အမေရေ.....................
လက်ဝိုင်းလို့ နှိုင်းပြမရတဲ့ အမေ့မေတ္တာ
ကမ္ဘာကို ကိုင်စိုး အုပ်မိုးနေခဲ့တာ ယနေ့ထိတိုင်ပါပဲ အမေ
မြင့်မိုရ်တောင်ကြီးဘယ်လောက် ကြီးနေပါစေ
ကြီးမြတ်တဲ့ အမေ့မေတ္တာကို မကျော်လွန်ပါဘူး အမေ
အမြင့်ဆုံးဆိုတဲ့ ဧ၀ရတ်တောင်ကြီး သော်မှ
မြင့်မားတဲ့ အမေ့မေတ္တာ အောက်မှာပဲ နေရတယ် အမေ
စမ်းရေးအေးတွေလဲ အမေ့မေတ္တာ တေးတွေအောက်မှာပဲ ၀င်ရောက်ခဲ့ရတာပါ အမေ
အမေ့မေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာ
နှိုင်းပြဖို့ သား မတတ်ပေမယ့်
စာရွက်ပေါ်မှာ အမေလို့ ရေးမိရင်တောင်
ရင်ထဲမှာ နွေး.......နေတယ်အမေ.....။
အမေးရေ.......
အိမ်အိုဟောင်းနဲ့ အမေ့ ဈေးတောင်းလေးလည်း
ပြင်သူမဲ့လို့
အမိုးတွေပေါက် အကွပ်တွေပြေ
အနားတွေ စုပ်နေရော့ပလား အမေ........?
မမြင်တာကြာ အမေ့ရုပ်လွှာ
ဆံဖြူသွားကြွေ ပါးရေတွန့်လို့
သားပြန်လာမယ့် ရွာအဝင် တမာတန်းမှာ
ဝေဝါးတဲ့ မျက်ဝန်းတွေနဲ့
စောင့်ကြို နေတုန်းပဲလား အမေ..................?
အမေရေ..............
ကုန်ဆုံးသွားတဲ့ (နှစ်) (လ)အချိန်တွေ ရေတွက်ကြည့်ရင်
ဖုန်းထဲမှာကြားရတဲ့ အမေ့ အသံလေးတောင်မှ
ဟိုးအရင် အမေ့သား ရေမြေခြား
မလေးရှား မသွားခင် ကြားနေကြ
စွာငေါက်ငေါက်နဲ့
အမေ့ အသံလေးမဟုတ်တော့သလိုပဲ နော် အမေ.........။
အမေရေ...............
ဇာတိချက်ကြွေ မွေးရပ်မြေကို
ဒီမိုးအကုန် ဟေမာန်နှောင်းရင်
နွေဦးရဲ့ လေရူးတွေနဲ့အတူ
အမေရှိရာ ဌာနေဟောင်း
ပြန်ညောင်းမယ့် ဒီသားဟောင်းကို
ရွာအဝင် တမာတန်းမှာ အလွမ်းများနဲ့ ဆီးကာကြို
မျက်ရည်တွေစိုးလို့
သားလာမယ့် ဒီလမ်းလေးမှာ
လှမ်းလင့်လို့ စောင့်ကြိုနေတုန်းပဲလား အမေရယ်.....
နှစ်ကုန်ရင် တစ်ခေါက်လောက်တော့ ပြန်လာပေးပါ
မှာဆိုတယ် အမေ့ရဲ့ စကား
ဒီအချိန်ဆို အခါခါကြားမိ..
လွဲခဲ့ပြန်ပြီး ၀ါဆိုဦး
အမေပြောဖူးတဲ့ အိမ်ပြန်မှာတမ်း
ညချမ်းဆို ပို၍လွမ်းသည်
နှောင်နှစ်ဆန်းရင်တော့ ငွေထမ်းကာ သားပြန်လာမည်
ခွန်ချိုသာနှုတ်စကားနဲ့ ကျွန်းညိုက အမေကြားပါစေသား......
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။

အမေ့ အသံလေးမဟုတ်တော့သလိုပဲ နော် အမေ..

0 comments: