twitter






အလောင်းစည်သူမင်းလက်ထက်မှာ တော်လှန်ထက်မြက်တဲ့ ဆရာတော်ကြီးတပါး ပေါ်ပေါက်ခဲ့ဘူးတယ်။ အဲဒီဆရာတော်ကြီးကတော့ ပုဂံပြည်မှာ ရှင်အရဟံ မထေရ်မြတ်ကြီး ပျံလွန်တော်မူတဲ့အခါ ပုဂံပြည်ရဲ့ သာသနာ့ဥသျှောင်အဖြစ်ဆက်ခံခဲ့တဲ့ ပံ့သကူမထေရ်မြတ်ကြီးဖြစ်ပါတယ်။ ဒကာ ဒကာမတွေလှူဒါန်းတဲ့ သင်္ကန်းကို ခံယူတော်မမူဘဲ သုဿာန်တစ သင်္ချိုင်းဝတွေမှာ စွန့်ပစ်ထားတဲ့ အ၀တ်စတွေကိုသာ ကောက်ယူပြီး သင်္ကန်းအဖြစ် အသုံးပြုတော်မူတာကြောင့် ပံ့သကူ မထေရ်မြတ်ကြီးလို့ ကျော်ကြားတော်မူပါတယ်။
ဆရာတော်ကြီးဟာ သီလဂုဏ် သမာဓိဂုဏ်တိုနဲ့သာ ပြည့်စုံတာမဟုတ်ပါ။ တိုင်းသူပြည်သား လူအများကိုလည်း အလွန်ချစ်မြတ်နိုးတော်မူသလို ပြည်သူပြည်သား လူအများရဲ့ အကြည်ညိုခံတော်မူရတဲ့ ဆရာတော်ကြီးလည်းဖြစ်ပါတယ်။ မတရားမှုတွေ ဖိနှိပ်ညှင်းပန်းမှုတွေ တွေ့ရင် ဘုရင်ကိုတောင် အားမနာတမ်း ရဲရဲ ၀င့်ဝင့် ဆုံးမတော်မူတဲ့ ဆရာတော်ကြီးလည်းဖြစ်ပါတယ်။
သက္ကရာဇ် ၄၇၄ ခုနှစ်မှာ ပုဂံပြည်ကို အလောင်းစည်သူမင်း အုပ်ချုပ်တော်မူပါတယ်။ သားတော်နှစ်ပါးရှိ ပါတယ်။ သားတော်အကြီးဖြစ်တဲ့ မင်းရှင်စောကိုတော့ အဖေဘုရင်ကို ပမာမခန့် ဆန့်ကျင်မှုပြုလို့ တိုင်းပြည်က နှင်ထုတ်ထားပါတယ်။ သားကြီးမင်းရှင်စော မရှိတဲ့အခါ တိုင်းရေးပြည်ရာများကို သားအငယ် နရသူက စီမံအုပ်ချုပ်ပါတယ်။ နရသူဆိုတာကတော့ တကယ့်လူဆိုးလူညစ်။ ရက်စက်သူ ကောက်ကျစ်သူဖြစ်သလို အင်မတန်အလိုရမ္မက်ကြီး လောဘလည်းကြီးတဲ့ သားတော်ပါ။ ဘယ်လောက်တောင် လောဘကြီးသလဲဆိုရင် ထီးနန်းလိုချင်လို့  မကျန်းမမာဖြစ်နေတဲ့ ဖခင်ဘုရင်ကြီးကို ရွှေဂူကြီးဘုရားမှာ ခေါင်းအုံးနဲ့ဖိသတ်ပြီး ထီးနန်းကိုရယူခဲ့သူပါ။
အလောင်းစည်သူမင်း နတ်ရွာစံတော့ သားအကြီး မင်းရှင်စောက ထီးနန်းရယူဘို့ တပ်အလုံးအရင်းနဲ့ ပုဂံပြည်ကို ချီတက်လာပါတယ်။ နောင်တော် မင်းရှင်စောရဲ့တပ်အင်အားကို နရသူမယှဉ်နိုင်မှန်းသိတော့ အကြံအဖန် ပရိယာယ်ဆင်ပြီး ပံ့သကူမထေရ်ထံ ချည်းကပ်လျှောက်ထားပါတယ်။ ညီတော် နောင်တော် စစ်ဖြစ်နေရင် တိုင်းသူပြည်သား လူအများဆင်းရဲကြပါလိမ့်မယ်။ စစ်မဖြစ်လိုပါ။ နောင်တော်ကို ထီးနန်းအပ်ပါ့မယ်။ နောင်တော်ကြီး တယောက်ထဲ နန်းတော်ကိုလာဘို့ လျှောက်ထားပါတယ်။
ဆရာတော်ကြီးလဲ နရသူရဲ့စကားကိုယုံတော်မူလို့ မင်းရှင်စောကို နန်းတော်ထဲရောက်အောင်ခေါ်လာခဲ့ပါတယ်။ နောင်တော်ကြီးလာတဲ့အခါ ထီးနန်းကိုအပ်ပါတယ်။ ဒါပေမယ့် ဘိသိက်သွန်းတဲ့ညမှာဘဲ အစာထဲအဆိပ်ခတ်ပြီး နောင်တော် မင်းရှင်စောကိုလုပ်ကြံကာ ထီးနန်းကိုရယူလိုက်ပါတယ်။
ဒီသတင်းကို ဆရာတော်ကြီးကြားတော့ အင်မတန်စိတ်မကောင်း ဖြစ်တော်မူပါတယ်။ နရသူရဲ့ အလိမ်အညာ ပရိယာယ်တွေကို ဆရာတော်ကြီး ခံလိုက်ရတာကိုး။ နန်းတော်ထဲကြွတော်မူပြီး နရသူနဲ့တွေ့ပါတယ်။
ဟယ် … မင်းဆိုး မင်းညစ်လို့.. …  ရဲရဲဝင့်ဝင့် ဘုရင်ကိုခေါ်တာပါ။ အမိုက်တကာ့ အမိုက်ဆုံးမင်း … အပျက်တကာ့ အပျက်ဆုံးမင်း …. သင်ကား ရေရှည်အကျိုး စီးပွားကိုလည်း မသိမြင်။ မင်းစည်းစိမ်ခံစား ဘို့လောက်သာ သိတဲ့မင်းမိုက်....... နင်ကား သံသရာဝယ်ခံရမယ့် မကောင်းမှု အကုသိုလ်ဒုစရိုက်ကိုမကြောက် ထီးနန်းစည်းစိမ်ရရုံနဲ့ နင့်ရဲ့ခန္ဓာကိုယ်ဟာ မအို မနာ မသေပြီလော …. လောကတွင် နင့်လောက်မိုက်သော … နင့်ထက်ပျက်သော မင်းမည်သည်မရှိ …. ဟု ပြတ်ပြတ်သား ဆုံးမတော်မူပါတယ်။ နင့်လို မင်းဆိုးမင်းညစ်အောက်မှာ ငါမနေလိုဟု မိန့်တော်မူပြီး သီဟိုဠ်သို့ ကြွတော်မူခဲ့ပါတယ်။ မိမိရဲ့အသက်အန္တရာယ် ကိုမှမထောက် သက်ဦးဆံပိုင်ဘုရင်ကို ရဲရဲဝင့်ဝင့် မိန့်တော်မူတာပါ။
အဂတိတရားမလိုက်စားဘဲ မဟုတ်မခံ မှန်တဲ့အတိုင်းမကြောက်မရွံ့မိန့်တော်မူတာကိုကြည့်ရင် တကယ့်ကို ကြည်ညိုစရာ လေးစားစရာ အံ့သြဖွယ်ရာ ဆရာတော်ကြီးပါ။
ဆရာတော်ကြီးက နရသူမင်းဆိုးကို တော်လှန်ပြီး ကြွသွားတော်မူတဲ့အခါ ပြည်သူတွေလည်း ဘုရင့်ပေါ် ယုံကြည်မှုကင်းမဲ့လာကြတယ်။ မကျေမနပ် ဖြစ်လာကြတယ်။ မကြာမီပင် နရသူမင်းလည်း ကုလားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံရကာ ကုလားကျမင်းလို့ နာမည်ဆိုးနဲ့ သမိုင်းမှာကျန်ခဲ့ပါတယ်။ ဒါက ဆရာတော် ကြီးရဲ့ ပထမတော်လှန်ရေးပါ။ 
ဒုတိယတော်လှန်ရေးကတော့ နရပတိစည်သူမင်းလက်ထက်မှာ ပြည်သူတွေကို မတော်မတရား ညှဉ်းပန်းနှိပ်စက်လို့ ဖြစ်ပေါ်လာခဲ့ရတာပါ။ ဆရာတော်ကြီးဟာ သီဟိုဠ်မှာ နှစ်အတန်ကြာသီတင်းသုံးနေထိုင်ပြီး နရပတိစည်သူမင်းလက်ထက်မှာ ပုဂံကိုပြန်လည်ကြွရောက်တော်မူလာပါတယ်။ နရပတိစည်သူမင်းက စူဠာမဏိစေတီတည်ဘို့ တိုင်းသူပြည်သား လူအများကိုဆင့်ခေါ်ပြီး ချောက်ကြီးတခုကို အပြင်းအထန်မြေဖို့ ခိုင်းပါတယ်။ ဘုရင်ကိုကြောက်လို့ လုပ်နေရပေမယ့် အလုပ်ပျက် အကိုင်ပျက်နဲ့ ပြည်သူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်နေတာကို ဆရာတော်ကြီးမြင်တော်မူလို့ များစွာကရုဏာဖြစ်တော်မူပါတယ်။ ဆရာတော်ကြီး နားလည်တာက တမျိုးပါ။ သာသနာတော်အတွက် ဘုရား တွေတည်၊ ကျောင်းတွေဆောက်တာဟာ သာသနာ့ဝန်ထမ်းတွေအနေနဲ့ ကြိုဆိုရမှာဖြစ်ပေမယ့် လူတွေကိုညှင်းပန်းနှိပ်စက်ပြီးမှ လုပ်ရတဲ့အလှူမျိုးဟာ ဘာအကျိုးစီးပွားမှမရှိတဲ့ အနှစ်သာရလည်းမရှိတဲ့ အလှူမျိုးဖြစ်တယ်လို့ မြင်တော်မူပါတယ်။ ဒါ့ကြောင့် နရပတိစည်သူမင်းကို မိန့်ကြားတော်မူပါတယ်။
သင်မင်းကြီးရဲ့အလှူဟာ ကောင်းမှုမဟုတ် … မကောင်းမှုသာဖြစ်တယ်လို့ ပြတ်ပြတ်သားသားမိန့်တော်မူသလို သင်မင်းကြီးလှူတဲ့ဆွမ်းကိုလည်း ငါအလှူမခံလို လို့ပြောပြီး နရပတိစည်သူမင်းကို သပိတ်မှောက်ဆန္ဒပြပြီး တော်လှန်တော်မူတာပါ။
မင်းဆိုတာကည်း သိတဲ့အတိုင်းဘဲလေ။ သူပြောတာအမှန် သူလုပ်တာအဟုတ်။ အခြားသူပြောတာ အလကားကားလို့ ယူဆတတ်သလို ဘယ်ပညာရှိရဲ့ စကားကိုမှ နားထောင်သူတွေမဟုတ်လေတော့ ဆရာတော်ကြီးကို နရပတိမင်း တိုင်းပြည်ကနှင်ထုတ်ပါတယ်။
ငါ့ဆွမ်းကိုအလှူမခံရင် ငါ့တိုင်းပြည်မှာလည်းမနေနဲ့။ ပြည်သူတွေလှူတာလည်း ငါ့ဆွမ်းဘဲတဲ့။ အဲသလို မိုက်မိုက်ကန်းကန်း လျှောက်ထားပြီး မင်းဆိုးမင်းညစ်က ဆရာတော်ကြီးကိုနှင်ထုတ်တာပါ။
ဆရာတော်ကြီးလည်း သီဟိုဠ်ကိုပြန်ကြွမယ်ဆိုပြီး စွယ်ကြိုအရပ် တောထဲမှာတပါးတည်း သီတင်းသုံး နေတော်မူပါတယ်။ အများကလေးစားကြည်ညိုတဲ့ ပံ့သကူမထေထရ်ကြီးကို ဘုရင်ကနှင်ထုတ်တာ ပြည်သူတွေကမကြိုက်လို့ ဘုရင်ကိုကန့်ကွက်ဆန္ဒပြပါတယ်။ အဲဒီတော့မှ ထီးနန်းစွန့်လွတ်ရမှာ စိုးရွံ့ထိတ် လန့်ပြီး ဆရာတော်ကြီးကိုပြန်ပင့်ပါတယ်။ အကြိမ်ကြိမ်ပင့်ပေမယ့် မင်းဆိုးမင်းညစ်အောက်မှာ မနေလိုလို့ ဆရာတော်ကြီးက ကြွတော်မမူပါဘူး။ နောက်ဆုံး ပညာဉာဏ်နဲ့ပြည့်စုံတဲ့ တုရင်္ဂပစ္စည်းအမတ်က ပရိယာယ်ဆင်ပြီးပင့်ပါတယ်။
လှေဦးထိပ်မှာ ဘုရားဆင်းတုတော်တင်ထားပြီး ဆရာတော်ကိုသွားလျှောက်တော့ ဘုရားရှင်ကို ရိုသေလေးစားသော အားဖြင့် ကြွတော်မူပြီး လှေအထက်မှာ ဘုရားကိုရှိခိုးဦးတိုက်နေတုန်း လှေကို အပြင်းလှော်ပြီး ဆရာတော်ကို ပင့်သွားတာပါ။
နောက်ဆုံးတော့ မင်းဆိုးမင်းညစ် နရပတိစည်သူမင်းလည်း သူအမှားသူသိလို့ ဆရာတော်ကြီးကို ၀န်ချတောင်းပန်ရပါတယ်။ အမှန်ကို အမှန်အတိုင်းပြောရဲတဲ့ ဆရာတော်ကြီးကတော့ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေမယ့် ခုချိန်အထိ ကြည်ညိုစရာ လေးစားစရာအဖြစ်နဲ့ သမိုင်းမှာမွှေးပျံ့နေဆဲပါ။
ဘာဘဲဖြစ်ဖြစ် နရပတိစည်မင်းကတော့ အမှားကို အမှားမှန်းသိပြီး ပြုပြင်သွားတာဖြစ်လို့ ချီးကျူးစရာကောင်းသလို ဆရာဒကာတွေလည်း အတုယူပြုပြင်ရမယ့် ဖြစ်ရပ်မှန်လေးတွေပါ။ 
တကယ်တော့ အမှားကို အမှားမှန်းသိပြီး ပြုပြင်လိုသူကို ဘုရားရှင်ကလည်း ပညာရှိလို့ချီးမွမ်းတော်မူတာကိုး။  

လူမိုက်သည် မိမိမိုက်သည့်အဖြစ်ကိုသိသောကြောင့် ပညာရှိသော်လည်း ဖြစ်နိုင်သေး၏။
လူမိုက်သည် မိမိကိုယ်ကို ငါပညာရှိဟုထင်မှတ်နေပါမူကား … ထိုသူကို စင်စစ်လူမိုက်ဟု ခေါ်ဆိုအပ်ပါပေ၏။
(ဓမ္မပဒ)


 မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
 
Sunday, July 17, 2011 | 0 comments |

0 comments:

Post a Comment