည်ကို ခံယူသည်။ သို့သော် အမေရိကန် လွတ်လပ်ရေး စစ်ပွဲဖြစ်ပွားစဉ် ယေးလ်တက္ကသိုလ် အဆောင်များကို အင်္ဂလိပ်စစ်တပ်က ဖြိုဖျက်ရန် စီစဉ်ခဲ့ရာ၌ မပျက်စီးအောင် ကာကွယ်ပေးသော ကျောင်းသားဟောင်း ဒက်ဒမန်ဖင်းနင်းကို ယေးလ်ကောလိပ်က ဂုဏ်ထူးဆောင်ပေးခဲ့သော မှတ်တမ်းရှိသည်။
(၄) အထက်ပါ ဘွဲ့များအပြင် ယခုခေတ်တွင် မိုးဦးမှိုလိုပေါ်ထွက်နေသော degree mill ခေါ် ဘွဲ့ရောင်းစားသည့် အမည်ခံ တက္ကသိုလ်များ၏ ဘွဲ့များလည်း ရှိနေသည်။ ထိုဘွဲ့တွင်လည်း နှစ်မျိုးရှိပြန်သည်။ Earned doctorate အယောင်ဆောင်ပြီး သုတေသနစုတမ်း (thesis) ရေးပါ၊ တင်လိုက်ပါ။ ဘွဲ့ကြေး (အတော်ကလေး) ပေးလျှင် ဘွဲ့ရပါသည်။ စာတမ်းကို ကိုယ်တိုင်ရေးနိုင်သူကရေး၊ သူများကို အငှားရေးခိုင်းလည်း ရသည်။ ဤကား ပေါ့ပေါ့တန် ငွေဝယ် Ph.D ဖြစ်သည်။
အောင်မြင်ထင်ရှားသူ ဖြစ်လေသောကြောင့် သူ၏ အောင်မြင်မှုကို အသိအမှတ်ပြုသောအားဖြင့် (အမည်ခံတက္ကသိုလ်က) အလှူငွေလိုလို၊ ဘာလိုလို ငွေယူပြီး ပေးသော အတုအယောင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့လည်း ရှိသေးသည်။ ငွေကြေးအကုန်ကျခံနိုင်လျှင် တက္ကသိုလ်မှ ပုဂ္ဂိုလ်များ ဘွဲ့ရသူနေထိုင်ရာ ပြည်ပနိုင်ငံသို့လာပြီး ဘွဲ့ပေးသည်များပင် ရှိသည်ကို တွေ့နိုင်ပါသည်။ ထိုကဲ့သို့သော အမည်ခံတက္ကသိုလ် ပရ၀ုဏ် ရှိမည် မထင်ပါ။
အစစ်နှင့်အတု ခွဲခြားနိုင်ပါသည်
တက္ကသိုလ်တစ်ခုသည် သိက္ခာရှိသော ‘ပညာဓိက’ တက္ကသိုလ်လား၊ ဘွဲ့လက်မှတ်ရုံလား ခွဲခြားရန် လွယ်ပါသည်။
တက္ကသိုလ်၏ အမည်ကို အင်တာနက်တွင် ရှာကြည့်ပါ။ တက္ကသိုလ် အဓိပဓိ (သို့) ပါမောက္ခချုပ် ဘယ်သူလဲ၊ ပရ၀ုဏ် ဘယ်မှာ တည်ရှိသလဲ။ တက္ကသိုလ်ရဲ့ သမိုင်းအစက ဘယ်လိုလဲ။ သက်တမ်းဘယ်လောက် ရင့်ပြီလဲ။ ထိုတက္ကသိုလ်မှ ပါမောက္ခနှင့် ဆရာ ဆရာမ၊ ကျောင်းသားများ ထုတ်ဝေခဲ့ပြီးသော peer reviesed paper ခေါ် အဆင့်ရှိ စာတမ်းများ ဘယ်ဂျာနယ်တွေမှာ တွေ့နိုင်သလဲ။ ဂျာနယ်ကလည်း ပညာရှင်လောက အသိအမှတ် ပြုသော ပညာရှင်များသိသော ကြည့်သော ဂျာနယ်ဖြစ်ရပါမည်။
ယခုခေတ်တွင် စာတမ်းရေးသည်၊ စာတမ်းဖတ်သည်ဆိုရုံနှင့် မပြည့်စုံပါ။ စာတမ်းသည် အထင်ကရ ပညာရပ်စာစောင်တွင် ပါဝင်ရမည်။ ထိုသို့ပါဝင်ရန် ပညာရှင်အချင်းချင်း ဝေဖန်သုံးသပ်ပြီးမှ ထည့်သွင်းခြင်း ဖြစ်သည်။ peer reviewed paper ဟုလည်း ခေါ်ပါသည်။
အဆင့်ရှိသော Ph.D ဘွဲ့ဖြစ်မဖြစ်ကို ထိုဘွဲ့မရရှိမီက ပြုလုပ်သော သုတေသနကို ‘သမာဓိဒိုင် အကဲဖြတ်ပြီး စာတမ်း’ ထုတ်ဝေနိုင်ခြင်း ရှိမရှိနှင့် ဆုံးဖြတ်နိုင်ပါသည်။ လေးစားလောက်သော တက္ကသိုလ်မှ Ph.D များသည် ဘွဲ့ရခါနီး သို့မဟုတ် ရပြီးစတွင် အထင်ကရ ပညာရပ်ဂျာနယ်တွင် အနည်းဆုံးစာတမ်းတစ်စောင်၊ နှစ်စောင် ရေးသားနိုင်ကြသည်ကို တွေ့ရပါသည်။
အင်တာနက်ခေတ်တွင် ပုဂ္ဂိုလ်တစ်ဦးရေးသားသော သုတေသနစာတမ်းအမည်နှင့် ပါဝင်သော စာစောင် (ခုနှစ်၊ လ၊ အတွဲနံပါတ်၊ စာမျက်နှာ) အသေးစိတ်ရှာရန် လွယ်ကူပါသည်။ ထိုစာတမ်းမည်မျှ အဆင့်ရှိသည် (သို့) ပညာရှင်များ လေးစားသည်ကို တိုင်းတာသော Citation index ရည်ညွှန်းကိုးကား မှတ်တမ်းတွင်လည်း ရှာဖွေကြည့်နိုင်ပါသည်။
ဘိုးလှိုင်
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။

(၂)Honorary doctorate ခေါ် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလည်း ဂုဏ်သိက္ခာရှိသော တက္ကသိုလ်ကြီးများက ထိုက်တန်သော ပညာရှင်ပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်လေ့ရှိသည်။ ဤကမ္ဘာတွင် ထိုက်တန်သော ပုဂ္ဂိုလ်အမြောက်အမြားရှိသော်

0 comments: